နဂါးနီ စာအုပ်အသင်း သည် စစ်ကြိုခေတ်တွင် မြန်မာနိုင်ငံ၌ ဖွဲ့စည်း ထုတ်ဝေခဲ့သော စာအုပ်အသင်း တခုဖြစ်သည်။

နောက်ခံသမိုင်း ပြင်ဆင်ရန်

 
နဂါးနီ စာအုပ်အသင်း တံဆိပ်

နဂါးနီစာအုပ်အသင်းကို ၁၉၃၇ ခုနှစ်အတွင်း သခင်လူငယ် ခေတ်ပညာတတ်များက ဦးဆောင်၍ တည်ထောင်ခဲ့သည်။ နဂါးနီစာအုပ်အသင်းကို ၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်တွင် စတင်တည်ထောင်၍ ကိုနု (သခင်နု) က ငွေ ၅ဝဝ ကျပ်၊ ကိုထွန်းအေး (နဂါးနီ ဦးထွန်းအေး)က ငွေ ၅ဝဝ ကျပ်ဖြင့် မတည်ခဲ့သည်။ အတွင်းရေးမှူးအဖြစ် ကိုထွန်းအေးက ဆောင်ရွက်သည်။ စာအုပ် ရွေးချယ်ရေး တာဝန်ခံအဖြစ် ကိုနု၊ ကိုသန်းထွန်း (သခင်သန်းထွန်း)၊ ကိုစိုး (သခင်စိုး)တို့က တာဝန်ယူခဲ့သည်။ သခင်ချစ်၊ ကိုထွန်းရွှေ (နဂါးနီ ဦးထွန်းရွှေ)၊ သခင်ထိန်ဝင်း၊ တက်ဘုန်းကြီးသိန်းဖေ (သိန်းဖေမြင့်)၊ မြို့မဆရာဟိန်တို့က ဝိုင်းဝန်းကူညီသည်။ အသင်း၏ မူလတည်ရာမှာ အမှတ် ၁၅ဝ၊ စကော့ဈေး (ဗိုလ်ချုပ်ဈေး) ဖြစ်သည်။

နဂါးနီစာအုပ်အသင်းကို အင်္ဂလန်လက်ဝဲစာအုပ်အသင်း (Left Book Club) ကို စံနမူနာယူ၍ ဈေးပေါပေါဖြင့် စာဖတ်နိုင်ရန် ရည်ရွယ်ခဲ့သည်။ 'တစ်လ လျှင် ၁ဝ ပဲတန်သော့နှင့် ကမ္ဘာ့ဘဏ်တိုက်ကြီးကို ဖွင့်လော့'ဟု ကြွေးကြော်ကာ အသင်းသားသစ်ရရန် စည်းရုံးသည်။ အသင်းသားများအား ၂ ကျပ်၊ ၂ ကျပ်ခွဲတန် စာအုပ်ကို ၁ဝ ပဲနှုန်းဖြင့် ရောင်းချမည်။ နဂါးနီစာအုပ်အသင်းသား ဖြစ်လိုလျှင် ၆ လ အတွက် ၃ ကျပ် ၁၂ ပဲ၊ တစ်နှစ်အတွက် ၇၈ ပဲ ပေးသွင်းရမည်။ အသင်းဝင်များသည် အခါအားလျော်စွာ အခမဲ့ပေးပို့သော စာအုပ်များ ရနိုင်သည်ဟု ကြော်ငြာခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ရွှေတိုင်ညွန့်ရေး၍ ခင်မောင်ရင် သီဆိုသော နဂါးနီသီချင်းဖြင့် နဂါးနီစာအုပ်တိုက် ဖွင့်လှစ်ခဲ့ရာ နဂါးနီအသင်းဝင်ပေါင်း ၅ဝဝဝ ခန့် ရှိသည်။ နဂါးနီစာအုပ်အသင်းကို အဓိက အားပေး ကူညီသော အဖွဲ့အစည်းများမှာ တို့ဗမာအစည်းအရုံးနှင့် ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းများ ဖြစ်သည်။

