အက်တမ် တစ်ခု၏ နျူကလိယ သည် အလွန် သိပ်သည်းသော နေရာဖြစ်ပြီး နျူကလီယွန် (ပရိုတွန် နှင့် နယူထရွန်) တို့ပါဝင်သည်။ နယူကလီယ တို့၏ သဘောသဘာဝနှင့် အရည်အချင်းများကို မလေ့လာမှီ ယင်းတို့မှာ ပါရှိသော ဒြပ်မှုန်တွေအကြောင်း အကြမ်းဖျင်းလေ့လာ ကြည့်ကြပါစို့။ နယူကလီယ တို့တွင် ပရိုတွန်( proton ) နှင့် နယူထရွန်(neutron) ဆိုတဲ့ အခြေခံမှုန် ၂ မျိုးနဲ့ ဖွဲ့စည်းထားကြတာကိုတွေ့မြင်ရသည်။ ပရိုတွန်တစ်ခု သည် ဟိုက်ဒရိုဂျင် အက်တမ်၏ နယူကလိယတွင်ပင် ပါရှိပြီး ယင်းမှာ လျှပ်စစ် +e ( e= အီလက်ထရွန်ဒြပ်မှုန်တစ်ခုတွင်ရှိသောလျှပ်စစ်ပမာဏ) ရှိတယ်။ ဒြပ်ထုကတော့ အီလက်ထရွန် ဒြပ်ထုထက် ၁၈၃၀ ဆမျှရှိတာကို တွေ့ရပါတယ်။ နယူထရွန်မှာ တော့ လျှပ်စစ်ဓာတ်မရှိပဲ ပရိုတွန်ထက် အနည်းငယ်ပိုပြီးလေးတယ်(၀.၁%မျှ)။

ဟီလီယမ် အက်တမ်၏ ပုံကြမ်း။ အလယ်မှ နယူကလိယ တွင် အနီရောင် ပရိုတွန် နှင့် အပြာရောင် နယူထရွန်

နယူကလီးယပ်(Nucleus) တစ်ခုတွင် ရှိသော ပရိုတွန် အရေအတွက်နှင့် နယူထရွန် အရေအတွက်တို့ ပေါင်းခြင်းသည် ယင်းနယူကလီးယပ်၏ ဒြပ်ထုကိန်း ပင်ဖြစ်သည်။

ဥပမာ..A=Z+N

A=နယူကလီးယပ် ဒြပ်ထုကိန်း
Z=ပရိုတွန် အရေအတွက် (atomic number)
N=နယူထရွန် အရေအတွက်

ယေဘုယျအားဖြင့် နယူကလီးယပ်၏ ဒြပ်ထုကိန်းသည် ၄ဝ တန်ဖိုးအောက် ရောက်ပါက ယင်းတို့အား ပေါ့သော နယူကလီးယပ်အဖြစ် သတ်မှတ်ပါသည်။ တန်ဖိုး ၄ဝ မှ ၁၀ဝ ကြားရှိသော နယူကလီးယပ်များကို အလယ်အလတ်လေးသော နယူကလီးယပ်များအဖြစ် သတ်မှတ်ပြီး၊ ၁၀ဝ ထက်တန်ဖိုးများသော နယူးကလီးယပ် များကို လေးသော နယူကလီးယပ် အဖြစ်သတ်မှတ်ကြပါသည်။

နယူကလိယ ဖွဲ့စည်းပုံပြင်ဆင်

ပရိုတွန် နှင့် နယူထရွန် ၂ မျိုးခြုံပြီး နယူကလီယွန် (nucleons) လို့ခေါ်လေ့ရှိကြသည်။ နယူကလိယ အမျိုးမျိုးမှာ ပရိုတွန်နှင့် နယူထရွန်အရေအတွက် အချိုးအဆ အမျိုးမျိုး ပေါင်းစပ်ပါဝင်နေကြတယ်။

