အသျှင်တောင်ကလေးဆရာတော် (တောင်ကလေးဆရာတော်ဦးပညာသာမိ) (U Pin Nya Tha Mi)သည် ကရင်ထေရဝါဒဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။ စာရေးဆရာနှင့်သမိုင်းပညာရှင်အဖြစ်လည်း လူသိများသည်။

တောင်ကလေးဆရာတော် ဦးပညာသာမိ
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုသုဓမ္မာဂိုဏ်း
ကျောင်းတိုက်တောင်ကလေးပရိယတ္တိပဋိပတ္တိသာသနာ့ အေးရိပ်သာကျောင်းတိုက်၊ ဘားအံမြို့၊ ကရင်ပြည်နယ်
ဘွဲ့တံဆိပ်
အခြားအမည်များတောင်ကလေးဆရာတော်
ဓမ္မအမည်ဦးပညာသာမိ (U Pin Nya Tha Mi)
ကလောင်အမည်တောမှီရဟန်း၊ အဲးခိုး
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးမြန်မာ
မွေးဖွားစောဖိုးသူ (ခ) မြိုင်အေးတင်
(1960-07-14)၁၄ ဇူလိုင်၊ ၁၉၆၀
လှာကမြင်ရွာ၊ ဘားအံမြို့နယ်ကရင်ပြည်နယ်မြန်မာနိုင်ငံ
မိဘဦးအောင်ခင်၊ ဒေါ်စိန်လှခင်
ရာထူး တာဝန်
ဌာနတောင်ကလေးပရိယတ္တိပဋိပတ္တိသာသနာ့ အေးရိပ်သာကျောင်းတိုက်ဘားအံမြို့ကရင်ပြည်နယ်မြန်မာနိုင်ငံ
ဂုဏ်ဒြပ်နာယကချုပ်ဆရာတော်
ဘာသာရေးရာ
ဝက်ဘ်ဆိုဒ်mahar.asia

ဆရာတော်သည် ကရင်ပြည်နယ်ဘားအံမြို့နယ်၊ လှာကမြင်ရွာ၌ (၁၄၊ ဇူလိုင် ၁၉၆၀)၊ ကြာသပတေးနေ့တွင် ခမည်းတော် ဦးအောင်ခင်နှင့် မယ်တော် ဒေါ်နန်းစိန်လှခင်တို့မှ မွေးဖွားသန့်စင်ခဲ့သည်။[၁]

ရဟန်းပြုခြင်း ပြင်ဆင်ရန်

၁၃၄၂ခုနှစ် တပေါင်းလပြည့်ကျော် (၁)ရက်၊ (၂၁-၃-၁၉၈၁) စနေနေ့ညနေ (၄း၅၅)နာရီ အချိန်၊ ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက် ဓမ္မပီယကျောင်း၊ မဟာဝိဇယရံသီသိမ်တော်ကြီးတွင် မိဘနှစ်ပါး၏ပစ္စယာနုဂ္ဂဟဖြင့် ဘားအံမြို့၊ ရွှေဘိုကျောင်းဆရာတော် ဦးသုဇာတကို ဥပဇ္ဈယ်ပြု၍ ရဟန်းဖြစ်တော်မူသည်။

ပရိယတ္တိပညာ သင်ယူလေ့လာခြင်း ပြင်ဆင်ရန်

အခြေခံပညာအထက်တန်းစာမေးပွဲ၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော အဘိဓမ္မာစာမေးပွဲ(ပ၊ဒု၊တ)ဆင့်။ ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်း။ မော်လမြိုင် သုသမာစာရစာမေးပွဲ (အကြီးတန်း)။ သဒ္ဓမ္မပါလစာမေးပွဲ (ပ၊ဒု၊တ)ဆင့်။ သထုံမြို့ ပိဋကတ္တယ ပါရဂူစာမေးပွဲ မဟာဝေယျာကရဏိကတန်း။ ဘာသာခြားကိုးကွယ်မှုဆိုင်ရာ စာမေးပွဲများ။ ၁၉၈၉မှ ၁၉၉၀အထိ၊ အိန္ဒိယနိုင်ငံ၊ သင်္သကရိုက်(ဆန်စ်ကရစ်)တက္ကသိုလ်၊ ဗာရာဏသီတက္ကသိုလ်နှင့် နာလန္ဒာတက္ကသိုလ်တို့တွင် ရာဇာဂီရိဆရာတော် ဒေါက်တာဇာဂရထံ၌ သက္ကဋဘာသာအလွတ်တန်း၊ ပါဠိဘာသာအလွတ်တန်းကို လေ့လာသင်ယူခဲ့သည်။

