နဂါးနီ ဦးထွန်းအေး ပြင်ဆင်ရန်

အဘ ဦးဘိုးသိန်း အမိဒေါ်ရှင် တို့မှ ၁၉၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် နေ့တွင် ထားဝယ်မြို့ ကညုံရပ်၌ စတုတ္ထမြောက်သားအဖြစ် မွေးဖွားသည်။ ထားဝယ်မြို့ အမျိုးသားကျောင်းမှာ စတုတ္ထတန်းအထိပညာသင်ခဲ့ပြီး ၁၉၃၀ မှာမိဘများတာဝန်အရပြောင်းရွှေ့ရာ မော်လမြိုင်မြို့သို့ရောက်ပြီး မော်လမြိုင် အစိုးရအထက်တန်းကျောင်းတွင် ၄ တန်းမှ ၆ တန်းအထိပညာသင်ယူခဲ့သည်။ အပေါင်းအသင်းများလာသောကြောင့် မိဘများက ထားဝယ်မြို့သို့ပြန်ပို့လိုက်သည်။ ၁၉၃၆- ခုနှစ်တွင် ထားဝယ်မြို့ ဟိုက်စကူးကျောင်းမှ ၁၀ တန်းအောင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်တွင် ထားဝယ်ကျောင်းသားသပိတ်ခေါင်းဆောင်တစ်ဦးအဖြစ် ဝန်ကြီးချူပ်ဟောင်း ဦးဗဆွေနှင့်အတူ လက်တွဲလှုပ်ရှားဆောင်ရွက်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင်ရန်‌ကုန်‌တက္ကသိုလ်‌ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ဝန်ကြီးချုပ်ဟောင်းဦးနုနှင့် လက်တွဲ၍ နဂါးနီစာအုပ်အသင်းကိုတည်ထောင်ခဲ့ပြီး ၁၉၃၈ မှ ၁၉၄၁ ခုနှစ်အထိ ထွန်းအေးစာအုပ်ဖြန့်ချိရေး ကို ကိုယ်ပိုင်တည်ထောင်ကာလက်ဝဲစာအုပ်များကို ဆက်လက်ထုတ်ဝေဖြန့်ချိခဲ့သည်။ ၁၉၄၁ ခုနှစ်မှ ၁၉၄၂ ခုနှစ်ထိ ရန်ကုန်မြို့တော် ငြိမ်းချမ်းရေးအဖွဲ့ (PEACE PRESERVATION COMMITTEE) တွင် အဖွဲ့ဝင်တစ်ဦးအဖြစ်တာဝန်ယူခဲ့သည်။ ၁၉၄၂ မှ ၁၉၄၅ ခုနှစ်ထိ သမဝါယမဌာနတွင် သမဝါယမကျောင်းအုပ်အဖြစ် တာဝန်ယူထမ်းဆောင်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ဂျပန်တော်လှန်ရေး၌ ပါဝင်တိုက်ပွဲဝင်ခဲ့သည်။ ၁၉၄၆ မှ ၁၉၄၉ အထိ ပြည်သူ့ဆောက်လုပ်ရေးဌာနတွင် စာရင်းစစ်အရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၉ မှ ၁၉၇၀ အထိ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဗဟိုအမှုဆောင်အဖြစ်နှင့် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ပြီး မြစ်ဝကျွန်းပေါ် ဒေသ၌ အဖမ်းခံရသည်။ ၁၉၇၁ မှ ၁၉၇၆ ထိကုန်သွယ်ရေးဌာနတွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၆ တွင် အငြိမ်းစားယူပြီး အင်းစိန်မြို့ ဘိုကုန်းရပ်ရှိ နဂါးနီခြံတွင် ယခုတိုင်နေထိုင်လျက်ရှိသည်။

