ဒုဗ္ဗစသိက္ခာပုဒ်
ဒုဗ္ဗစသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ စောင့်ထိန်းလိုက်နာရန် ပညတ်တော်မူခဲ့သည့် သံဃာဒိသိသ်အာပတ် တစ်ခု ဖြစ်၏။ [၁]
သမိုင်း
ပြင်ဆင်ရန်မြတ်စွာဘုရားသည် ကေသမ္ဗီမြို့၊ ဃောသိတာရုံကျောင်းတော် တွင် သီတင်းသုံးနေတော်မူချိန် ဖြစ်၏။ အသျှင်ဆန္နသည် မလျော်သောအကျင့်ကို ကျင့်၏။ ထိုအခါ ရဟန်းတို့သည် ဆုံးမကုန်၏။
ရဟန်းတို့က ဆုံးမသည်ကို အသျှင်ဆန္နသည် မနာခံဘဲ “ငါသျှင်တို့ သင့်တို့သည် အဘယ်ကြောင့် ငါ့ကို ပြောဆိုသင့်သည်ဟု ထင်မှတ်ကုန်သနည်း၊ ငါကသာလျှင် သင်တို့ကို ပြောဆိုရာ၏၊ ငါတို့၏ ဘုရားတည်း၊ ငါတို့၏ အရှင့်သားသည် တရားကို ထိုးထွင်းသိတော်မူအပ်ပြီ” အစရှိသဖြင့် ပြောဆို၏။ ထိုအခါ အလိုနည်းကုန်သော ရဟန်းတို့သည် သိက္ခာပုဒ်ဖြင့် ဆုံးမအပ်သည်ရှိသော် မိမိကိုယ်ကို မပြောဆိုသင့်သည်ကို အဘယ်ကြောင့် ပြောဆိုဘိသနည်းဟု ကဲ့ရဲ့ကြ၏။
ထိုအကြောင်းကို ရဟန်းတို့သည် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် ဆန္နရဟန်းကို မေးမြန်း၏။ အသျှင်ဆန္နသည် ဟုတ်မှန်ကြောင်း ဝန်ခံ၏။
မြတ်စွာဘုရားလည်း အသျှင်ဆန္နကို ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့သည်။ [၁]
သိက္ခာပုဒ်
ပြင်ဆင်ရန်“ရဟန်းသည် ပါတိမောက်လာ သိက္ခာပုဒ်ဖြင့် ဆိုဆုံးမခက်သောသဘော ရှိသည်သာလျှင် ဖြစ်၏။ ရဟန်းတို့သည် သိက္ခာပုဒ်ဖြင့် ဆိုဆုံးမအပ်သည်ရှိသော် ‘အသျှင်တို့သည် အကျွန်ုပ်ကို တစ်စုံတစ်ခု ကောင်းသည်ကိုလည်းကောင်း၊ မကောင်းသည်ကိုလည်းကောင်း မဆိုပါအံ့။ အသျှင်တို့သည် အကျွန်ုပ်ကို ဆိုခြင်းမှ ရှောင်ကြဉ်ကြပါကုန်လော့’ ဟု မိမိကိုယ်ကို မပြောဆိုသင့်သည်ကို ပြု၏။ ထိုရဟန်းကို ရဟန်းတို့သည် ‘အသျှင်သည် မိမိကိုယ်ကို မပြောဆိုသင့်သည်ကို မပြုပါလင့်၊ အသျှင်သည် မိမိကိုယ်ကို ဆိုသင့်သည်ကိုသာ ပြုပါလော့၊ အသျှင်ကလည်း ရဟန်းတို့ကို တရားနှင့်အညီ ဆိုပါလော့၊ ရဟန်းတို့ကလည်း အသျှင့်ကို တရားနှင့်အညီ ဆိုကြပါလိမ့်မည်။ ဤသို့အချင်းချင်း ဆိုဆုံးမခြင်း အချင်းချင်း အာပတ်မှ ထစေခြင်းဖြင့်သာလျှင် ထိုမြတ်စွာဘုရား၏ ပရိသတ်သည် ကြီးပွားခြင်းသို့ ရောက်နိုင်၏’ ဟု ဆိုရာ၏။ ဤသို့လျှင် ရဟန်းသည် ရဟန်းတို့က ဆိုအပ်သည်ဖြစ်လျက် ရှေးအတူပင် ပြုမူငြားအံ့၊ ထိုရဟန်းကို ရဟန်းတို့သည် ထိုအယူကို စွန့်စေခြင်းငှါ သုံးကြိမ်တိုင်အောင် ဆိုဆုံးမအပ်၏။ အကယ်၍ သုံးကြိမ်တိုင်အောင် ဆိုဆုံးမအပ်သည်ရှိသော် ထိုအယူကို စွန့်ငြားအံ့၊ ဤသို့စွန့်ခြင်းသည် ကောင်း၏။ အကယ်၍ မစွန့်ငြားအံ့ ထိုရဟန်းအား သံဃာဒိသိသ်အာပတ် သင့်၏” ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ [၁]