ဘာသာရေး သာသနာရေး ဆောင်ရွက်ချက်များ ပြင်ဆင်ရန်

၁၉၈၇ခုနှစ် မှစ၍ ဇာတိလှကမြင်ရွာအရှေ့ဘက် တမိုင်အကွာ၌တည်ရှိသော ဘားအံ-လှိုင်းဘွဲ့ ကားလမ်းမအရှေ့ဘက် ဒေးမယ် စော့(ခေါ်) ထမင်းဆုပ်တောင်ကုန်း၌ ချုံနွယ်ပိတ်ပေါင်းရှင်း၍ စေတီဟောင်းတဆူကိုအသစ်ပြုပြင်ကာ မြရတနာစေတီဟု ဘွဲ့တော် ပေးတော်မူသည်။

၁၉၈၈ခုနှစ်မှ ၂၀၀၀ပြည့်နှစ်အထိ ကရင်ပြည်နယ်ဒေသ အစွန်အဖျား၌ စေတီဟောင်းအဆူ (၂၀)ကို ပြုပြင်ထီးတင်တော်မူသည်။ သာသနာဖွံ့ဖြိုးမှုမရှိသေးသောဒေသ၌ လမ်းဖောက်ခြင်း၊ ဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်းတည်ထောင် ခြင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၅)ကျောင်း တည်ထောင်ခြင်း၊ ယင်းကျောင်းများအား အခါအားလျှော်စွာ ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ခြင်း၊ တော်မှီရဟန်း ကလောင်အမည်ဖြင့် ကျမ်းစာအုပ်ပေါင်း (၆၀)ကျော်ရေးသားခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

၁၉၈၆ခုနှစ်မှစ၍ မျက်မှောက်အချိန်အထိ မြရတနာစေတီ၏ ရင်ပြင်တော်၌ နှစ်စဉ်အခါကြီးရက်ကြီးများတွင် အနုသာသနီဝိပဿ နာနည်းဖြင့် (၁၀)ရက် တရားစခန်းဖွင့်၍ တရားပြတော်မူခြင်း၊ စသည့်သာသနာပြုလုပ်ငန်း များကို ဆောင်ရွက်တော်မူသည်။

ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရခြင်း ပြင်ဆင်ရန်

နိုင်ငံတော်အစိုးရ အမိန့်တော်ကြေညာစာအမှတ် (၄၆-၉၁)အရ ၁၃၅၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၃)ရက်၊(၂၀-၁၁-၁၉၉၁) (ဗုဒ္ဓဟူးနေ့) သဒ္ဓမ္မဇောတိကဘွဲ့၊ ဂျပန်နိုင်ငံမှချီးမြှင့်သော ဗုဒ္ဓစာပေဆု (၂၀၀၁)ကို ရရှိခဲ့သည်။ ယခုအခါ ဆရာတော် အရှင်ပညာသာမိ(တောမှီရဟန်း)သည် “ မဂ်၊ ချမ်းသာ၊ ပိုမိုမြင့်၊ ကဲချင့်၊ တောက်ထွန်း ” ဟူသောပရအကျိုး ဦးတည်ချက်ဆောင်ပုဒ်ဖြင့် ဝိပဿနာတရားပြတော်မူခြင်း၊ (ပဋိပတ္တိ)တာဝန်။ ကျမ်းစာများရေးသားပြုစုခြင်း၊ တပည့်ဒါယကာတို့အား စာသင်စာချတရားဓမ္မဟောကြားဆုံးမခြင်း(ပရိယတ္တိ)တာဝန်များကို ဆောင်ရွက်ဆဲဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်ကြော်ငြာစာအမှတ် (၂၁၅ / ၂၀၂၂) အရ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက် (၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၁၉ ရက်) တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်တော်မူသောကြောင့် သီရိပျံချီဘွဲ့တော်အား ဆက်ကပ်ချီးမြှင့်ခြင်းခံရသည်။[၂]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်ကြော်ငြာစာအမှတ် (၂ / ၂၀၂၃) အရ ၁၃၈၄ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် (၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်) တွင် မြန်မာနိုင်ငံတော်က ပေးအပ်သော အဆင့်အမြင့်ဆုံး တရားပြဘွဲ့တံဆိပ်တော်တစ်ခုဖြစ်သည့် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်အား ဆက်ကပ်ချီးမြှင့်ခြင်းခံရသည်။[၃]

