ပင်မမီနူးကို ဖွင့်ရန်

ဒုတိယပြည်ထောင်စုခေတ်(ဘီစီ ၃၄၀၀-၂၄၀၀)ပြင်ဆင်

ပေါ်ပေါက်လာပုံပြင်ဆင်

ပထမပြည်ထောင်စုသည် နှစ်ပေါင်း ၈၀၀ ကျော်ခန့်တည်တံ့လာပြီးနောင်တွင် ပြိုကွဲသွားသဖြင့် ရှေးကကဲ့သို့ပင် တောင်၊မြောက် နှစ်ပိုင်း ပြန်လည် ကွဲပြားသွားရပြန်သည်။ များမကြာမီတွင်ပင် အထက်အီဂျစ်(မြောက်ပိုင်း)မှ မင်းနစ်(Menes) အမည်ရှိ လူစွမ်းကောင်းတစ်ဦးပေါ်ထွန်းလာကာ တောင်၊မြောက် ဒေသနှစ်ခုလုံးကို ပြန်လည် သိမ်းပိုက်ကာ ဒုတိယပြည်ထောင်စုခေတ်ကို တည်ထောင်ပြန်သည်။

သတ္တုတွင်း စီးပွားရေးပြင်ဆင်

ပထမပြည်ထောင်စုသည် လယ်ယာစိုက်ပျိုးရေးစနစ်ပေါ်တွင် အခြေပြုကာ စည်ပင်ဖွံဖြိုးခြင်းကို ရရှိသကဲ့သို့ ဒုတိယပြည်ထောင်စုသည် သတ္တုတွင်းတူးဖော်ရေး ကြောင့် သာယာဝပြောသည်။ ပထမပြည်ထောင်စုခေတ်က အစပြုရုံမျှသာ ပြုနိုင်ခဲ့သည့် သတ္တုတွင်းတူးဖော်ခြင်းသည် ဒုတိယပြည်ထောင်စုခေတ် အရောက်တွင် အကြီးအကျယ်ဖြစ်ထွန်းလာသည်။ အဓိကလုပ်ငန်းဒေသမှာ ဆိုင်းနိုင်းကျွန်းဆွယ် ဒေသဖြစ်ပြီး အဓိကသတ္တုမှာ ကြေးနီဖြစ်သည်။ ကြေးနီတွင်းများ အားလုံးကို ဖာရိုးဘုရင်က ပိုင်ဆိုင်ပြီး ခိုးတူးသူများကို ပြင်းထန်စွာ အပြစ်ပေးသည့် ကျောက်ထွင်းပုံများကို အနီးမပါးရှိ ကျောက်တောင်များတွင် အထောက်အထားများအဖြစ် တွေ့ရသည်။

ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုပြင်ဆင်

ဤခေတ်အစပိုင်းကပင် ယနေ့ဆီးရီးယားနိုင်ငံရှိရာ အရပ်သို့ ရေကြောင်းမှ ဆက်သွယ်သွားလာနိုင်ခဲ့သည့် အထောက်အထားများကို တွေ့ရသည်။ အဆိုပါဒေသမှ သစ်အမြောက်အများကို သယ်ယူကာ အီဂျစ်တို့ အိမ်ဆောက်ရာတွင်လည်းကောင်း၊ ပရိဘောဂများအဖြစ်လည်းကောင်း အသုံးပြုကြောင်းတွေ့ရသည်။ ဒုတိပြည်ထောင်စု၏ အစပိုင်းနှစ်လေးရာအတွင်းကပင် အီဂျစ်ဘုရင်တို့သည် အုတ်ဂူများပြုလုပ်ကာ သင်္ဂြိုဟ်ကြသည်ကို တွေ့နိုင်သည်။ ထိုအုတ်ဂူတို့မှ အုတ်များမှာ ရွှံများကို နေပူလှန်းကာ ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုမှ ဘီစီ ၃၀၀၀ခန့်တွင် ဆောက်လုပ်ခဲ့သည့် ဂူတစ်လုံးတွင်မူ ရှင်ဘုရင်၏ အလောင်းထားရှိရာ အခန်းအား သဲကျောက်အုတ်များဖြင့် ဆောက်လုပ်သည်ကို တွေ့ရပြန်သည်။ အကြောင်းအရင်းမှာ အဆိုပါသဲကျောက်များကို လိုသလို ဖြတ်တောက်နိုင်သည့် ကြေးနီဖြင့်ပြုလုပ်ထားသော ကိရိယာ၊ တန်ဆာပလာတို့ ကောင်းစွာဖွံဖြိုးနေသည့် သဘောပင်ဖြစ်သည်။

ထိုနောက်ပိုင်းမှ စကာ အီဂျစ်တို့သည် မြောက်များလှစွာသော ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးကြီးများစွာကို ကျောက်သားဖြင့် တည်ဆောက်လာသည်ကို တွေ့ရသည်။ ရှင်ဘုရင်တို့၏ ပိရမစ် အုတ်ဂူများ၊ ဝတ်ကျောင်းများ၊ နန်းတော်များ စသဖြင့် ယနေ့တိုင် ကြွင်းကျန်ရစ်သော ခမ်းနားကြီးကျယ်သည့် အဆောက်အဦးများကို ကျောက်ဖြင့်ပင်တည်ဆောက်လာကြသည်။ သို့ဖြင့် ဘီစီ ၃၀၀၀ မှ ဘီစီ ၂၅၀၀ကြား ကာလကို ပိရမစ်ခေတ်ဟု ခေါ်ဝေါ်ကြသည်။ အထင်ရှားဆုံးသော ပိရမစ်များကို ကိုင်ရိုမြို့အနီးရှိ ဂီဇဲ(Gizeh)အရပ်တွင် တွေ့ရပြီး ထိုဒေသမှာ ဒုတိယပြည်ထောင်စုခေတ်၏ မြို့တော်ဟောင်း မင်းဖစ်(Memphis) တည်ရှိခဲ့သည့် နေရာပင် ဖြစ်သည်။

