နန်းတော်ရှေ့ ဆရာတင်
နန်းတော်ရှေ့ဆရာတင်(၁၈၉၄-၁၉၄၉) သည် မြန်မာ့ဂီတလောကတွင် ထင်ရှားကျော်ကြားလှသော ဂီတစာဆိုကြီးတစ်ဦး ဖြစ်သည်။ ဆရာတင်ရေးသားခဲ့သော သီချင်းများမှာ ယနေ့တိုင် ကျော်ကြားနေဆဲဖြစ်သည်။
နန်းတော်ရှေ့ဆရာတင် | |
---|---|
မွေးဖွား | မောင်မောင်တင် ၁၈၉၄ ခုနှစ် မြန်မာသက္ကရာဇ် ၁၂၅၆ခုနှစ် မန္တလေးမြို့[၁] |
ကွယ်လွန် | ၁၉၄၉ ခုနှစ်၊ မတ်လ ၁၂ ရက် မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ တပေါင်း လဆန်း ၁၄ ရက် မန္တလေးမြို့ |
အလုပ်အကိုင် |
|
ကျော်ကြားမှုအရင်းခံ | တေးရေးဆရာ |
အိမ်ထောင်ဖက်(များ) | (၄)ယောက်/(၆)ယောက် |
သားသမီး | ရွှေမန်းညွန့်လှိုင်၊ ရွှေနန်းတင်အပါအဝင်(၁၃)ယောက် |
မိဘ(များ) | ဦးမှန် + ဒေါ်မမ |
ငယ်စဉ်ဘဝ
ပြင်ဆင်ရန်မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ်၊ ၁၈၉၄-ခုနှစ်တွင် မန္တလေးမြို့ နန်းတော်ရှေ့ရပ်နေ မြို့စားရေးမင်း ဦးမှန်နှင့် ဒေါ်မမတို့က မန္တလေးမြို့ အရှေ့ပြင်၊ စကျင်ဝအရပ်၌ မွေးသည်။[၂][၃]ငယ်အမည်မှာ မောင်မောင်တင် ဖြစ်သည်။ ဝန်စာရေးဦးကြီးမှာ ဆရာတင်၏ ဦးလေး(အဖမျိုးရိုး)ဖြစ်သည်။ (လူထုဒေါ်အမာ ရေးသားသည့် ပြည်သူချစ်သော အနုပညာသည်များစာအုပ်တွင် မန္တလေးမြို့ အရှေ့ပြင်၊ စကျင်ဝအရပ်၌မွေးသည်ဟု ပါရှိသည်။ နောက်ပိုင်း၌ ဦးသော်ဇင်ရေးသည့် နန်းတော်ရှေ့ဆရာတင် စာအုပ်တွင် ကြည့်မြင့်တိုင် ထီးတန်းရပ်တွင် မွေးသည်ဟု ဆိုသည်။) ၆ နှစ်သားအရွယ်တွင် တောင်ဒွာလောင်းရပ်ရှိ ဦးစံအေးနေအိမ် မူလတန်းကျောင်းတွင် ၄ တန်းအထိ ပညာသင်ကြားခဲ့သည်။ ထို့နောက် ဝက်စလီယံ ယောက်ျားလေးကျောင်းသို့ ပြောင်းရွှေ့ပြီး ခုနစ်တန်းအထိ ပညာသင်ကြားခဲ့သည်။
ဂီတစာဆို
ပြင်ဆင်ရန်ကွန်ပေါင်ဒါ(ခေါ်) ဆေးစပ်သူ၊ ပတ္တလားဆရာ၊ အငြိမ့်တီးဝိုင်းအဖွဲ ခေါင်းဆောင်၊ အငြိမ့်သီချင်းရေးဆရာ၊ ဓာတ်ပြားသီချင်းရေးဆရာ၊ အငြိမ့်ထောင်ဆရာ၊ စန္ဒရားဆရာ၊ အဆိုတော်၊ ဇာတ်ထောင်ဆရာ၊ ဇာတ်မင်းသားကြီး၊ ရုပ်စုံသဘင် သီချင်းရေးဆရာ၊ ရုပ်သေးမင်းသမီး၊ ရာဇဝတ်အုပ်၊ အသံတိတ်ရုပ်ရှင် သီချင်းရေးဆရာ စသည့် အလုပ်အကိုင်များ လုပ်ကိုင်ခဲ့သည်။ ဆရာတင်သည် အသက် (၂၀) မတိုင်ခင်ကပင် သီချင်းများစရေးခဲ့သည်။ ဂီတတွင် အထူးစိတ်ဝင်စားခဲ့ပြီး၊ အသက် ၂၂ နှစ်အရွယ်တွင် မယ်အေးလေးက ပို့တဲ့မေတ္တာသီချင်းကို ပထမဆုံးရေးသား၍ ယုဇနအေးစိန်အငြိမ့်က မအေးစိန်ကို ပူဆာ၍ဆိုခိုင်းခဲ့သည်။ နန်းတော်ရှေ့ ချစ်တီးဘုရားကျောင်းအနီး နေထိုင်သူဖြစ်၍ နန်းတော်ရှေ့ဆရာတင်ဟု မအေးစိန်က အမည်ပေးခဲ့သည်။ ထိုမှ ယုဇနအငြိမ့်၌ ပတ္တလားဆရာအဖြစ် ခြေစုံပစ်ဝင်ခဲ့သည်။