လူသားအကျိုးပြု ဖွံ့ဖြိုးရေးဆောင်ရွက်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်အရှင်ပညာသာမိသည် ၁၉၉၄ ခုနှစ်မှစ၍ ကရင်ပြည်နယ်ငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းရေးဦးဆောင်နာယကဆရာတော်တပါးအဖြစ် ဦးဆောင်ပါဝင်ခဲ့ပြီး Karen Peace Council(KPC)တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံငြိမ်းချမ်းရေး မိဿဟာရ နာယကဆရာတော်တပါးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

၂၀၀၁ ခုနှစ်တွင် ကရင် ပညာဖွံ့ဖြိုးတိုးတက်ရေး ယူနစ်အဖွဲ့ Phlon Education Development Unit (PEDU)ကို စတင်ဖွဲ့စည်း တည်ထောင်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ တည်ထောင်ဖွင့်လှစ်ခြင်း၊ ပညာရေးဖွံ့ဖြိုးရေးလုပ်ငန်းများ ကျန်းမာရေး ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စွမ်းစွမ်းတမံ လမ်းညွှန်လုပ်ဆောင်တော်မူခဲ့သည်။

ကျန်းမာရေးကဏ္ဍတွင်လည်း ကြက်ခြေနီအသင်းများ ဖွဲ့စည်းတည်ထောင်ပေးခြင်း ပြင်ဆင်ရန်

ကရင်ပြည်နယ်တွင် ခြေတု လက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးဌာန ဖြစ်မြောက်ရေးအတွက် ကမကထပြုခြင်း၊ ကရင်ပြည်နယ်ကျေးလက်ဒေသများတွင် ကျန်းမာရေးအမြင်ဖွင့် သင်တန်းများ၊ ရှေးဦးသူနာပြုစုနည်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းများကို ဖွင့်လှစ်စေခြင်းတို့ကို ဆောင်ရွက်တော်မူခဲ့သည်။

ကရင်ပြည်နယ်မှ ထူးချွန်ကျောင်းသား/သူများကို ပညာသင်စရိတ်ထောက်ပံ့ခြင်း၊ နတ်စေတမန်ပညာဒါနအဖွဲ့ (အိန္ဒု)ကို တည်ထောင်တော်မူပြီး နွမ်းပါးသောကျောင်းသား/သူများကို ပညာဒါနပြုခဲ့သည်။ ကရင်ကျောင်းသားများရိပ်သာ (Karen Student Center)၏ နာယကဆရာတော်အဖြစ်လည်း ဆောင်ရွက်တော်မူခဲ့သည်။ ကရင်ပြည်နယ်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး သဘာဝသစ်တောများကို ထိန်းသိမ်းသောအားဖြင့် ကြာအင်းတောင်အပါအဝင် သစ်တောဧက ၅၀၀၀ကျော်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး၊ သစ်ပင်ပျိုးပင်များနှင့် ရာဘာပျိုးပင် တသိန်းကျော်ကိုလည်း အခမဲ့ ဝေငှဒါနပြုခဲ့သည်။ နှစ်စဉ် မိုးရာသီတွင် တပည့်များကို သစ်ပင်စိုက်ပွဲများကျင်းပစေပြီး သစ်ပင်သစ်တောများကို ထိန်းသိမ်းစေခဲ့သည်။

