ဓမ္မစေတီခေါင်းလောင်းကြီး
ဓမ္မစေတီခေါင်းလောင်းကြီးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခေါင်းလောင်းတော်ကြီး ဖြစ်ပြီး ၁၄ ရာစုတွင် မွန်ဘုရင် ဓမ္မစေတီမင်းမှ ရွှေတိဂုံဘုရားသို့ သွန်းလုပ် လှူဒါန်းခဲ့သည်။ ဓမ္မစေတီခေါင်းလောင်းကြီးသည် ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းကြီးများအနက် ပထမဦးဆုံး ခေါင်းလောင်းကြီး ဖြစ်သည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး | |
ခေါင်လောင်းတော်ဘွဲ့ | အဝိန္ဒဆောက် ခေါင်းလောင်းတော် |
အလေးချိန် | ၁၈၀၀၀၀ ပိဿာ (တန်ချိန် ၂၉၀) |
အတိုင်းအတာ | အဝ(၈)တောင်၊ စောက် (၁၂) တောင် |
သွန်းလုပ်သည့်နေ့ | သက္ကရာဇ် (၈၃၇) ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ ကြာသတေးနေ့ |
ရွှေတီဂုံစေတီတော်သို့ တင်လှူသည့်နေ့ | သက္ကရာဇ် (၈၃၈) ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ |
ဒေါပုံမြစ်လည်တွင် နစ်မြုပ်သွားသည့်နှစ် | သက္ကရာဇ် (၉၇၄)ခုနှစ် |
ကျော်ကြားမှု | ပျောက်ဆုံးနေမှုကြောင့် |
၁၆ ရာစုတွင် ပေါ်တူဂီ လူမျိုး ဒီဗရစ်တို ခေါ် ငဇင်ကာမှ ခေါင်းလောင်းကြီးကို ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှ အဓမ္မယူငင်သွားပြီးနောက် ဖောင်ဖြင့် သယ်ယူရန် ကြိုးစားစဉ် ရန်ကုန်မြို့နှင့် သံလျင်မြို့အကြား မြစ်သုံးခုဆုံရာ နေရာတွင် နစ်မြုပ်သွားခဲ့သည်။ ၎င်းခေါင်းလောင်းတော်ကြီးမှာ ယခုထက်တိုင် မြစ်အောက်တွင် နစ်မြုပ်နေဆဲဖြစ်ပြီး ဆယ်ယူရန် ကြိုးပမ်းမှုများမှာ အောင်မြင်ခြင်း မရှိသေးပေ။
သမိုင်းကြောင်း
ပြင်ဆင်ရန်မြန်မာ့ သမိုင်းတွင် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၆ ဆက်မြောက် မွန်ဘုရင် ဓမ္မစေတီမင်း သည် ဟံသာဝတီ (ယခု ပဲခူး) မှ အုပ်စိုးပြီး ၁၄၈၀-ခုတွင် လူဦးရေ စစ်တမ်း ကောက်ယူခဲ့သည်။ သို့သော် သူ့ခန့်အပ်ထားခဲ့သော ဥပိုက်၊ သမန္တရာဇ်၊ တုရင်ရာဇာ၊ စွန္တရာဇ် အမတ် ၄ယောက်တို့သည် အိမ်ထောင်စု စာရင်းသာမကပဲ အခွန်ပါ ကောက်ယူခဲ့ကြရာ ကြေးနီ ပိဿာချိန် ၁၈၀ဝ၀ဝ ရရှိသည်။ ဓမ္မစေတီမင်းအား ဆက်သသော အခါတွင် ဘုရင်က စိတ်ဆိုးပြီး ၎င်းကြေးများကို ပြည်သူတို့ထံ ပြန်လည် ပေးအပ်စေသည်။ ပြည်သူတို့က ဘုရင်အား သူတို့ ပြန်မယူလိုဘဲ သင့်တော်ရာ ကောင်းမှုပြုရန် ဘုရင်အား ပြောသဖြင့် အမတ်ကြီး ဗညားအိန်အား ခေါင်းလောင်း အဖြစ် သွန်းစေခဲ့သည်။ ပဲခူးမြို့ ရွှေမော်ဓောဘုရား၏ ရာဟုထောင့် အနောက်ဘက် မြေကွက်လပ်တွင် ၁၄၈၄ ခု ဖေဖော်ဝါရီလ ၅ ရက်နေ့ (မြန်မာသက္ကရာဇ် ၈၅၁-ခုနှစ်၊ တပေါင်းလဆန်း (၈)ရက်၊ ကြာသပတေးနေ့) တွင် စတင်၍ ပွဲသဘင် ကျင်းပ၍ သွန်းလောင်းခဲ့သည်။ အခါပေးခဲ့သော ဆရာတို့မှာ ဇေယျာဗာဟု၊ ရာဇာဗာဟု၊ ပဲခူးသမုတ္တရာ နန္ဒစည်သူကျော်၊ သင်္ဃရာဇာ ဆရာတို့ ဖြစ်သည်။ လောကညဏပဏ္ဏိတ် အမတ်က