အရေအတွက် အချိုးတစ် ခုရှိတဲ့ ပရိုတွန်-နယူထရွန် အဖွဲ့အစည်းကို နယူကလိုက်( nuclide ) တမျိုးလို့ခေါ်တယ်။ ဒီနေရာမှာ မှတ်ထားရမှာကတော့ နယူကလိုက်တစ်ခုဟာ အက်တမ်ရဲ့ နယူကလိယ ဖြစ်ချင်မှ ဖြစ်မယ်ဆိုတာပါပဲ။ တွေ့ရှိပြီး နယူကလိုက် ၁၄၄၀ ကျော်ထဲမှာ အခြေခိုင်တဲ့ အမျိုးအစားနဲ့ အခြေမခိုင်တဲ့ ရေဒီ ယိုသတ္တိကြွ (radioactive) မှုရှိတဲ့ အမျိုးအစားဆိုပြီး ၂ မျိုးရှိသည်။ သဘာဝဒြပ်စင် အမျိုးအစား ၉၂ မျိုးနဲ့ စာရင် နယူကလိုက်အရေအတွက်ဟာ အတော်များနေတာကို တွေ့ရပါတယ်။

နယူကလိုက် တစ်ခုကို အကြမ်းဖျင်းအားဖြင့် အလွန်ကျစ်လျစ်ပြီး ခပ်လုံးလုံးပုံစံရှိသော ပရိုတွန်-နယူထရွန် အဖွဲ့အစည်းတစ်ခုရယ်လို့ ယူဆနိုင်သည်။ ဒီလိုအဖွဲ့အစည်းမှာ လျှပ်စစ်အဖိုဆောင်ပရိုတွန်များကိုပါ တည်မြဲအောင် စုစည်းထားနိုင်တာဟာ စဉ်းစားစရာဖြစ်နေပါသည်။ ပရိုတွန် အချင်းချင်းတွန်းကန်ကြတဲ့ လျှပ်မှုန်အချင်းချင်းတွန်းအား (ကူးလောင်း ဟူသည့် ပမာဏပြစကားလုံးဖြင့် တိုင်းတာဖော်ပြလေ့ရှိသည်) များရှိသောကြောင့် နယူကလိယဟာ ဒီတိုင်းဆိုရင်ပြိုကွဲပျက်စီးသွားရန်အကြောင်းရှိနေပါတယ်။

ဒီလိုဖြစ်မသွားခြင်းကိုထောက်ပြီး နယူကလိုက်တို့မှာ ကူးလောင်းအားထက် ပြင်းထန်ပြီး ပေါင်းစည်းမှုကိုပေးစွမ်းနိုင်တဲ့ အားတစ်မျိုးမျိုးရှိနေတယ် လို့ဆိုရတော့မှာဖြစ်ပါတယ်။

ဒီအားမျိုးရဲ့ သဘာဝကို တိတိကျကျ မဖော်ပြနိုင်သေးပေမယ့် ဒီအားဟာ ပြင်းအားအလွန်ကြီးပြီး နယူကလီယွန်( ပရိုတွန်ရော နယူထရွန်ပါ) များအကြား သက်ရောက်တဲ့ ဆွဲအားအသစ်တစ်မျိုးဖြစ်တယ်ဆိုတာ မှန်းဆကြည့်ရှုနိုင်သည်။ အရင်က သိပြီးသားဖြစ်သော ဒြပ်ဆွဲအား နှင့် သံလိုက်အားမျိုးတွေနှင့်ကွာခြားမှုရှိသော တသီးတခြား အားတစ်မျိုးသာ ဖြစ်နိုင်သည်။ ဒီအားကို နယူကလိယပေါင်းစည်းအား ( ဝါ ) အပြင်းအားအပြန်အလှန်သက်ရောက်မှုလို့ပဲ ခေါ်ကြပါမည်။ နယူကလိယများကို နယူကလီယွန်များနဲ့ ဖွဲ့စည်းထားတယ်ဆိုရင် နယူကလီယွန်များကိုလည်း ဘာနဲ့ဖွဲ့စည်းထားသလဲဆိုတာကို သိရှိလိုကြပေလိမ့်မည်။ အဆိုပါအကြောင်းအရာများကို နောင်တွင်အသေးစိတ်ဆက်လက်ဖော်ပြသွားပါမည်။

ကိုးကားပြင်ဆင်