တောင်စဉ် ခုနှစ်ထပ်သည် ဗုဒ္ဓဘာသာ အယူအဆအရ ၃၁-ဘုံရှိရာ ထိုဘုံများတွင် မြင်းမိုရ်တောင်ကြီးကို ဝန်းဝိုင်းပတ်ခွေလျက် တည်နေကြသော တောင်ရံခုနစ်ထပ်ကို ခေါ်ဆိုသည်။ ဘုရားခြေတော်ရာရှိ စက်လက္ခဏာတွင်လည်း ပါရှိလေသည်။

တောင်စဉ် ၇-ထပ်ကား ပြင်ဆင်ရန်

(၁) ယုဂန္ဓိုရ်တောင်။ (၂) ဤသဓရတောင်၊ (၃) ကရဝီကတောင်။ (၄) သုဒဿနတောင်၊ ၅) နေမိန္ဓရတောင်။ (၆) ဝိနတကတောင်။ (၇) အဿကဏ္ဏတောင်တို့ ဖြစ်လေသည်။ ၎င်းတောင်တို့၌ ရတနာအမျိုးမျိုးရှိသည်၊ နတ်မင်းကြီး များနှင့်တကွ နတ်ဘီလူးများ လည်းအမြဲနေထိုင်ကြလေသည်။ [၁] [၂]

တောင်စဉ် ၇-ထပ် မြင်းမိုရ်တောင်ကို ဝန်းရံ၍ တည်နေပုံ ပြင်ဆင်ရန်

(၁) ယုဂန္ဓိုရ်တောင်သည် ပဌမဦးဆုံး မြင်းမိုရ်တောင်ကို တံတိုင်း ကာရံသကဲ့သို့ [၃]

ထီး၏အဝန်းအဝိုင်းကဲ့သို့ ([၄] ဝန်းရံ၍တည်၏။

(၂) ဤသဓရတောင်သည် ယုဂန္ဓိုရ်တောင်ကို ဝန်းရံ၍ တည်၏။

(၃) ကရဝီကတောင်သည် ဤသဓရတောင်ကို ဝန်းရံ၌ တည်၏။

(၄) သုဒဿနတောင်သည် ကရဝီကတောင်ကို ဝန်းရံ၍ တည်၏။

(၅) နေမိန္ဓရတောင်သည် သုဒဿနတောင်ကို ဝန်းရံ၍ တည်၏။

(၆) ဝိနတကတောင်သည် နေမိန္ဓရတောင်ကို ဝန်းရံ၍ တည်၏။

(၇) အဿကဏ္ဏတောင်သည် ဝိနတကတောင်ကို ဝန်းရံ၍ တည်၏။ ဤတောင်စဉ် ၇-ထပ်တို့ မြင်းမိုရ်တောင်ကို ဝန်းရံ၍ တည်နေကြလေသည်။ ဤကား ပါရာဇိကဏ်အဋ္ဌကထာ အစရှိသော [၅] အဋ္ဌကထာ, ဋီကာ ကြီးများအလို ဖြစ်ပေသည်။ [၂]

တစ်နည်း ပြင်ဆင်ရန်

(၁) အဿကဏ္ဏတောင်သည် ပဌမဦးဆုံး မြင်းမိုရ်တောင်ကို ဝန်းရံ၌တည်၏။

(၂) ဝိနတကတောင်သည် အဿကဏ္ဏတောင်ကို ဝန်းရံ၍ တည်၏။

(၃) နေမိန္ဓရတောင်သည် ဝိနတကတောင်ကို ဝန်းရံ၍ တည်၏။

(၄) ယူဂန္ဓိုရ်တောင်သည် “နေမိန္ဓရတောင်ကို ဝန်းရံ၍ တည်၏။

(၅) ဤသဓရတောင်သည် ယုဂန္ဓိုရ်တောင်ကို ဝန်းရံ၍တည်၏။

(၆) ကရဝီကတောင်သည် ဤသဓရတောင်ကို ဝန်းရံ၍ တည်၏။

(၇) သုဒဿနတောင်သည် ကရဝီကတောင်ကို ဝန်းရံ၍ တည်၏။ ဤကဲ့သို့တောင်စဉ် ၇-ထပ်တို့ မြင်းမိုရ်တောင်ကို ဝန်းရံ၍ စောင်းတန်းသဖွယ် တည်နေကြလေသည်။ ဤကား ဇာတ်ပါဠိတော်နှင့် ဇာတ် အဋ္ဌကထာ [၆] တို့ အလိုဖြစ်ပေသည်။