ခေါင်းလောင်း သွန်းလောင်းသော အချိန်မှာ မိချောင်းနက္ခတ် ဖြစ်သဖြင့် အသံကောင်းစွာ မမြည်နိုင်ဟု ဟောကြားခဲ့သည်။ ဘုရင်က ဟောကြားချက် မမှန်လျှင် ဆွေခုနှစ်ဆက် မျိုးခုနစ်ဆက် အပြစ်ပေးမည်။ ဟောကြားချက် မှန်လျှင် သူကောင်းပြုမည်ဟု ပြောကြားခဲ့သည်။ ခေါင်းလောင်းကြီး ပြီးသော အခါတွင် အသံမမည်သောကြောင့် လောကညဏပဏ္ဏိတ် အမတ်အား ရာဇ ပရောဟိတ ဘွဲ့ ချီးမြှင့်ခဲ့သည်။ [၁]
များမကြာ အမြို့မြို့ အိမ်ရှိစာရင်းကို ယူစေ အမိန့်ရှိ၍ ဥပိုက်အမတ်နှင့် သမန္တရာဇ်၊ တုရင်ရာဇာ၊ စွန္တရာဇ် အမတ်လေးယောက်ကို ခန့်၍ သွားလေသော် အိမ်ရှိတိုင်းက ရုံမှတ်ကြေး တစ်သန်းရှစ်သိန်းရကြောင်းကို ကြားတော်မူလျှင် အိမ်ရှိကိုသာ သိလို၍ ခန့်ထားသည်ကို ဆင်းရဲသူ၊ ဆင်းရဲသားတို့ကြေးကို ခံယူကောက်မည်လောဟူ၍ အမတ်လေးယောက်တို့ကို အပြစ်ပေး၍ ကြေးကိုတုံ့စေ အမိန့်တော်ရှိသည်ကို အမြို့မြို့ကျေးလက်သားတို့က သင့်ရာကောင်းမှုတော်ဖြစ်အောင် လှူတော်မူပါ။ ကျွန်တော်တို့ မယူပါပြီဆိုသောကြောင့် ဒဂုံဆံတော်ရှင်မှာ ဆွဲရအောင် ခေါင်းလောင်းကြီး သွန်းစေဟု ဗညားအိန်အမတ်ကြီးကို ခန့်၍ *:(စာမူအတိုင်း ရေးသားသည်။)[၂]
ခေါင်းလောင်း၏ ပုံသဏ္ဌာန်
ပြင်ဆင်ရန်ခေါင်းလောင်းကြီးမှာ စောက် (၁၂) တောင် အဝ (၈) တောင် ရှိသည်။ ခေါင်းလောင်းကြီး၏ အလယ်ဖောင်းရစ်တွင် နှစ်ကျိပ်ရှစ်ဆူပါသော ဖောင်းကြွဘုရား (၂၈) ဆူပါပြီး ၎င်း၏ အပေါ်ဘက်တွင် အတွဲတစ်တွဲလျှင် ကျောက်သံပတ္တမြား (၄၅) လုံး ပါရှိသော အတွဲ (၄၅) တွဲ၊ အတန်း (၂) တန်း ပါရှိသဖြင့် (၄၅လုံး x ၄၅တွဲ x ၂တန်း) စုစုပေါင်း ကျောက်သံပတ္တမြားပေါင်း ၄၀၅၀ လုံး ပါရှိသည်။ ယခုလက်ရှိ အခြေအနေတွင် ခေါင်းလောင်းကြီး၏ ကွင်းမှာ အနည်းငယ် ကွဲအက်လျက် ရှိပြီး ကျောက်သံပတ္တမြား ဒုတိယတွဲမှာ အနည်းငယ် ပြုတ်လျက် ရှိသည်။ [၃]
ဖယောင်းပုံစောက် ၁၂ တောင်၊ အဝ ၇ တောင် သွန်းမည်ရှိရာတွင် အခါပေးသူ ဇေယဗာဟု၊ ရာဇာဗာဟု၊ ပဲကူးသမုတ္တရာ နန္ဒစည်သူကျော်တို့ကို သင်္ဃရာဇာ ဆရာလေးပါး ပေး၍ တပေါင်းလ္ဆန်း ရှစ်ရက်၊ ကြာသပတေးနေ့၊ သိဟ်လက်တွင် မင်းလည်း ကိုယ်တော်နှင့် မိဖုရား ကိုယ်လုပ်တော်တို့အပြင် အမတ်ပြည်သူတို့ကို ပွဲသဘင်ကြီးစွာ ခင်းရာတွင် လောကဉာဏဆရာသည် မင်းကိုလျှောက်သည်ကား ခေါင်းလောင်းတော်သည် သွန်းပြီးလျှင် အပြစ်အဆာမရှိ ချောမောလိမ့်မည်။ ထိုအခါ အသံမရရှိလမည်၊ လျှောက်သည်ကို အထက်က သည့်ကဲ့သို့ဖြစ်မည်ကို မလျှောက်မထား ယခုမှ လျှောက်ဆိုသော်၊ ဆိုသည့်အတိုင်း မမှန်လျှင် အမျိုး ၇ဆက်တိုင် အပြစ်ပေးမည်။ ဆိုသည့်အတိုင်း မှန်လျှင် အမျိုး ၇ဆက် ကောင်းအောင် ပြုမည်ဟု အမိန့်တော်ရှိသည်နှင့် သွန်းပြီးသော် ထိုဆရာဆိုတိုင်း ရှိသည်နှင့် ခေါ်၍ မေးတော်မူသော် ဆရာတို့ပေးသည့် အခါသည် နက္ခတ် ၆ လုံး ဖြစ်သည်။ နက္ခတ် ၆ လုံးတို့သည် မိချောင်းနက္ခတ်၊ မိချောင်းတို့သည် လျှာမရှိဖြစ်၍ မမြည်နိုင် ရှိရသည်ဟု လျှောက်လေသည်။ မင်းလည်းကြားလျှင် အမှန်ပင် ဖြစ်ချေသည်ဟု ဆုကြီးလာဘ်ကြီးပေး၍ ရာဇပုဟောဟိတ် အမည်ကိုလည်း ပေးတော်မူသည်။ ခေါင်းလောင်းကိုလည်း ဒဂုံဆံတော်ရှင် ဘုရားမှာ ဆုတောင်းဆုယူပြု၍ ဆွဲထားပြီးလျှင် ဟံသာဝတီမြို့တော်သို့ ပြန်တော်မူသည်။ *:(စာမူအတိုင်း ရေးသားသည်။)[၂]