နဂါးနီဟူသော အမည်ကို ဒီးဒုတ်ဦးဘချိုက ပေးခဲ့ခြင်း ဖြစ်သည်။ သခင်နု နှင့် ကိုထွန်းအေးတို့မှာ စနေနံဖြစ်၍ ဗေဒင်ကိန်းခန်းအရ စနေနံနဂါးကို စနေနံ 'နီ' တစ်လုံးတိုး၍ နဂါးနီ အမည်ပေးခဲ့ခြင်း ဖြစ်သည်။ နဂါးနီစာအုပ်အသင်း၏ ရည်ရွယ်ချက်မှာ

၁။ ဝါဒစစ် ဝါဒမှန်ကို သဘောပေါက်ပြီး စနစ်ကျစေရန်အတွက် အစီအစဉ် ရှိစေရန်

၂။ လက်ရွေးစင် နိုင်ငံရေး ဗိုလ်မှူး စစ်ကဲများ ပေါ်ပေါက်လာစေရန်

၃။ နယ်ချဲ့စနစ်ကို အခြားတဖက်မှ တိုက်နေသူတို့၏ ခြေလှမ်းအင်အား စသည်တို့ကို ချင့်ချိန်နိုင်ရန်ဟု ဖော်ပြထားသည်။

နဂါးနီစာအုပ်အသင်းသည် ၁၉၃၈ ခုနှစ် ဧပြီလမှ စတင်၍ နဂါးနီသတင်း လစဉ်စာစောင် ထုတ်ဝေသည်။ အသင်းသားများကို အခမဲ့ ပေးဝေ၍ အသင်းသား မဟုတ်သူများကို ၃ ပဲနှင့် ရောင်းသည်။ အယ်ဒီတာ ဦးထွန်းအေး ဖြစ်သည်။ စာစောင်အတွက် အင်္ဂလိပ်အစိုးရက အာမခံငွေ ၅ဝဝ ကျပ် တောင်းခံရာ နိုင်ငံတစ်ဝန်းရှိ ကျောင်းသူကျောင်းသားများက မုန့်ဖိုးထဲမှ ခွဲဝေလှူဒါန်းသဖြင့် အာမခံအခက်အခဲမှ ပြေလည်သွားသည်။

၁၉၃၈ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် နဂါးနီစာအုပ်တိုက်လီမိတက် တည်ထောင်၍ ခြေလျင်ဦးအုန်းခင်က စာအုပ်တိုက် မန်နေဂျာအဖြစ် တာဝန် ယူခဲ့သည်။ နဂါးနီစာအုပ်အသင်း မူလတည်ထောင်သူတစ်ဦးဖြစ်သော ဦးထွန်းအေးမှာ နဂါးနီမှ ခွဲထွက်ပြီး မြန်မာပြည် စာအုပ်တိုက်နှင့် ဖြန့်ချိရေး ခွဲထွက် တည်ထောင်သည်။ မြန်မာပြည် စာအုပ်တိုက်မှာ နဂါးနီနှင့် စီးပွားရေး သီးခြား ဖြစ်သော်လည်း ထုတ်ဝေသည့် စာအုပ်အမျိုးအစား၊ စာရေးသူများမှာ နဂါးနီတိုက်နှင့် တူညီနေ၍ နဂါးနီထုတ် စာအုပ်များနှင့် ရောနှောနေသည်။ သို့သော် နဂါးနီတိုက်ထုတ် စာအုပ်မှာ ယေဘုယျအားဖြင့် စာအုပ်အဖုံး သို့မဟုတ် အတွင်းစာမျက်နှာတွင် ခွေနေသောနဂါးရုပ် ပါလေ့ရှိသည်။ အစောပိုင်းထုတ် စာအုပ်များတွင်မူ နဂါးရုပ်ပုံပေါ်၌ 'ဒါ ဒို့မြေ ဒါ ဒို့ပြေ' စာတန်း ပါသည်။