ဘဝဖြစ်စဉ် ပြင်ဆင်ရန်

၎င်း၏နိုင်ငံရေးဘဝကို ၇ တန်းကျောင်းသားဘဝကပင်စတင်ခဲ့သည်။ အမျိုးသားအောင်ပွဲနေ့ အမျိုးသားကျောင်းရန်ပုံငွေအတွက် ဆေးလိပ်ကွမ်းယာဗန်းကို လည်ပင်းတွင်ကြိုးသိုင်၍ ရောင်းခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေး ကန့်ကွက်ပွဲတွင် စင်မြင့်ပေါ်တက်၍ ဟောပြောခဲ့သည်။ ၎င်းနှစ်တွင်ပင် ဖ.ဆ.ပ.လ ဥက္ကဋ္ဌ ဖြစ်လာမည့် ဦးဗဆွေနှင့် လက်တွဲမိခဲ့သည်။ နွေရာသီကျောင်းပိတ်ရက်များတွင် မိဘများရှိရာ မော်လမြိုင်မြို့သို့ပြန်ချိန်တွင် မော်လမြိုင် တို့ဗမာအစည်းအရုံးမှ သခင်သန်း၊ သခင်သင်းလှိုင်တို့နှင့် အဆက်အသွယ်ရခဲ့ပြီး ထားဝယ်၌လည်း တို့ဗမာ အစည်းအရုံးဖွဲ့ရန် ဆော်ဩခဲ့သည်။ ၈ တန်းကျောင်းသားဘဝတွင် လူငယ်များ ကြီးပွားရေးအသင်းကို ၎င်း၏နေအိမ်တွင်ပင် အသင်းတည်ရာဌာနထား၍ ဖွဲ့စည်းခဲ့သည်။ ၇ တန်းအောင်ပြီးနောက် အမျိုးသားပညာရေးရန်ပုံငွေအားနည်းလာသောကြောင့် အစိုးရအထက်တန်းကျောင်းသို့ ပြောင်းတက်ခဲ့ရပြီး ၁၀ တန်းကို အစိုးရအထက်တန်းကျောင်းမှအောင်မြင်ခဲ့သည်။ ၁၀ တန်းကျောင်းသားဘဝအရောက် ၁၉၃၆ ကျောင်းသပိတ်ဖြစ်သောကြောင့် ထားဝယ်ကျောင်းသားသပိတ် ခေါင်းဆောင်ဖြစ်ခဲ့သည်။ ဦးနု၊ သိန်းဖေမြင့် တို့နှင့် အတူတူလက်တွဲခဲ့ကြသည်။ ၎င်းနှစ်တွင် ၁၀ တန်းကို B.List နှင့်သာအောင်မြင်ခဲ့သည်။ ၁၉၃၆ ခုနှစ်ကျောင်းသားသပိတ်တွင် တောင်းဆိုခဲ့သည် `ကျွန်ပညာအလိုမရှိ´ ` တက္ကသိုလ်ပညာရေး ပြုပြင်ပြောင်းလဲပေး´ ဆိုသည့် ကြွေးကြော်သံများအတိုင်း ကျောင်းဆက်မတက်တော့ဘဲ အမျိုးသားကောလိပ်တည်ထောင်ခဲ့ကြသည်။ အမျိုးသားကောလိပ်ဖွင့်ထားသော မြို့မကျောင်း အမျိုးသားကောလိပ်တွင် တစ်နှစ်ခန့်တက်ရောက်ခဲ့သည်။ ၎င်းအချိန်တွင် ၎င်းထက် ၁၀ နှစ်ခန့်ကြီးသော ဦးနုနှင့်လက်တွဲပြီး ရဲဘော်ရဲဘက်အနေဖြင့်လှုပ်ရှားခဲ့သည်။ နေ့ဘက်တွင် ဆော်ဩသူအဖြစ် အလုပ်လုပ်ပြီး ညဘက်တွင် ကျောင်းတက်ခဲ့သည်။ တစ်နှစ်ခန့်အကြာတွင် အမျိုးသားကောလိပ်တွင် ဘဏ္ဍာရေးအကြပ်အတည်း ဖြစ်လာသောကြောင့် အမျိုးသားကောလိပ်ပျက်သွားခဲ့ပြီး