ခွန်ထွန်းဦး(၁၉၄၃-၂၀၂၂) [၁] သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဥက္ကဋ္ဌ အဖြစ် အနားမယူခင်အထိ နှစ်ပေါင်း(၃၀)ကျော် တာဝန်ယူထမ်းဆောင်ခဲ့သူဖြစ်ကာ နာမည်ကျော်ကြားထင်ရှားသည့်  ရှမ်းတိုင်းရင်းသားဝါရင့်နိုင်ငံရေးသမားကြီးဖြစ်ပြီး ၂၀၂၂ ဧပြီ ၃၀ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။[၂]

ခွန်ထွန်းဦး
ဥက္ကဋ္ဌ(၁၉၈၉-၂၀၂၁) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1943-09-11) ၁၁ စက်တင်ဘာ၊ ၁၉၄၃ (အသက် ၈၀)
သီပေါမြို့ရှမ်းပြည်နယ်
ကွယ်လွန်ဧပြီ ၃၀၊ ၂၀၂၂(2022-04-30) (အသက် ၇၈)
ကိုးမိုင်၊ ရန်ကုန်မြို့
ကြင်ဖော်(များ)ဒေါ် ဝေဝေလွင်
သားသမီးခွန်ဦးလွင်၊နန်းအယ်လ်ကီ

ငယ်ဘဝ ပြင်ဆင်ရန်

ဦးခွန်ထွန်းဦး ကို ၁၉၄၃ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့တွင် ရှမ်းပြည်နယ် သီပေါမြို့၌ အဖ စဝ်ကြာဇုံ အမိနန်းရွှေယုံ တို့မှ ဖွားမြင်ခဲ့သည်။

ဇနီးဖြစ်သူမှာ ဒေါ်ဝေဝေလွင်ဖြစ်ကာ ဦးခွန်ဦးလွင်နှင့်ဒေါ်နန်းအယ်လ်လီကီ ဟူသော သားတစ်ဦး၊သမီးတစ်ဦးထွန်းကားခဲ့သည်။ ။[၃]

၁၉၆၂ ခုနှစ်က ရှမ်းပြည်နယ် တောင်ကြီးနားတွင် ပျောက်ဆုံးသွားသည့် သီပေါစော်ဘွား၏ တူတော်စပ်သည်ဟု ဘီဘီစီသတင်းကဖော်ပြသည်။[၄]

၁၉၆၄ ခုနှစ်တွင် တောင်ကြီးမြို့၊ ကမ္ဘောဇကောလိပ် မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး၊ ၁၉၆၅ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်၍ ဥပဒေဘာသာရပ် ကို ဒုတိယနှစ်အထိ သင်ကြားခဲ့သည်။

၁၉၆၇ ခုနှစ်မှ ၁၉၇၇ ခုနှစ် အထိ အင်ဒိုနီးရှားသံရုံး စစ်သံမှူး၏ကိုယ်ရေးအရာရှိ၊ ၁၉၈၄ ခုနှစ်တွင် နိုင်ငံတကာ သတင်းစာ ဖြန့်ချိရေးကုမ္ပဏီ၊ ဂျပန် Overseas Courier Service (အိုစီအက်စ်)၏ သတင်းစာ ဖြန့်ချိရေး ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့သည်။

နိုင်ငံရေးဖြတ်သန်းမှု ပြင်ဆင်ရန်

၁၉၈၈ လူထုအရေးအခင်းပြီးနောက် ပေါ်ပေါက်လာသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)တွင် စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့ပြီး ပထမဦးဆုံးအထွေထွေအတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်ကာ ၁၉၈၉ ခုနှစ်တွင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။[၁] Archived 25 March 2022 at the Wayback Machine. သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ(၅၂၆၈)မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း (၄၉.ဝ၁)ဖြင့် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာရ်ပီပီ) တိုးချဲ့ ဖွဲ့စည်းသည့်အခါ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ကိုယ်စားလှယ် အဖြစ် ပါဝင်ခဲ့သည်။ [၅]

ယင်းအပြင် ၁၉၉၆ ခုနှစ်မှစတင်ကာ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC) ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၀၂ ခုနှစ်တွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) သဘာပတိအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ရှမ်းပြည် ညီညွတ်ရေးကော်မတီ(CSSU)၏ အလှည့်ကျ သဘာပတိ အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။

ဦးခွန်ထွန်းဦးခေါင်းဆောင်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် သည် အမျိုးသားညီလာခံ စတင်ကျင်းပခဲ့သည့် ၁၉၉၃ ခုနှစ်ကတည်းကစ၍ ၁၉၉၆ ခုနှစ်အထိ သုံးနှစ်တိုင်တိုင် အမျိုးသားညီလာခံသို့ တက်ရောက်ဆွေးနွေးခဲ့သော်လည်း နောက်ပိုင်းတွင် လက်မခံနိုင်သည့် အကြောင်းအရာများကြောင့်  နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ၏ လမ်းပြမြေပုံ ခုနစ်ချက်အရ၂၀၀၄ ခုနှစ်တွင် ပြန်လည်ကျင်းပသည့် အမျိုးသားညီလာခံသို့  မတက်ရောက်နိုင်ကြောင်း ၂၀၀၄ ခုနှစ် မေလ ၁၄ ရက်နေ့ ရက်စွဲ ဖြင့် အမျိုးသားညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌထံသို့ စာဖြင့် အကြောင်းကြားငြင်းဆန်ခဲ့သည်။[၆]

ဖမ်းဆီးထောင်ချခံရခြင်းများ ပြင်ဆင်ရန်

၂၀၀၅ ခုနှစ်တွင်ဦးခွန်ထွန်းဦးသည်  ရှမ်းပြည်နယ် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းမှု ဆိုသည့် နိုင်ငံရေးလှုပ်ရှားမှုထဲပါဝင်ခဲ့သည်။[၇] ထိုနှစ်ထဲမှာပင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရက နိုင်ငံတော် ပုန်ကန်မှု(သစ္စာဖောက်မှု)ဖြင့် ဦးခွန်ထွန်းဦးအား ထောင်ဒဏ် အနှစ် ၉၀ ကျော် ချမှတ်ခဲ့ပြီး ပူတာအိုအကျဉ်းထောင်၊တောင်ငူအကျဉ်းထောင်သို့ပို့ခဲ့သည်။[၈]

အကျဉ်းထောင်မှလွတ်မြောက်လာခြင်း ပြင်ဆင်ရန်

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။[၉]

ယင်းနောက် ၂၀၁၅ခုနှစ်တွင် ပါတီအား ပြန်လည်မှတ်ပုံတင်ပြီး ၎င်းဝင်ရောက်အရွေးမခံတော့ဘဲ ပါတီမှ ကိုယ်စားလှယ်လောင်းများဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရာ တိုင်းရင်းသားပါတီများထဲ ရွေးကောက်ခံအမတ်အများစုရခဲ့သည့် အင်အားကြီးပါတီတစ်ခု ပြန်ဖြစ်လာခဲ့သည်။

နိုင်ငံရေးလောကမှ အပြီးတိုင်အနားယူခြင်း ပြင်ဆင်ရန်

ဦးခွန်ထွန်းဦးသည် ၂၀၁၈ ခုနှစ်မှစတင်၍ SNLD ပါတီ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ရန် ကြိုးပမ်းခဲ့ သော်လည်း ပါတီ ခေါင်းဆောင်များက မေတ္တာရပ်ခံသည့်အတွက် ဥက္ကဋ္ဌ ရာထူးကို လက်ခံဆောင်ရွက်ခဲ့သည်။ [၁၀]

သို့သော် ၂၀၂၀ စက်တင်ဘာလ ၂၇ ရက်တွင် ၎င်းတည်ထောင်ခဲ့သည့် SNLD ပါတီမှ နုတ်ထွက်ပါသည်ဟု ပြည်တွင်း အခြေ စိုက် 7 Days News သတင်းစာတွင် ကြေညာထည့်သွင်းကာ အသိပေးခဲ့သေးသည်။ သို့ရာတွင် ပါတီဗဟို အလုပ်အမှု ဆောင် အဖွဲ့၏ မေတ္တာရပ်ခံချက်အရပင် ထိုနှစ် အောက်တိုဘာလ ၃ ရက်တွင် ဥက္ကဋ္ဌတာဝန်ကို ပြန်လည်ထမ်းဆောင်ခဲ့ပြီး ကျန်းမာရေးအခြေအနေကြောင့်  နောက် ၃ လကျော်အကြာတွင် SNLD ပါတီမှ နုတ်ထွက်ကာ နိုင်ငံရေး လောကမှ အပြီးအပိုင် အနားယူသွားသည်။[၁၁] [၁၂]

ဘဝနိဂုံး ပြင်ဆင်ရန်

၂၀၂၂ ဧပြီ ၃၀ရက်နေ့တွင် ရန်ကုန်မြို့ ကိုးမိုင်ရှိ ၎င်း၏ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[၂] [၁၃]

ကိုးကား ပြင်ဆင်ရန်

  1. SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးရဲ့ နောက်ဆုံးခရီး
  2. ဝါရင့်နိုင်ငံရေးသမားကြီး SNLD ပါတီဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး ကွယ်လွန်
  3. ခွန်ထွန်းဦး သို့မဟုတ် တကယ့် ရှမ်းခေါင်းဆောင်
  4. ခွန်ထွန်းဦး SNLD ဥက္ကဋ္ဌက နားဖို့စာတင်
  5. ခင်ကျော်ဟန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရေနံချောင်း (၂)။ ၁၉၉၀ ပြည့်နှစ်၊ မေလ (၂၇) ရက်နေ့တွင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မှတ်တမ်း။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ ပြန်ကြားရေးကော်မတီ။
  6. ပါတီသမိုင်းအကျဉ်း။ 25 March 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 May 2022 တွင် ပြန်စစ်ပြီး။
  7. ဦးခွန်ထွန်းဦး ပါတီဥက္ကဋ္ဌ ရာထူး ကနေ နုတ်ထွက်မယ်လို့ကြေညာ
  8. ဦးခွန်ထွန်းဦးတို့ ကျန်းမာရေး စိုးရိမ်ရ
  9. သမ္မတ အဖွဲ့နဲ့ ခွန်ထွန်းဦး လိုက်ပါ
  10. SNLD ခေါင်းဆောင် နုတ်ထွက်စာတင်
  11. ဝါရင့်နိုင်ငံရေးသမားကြီး ဦးခွန်ထွန်းဦး နိုင်ငံရေးလောကမှ အနားယူ
  12. SNLD ပါတီဥက္ကဋ္ဌအဖြစ် ဦးစိုင်းညွန့်လွင်ကို ရွေးချယ်တင်မြှောက်
  13. ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်း ဖယ်ဒရယ်တည်ထောင်ရေးအတွက် ဆုံးရှုံးမှုလို့ပြောကြ