၁၉၃၉ ခုနှစ်တွင် နဂါးနီစာအုပ်တိုက်က စနေ နဂါးနီဂျာနယ်ကို နှစ်ပတ်တစ်ကြိမ် စနေနေ့တိုင်း ထုတ်ဝေသည်။ တာဝန်ခံအယ်ဒီတာ ဦးထွန်းရွှေ (နဂါးနီကိုထွန်းရွှေ) ဖြစ်သည်။ အတိုင်ပင်ခံ အယ်ဒီတာမှာ သခင်နု၊ သခင်သန်းထွန်းတို့ ဖြစ်သည်။ နဂါးနီစာအုပ်တိုက်သည် ၁၉၃၇ ခုနှစ်မှ ၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာစစ်မီး မြန်မာပြည် ကူးစက်လာချိန်ထိ လုံးချင်းစာအုပ် ၇၁ အုပ် ထုတ်ဝေခဲ့သည်။ နဂါးနီစာအုပ်အသင်းက ပထမဦးဆုံး ထုတ်ဝေ ခဲ့သောစာအုပ်မှာ မောင်သိန်းဖေ (သိန်းဖေမြင့်)၏ 'ဦးလွန်း၊ မျိုးချစ်အာဇာနည်နှင့် သူပုန်စာရေးဆရာကြီး' ဖြစ်သည်။ ဒီးဒုတ်ဦးဘချိုနှင့် မြို့မ ဆရာဟိန်တို့က နောက်ဆက်တွဲ ဖြည့်စွက်ချက် ရေးသား၍ မြို့မဆရာဟိန် တည်းဖြတ်သည်။ သခင်ကိုယ်တော်မှိုင်း အမည်ခံ ဆရာလွန်း၏ ဘဝနှင့်ပတ်သက်သော ဓာတ်ပုံများ ပါဝင်သည်။ ထို့ပြင်အတ္ထုပ္ပတ္တိရေးသူ သိန်းဖေ၏ 'ရှေးခေတ် စာရေးဆရာသူပုန်များ' ဟူသော နိဒါန်းသည် နောင်အခါ မြန်မာစာပေ ဝေဖန်ရေးလောကတွင် ဂယက်များစွာထခဲ့သည်။ တည်းဖြတ်သူ မြို့မဆရာဟိန်၏ 'ယခု ကိုသိန်းဖေ ရေးသားထုတ်ဝေလိုက်သော စာဆိုကဝိ မျိုးချစ်ဆရာကြီး ဦးလွန်း၏ အတ္ထုပ္ပတ္တိမှာ ဦးလွန်း အသက်သွေးခဲ တည်မြဲလျက် ရှိနေစဉ် ရေးသားထုတ်ဝေလိုက်သော အကြောင်းအရာများဖြစ်၍ နောင်လာနောင်သားတို့ အမှတ်အသား လွဲမှားဖွယ် အကြောင်းမရှိတော့ချေ' ဟူသော မှတ်ချက်ကို အကြောင်းပြု၍ ၁၉၃၈ ခုနှစ်တွင် ဂဠုန် စာအုပ်ကလပ်က သိရိန္ဓရပဏ္ဍိတ သာမဏေ ရေး၍ ဘိက္ခုကောသလ္လ တည်းဖြတ်သော 'သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ အမှားပုံ' ထွက်ပေါ်ခဲ့သည်။