ဤသို့တောင်စဉ် ၇-ထပ် တည်နေပုံ ပြရာ၌ ဝါဒ ၂-ခု ကွဲပြားခြားနားသကဲ့သို့ ရှိသော်လည်း တောင်စဉ် ၇-ထပ်တို့၏ အမည်မျှသာ ထူး၍ အနက်ဒြပ် မထူးသောကြောင့် ယင်းဝါဒ ၂-ခုတို့ ဂင်္ဂါရေနှင့် ယမုနာရေကဲ့သို့ မကွဲမပြား တသားတည်း ညီညွတ်နှီနှော ပေ၏ ဟု([၇] တို့၌) ဝါဒ ၂-ခုကို ညှိနှိုင်း ပြကြလေသည်။ တစ်နည်း-မာတလိနတ်သားနှင့် နေမိမင်းကြီးကို သုဒဿနတောင်ထိပ်သို့ ရောက်သော ကာလ တောင်စဉ် ၇-ထပ်တို့၏ အမည်မျာကို နေမိမင်းကြီးက မေးမြန်း၍ မာတလိ နတ်သားက ပြန်လည် ဖြေကြားသောအခါ၌ကား မိမိတို့ မတက်ရောက်ရသေးသော ရှေ့က(အထက်က) တောင်များကို ဤတောင် များကား (၁) သုဒဿနတောင်။ (၂) ကရဝီကတောင်။ (၃) ဤသဓရတောင်။ (၄) ယုဂန္ဓိုရ်တောင် ခေါ်တွင် ဤဟု သုဒဿနတော်မှစ၍ ပဋိလုံ (ပြောင်းပြန်)အားဖြင့် ဖြေကြား၏။ တစ်ဖန် မိမိတို့ တက်ရောက်ခဲ့ပြီးသော တောင်များကို ဤတောင်များကား (၁) နေမိန္ဓရတောင်၊ (၂) ဝိနတကတောင်။ (၃) အဿကဏ္ဏတောင်များ ခေါ်တွင်၏ဟု အနုလုံ (အလျော် = အလိုက်သင့်)အားဖြင့် ဖြေကြား၏။ ယင်းသို့ ဖြေကြားသည့်အတိုင်း ဇာတ်ပါဠိတော် [၈]၌ မြတ်စွာဘုရားသခင် မဟောကြားအပ်သောကြောင့် ဇာတ်ပါဠိတော်[၉]နှင့်ပါရာဇိကဏ် အဋ္ဌကထာ စသော [၁၀] အဋ္ဌကထာ, ဋီကာကျမ်းတို့ ဂင်္ဂါနှင့် ယမုနာရေကဲ့သို့ အချင်းချင်း ညီညွတ် နှီးနှော ပေ၏ဟု ဇာတ်ပါဠိတော်နှင့် ပါရာဇိကဏ် အဋ္ဌကထာ စသော အဋ္ဌကထာ, ဋီကာကျမ်းများကို ညှိနှိုင်းပြပြီးလျှင် ဇာတ်အဋ္ဌကထာ ဖွင့်ဆိုအပ်သော [၁၁]၌ စကားကို ပမာဒလေခ သာမှတ်လေဟု [၁၂]၌ မိန့်ဆိုဆုံးဖြတ်သွားလေသည်။ [၂]

တောင်စဉ် ၇-ထပ်တို့၏ပမာဏ ပြင်ဆင်ရန်

(၁) ယုဂန္ဓိုရ်တောင်သည် သမုဒ္ဒရာထဲ၌ ယူဇနာ (၄၂၀၀၀) လေးသောင်းနှစ်ထောင် နစ်ဝင်၍ သမုဒ္ဒရာအထက်၌ ယူဇနာ(၄၂၀၀၀) လေးသောင်းနှစ်ထောင်ပင် မြင့်သည်။ အကျယ် အဝန်းအားဖြင့် ယူဇနာ(၂၁၀၀၀)နှစ်သောင်း တစ်ထောင် ကျယ်ဝန်းသည်။

(၂) ဤသဓရတောင်သည် သမုဒ္ဒရာထဲ၌ ယူဇနာ (၂၁၀၀၀) နှစ်သောင်း တစ်ထောင် နစ်ဝင်၍ သမုဒ္ဒရာ အထက်၌ ယူဇနာ(၂၁၀၀၀) နှစ်သောင်း တစ်ထောင်ပင် မြင့်သည်။ အကျယ် အဝန်းအားဖြင့် ယူဇနာ (၁၀၅၁၀) တစ်သောင်း ငါးရာ ကျယ်ဝန်းသည်။

(၃) ကရဝီကတောင်သည် သမုဒ္ဒရာထဲ၌ ယူဇနာ (၁၀၅၀၀) တစ်သောင်း ငါးရာ နစ်ဝင်၍ သမုဒ္ဒရာ အထက်၌ ယူဇနာ(၁၀၅၀၀) တစ်သောင်းငါးရာပင် မြင့်သည်။ အကျယ်အဝန်းအားဖြင့် ယူဇနာ(၅၂၅၀) ငါးထောင် နှစ်ရာ့ ငါးဆယ် ကျယ်ဝန်းသည်။

(၄) သုဒဿနတောင်သည် သမုဒ္ဒရာထဲ၌ ယူဇနာ (၅၂၅၀) ငါးထောင် နှစ်ရာ့ ငါးဆယ် နစ်ဝင်၍ သမုဒ္ဒရာအထက်၌ ယူဇနာ(၅၂၅၀) ငါးထောင် နှစ်ရာ့ ငါးဆယ်ပင် မြင့်သည်။ အကျယ်အဝန်းအားဖြင့် ယူဇနာ (၂၆၂၅) နှစ်ထောင် ခြောက်ရာ နှစ်ဆယ့် ငါးယူဇနာ ကျယ်ဝန်းသည်။