လှူဒါန်း
ပြင်ဆင်ရန်ဓမ္မစေတီမင်းသည် ထိုခေါင်းလောင်းကို သွန်းလောင်းပြီးသော အခါတွင် ရွှေလှေ ရွှေလှောင်း ရွှေဖောင်တို့ဖြင့် တင်ဆောင်လာပြီး မြန်မာသက္ကရာဇ် ၈၅၂ ခုနှစ် ကဆုန်လဆန်း ၃ ရက်နေ့တွင် ဒဂုံ (ယခု ရန်ကုန်) ရှိ ရွှေတိဂုံစေတီတော်သို့ မတင်လှူဒါန်းခဲ့ရာ ကဆုန်လဆန်း ၉ ရက်နေ့တွင် ပြီးစီး၍ ကဆုန်လဆန်း ၁၁ ရက်တွင် ရေစက်ချ လှူဒါန်းခဲ့သည်။ တစ်ပြိုင်တည်းမှာပင် ၅၀ဝ ပိဿာ ရှိ ခေါင်းလောင်း အသေး လည်း သွန်းလောင်း လှူတန်း ခဲ့သည် ဟုဆိုသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ရွှေတိဂုံဘုရား (စနေဒေါင့်) ကုန်းတော်ပေါ်တွင် ၁၂၃ နှစ်တိတိ တည်ရှိခဲ့သည်။
နိုင်ငံခြားသားများ ရောက်ရှိခြင်း
ပြင်ဆင်ရန်နောင် နှစ်တစ်ရာ ကြာပြီးနောက် ၁၅၈၂ ခုတွင် အီတလီ ကျောက်ကုန်သည် ဂစပါရို ဘယ်ဘီသည် ရွှေတိဂုံ ဘုရား သို့ရောက်ရှိခဲ့ပြီး ရွှေတိဂုံ ဘုရားကို အသေးစိတ် မှတ်တမ်းတင် ခဲ့သည်။ သူရေးခဲ့သည်မှာ "ကျွန်ုပ် တွေ့ခဲ့ရသည်မှာ အလွန်ခမ်းနားသော ခန်းမကြီးထဲတွင် အလွန့်အလွန် ကြီးမားသော ခေါင်းလောင်းကြီး ရှိပြီး အတိုင်းအတာ အားဖြင့် ခြောက်လှမ်း နှင့် သုံးဖန် ရှိပြီး အထက်မှ အောက်သို့ စာလုံးတစ်ခုနှင့် တစ်ခုပူးကပ်နေသောစာများ အပြည့်ရေးထားပြီး ဖက်ရမည်ပုံ မပေါ်ပေ။"
၁၅၃၀ ခုတွင် မွန် ဘုရင်များ၏ အာဏာစက် ကျဆင်းလာပြီး ၁၅၃၅ ခုတွင် အောက်ပြည်သည် အထက်ပြည်နှင့် ခြားနားသွားသည်။ တစ်ချိန်တည်းမှာ ဥရောပ ကုန်သည် နှင့် စွန့်စားရှာဖွေသူ များ အောက်မြန်မာပြည် သို့ ရောက်လာကြသည်။ ၁၅၉၀ ခုနှစ်များတွင် ပေါ်တူဂီ လူမျိုး စွန့်စားရှာဖွေသူ ဖီလစ် ဒီ ဘရုတ်တို ရ နီကုတ် အား စီရမ်(သန်လျင်)တွင် အောက်မြန်မာပြည် အုပ်ချူပ်သူများ က ကုန်သွယ်ရုံး ဖွင့်ခွင့် ပေးလိုက်သည်။ ၁၆၀ဝ ခုတွင် သူ၏ ဩဇာမှာ မြစ်ကြောင်း တစ်လျှောက် ဘေးပတ်ဝန်းကျင် အပါအဝင် ဒဂုံ အထိ ရောက်သည်။
ယူဆောင်ခြင်း
ပြင်ဆင်ရန်၁၆၀၈ ခု (မြန်မာသက္ကရာဇ် ၉၇၄ခု တန်ဆောင်မုန်းလပြည့်နေ့ တနင်္ဂနွေနေ့) နေ့လယ် ၁၂ နာရီတွင် တွင် ဒီဘရစ်တို သည် ရွှေတိဂုံ စေတီတော်မှ ဓမ္မစေတီ ခေါင်းလောင်းကြီးကို တောင်ပေါ်မှ လှိမ့်ချ၍ မြစ်တွင် ဆင်များဖြင့်ဆွဲကာ ပုဇွန်တောင် ရေလက်ကြားတွင် ဖေါင်ပေါ်သို့ တင်ခဲ့သည်။ ခေါင်းလောင်းကြီး နှင့် ဖောင်သည် သန်လျှင်မှစ၍ မြစ်ကြောင်းတစ်လျှောက် ခရီးနှင်ခဲ့သည်။ သို့သော် ရန်ကုန်မြို့နှင့် သန်လျှင်မြို့ ကြားပဲခူးမြစ် နှင့် ရန်ကုန်မြစ် ဆုံရာ မြစ်ဆုံ ခေါ် နေရာတွင် ဖောင်ပျက်ပြီး ခေါင်းလောင်းကြီး မှာ ရေအောက် သို့ ကျသွားခဲ့သည်။[ကိုးကားချက်လိုသည်] ဒီ ဘရစ်တို လည်း ရေအောက် ပါသွားခဲ့သည်။ ပေါ်တူဂီ တို့လည်း ၎င်းကိုခိုးယူခြင်းကြောင့် အထိနာသည်။ ပေါ်တူဂီ ဂတ်ရုံးအား ဒေါသထွက်သော ဗမာများက တိုက်ခိုက်ခဲ့ပြီး မှတ်တမ်းများအရ ပေါ်တူဂီ ခေါင်းဆောင်မှာ ဝါးရင်းတုတ်ဖြင့် တစ်ချက်ခြင်း ရိုက်၍ တဖြည်းဖြည်းခြင်း သေစေသည်ဟု ဆိုသည်။
ခေါင်းလောင်းကြီးနှင့်အတူ ဘုရင်မကြီး ရှင်စောပုမှ ကျိုက္ခမီရေလယ်ဘုရားသို့ လှူဒါန်းရန်အတွက် ဦးသာဆွေ ခေါင်းဆောင်သော အဖွဲ့မှ သွန်းလုပ်ထားသော ဉာဏ်တော် ၇ တောင် ရွှေသားစင်စစ် အလေးချိန် (၃) တန်ရှိသည့် ရပ်တော်မူ ဘုရားတစ်ဆူ၊ လုံအိုးကွဲသွားသောကြောင့် ဉာဏ်တော် ၇ တောင်တွင် တစ်မိုက်လျော့သော ရွှေသားအလေးချိန် (၃) တန်ရှိသည့် ရပ်တော်မူ ဘုရားတစ်ဆူ စုစုပေါင်း ရွှေ (၆)တန်နှင့် တန်ချိန် ၆၀ ခန့် ရှိသည့် အခြားခေါင်းလောင်း အသေးတစ်လုံးတို့လည်း အတူတကွ နစ်မြုပ်သွားခဲ့သည်ဟု ဆိုကြသည်။ နစ်မြုပ်နေသော နေရာမှာ ရေအနက် (၂၇)ပေ မြေကြီးအောက် (၂၅) ပေ စုစုပေါင်း (၅၂) ပေ တွင် ရှိသည်ဟု ဆိုသည်။ [၃]
ဆယ်ယူရန် ကြိုးပမ်းမှုများ
ပြင်ဆင်ရန်ရန်ကုန်ရှိ သမိုင်း အထောက်အထားများ အရ ၁၈၀ဝ ခုတွင် ခေါင်းလောင်းကြီးကျရာနေရာတွင် ဝဲကတော့ ထိုးသည်ဟု ပါသည်မှတပါး ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူမှု မရှိခြေ။ ယခုခေတ် လူကြီးများပင် ၎င်း ဝဲကတော့ ကို မျက်မြင် ကိုယ်တွေ့ရှိသည်ဟု ဆိုကြသည်။ မြစ်မှာ မနက်ပေ။ ပေ ၄၀ သာရှိပြီး ရေအောက်ရွှံညွှန်များမှာ နောက်ထက် ပေ ၄၀ လောက် ရှိမည်ဖြစ်ပြီး ၎င်းရွှံညွှန်များထဲတွင် ခေါင်းလောင်း ရှိပေမည်။
စဉ့်ကူးမင်းခေါင်းလောင်းတော်
ပြင်ဆင်ရန်စဉ့်ကူးမင်း ခေါင်းလောင်းတော် ခေါင်းလောင်း အသေးသည်လည်း ဗြိတိသျှ သိုက်သမား (British Prize Agent) များက ၁၈၂၄-ခုနှစ်တွင် ရွှေတိဂုံစေတီတော်မှ ယူဆောင်ရာ လှိုင်မြစ်တွင်း ကျနေရစ်ခဲ့သည်။ သို့သော် ဗြိတိသျှ တို့ စွန့်လွှတ်ခဲ့သော် ၎င်းခေါင်းလောင်းအား ရွာသားများက ဆယ်ယူခဲ့ပြီး စေတီတော်ထက်သို့ ပြန်ပို့ခဲ့သည်။
ဗြိတိသျှတို့၏ ကြိုးပမ်းမှု
ပြင်ဆင်ရန်ဗြိတိသျှတို့ ခေါင်းလောင်းကြီးအား ဆယ်ယူရန်အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ မြန်မာတို့က ခေါင်းလောင်းကြီးအား မူလ တည်ရှိရာ စေတီတော်သို့ ပြန်ပို့လျှင် ကူညီမည်ဟု ဆိုသဖြင့် ဗြိတိသျှတို့လည်း မစဉ်းစားပဲ ခေါင်းညိတ်ခဲ့သည်။ မြန်မာတို့တွင် ဉာဏ်နီဉာဏ်နက် ရှိသည်။ ရေငုတ်သမားများက ခေါင်းလောင်း၏ အောက်တွင် ဝါးလုံးခေါင်းများ တစ်လုံးခြင်းသယ်ယူထည့်ပြီးစုပေါင်းတွဲချည်ကာ ရေပေါ်ပေါ်စေသည်။ ၎င်းကြိုးစားချက်သည် ထိုအချိန်က မြန်မာတို့ အမျိုးသားရေးရစေခဲ့သည်။