၎င်းစာအုပ် အသင်းသည် အင်္ဂလန်နိုင်ငံရှိ ဆိုရှယ်လစ်စာပေ ထုတ်ဝေသော စာပေတိုက်များနှင့် ဆက်သွယ်ပြီး မြန်မာနိုင်ငံအတွင်း အမျိုးသားစိတ်ဓာတ် လှုံ့ဆော်ရေးစာပေနှင့် တိုးတက်သည့် အယူအဆပါသော နိုင်ငံရေးစာပေများကို ထုတ်ဝေခဲ့သည်။ မြန်မာ လူငယ်များ နိုင်ငံရေး အသိတရား နိုးကြားရေးနှင့် အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ရေးစိတ်ဓာတ် ပေါ်ပေါက်စေသည့် စာအုပ်များကို အများဆုံး ထုတ်ဝေခဲ့သည်။ နဂါးနီဂျာနယ်၊ ကား(လ်)မတ်ဝါဒ၊ ကျောင်းသားအရေးတော်ပုံ၊ ကျွန်ုပ်၏ စွန့်စားခြင်း၊ ကျွန်ုပ်နှင့် မိုက်ကယ်ကောလင်း၊ ဆိုရှယ်လစ်ဝါဒ၊ ဆိုရှစ်လစ်ဝါဒနှင့် နိသျှည်း၊ ဆိုဗီယက် ဒီမိုကရေစီ ကိုယ်တွေ့များ၊ ဓနရှင်ဝါဒ၊ ဒီဗလာရား၊ ဒေါက်တာ ဂျိုးဇေရီဇော်၊ ပြည်သူ့အာဏာ ပထမတွဲနှင့် ပြင်သစ်အရေးတော်ပုံ၊ လူမွဲတို့၏ ထွက်ရပ်လမ်း၊ လွတ်လပ်ရေးတိုက်ပွဲ၊ လက်ငင်း တို့တာဝန်၊ အလုပ်သမားလောက၊ အိုင်းရစ် အရေးတော်ပုံ၊ အိုင်းရစ် အာဇာနည်တို့မှာ ထင်ရှားသော နဂါးနီထုတ် စာအုပ်များ ဖြစ်ကြသည်။ ထို့ကြောင့်လည်း မြန်မာ တိုင်းရင်းသားတို့ နိုင်ငံရေး အသိတရား နိုးကြားစေရန်နှင့် ဆိုရှယ်လစ် သဘောတရားများ ပြည်သူလူထုအတွင်း ပျံ့နှံ့အောင် အများဆုံး ဖြန့်ဖြူးပေးသည့် စာအုပ်အသင်းအဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှားသည်။ [၁][၂]

တိုက်ထုတ် စာအုပ်များ ပြင်ဆင်ရန်

ခေါင်းစဉ် ရေးသူ ထုတ်ဝေနှစ် မှတ်ချက်
ဦးလွန်း၊ မျိုးချစ်အာဇာနည်နှင့် သူပုန်စာရေးဆရာကြီး မောင်သိန်းဖေ
ဆိုရှယ်လစ်ဝါဒနှင့် နိသျည်း အပိုင်း (၁) ဦး ဘတင်
ဆိုရှယ်လစ်ဝါဒ (ဝါ) ဆင်းရဲသားဝါဒ သခင် စိုး
ကားလ်မတ်စ်ဝါဒ သခင် ဗိုလ်
လူမွဲတို့ ထွက်ရပ်လမ်း ကို နု
ဆိုဗီယက်ဒီမိုကရေစီနှင့် ကိုယ်တွေ့များ ဦး ထွန်းဖေ
ဓနရှင်ဝါဒ ကို လှရွှေ
ဂျပန်သူလျှို အယ်ဒီတာတဦး
ကိုယ်ပျောက်စစ်သား ဦး ကျော်တင့် (ဘီအေ ဘီအယ်လ်)
သူလျှိုလောက ဗျူဟာခင် မျိုးမြင့်ကျော် ရေးသည့် ငွေသောင်ယံ နှင့် တွဲထုတ်
သူလျှိုမာယာ
ပြင်သစ်အရေးတော်ပုံ ဦး ကျော်တင့်
ပြည်သူ့အာဏာ (ပ) ဦး ကျော်တင့်
အိုင်ယာလန် ဗုံးအဖွဲ့ မြဒေါင်းညို
ဒီဗလားရား
အိုင်းရစ် အရေးတော်ပုံ မြို့မ ဆရာဟိန် ၁၉၃၈
ကျွန်ုပ်နှင့် မိုက်ကယ်ကောလင်း မြို့မ ဆရာဟိန် ၁၉၃၉
အိုင်းရစ်အာဇာနည် သံတွဲမောင်

ဆက်လက်ကြည့်ရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. နဂါးနီ စာအုပ်အသင်း (၁၉၃၇)။ ၁ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။မေ ၂၀၁၂ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန်။ တတိယ အကြိမ်။ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။ ၂၀၀၀ ခုနှစ်။ |first= missing |last= (အကူအညီ); |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)