(၅) နေမိန္ဓရတောင်သည် သမုဒ္ဒရာထဲ၌ ယူဇနာ (၂၆၂၅) နှစ်ထောင် ခြောက်ရာ နှစ်ဆယ့်ငါး ယူဇနာ နစ်ဝင်၍ သမုဒ္ဒရာ အထက်၌ ယူဇနာ (၂၆၂၅) နှစ်ထောင် ခြောက်ရာ နှစ်ဆယ့်ငါးယူဇနာပင် မြင့်သည်။ အကျယ်အဝန်းအားဖြင့် ယူဇနာ (၁၃၁၂၁/၂) တစ်ထောင် သုံးရာ တစ်ဆယ့်နှစ်ယူဇနာခဲ့ ကျယ်ဝန်းသည်။

(၆) ဝိနတကတောင်သည် သမုဒ္ဒရာထဲ၌ ယူဇနာ(၁၃၁၂၁/၂) တစ်ထောင် သုံးရာတစ်ဆယ့်နှစ်ယူဇနာခွဲနစ်ဝင်၍ သမုဒ္ဒရာ အထက်၌ဇယူနာ(၁၃၁၂၁/၂)တစ်ထောင်သုံးရာ တစ်ဆယ့်နှစ်ယူဇနာခွဲပင်မြင့်သည်။ အကျယ် အဝန်းအားဖြင့် ယူဇနာ(၆၅၆၁/၄) ခြောက်ရာ ငါးဆယ်ခြောက်ယူဇနာ တစ်ဂါဝုတ် ကျယ်ဝန်းသည်။

(၇) အဿကဏ္ဏတောင်သည် သမုဒ္ဒရာ ထဲ၌ ယူဇနာ(၆၅၆၁/၄) ခြောက်ရာငါးဆယ့် ခြောက်ယူဇနာ တစ်ဂါဝုတ်နစ်ဝင်၍ သမုဒ္ဒရာ အထက်၌ ယူဇနာ(၆၅၆၁/၄) ခြောက်ရာငါးဆယ့် ခြောက်ယူဇနာ တစ်ဂါဝုတ်ပင် မြင့်သည်။ အကျယ်အဝန်းအားဖြင့် ယူဇနာ(၃၂၈) သုံးရာနှစ်ဆယ့်ရှစ်ယူဇနာကျယ်ဝန်းလေသည်။ [၁၃] [၂]

ကိုးကား ပြင်ဆင်ရန်

  1. (ဝိ၊ဋ္ဌ၊၁၊၉၁။ အဘိ၊ဋ္ဌ၊၁၊၃၃၇။ ဝိသုဒ္ဓိ၊၁၊၂၀၀။ စူဠနိ၊ဋ္ဌ၊၃၈။)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ တိပိဋကအဘိဓာန် အတွဲ-၁၇
  3. (အနုဋီ၊၁၊၁၄၈။)
  4. ဇီနာလင်္ကာရ၊ဋီ၊၆၇)
  5. (ဝိ၊ဋ္ဌ၊၁၊၉၁။ အဘိ၊ဋ္ဌ၊၁၊၃၃၇။ ဝိသုဒ္ဓိ၊၁၊၂၁၀။ စူဠနိ၊ဋ္ဌ၊၃၈။ ဝဇီရ၊၄၀။ သာရတ္ထ၊၁၊၂၅၃-၄။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၄၂။ အနုဋီ၊၁၊၁၄၈။ ဓာန်၊၂၆။ ဓာန်၊ဋီ၊၂၆။)
  6. (ဇာ၊၂၊၂၁၁။ ဇာ၊ဋ္ဌ၊၆၊၁၅၆-၇)
  7. ဓာန်၊ဋီ၊၂၊၂၆။ အဋ္ဌသာ၊ယော၊၁၂၇-နှာ
  8. (ဇာ၊၂၊၂၀၁)
  9. (ဇာ၊၂၊၂၀၁၊)
  10. (ဝိ၊ဋ္ဌ၊၁၊၉၁။ အဘိ၊ဋ္ဌ၊၁၊၃၃၇။ ဝိသုဒ္ဓိ၊၁၊၂၀၀၊ စူဠနိ၊ဋ္ဌ၊၃၈။ ဝဇိရ၊၄၀။ သာရတ္ထ၊၁၊၂၅၃-၄။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၄၂။ အနုဋီ၊၁၊၁၄၈။ ဓာန်၊၂၆။ ဓာန်၊ဋီ၊၂၆။)
  11. (ဇာ၊ဋ္ဌ၊၆၊၁၅၆-၇)
  12. (ဇိနာလင်္ကာရ၊ဋီ၊၆၆-၇)
  13. (သာရတ္ထ၊၁၊၂၅၃-၄။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၄၂။ ဇိနာလင်္ကာရ၊ဋီ၊၆၇-၉။)