မြန်မာအစိုးရ၏ ကြိုးပမ်းမှု
ပြင်ဆင်ရန်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးစီး၍ ရှာဖွေခွင့်လျှောက်ထားသူ ဦးကြိုင်၊ ဦးတင်ရွှေ၊ ဦးစိုးလွင်တို့ပါဝင်သော ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးအဖွဲ့က ၁၉၈၇-ခုနှစ်တွင်၎င်း၊ ၁၉၈၉-ခုနှစ် ဇူလိုင်လတွင်၎င်း၊ ဓမ္မစေတီခေါင်းလောင်း ရှာဖွေရန် ဒေါပုံမြစ်ဝ မြစ်သုံးဆိုင် ရေပြင်ကျယ်၌ ကွင်းဆင်းဆည်ယူမှုလုပ်ငန်း ဆောင်ရွက်ခဲ့သည်။ ခေတ်မီကိရိယာပစ္စည်းများ မပြည့်စုံ၍၎င်း၊ မြစ်ရေ၊ ဒီရေ အဟန့်အတားများကြောင့် ဩဂုတ်လတွင် ဆယ်ယူမှုလုပ်ငန်း ခေတ္တရပ်ဆိုင်းခဲ့သည်။
- (ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန် ၁၉၈၇ ခုနှစ်တွင် ဦးကျော်ဦးဆောင်သော အဖွဲ့မှ လည်းကောင်း၊ ၁၉၈၉ တွင် ဦးသိန်းထွန်းနှင့် အဖွဲ့ကလည်းကောင်း ကြိုးစားခဲ့သည်ဟု သိရသည်။)
၁၉၉၅-ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၉၇-ခုနှစ်၊ ဇွန်လအတွင်း အမေရိကန်လူမျိုး ရေငုပ်သမား ဂျင်ဘလန့် (Jim Blunt)က ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးကို ဆောင်ရွက်ခဲ့သည်။
- (သုံးလအတွင်း ခေါင်းလောင်းရှာဖွေရန် ၁၁၅ ကြိမ် ရေငုပ်ခဲ့ဖူးသည်။ ခေါင်းလောင်းကြီးကို လက်ဖြင့် ထိတွေ့ခဲ့ပြီး ခေါင်းလောင်းအနီးတွင် သင်္ဘောပျက်ရှိကြောင်း ၁၆ ဒီဂရီ ၄၆ ဒသမ ဝ၀ဝ မိနစ်မြောက်နှင့် ၉၆ ဒီဂရီ ၁၂ ဒသမ ၁၃၀ အရှေ့တွင် တည်ရှိသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။)
၁၉၉၆-ခုနှစ်၊ ဧပြီလတွင် နိုင်ငံခြား အဖွဲ့အစည်းက ကမ်းလှမ်းချက်ကို လက်ခံပြီး ခေါင်းလောင်းကြီးကို ရှာဖွေခွင့်ပြုခဲ့ရာ ခေါင်းလောင်းတည်နေရာကို ခိုင်ခိုင်မာမာ တင်ပြနိုင်ခဲ့သည်။ သို့သော် ခေါင်းလောင်းကြီး အပေါ်သို့ တင်ယူရေးအတွက် အခက်အခဲများ ရှိကြောင်း တင်ပြခဲ့သည်။
ဦးစံလင်း(ကော့သောင်း)မြို့ ဦးဆောင်သော အဖွဲ့က မြန်မာနည်း၊ မြန်မာ့ဟန် မြန်မာ့အဆင့်မြင့် နည်းပညာဖြင့်အကြိမ်ကြိမ် ဆယ်ယူရန် ကြိုးပမ်းခဲ့သည်။ ပထမအကြိမ်မှာ ၁၉၉၇ ခုနှစ် ဩဂုတ်လ ၁၀ ရက်မှ ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အထိ ၃၂ ရက်ကြာ ခဲ့သည်။ ရေငုပ်သမား အခက်အခဲကြောင့် ပထမအကြိမ် ဆယ်ယူခြင်းကို လက်လျှော့ခဲ့သည်။ ၁၉၉၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် သောင်တူးစက် (၁၅၀၂) ဖြင့် ရှာဖွေရန် ကြိုးပမ်းခဲ့ရာ ၁၉၉၈ ခုနှစ် ဩဂုတ် ၁၁ ရက် ညနေ ၃ နာရီခွဲ အချိန်တွင် ခေါင်းလောင်းကြီး ရှိသော နေရာကို တွေ့ရှိခဲ့သည်။ ၁၉၉၈ ခုနှစ် အောက်တိုဘာလတွင် သောင်တူးစက် (၁၀၀၀) ဖြင့် ဆယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း လုပ်အား မနိုင်သဖြင့် ရပ်တန့်ခဲ့သည်။ ထိုအဖွဲ့မှာ ယခုတိုင် ဆယ်ယူရန် ကြိုးပမ်းဆဲ ဖြစ်သည်။