ကရင်အမျိုးသားစာပေကို ချစ်မြတ်နိုးသည့်အလျှောက် ကရင်စာပေကိုထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သုတေသနပြုခြင်း၊ စာပေရေးသားခြင်း၊ စာစောင်များထုတ်ဝေခြင်းများအပြင် ကွန်ပျူတာစာလုံးဖြင့် Karen Font ရအောင် အားထုတ်တော်မူခဲ့သည်။ အရှေ့ပိုးကရင်- မြန်မာ- အင်္ဂလိပ် အဘိဓာန်ကို ရေးသားစီရင်တော်မူခဲ့သည်။ တိုင်းရင်းသားကရင်လူမျိုးများ၏ ယဉ်ကျေးမှု၊ ဓလေ့၊ စာပေနှင့်ပတ်သက်သော ကျမ်းတစောင်ကိုလည်း အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်သို့ တင်သွင်းခဲ့ပြီး ဂုဏ်ထူးဆောင်ကျမ်းပြုပါရဂူဘွဲ့ကို ဆက်ကပ်ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ယခုအခါ ကရင်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၏ နာယကအဖြစ် ကရင်အမျိုးသားရေးတာဝန်ကို ထမ်းရွက်တော်မူလျက် ရှိသည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကျရောက်ခဲ့စဉ်က “ဒုက္ခရောက်သူ ဝိုင်းဝန်းကူ ထိုသူချမ်းသာရောက်” ဟူသောဆောင်ပုဒ်ဖြင့် ကရင် ပြည်နယ်တဝှမ်းရှိ တပည့်ဒကာများကိုနှိုးဆော်ကာ မုန်တိုင်းဒဏ်ခံစားခဲ့ရသော ဧရာဝတီတိုင်းဒေသရှိ မြို့ရွာများသို့ကိုယ်တိုင်သွားရောက်ကာ ကူညီပံ့ပိုးပေးခဲ့သည်။

နိုင်ငံရပ်ခြားခရီးစဉ်များ ပြင်ဆင်ရန်

၂၀၀၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံသို့ သာသနာပြုခရီး ကြွရောက်ခဲ့စဉ် ဩစတြေးလျရောက် ကရင်တိုင်းရင်းသားများအတွက် Melbourne Karen Buddhist Association (MKBA)[၄]ဩစတြေးလျရောက် တပည့်ဒကာများဖြင့် ဗုဒ္ဓစာပေများ၊ ကဗျာများ၊ နိုင်ငံရေး၊ လူမှုရေး အသိပညာပေးဆောင်းပါးများကိုလည်း ရေးသားတော်မူဆဲဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ ကရင်တိုင်းရင်းသားများအကြောင်းကိုလေ့လာရန် ကြွရောက်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် Karen Buddhist Association of North Carolina ကိုသွားရောက်တည်ထောင်ခဲ့သည့် အြပင် Georgia ပြည်နယ်တွင်လည်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဖြစ်ပေါ်လာအောင်ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အခြားသော ပြည်နယ်များဖြစ်သော Texas, Arkansas, Nebraska, Iowa, Minnesota, New York ရှိဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများတွင်လည်း ကရင်ဘုန်းတော်ကြီးများဖြစ်ပေါ်လာရန်တိုက်တွန်းခဲ့သည်။

၂၀၁၈ ခုနှစ်တွင်လည်း အမေရိကန်ပြည်ထောင်စုရှိ ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများသို့ ကိုယ်တိုင်ကြွရောက်အားပေးချီးမြှောက်မှုများပြုလုပ်ခဲ့ပြီး၊ North Carolina ပြည်နယ်ရှိ New Bern မြို့ တွင် ၅.၄၈ ဧကကျယ်ဝန်းသော ကရင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဖြစ်မြောက်ရန်လည်း ဆောင်ရွက်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံရှိတပည့်ဒါယကာများဖြင့် ဩစတြေးလျနိုင်ငံသို့ ထပ်မံကြွရောက်ကာ ဝိတိုရိယြပည်နယ်ရှိ Mount Wallace တွင် ကရင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဖြစ်မြောက်ရန်အတွက်လည်း ဦးဆောင်ညွှန်ကြားပေးခဲ့သည်။

ကိုးကား ပြင်ဆင်ရန်