ဒြပ်စင် (အင်္ဂလိပ်: element)ဆိုသည်မှာ တစ်မျိုးတည်းသောအက်တမ်များ စုဖွဲ့၍ ဖြစ်ပေါ်သော ဒြပ်သားစု ဖြစ်သည်။ ဓာတုဗေဒ နည်းလမ်းအရမူ ဒြပ်စင်တို့သည် နောက်ထပ် မခွဲစိတ်နိုင်တော့သည့် ဒြပ်သားစုများ ဖြစ်ကာ အသေးငယ်ဆုံးသော အပိုင်းက အက်တမ်ဖြစ်သည်။

ဒြပ်စင်အလှည့်ကျဇယား

ဒြပ်စင်တွင် အက်တမ်တမျိုးတည်းသာ ပါဝင်ပြီး ဒြပ်စင်တမျိုး၏ အက်တမ်ရှိ ပရိုတွန် အရေအတွက်ကို အက်တမ်အမှတ်စဉ် (Atomic Number) ဟု ခေါ်သည်။ ဥပမာအားဖြင့် အက်တမ်ဗဟိုဆံ၌ ပရိုတွန် ၆ ခုပါဝင်သည့် အက်တမ်များမှာ ကာဗွန်ဒြပ်စင်၏ အက်တမ် ဖြစ်ပြီး ပရိုတွန် ၉၂ ခုပါဝင်သည့် အက်တမ်များမှာ ယူရေနီယမ် ဖြစ်သည်။ သို့ဖြင့် ကာဗွန်၏ အက်တမ်အမှတ်စဉ်မှာ ၆၊ ယူရေနီယမ်၏ အက်တမ်အမှတ်စဉ်မှာ ၉၂ အသီးသီး ဖြစ်သည်။ လက်ရှိဓာတုဗေဒတွင် ဒြပ်စင် အမျိုးအစားပေါင်း ၁၁၈ မျိုးကို တွေ့ရှိထားပြီး ယင်းတို့အနက် ဒြပ်စင်အမျိုး ၉၈ ကို သဘာဝဝန်းကျင်တွင် တွေ့ရှိနိုင်သည်။ အခြားဒြပ်စင်များကိုမူ ဓာတ်ခွဲခန်းတွင် ဖွဲ့စည်းရယူနိုင်သည်။ သိပ္ပံပညာရှင်များ ဓာတ်ခွဲခန်းအတွင်း ၁၉၃၇ ခုနှစ်တွင် ပထမဦးဆုံး ဖွဲ့စည်းယူခဲ့သည့် ဒြပ်စင်မှာ တက္ကနက်တီယမ်ဖြစ်ပြီး လူလုပ်ဒြပ်စင်များသည် ရေဒီယိုသတ္တိကြွသတ္တုများဖြစ်ကာ တည်ငြိမ်မှုမရှိပါ။

ဒြပ်စင်များကို ဒြပ်စင်အလှည့်ကျဇယား (periodic table) တွင် စီစဉ်ထည့်သွင်းထားသည်။ ဒြပ်စင်တမျိုး၏ အက်တမ် နျူကလိယအတွင်း နျူထရွန်အရေအတွက် ကွဲပြားပါက ၎င်းတို့အား အိုင်ဆိုတုပ်များဟု ခေါ်သည်။ ဒြပ်စင်တမျိုးစီအတွက် ဓာတုသင်္ကေတ တခုစီ သတ်မှတ်ထားသည်။ ဤသင်္ကေတများမှာ ယင်းတို့၏ အင်္ဂလိပ် သို့မဟုတ် လက်တင် အမည်များ၏ အတိုကောက်ဖြစ်သည်။ (ဥပမာ ကာဗွန်အတွက် 'C'၊ ဆိုဒီယမ်အတွက် လက်တင်အမည် Natrium ၏ အတိုကောက်'Na' ဟု သတ်မှတ်ထားသည်။) ဒြပ်စင်များသည် ဒြပ်ပေါင်းများအဖြစ် ပေါင်းစည်း (ဓာတ်ပြု) နိုင်သည်။ (ဥပမာ ရေဆား၊ အောက်ဆိုဒ်ဒြပ်ပေါင်းများနှင့် အော်ဂင်းနစ်ဒြပ်ပေါင်းများ)။ ယေဘုယျအားဖြင့် ယင်းဒြပ်ပေါင်းများသည် မိမိတို့၏ သီးခြားဖွဲ့စည်းပုံနှင့် ဓာတ်သတ္တိ၊ ရုပ်သတ္တိများ ရှိကြသည်။

အမျိုးအစားခွဲခြားခြင်း ပြင်ဆင်ရန်

ဒြပ်စင်များအား ၎င်းတို့၏ ရုပ်ဖြစ်တည်မှု အခြေအနေကို မူတည်ကာ ပိုင်းခြားနိုင်သည်။ သာမန် အခန်းအပူချိန်နှင့် သာမန် လေဖိအားအောက်တွင် ဒြပ်စင်အများစုသည် အစိုင်အခဲများ ဖြစ်ကြသည်။ ဒြပ်စင် ၂ မျိုးသာ အရည်ဖြစ်ပြီး အငွေ့အဖြစ် တည်ရှိသည့် ဒြပ်စင်မှာ ၁၁ မျိုးသာရှိသည်။ ဒြပ်စင်များကိုလည်း သတ္တုနှင့် သတ္တုမဟုတ်သည့် ဒြပ်စင်ဟု ခွဲခြားနိုင်သေးသည်။ သတ္တုမဟုတ်သည့်ဒြပ်စင်ထက် သတ္တုဒြပ်စင်က ပိုများသည်။ သို့သော်လည်း အချို့ဒြပ်စင်များသည် သတ္တုဆန်သော သတ္တိ နှင့် သတ္တုမဟုတ်သည့် သတ္တိနှစ်မျိုးစလုံး ပိုင်ဆိုင်တတ်သည်။ ၎င်းတို့ကို သတ္တုယောင် (en:metalloid) ဟု ခေါ်ကြသည်။

ကိုးကား ပြင်ဆင်ရန်