ကျောင်းဆက်မတက်ဖြစ်ခဲ့တော့ပါ။ ၎င်းနောက် အိန္ဒိယသို့ ဘုရားဖူးရန်အတွက် ဦးနုနှင့်အတူ သွားရောက်ခဲ့ကြသည်။၁၉၃၆ သပိတ်အပြီးတွင် အိန္ဒိယသို့ MA.B1 ဆက်လက်တက်ရောက်ရန်ထွက်ခွါသွားသော သိန်းဖေမြင့်နှင့် အိန္ဒိယတွင်တွေ့ဆုံခဲ့သည်။ အိန္ဒိယရောက်ပြီး ဆာဦးသွင်ဆောက်လုပ်လှူဒါန်းထားသော BUDDHIST REST HOUSE ဟုခေါ်သော ဘုရားဖူးများတည်းခိုဆောင်တွင် နှစ်လခန့်နေထိုင်ရင်း စာအုပ်စာပေးများလေ့လာလိုက်စားခဲ့သည်။ မြန်မာပြည်ပြန်လျှင် စုအုပ်များဝယ်သွားပြီး ဆိုရှယ်လစ်ဝါဒ ဖြန့်လျှင်ကောင်းမည်ဟု စိတ်ကူးရပြီး ဦးနုနှင့်တိုင်ပင်ခဲ့သည်။ ၎င်းစိတ်ကူးသည် နဂါးနီ စာအုပ်အသင်းဖြစ်လာရန် လမ်းစဖြစ်ခဲ့သည်။ `နဂါးနီစာအုပ်အသင်း´ ၏ရည်ရွယ်ချက်မှာ ဆိုရှယ်လစ်ဝါဒနှင့်သက်ဆိုင်သော လက်ဝဲစာပေများမြန်မာလူထုထဲသို့ ရောက်အောင်ဖြန့်ချိရန်နှင့် နိုင်ငံရေးမျက်စိဖွင့်ပေးရန်အတွက် အကောင်းဆုံးစာအုပ်များကို ဈေးအပေါဆုံးနှင့် အများဆုံးဖြန့်ချိနိုင်ရန် ဖြစ်ခဲ့သည်။ ဦးထွန်းအေး၏မိဘများက အင်္ဂလန်သို့သွားရောက်ပညာသင်ရန် ပို့ပေးလိုက်သော ငွေငါးရာ နှင့် ဦးနုဆီမှ ငွေ ၃၅၀ ပေါင်းပြီး နဂါးနီ စာအုပ်အသင်းကိုစတင်တည်ထောင်ခဲ့သည်။ `နဂါးနီ´ ဆိုသောနာမည်ကို ဒီးဒုတ်ဦးဘချိုက ဗေဒင်ကိန်းခန်းအရ ပေးခဲ့သည်။ နဂါးနီစာအုပ်အသင်းကို အဓိက အားပေးထောက်ကူသောအဖွဲ့မှာ `တို့ဗမာအစည်းအရုံး´ ဖြစ်သည်။ ၁၉၃၈ ခုနှစ် နဂါးနီ အရှိန်ရလာသောအခါ A,B,C OF COMMUNISM ဆိုသောစာအုပ်ကို ဦးနုက `လူမွဲတို့၏ထွက်ရပ်လမ်း´ ဟူသောအမည်ဖြင့်ဘာသာပြန်ရန်စီစဉ်ခဲ့သည်။ ၎င်းစာအုပ်ကိုအခြေခံ၍ ရွှေတိုင်ညွန့်ကို သီချင်းစပ်ဆိုရန်အကူအညီတောင်းခဲ့သောကြောင့် ယခုလူအများသီဆိုကြိုက်နှစ်သက်သည့် `နဂါးနီ´ သီချင်းဖြစ်လာခဲ့သည်။ ရန်ကုန်မြို့တော်ခန်းမတွင် နာမည်ကြီးမင်းသားခင်မောင်ရင် သီဆိုစေခဲ့ပြီး ဒီးဒုတ်ဦးဘချိုက `နဂါးနီစာအုပ်အသင်း´ နှင့်ပတ်သက်သည်များကို လူထုသဘောပေါက်အောင် ရှင်းလင်းဟောပြောခဲ့သည်။ `နဂါးနီ´တွင် အသင်းသား ၅၀၀၀ ခန့်အထိရှိခဲ့သည်။ အသင်းသားများကို စာအုပ်တစ်အုပ် ၁၀ ပဲနှင့်ရောင်းချပြီး အပြင်လူများကို နှစ်ကျပ်ခွဲဖြင့်ရောင်းခဲ့သည်။ အင်္ဂလန်မှ LEFT BOOK CLUB နှင့်ဆက်သွယ်ပြီး မြန်မာပြည်၏ စာအုပ်တင်သွင်းသူကိုယ်စားလှယ်အနေနှင့်ရော ဆော်ဩသူအနေဖြင့်ပါ လက်ဝဲစာအုပ်များတင်သွင်းခဲ့သည်။ စာအုပ်များထဲမှ သင့်တော်ရာရွေးပြီးဘာသာပြန်ခဲ့ကြသည်။ အများဆုံးဘာသာပြန်ပေးသူမှာ မြို့မဆရာဟိန် ဖြစ်သည်။ အိုင်ယာလန်တော်လှန်ရေးအကြောင်းစာအုပ်အများစုကို ဘာသာပြန်ခဲ့သည်။ `နဂါးနီ´ မှ ပထမဆုံးထုတ်ဝေခဲ့သော စာအုပ်မှာ သိန်းဖေမြင့် ရေးသော `ဆရာလွန်း အတ္ထုပတ္တိ´ (‘သူပုန်ဆရာကြီး ဦးလွန်း’ ဟု မိုးမခ ဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင်ထိန်လင်းက နိုင်ငံရေးနဲ့ စာပေအနုပညာ (၅၇)၊စာပေအလင်းရောင် ပေးခဲ့သည့် နဂါးနီစာအုပ်အသင်း ဆောင်းပါးတွင်ရေးသားထားသည်) စာအုပ်ဖြစ်ပြီး လောကဓံဦးထွန်းလှ၏ လောကဓံ ပုံနှိပ်တိုက်တွင်ရိုက်နှိပ်ခဲ့သည်။

၁၉၃၈ နှစ်ကုန်ပိုင်းတွင် နဂါးနီ စာအုပ်ဖြန့်ချိရေးနှင့်ပတ်သက်၍ အကျပ်အတည်းဖြစ်လာသည်။ ဆာဦးသွင်မှ နဂါးနီအကျပ်အတည်းအတွက် ငွေငါးထောင်ကူညီမည်ဟုဆိုသဖြင့် ဦးနုနှင့်အတူ ဆာဦးသွင်ဦးအိမ်သို့သွားရာ လမ်း၌ မြိတ်အမတ်ဦးသာဆိုင်နှင့် တွေ့ပြီး စကားကောင်းနေသဖြင့် ငါးမိနစ်နောက်ကျပြီးမှရောက်သွားသည်။ အချိန်မီမရောက်ဟုဆိုကာ ဆာဦးသွင်က တွေ့ခွင့်မပေးသည့်အပြင် ငွေငါးထောင်ကိုလည်း လက်လွတ်ခဲ့သည်။ ၎င်းအချိန်တွင် နဂါးနီ တွင်လက်တွဲလုပ်နေသောသူအချို့မှ အကျပ်အတည်းမှ လွတ်မြောက်စေရန် နဂါးနီ ကုမ္ပဏီလီမိတက်ထောင်ကာ ငွေရအောင် အစုရှယ်ယာများခေါ်ဖို့စီစဉ်ကြလေသည်။ ဦးထွန်းအေးက နိုင်ငံရေးကိုအကြောင်းပြကာ စီးပွားမရှာချင်ဟုဆိုကာ နဂါးနီ နှင့် လမ်းခွဲခဲ့ပြီး ထွန်းအေး စာအုပ်ဖြန့်ချိရေး အမည်ဖြင့် စာအုပ်ဖြန့်ဝေရေးများဆက်လက်လုပ်ကိုင်ခဲ့သည်။ နဂါးနီစာအုပ်အသင်းသည် ၁၉၃၇ အစောပိုင်း (၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၄ ရက် ဟုမိုးမခတွင်ဖော်ပြ)တွင် စတည်တည်ထောင်ခဲ့ပြီး ၁၉၄၁ နှစ်ဦးပိုင်း စစ်ဖြစ်သောအခါတွင် ရပ်ဆိုင်းသွားခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

၂၀၁၀ ဖေဖော်ဝါရီထုတ် မြန်မာသစ် မဂ္ဂဇင်း၊ နဂါးနီဦးထွန်းအေးနှင့်တွေ့ဆုံခြင်း (စိုးမြင့်လတ်)