မြို့တော်၏ အစိတ်အပိုင်းများနှင့် နေအိမ်အများစုကို မြေအုတ်၊ သစ်သားများဖြင့် ဆောက်လုပ်သွားကြသောကြောင့် သမိုင်းမှတ်တမ်းဆိုင်ရာ အထောက်အထားများကျန်ရှိခြင်း မရှိတော့ပေ။ ပိရမစ်များနှင့် အခြား ကျောက်ဖြင့် တည်ဆောက်ထားသည့် အချို့သော အဆောက်အဦးများသာ ကျန်ရှိသည်။ ဂီဇဲဒေသ၏ အမြင့်ဆုံး ပိရမစ်အပေါ်မှ တောင်ဖက်တစ်လွှားတွင် အလျားမိုင်းခြောက်ဆယ်ကျော်ခန့် ရှိသော ပိရမစ်အုတ်ဂူတန်းကြီးကို တွေ့ရမည်ဖြစ်သည်။ အဆိုပါ ဝန်းကျင်မှ ကျောက်စာများမှ အရုပ်စာများကို လေ့လာခြင်းအားဖြင့် ဒုတိယပြည်ထောင်စုခေတ်အတွင်း နေထိုင်ကြသည့် အီဂျစ်များ၏ ဘဝကို ပုံဖော်နိုင်ကြသည်။

အခြေခံအားဖြင့် ဖာရိုးမင်းများသည် သေလွန်ပြီးနောက် တစ်ဖန်ပြန်လည်ရှင်သန်လာခြင်းမျိုးကို ယုံကြည်လိုလားသည်ဖြစ်၍ မိမိတို့ကွယ်လွန်လျှင် ကျန်ရစ်သောရုပ်အလောင်းမှ အူအသဲဦးနှောက် စသည့် ကိုယ်တွင်းအင်္ဂါများထုတ်၍ ခန္ဓာကိုယ်အား ဆေးစိမ်ကျပ်စည်းခြင်းအားဖြင့် မပုပ်မသိုးဘဲ နောင်တစ်ချိန်တွင် ပြန်လည်ရှင်သန်မည်ဟူသော ယုံကြည်မှုမျိုးဖြင့် ပိရမစ်များကို တည်ဆောက်ကြခြင်းဖြစ်သည်။ ထုတ်ယူထားသော ကိုယ်တွင်းအင်္ဂါများကို အိုးလွတ်တစ်ခုအတွင်းထည့်ကာ ချိတ်ပိတ်၍ အလောင်းအနားတွင် ထားလေ့ရှိသည်။

ထိုသို့ ပိရမစ်များကို တည်ဆောက်နိုင်သည့်နောက်တွင် အီဂျစ်တို့၏ ဗိသုကာလက်ရာများမှာ အကြီးအကျယ်ဖွံဖြိုးတိုးတက်လာကြသည်။ ပထမဆုံးသော ပိရမစ်ကို သဲပုံအားအုတ်ရံသည့် ပုံစံဖြင့်တည်ဆောက်နိုင်သည့်အချိန်မှ နှစ်ပေါင်း ၂၀အတွင်းတွင် ကျောက်များဖြင့်သာ သီးသန့်တည်ဆောက်ထားသည့် ပိရမစ်အုတ်ဂူများကို တည်ဆောက်ပြနိုင်ခဲ့သည်။ ထို့အပြင် ကာနက်စ်အရပ်မှ ဝတ်ကျောင်းကြီးနှင့် အခြားသော အရေးပါသည့် ကျောက်အဆောက်အဦးများမှာ ထင်ရှားသည့် လက်ရာမွန်များဖြစ်ကြသည်။

နိဂုံးပြင်ဆင်

ပိရမစ်များကိုတည်ဆောက်ခဲ့သည့် နောက်ဆုံး ဖာရိုးမင်းဖြစ်သော ဒုတိယမြောက် ပက်ပီ (Pepi II) သည်အသက်အလွန်ရှည်သည်ဖြစ်၍ နန်းသက် ၉၄နှစ်ထိစိုးစံခဲ့သည်။ ဘုရင်အိုမင်းမစွမ်း ဖြစ်လာသောအခါ နယ်စားများက အာဏာကြီးစိုးလာပြီးနောက် ဘုရင် ကွယ်လွန်လျှင် နယ်အသီးသီးမှနေကာ မင်းပြုကြသည်။ ထိုခေတ်ကို နယ်စားပယ်စားခေတ် ဟုခေါ်သည်။ နယ်စားများက အချင်းချင်း ပြိုင်ဆိုင်ကြသလို၊ တောင်ပိုင်းမှ အာဖရိကန်အနွယ်များကလည်း ဝင်ရောက်တိုက်ခိုက်သဖြင့် တိုင်းပြည်တည်ငြိမ်ခြင်းမရှိတော့ပေ။ မကြာမီပင် တောင်ပိုင်းဒေသက ခွဲထွက်သဖြင့် ဒုတိယ အီဂျစ်ပြည်ထောင်စု ပြိုကွဲသွားရသည်။