၁၉၄ဝ ခန့်တွင် ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး၊ ၁၉၄၇ တွင် မန္တလေးသို့ ပြန်လည်အခြေချ နေထိုင်ခဲ့သည်။ နန်းတော်ရှေ့ဆရာတင်သည် သီချင်းပေါင်း ၃၀ဝ ခန့် ရေးသားခဲ့ပြီး အောင်ပင်လယ်၊ တောင်သမန်၊ ရွှေပြည်စိုး၊ မြနန္ဒာ၊ လက်ရေတစ်ပြင်တည်း၊ ရွှေမင်းဂံ၊ မြန်မာ့ဂုဏ်ရည်၊ ရွှေမိုးညို၊ ရွှေဘိုသနပ်ခါး၊ ဆင်ကြီးဂဠုန်ချီ၊ ကျွဲမကြည်အောင်၊ အလှူ့ရှင်၊ ရွှေဘိုသနပ်ခါး စသည့် သီချင်းများမှာ အထူးထင်ရှား ကျော်ကြားခဲ့သည်။ ဆရာတင်သည် 'တောင်သမန်' 'သူဌေးဝါဒ' စသည့် သီချင်းများကိုလည်း ကိုယ်တိုင်သီဆို ဓာတ်ပြားသွင်းခဲ့သည်။
'အာယားမ' သီချင်းကို တေးသံရှင်မာမာအေးက နန်းတော်ရှေ့ဆရာတင်ရေးသည်ဟု မှားယွင်းခဲ့သဖြင့် နှောင်းလူများ အမှတ်မှားနေကြသည်။ အမှန်မှာ နန်းတော်ရှေ့ဆရာတင် ရေးခြင်းမဟုတ်ဘဲ မြန်မာညွန့်ဆရာတင် ရေးသားခဲ့ခြင်းသာ ဖြစ်သည်။ မူရင်းသီဆိုသူမှာ ဥဩမယ်တင် ဖြစ်သည်။ ထိုအမှားအကြောင်းကို ဥဩမယ်တင်ပြီးလျှင် ဒုတိယမြောက်သီဆိုသည့် မန်းပန်တျာ နီနီဝင်းက (၂၀၂၃)ခုနှစ်၌ပြောခဲ့သည်။
ဘဝနိဂုံး
ပြင်ဆင်ရန်၁၉၄၉ ခု၊ မတ်လ ၁၂ ရက် မန္တလေးမြို့ကို ကရင်များအသိမ်းတွင် နန်းရှေ့ ခင်မကန်ကျောင်းတိုက် ဆရာတော် ဦးသုမနကျောင်းတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဆရာတင်သည် ဇနီး(၄)ယောက် (ဦးသော်ဇင် စာအုပ်တွင် ၆ယောက်)နှင့် သားသမီး(၁၃)ယောက် ရှိခဲ့သည်။ ဇာတ်သဘင်လောက၌ ရွှေမန်းညွန့်လှိုင်နှင့် ရွှေနန်းတင်တို့ နှစ်ဦးမှာ နန်းတော်ရှေ့ ၏ သားသမီးများဖြစ်ကြသည်။ ဆရာတင်မှာ ဒေါ်သင်၊ ဒေါ်တင်(မင်းသမီး ပေါ်လင်တင်)၊ ဒေါ်သိန်းမြနှင့် တံခွန်တိုင်သူ ဒေါ်မြသောင်းခင် ဟူ၍ ဇနီး ၄ ဦး ရှိခဲ့ပြီး၊ ဇာတ်မင်းသား ရွှေနန်းတင်မှာ ဆရာတင်နှင့် ဒေါ်တင် (မင်းသမီး ပေါ်လင်တင်) တို့က ဖွားမြင်သည့် သားဖြစ်သည်။
ရေးသားခဲ့သော သီချင်းများ
ပြင်ဆင်ရန်- ကမ္ဘောဇ (သီချင်း)
- ကတ္တီပါဖိနပ် (သီချင်း)