- (အလားတူ ၁၉၉၇၊ ၉၈၊ ၉၉ ခုနှစ်များ ဦးစံလင်းမှလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီမှ လည်းကောင်း၊ ၁၉၉၈ တွင် ဒေါ်အေးသိန်းနှင့် အဖွဲ့မှလည်းကောင်း ခေါင်းလောင်းကို ရှာဖွေဆယ်ယူရန် ကြိုးပမ်းခဲ့သည်။)
မြန်မာ အစိုးရသည် အင်္ဂလိပ် ရေငုတ်၊ ဇီဝ၊ ရှေးဟောင်း နှင့် စွမ်းအင် ပညာရှင် မိုက် ဟက်ခြာ (Mike Hatcher) အား ခေါင်းလောင်းကြီးအား ဖော်ယူ၍ စေတီတော်သို့ ပြန်လည် ပို့ဆောင်ရန် အကူအညီ ရယူခဲ့သည်။ ဂျပန်၊ ဩစတြေးလျ နှင့် အမေရိကန် တို့ပါဝင်သော ၎င်း လုပ်ငန်းကို ဟက်ခြာ က သဘောတူခဲ့သည်။ ဗုဒ္ဓသာသနာ ထွန်းကားရေး အကျိုးဆောင် ရစ်ချတ် ဂရီ က အားတက်သရော ပါဝင်၍ ရန်ပုံငွေရှာခဲ့သည်။ ၎င်းလုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ အဆင့်ထိ စိတ်ဝင်စားစေသည်မှာ သံသယ ရှိစရာ မလိုပါ။ ဂျာမန် ရုပ်ရှင် ကုမ္ပဏီ တစ်ခုကလည်း ၎င်း စွန့်စားခန်းကို ရုပ်ရှင်ရိုက်ကူးမည် ဖြစ်ပြီး "ဒီတူးဖော်ရေးသာ အောင်မြင်ခဲ့လျှင် ဗုဒ္ဓဘာသာ နဲ့ပတ်သက်လို့ ဒါဟာ ခရစ်ယာန်မှာ လိုတရ ခွက် (Holy Grail) ရသလိုပါပဲ" ဟု ဆိုခဲ့သည်။
ဘာသာရေး ကိုင်းရှိုင်းသော မြန်မာ တို့ကမူ ဗုဒ္ဓ၏ မြင့်မြတ်သော် အမွေကို ပြန်လည်ထိမ်းသိမ်းခြင်းဖြင့် မြန်မာ နိုင်ငံ၏ ကံ ပြန်လည်ကောင်းမွန် လာလိမ့်မည်ဟု ယုံကြည်ကြသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်းသည် မြင့်မြတ်သောမင်း နှင့် သူ၏ ပြည်သူပြည်သားများ၏ ဆုံးရှုံးနေသော အမွေကို ပြန်လည် ရရှိကြမှာ သေချာပါသည်။ ထို့အပြင် ၎င်းခေါင်းလောင်းတွင် ရေးထိုးထားသော စာများက သမိုင်း နှင့် ဘာသာစကား ပညာရှင် တို့အတွက် အဖိုးမဖြတ်နိုင်သော အထောက်အထားပင် ဖြစ်ပေမည်။
မိုက် ဟက်ခြာ နှင့် ၎င်း၏ အဖွဲ့ များက ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်း လုပ်ငန်းကို ၂၀ဝ၁ တွင် စရန် ရည်ရွယ် ခဲ့ပြီး ခေါင်းလောင်းကြီး၏ နေရာကို အတိအကျ စရှာရန် သတ်မှတ်ခဲ့သည်။ ဘီဘီစီ၏ သတင်းကြေညာချက်ကြောင့် လူအများ ၎င်းဆယ်ယူခြင်း လုပ်ငန်းကို စိတ်ဝင်စားခဲ့သော်လည်း မဖြစ်မြောက်ခဲ့ပေ။ ထင်ဆချက်အရ ၂၀ဝ၀ ဇူလိုင်လ တွင် ၎င်းအဖွဲ့သည် အင်ဒိုနီးရှား ဆယ်ယူရေး ပြဿနာ ကြောင့် ကြံ့ကြာခဲ့ခြင်း ဖြစ်ဟန်တူသည်။
ထိုဆယ်ယူခြင်း လုပ်ငန်းသာ စခဲ့လျှင် ရေငုတ်သမားများသည် ညကြည့်မှန် တက်ထားသော ခေါင်းစွက်များဖြင့် အတူ copper sulfate ရှာဖွေရေး ကိရိယာများဖြင့် ခေါင်းလောင်းကို ရှာမည်ဖြစ်သည်။[၄]
- (၂၀၁၀ ပြည့်နှစ်တွင် ဩစတြေးလျနိုင်ငံ မှတ်တမ်းသတင်းရိုက်ကူးသူနှင့် စူးစမ်းရှာဖွေသူ မစ္စတာ ဒါမီယန်လေးနှင့်အဖွဲ့ အသံလှိုင်း ပြန်ကိရိယာဖြင့် မြစ်ကြောင်းတစ်လျှောက် စကန်လုပ်ကြည့်သည့်အခါ ခေါင်းလောင်းပုံ နှင့်အလွန်တူသော ပုံရိပ်တစ်ခုကို ဖမ်းရသည့်တိုင် ခေါင်းလောင်း ဟုတ်မဟုတ်
ကို မပြောနိုင်သေးကြောင်း ဆက်လက်ရှာဖွေရန် လိုအပ်ကြောင်းသာ ပြောကြားခဲ့သည်။)
