ထားဝယ်ကောလိပ်သည် တနင်္သာရီတိုင်း၏ တိုင်းမြို့တော်ဖြစ်သော ထားဝယ်မြို့တွင် တည်ရှိသည်။ ထားဝယ်ကောလိပ်၏ မြေဧရိယာအကျယ်အဝန်းမှာ ၂၈.၀၂ ဧကခန့် ရှိသည်။

၁၉၂၅ ခုနှစ်တွင် မော်ရိုး ကရင်သာသနာပြုကျောင်း ဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ပြည်သူပိုင်သိမ်းလိုက်စဉ်ကာလ၌ အမှတ် (၄) အစိုးရ အထက်တန်းကျောင်းအဖြစ် အသုံးပြုခဲ့သည်။ ၁၉၇၇ ခုနှစ် မေလ (၂၃) ရက်နေ့၌ ဤကျောင်းကို တနင်္သာရီတိုင်း ဒေသကောလိပ်အဖြစ် ဖွင့်လှစ် ခဲ့သည်။

ဒေသကောလိပ်များကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာရေးဦးစီးဌာန၏ လက်အောက်သို့ လွှဲပြောင်းသည့်အခါ (၁၉၈၀) ခုနှစ် ဧပြီလတွင် ထားဝယ်ကောလိပ်အဖြစ် ဖွင့်လှစ်ခဲ့သည်။

၁၉၇၆ - ၇၇ တွင် ပထမနှစ် သင်တန်း တစ်တန်းတည်းကိုသာ ဖွင့်လှစ်နိုင်ခဲ့သည်။ ပထမနှစ်နှင့် ဒုတိယနှစ်သင်တန်းများကို (၁၉၇၇ - ၇၈) မှ (၁၉၉၁ - ၉၂) ထိ ဖွင့်လှစ်ခဲ့သည်။ ၁၉၉၃ ပညာသင်နှစ်၌ တတိယနှစ်သင်တန်းတွင် ရူပဗေဒနှင့် သင်္ချာ ဘာသာရပ်နှစ်ခုကို စတင်ဖွင့်လှစ်နိုင်ခဲ့သည်။

(၁၉၉၃ - ၉၄) ပညာသင်နှစ်မှ စပြီး တတိယနှစ်သင်တန်းတွင် ဝိဇ္ဇာနှင့် သိပ္ပံအထူးပြုဘာသာရပ်များကို သင်ကြားနိုင်ခဲ့သည်။

ထားဝယ်ကောလိပ်တွင် စာကြည့်တိုက်တစ်ခုရှိပြီး တနင်္သာရီတိုင်း ဒေသကောလိပ်ဖွင့်လှစ်စဉ်ကပင် ဖွင့်လှစ်ထားရှိခဲ့သည်။ ယင်းစာကြည့်တိုက်တွင် (၁၅ - ၉ - ၉၅) ရက်နေ့ စာရင်းအရ စာအုပ်အမျိုးအစားပေါင်းစုံ (၈၁၂၀) အုပ်ရှိပြီး၊ စာနယ်ဇင်း စုစုပေါင်း (၅၃၄၅) အုပ်ရှိသည်။

ထားဝယ်ကောလိပ်ကို အုပ်ချူပ်ခဲ့သည့် ပထမဦးဆုံး ကျောင်းအုပ်ကြီးမှာ ဒေါက်တာသိန်းလွင် ဖြစ်သည်။

ယင်းထားဝယ်ကောလိပ်ကို (၂၀၀၀) ခုနှစ်မှ စပြီး ထားဝယ်ပညာရေးကောလိပ်အဖြစ်သို့ ပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။