- ကိုဩဇာ (သီချင်း)
- ကြားဖူးကြရဲ့လား (သီချင်း)
- ကြင်စဦး (သီချင်း)
- ကျေးရွာဝါဒ (သီချင်း)
- ကျောက်စိမ်းတွင်း (သီချင်း)
- ကျွဲမ (သီချင်း)
- ချစ်ပါရမီ (သီချင်း)
- ချိုးနှစ်ကောင် (သီချင်း)
- စစ်ကိုင်းတံတား (သီချင်း)
- စိမ်းမြရံချယ် အောင်ပင်လယ် (သီချင်း)
- စည်တော်ကြီး (သီချင်း)
- စွယ်တော်ခိုးခန်း (သီချင်း)
- ဆင်းရဲသားဝါဒ (သီချင်း)
- ဆင်ကြီးဂဠုန်ချီ (သီချင်း)
- တို့ရွှေနန်း (သီချင်း)
- တူမပေးဒေါ်မြိုင်သခင် (သီချင်း)
- တောင်ပြုံး (သီချင်း)
- တောင်တော်သခင်မ (သီချင်း)
- တောင်သူပျို (သီချင်း)
- ဓမ္မစကြာ (သီချင်း)
- နောဧကနော (သီချင်း)
- ပဉ္စသိင်္ခ (သီချင်း)
- ပုဏ္ဏမီမြမေတ္တာရှင် (သီချင်း)
- ပြန်ပေါင်းထုပ် (သီချင်း)
- ပိတောက်ရွှေဝါ (သီချင်း)
- မိုးပစ္စုန် (သီချင်း)
- မြန်မာ့ဓလေ့ (သီချင်း)
- မေမြို့ကချစ်သူ (သီချင်း)
- မော်တော်ကား (သီချင်း)
- မန်းသဘင်မြရင် (သီချင်း)
- မြနန္ဒာ (သီချင်း)
- မြန်မာနရီမှူး (သီချင်း)
- မြိုင် (သီချင်း)
- ယောက်ျားဆုပန် (သီချင်း)
- ယမုန်နာ (သီချင်း)
- ရိုးရိုးလေဘာတီ (သီချင်း)
- ရွှေဘိုသနပ်ခါး (သီချင်း) (နောင်တွင် ကိုအံ့ကြီးက ရန်ကုန်သူအမည်ဖြင့်ဆို)
- ရှစ်ဌာနသာလာယံ (သီချင်း)
- ရွှေလမ်းငွေလမ်း (သီချင်း)
- ရွှေကျီးညို (သီချင်း)
- ရွှေမိုးညို (သီချင်း)
- ရွှေမင်းဂံ (သီချင်း)
- ရွှေပြည်စိုး (သီချင်း)
- လက်ရည်တပြင်တည်း (သီချင်း)
- လှောင် (သီချင်း)
- ဝိသာခါ (သီချင်း)
- သုံးရွှေ့လည် (သီချင်း)
- သူဌေးဝါဒ (သီချင်း)
- သိန်းထီဆုကြီး (သီချင်း)
- သော့တွဲ (သီချင်း)
- ဧရာဝတီ (သီချင်း)
- အရမ်းဆုံးဝါဒ (သီချင်း)
- အလှူ့ရှင် (သီချင်း)
- ဦးကလိန် (သီချင်း)
- ရာသီတော်ဦး (သီချင်း)
- အောင်ပင်လယ် (သီချင်း)[၄]
ကိုးကား
ပြင်ဆင်ရန်- ↑ ပြည်သူချစ်သောအနုပညာသည်များ - လူထုဒေါ်အမာ
- ↑ [၁][လင့်ခ်သေ](စာမျက်နှာ-၄)
- ↑ မြန်မာ့ စွယ်စုံကျမ်း အတွဲ (၅)၊ နှာ ရ၄ တွင် မသ ၁၂၅၆
- ↑ နေထွတ်၏ 'မန္တလေးအဘိဓာန်' စာအုပ်
- နန်းတော်ရှေ့ ဆရာတင် (ဦးသော်ဇင်)
- ပြည်သူချစ်သော အနုပညာ ရှင်များ (လူထုဒေါ်အမာ)
- ဇာတိမာန်တေး(မုံရွာ ဝင်းဖေ)
- နန်းတော်ရှေ့ ဆရာတင်နှစ်တစ်ရာပြည့်( စစ်ကိုင်းလှရွှေ)ငွေတာရီ ၉/၉၄