ဂြိုဟ်တုမှ တွေ့ရှိ
ပြင်ဆင်ရန်၂၀၁၂-ခု၊ မတ်လ(၁၆)ရက်တွင် ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့ ဆုံရာအလယ်တွင် နှစ်ပေါင်း ၄၀၀ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်းကို အမေရိကန်နိုင်ငံမှ လွှတ်တင်ထားသော နာဆာ Land Sat 7 ဂြိုဟ်တုဖြင့် ခေါင်းလောင်းပုံရိပ်ကို အတိအကျ တွေ့ရှိခဲ့ပြီ ဖြစ်သည်။ “လွန်ခဲ့တဲ့ ငါးရက်လောက်က ကြည့်ဖြစ်ခဲ့တာ ဘယ်နေရာမှာ ခေါင်းလောင်း ရှိတယ်၊ ဘယ်နေရာမှာ သင်္ဘောပျက် ရှိတယ် ဆိုတာတွေကို အတိအကျ မြင်နေရပါတယ်။ ဓမ္မစေတီခေါင်းလောင်းကို ရေထဲကနေ ပြန်လည်ဆည်ယူဖို့ ခန့်မှန်းခြေ ဒေါ်လာငါးသိန်း ဝန်းကျင်လောက် လိုတယ်။ အခုလက်ရှိတော့ အဲဒီဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ယူဖို့ နိုင်ငံတော်အနေနဲ့ ဘယ်သူ့ကိုမှ လုပ်ပိုင်ခွင့် မပေးသေးဘူး” ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒ အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းက ပြောသည်။
ပြီးခဲ့သည့် နှစ်များအတွင်းက ဩစတြေးလျနိုင်ငံမှ ပညာရှင်များက Sonar System နှစ်မျိုး ဖြစ်သည့် Lowlarce HDS 7 Structure Scan Star Fish Side Scan စနစ်တို့ကို အသုံးပြုပြီး လာရောက်စမ်းသပ် ဖော်ထုတ်ခဲ့ကြရာ ခေါင်းလောင်း ရှိမည့် နေရာနှစ်နေရာကို စမ်းသပ်ဖော်ထုတ်ခဲ့ကြသော်လည်း နေရာ အတိအကျကိုမူ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိကြောင်း ယင်းက ထပ်မံပြောသည်။ ဩစတြေးလျနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုက ခေတ်မီ ပစ္စည်းကိရိယာများ အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ခေါင်းလောင်းတော်ကြီး၏ ပုံရိပ်ဟု ယူဆရသော နေရာနှစ်နေရာကို ဖမ်းယူရရှိခဲ့ကြောင်း၊ သို့သော် သေချာစွာ အတည်ပြု ပေးနိုင်ရေးအတွက် ရေငုပ်စမ်းသပ် အတည်ပြုရန် လိုအပ်ကြောင်း သိရသည်။
“ဩစတြေးလျ ပညာရှင်တွေက ဓမ္မစေတီခေါင်းလောင်း ရှိမယ့်နေရာကို အသံလှိုင်းနဲ့ စမ်းသပ်ခဲ့ကြတာ။ ကျွန်တော်က မြစ်အတွင်းမှာ ရှိတဲ့ သံဓာတ် အနည်းအများ ပမာဏကို Land Sat 7 နာဆာဂြိုဟ်တုနဲ့ ကြည့်ရှုစမ်းသပ်ပြီး ခေါင်းလောင်းကို ဖော်ထုတ် တွေ့ရှိခဲ့တာပါ” ဟု ဦးစိုးသိန်းက ပြောသည်။ ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်တွင် လူအများ အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဖူးမြော်စေချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ Land Sat 7 နာဆာဂြိုဟ်တုဖြင့် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်ဟု ယင်းက ထပ်မံ ပြောသည်။ “ဓမ္မစေတီ ခေါင်းလောင်းကြီး အကြောင်းကို လူကြီးသူမတွေ ပြောတာပဲ ကြားဖူးတယ်။ တစ်ခါမှ မမြင်ဖူးဘူး။ အခုလို ဂြိုဟ်တုနဲ့ ခေါင်းလောင်းပုံရိပ်ကို အတိအကျ မြင်ရပြီဆိုတော့ ဘယ်အချိန် ကုန်းပေါ်ကို ပြန်ရောက်မလဲဆိုတာ စိတ်ဝင်စားမိတယ်” ဟု အဆိုပါ ခေါင်းလောင်းအကြောင်းကို စိတ်ဝင်စားသည့် ပုဇွန်တောင်မြို့နယ်နေသူ တစ်ဦးက ပြောသည်။ [၅]
လွှတ်တော် တင်ပြခြင်း
ပြင်ဆင်ရန်၂၀၁၂ ခုနှစ် ကျင်းပခဲ့သော ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထွန်းအံ့က ရှေးခေတ်မွန်လူမျိုးတို့၏ လက်ရာတစ်ခုဖြစ်သော ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့သည်။
ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန်အတွက် စင်ကာပူနိုင်ငံ အက်စီမက်စ် အင်တာနေရှင်နယ်မှ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် အကုန်အကျခံ၍ သင်္ဘောများ ငှားရမ်းရှာဖွေရန် ကမ်းလှမ်းထားကြောင်းနှင့် နည်းပညာ၊ အတတ်ပညာ၊ ပညာရှင်အား၊ ငွေအင်အား လိုအပ်သော ပစ္စည်းကိရိယာများ ပြည့်စုံမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ရာ အဆိုပါ ကုမ္ပဏီများနှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက် ရန်ရှိကြောင်း ဖြေကြားခဲ့သည်။
အလားတူပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမအစည်းအဝေးတွင်လည်း ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူရန် အကြောင်းနှင့် ပတ်သက်၍ ထပ်မံမေးမြန်းခဲ့ရာ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ခေါင်းလောင်းဆယ်ယူရန် ကမ်းလှမ်းသည့် ကုမ္ပဏီ အနေဖြင့်လည်း ငွေကြေး၊ အတတ်ပညာပြည့်စုံပြီး အဆင်သင့်ဖြစ်သော ကုမ္ပဏီ မဖြစ်သည့်အပြင် ပွဲစားသဘောမျိုးသာ ကမ်းလှမ်းသည့်အတွက် ပျက်ပြယ်သွားခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆယ်ယူရန် ကျိုက်ထီးဆောင်းဆရာတော်နှင့် စင်ကာပူမှ ကုမ္ပဏီတို့က ကြိုးပမ်းကြသည်။ [၆]
စတင်ဆယ်ယူ
ပြင်ဆင်ရန်၂၀၁၄-ခုနှစ်၊ ဩဂုတ်လ(၁၁) ရက်တွင် ဓမ္မစေတီခေါင်းလောင်းကြီးအား ဦးစံလင်း(ကော့သောင်း)မြို့ ဦးဆောင်သော အဖွဲ့က စတင်ဆယ်ယူသည်။
ကျမ်းကိုး
ပြင်ဆင်ရန်- ↑ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး၏ ရာဇဝင် အကျဉ်း(ဦးစံလင်း)
- ↑ ၂.၀ ၂.၁ မွန်ရာဇဝင် (စစ်ကိုင်း မင်းကွန်းပိဋကတ်တိုက်ရှိ ၁၈ရာစု (၁၇၈၄)ရေး ပေမူ
- ↑ ၃.၀ ၃.၁ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး၏ ရာဇဝင် အကျဉ်း (ဦးစံလင်း)
- ↑ လျှပ်တပြက်ဂျာနယ် ၂၀၁၀-ခုနှစ်၊ မတ်လ(၅)ရက်နေ့ထုတ်
- ↑ Flower News Journal၂၀၁၂-ခု၊ မတ်လ(၁၆)ရက်
- ↑ oppositeyes.info - This website is for sale! - oppositeyes Resources and Information။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2014 တွင် ပြန်စစ်ပြီး။
ပြင်ပအင်တာနက်စာမျက်နှာအညွှန်း
ပြင်ဆင်ရန်ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခေါင်းလောင်းကြီး ၃ လုံး [၁]