နိယတမိစ္ဆာဒိဋ္ဌိ
[၁](သေလွန်သည်၏အခြားမဲ့၌ ငရဲတွင် အကျိုးပေးခြင်း) မြဲသော အယူမှားအမြင်မှား၊ "မိစ္ဆာဒိဋ္ဌိ"အယူ။ (နတ္ထိကဝါဒ၊ အကိရိယဝါဒ၊ အဟေတုကဝါဒ ဟူသော ၃-ပါးသည် "နိယတမိစ္ဆာဒိဋ္ဌိ"မည်၏။ [၂] [၃] [၄]
ယင်း၃-ပါးသည် နိယတမိစ္ဆာဒိဋ္ဌိ (စုတိ၏ အခြားမဲ့၌ အပါယ်ပဋိသန္ဓေကို ပေးခြင်းအားဖြင့်) မြဲသောမိစ္ဆာအယူ မည်၏။ [၅]
ယင်းအယူကို ဤကမ္ဘာတွင် ဥက္ကလာဇနပုဒ်နေ "ဝဿ"နှင့် "ဘည" အမည်ရှိသူတို့က ဦးစွာအစ ပဌမဆုံး စ၍ထွင်ကာဖြစ်စေကြ၏။ [၆]
ယင်း၃-ပါးသည် "ယုတ်မာသည်" ဟုဆိုအပ်သော မိစ္ဆာအယူအားလုံးထက် သာလွန်၍ ယုတ်မာ၏။ [၇]။
ကမ္မပထမြောက်သောကြောင့် နတ်ပြည်၊ မဂ်ကို တားမြစ်ပိတ်ပင်တတ်၏။ သဂ္ဂန္တရာယ်, မဂ္ဂန္တရာယ် ဖြစ်၏။ [၈]။ ယင်းအယူ၏ ကိလေသန္တရာယ် ဖြစ်ပုံကိုကား [၉]-တွင်ကြည့်။
နိယတမိစ္ဆာဒိဋ္ဌိ (၃)မျိုး
ပြင်ဆင်ရန်ယင်းတွင် အကိရိယဒိဋ္ဌိသည် အကြောင်းကံကို တားမြစ်၏။ နတ္ထိကဒိဋ္ဌိသည် အကျိုးဝိပါက်ကို တားမြစ်၏။ အဟေတုကဒိဋ္ဌိသည် ၂-မျိုးလုံးကို တားမြစ်၏။ သို့ဖြစ်၍ အကြောင်းကံကို တားမြစ်သောသူသည် အကြောင်းမရှိခဲ့သော် အကျိုးလည်း မရှိနိုင်သောကြောင့် အကျိုးဝိပါက်ကိုပါ တားမြစ်ရာရောက်၏။
အကျိုးဝိပါက်ကို တားမြစ်သော သူသည်လည်း အကျိုးမရှိခဲ့လျှင် အကြောင်းကံ၏ အကျိုးပေးနိုင်သောသတ္တိ မရှိသောကြောင့် အကြောင်းကံကိုပါ တားမြစ်ရာရောက်၏၊ တားမြစ်သည်မည်၏။
ထို့အတွက် လိုရင်းအချုပ် သရုပ်သဘောအားဖြင့် ၂-မျိုးလုံးကို တားမြစ်ရာရောက်၍ ယင်းနိယတမိစ္ဆာ အယူရှိသူသည် အဟေတုက၊ အကိရိယ၊ နတ္ထိက အယူရှိသူချည်းသာ ဖြစ်၏။
ယင်းအယူရှိသူမှာ စိတ်၏ ဧကဂ္ဂတာကျရာ ဇောဝါရဝီထိတို့ အကြိမ်များစွာ ဖြစ်ပြီးနောက် မိစ္ဆတ္တနိယတသို့ ရောက်မည့်ဇော ၇-ကြိမ် စောကုန်၏။ ထိုတွင် ဓမ္မသဘောအားဖြင့် ပဌမဇောမှစ၍ ဆဋ္ဌဇောတိုင်အောင် မိစ္ဆာအယူမှ ကင်းလွတ်စေရန် ကုစားနိုင်သေး၏။ သတ္တမဇော၌ကား မိစ္ဆတ္တနိယတသို့ ရောက်လေသောကြောင့် ဘုရားရှင်တို့ပင်ဖြစ်လင့်ကစား ထိုသူ့ကို ယင်းအယူမှ ကင်းလွတ်အောင် မကုစားနိုင်တော့ပေ။ ထိုသူကလည်း အရိဋ္ဌရဟန်း၊ ကဏ္ဋကသာမဏ[၁၀]တို့သည် ဘုရားရှင်ကို စွပ်စွဲရာရောက်သော အယူမှ နောက်မဆုတ်ကြသကဲ့သို့ နောက်မဆုတ်တော့ပေ။ ယင်းအယူ၏ အကျိုးပေးမှုအပိုင်းအခြားကား မရှိ။ ကမ္ဘာပျက်ခဲ့သော် ဗြဟ္မာ့ပြည်၌ မဖြစ်ရဘဲ လောကန္တရိက်ငရဲခေါ်သော ပိဋ္ဌိစကြဝဠာ၌သာ ကျက်ရ၏ [၁၁]။
ယင်းအယူ ၃-မျိုးတွင် ၁-မျိုးကို ယူသည်ဖြစ်စေ၊ ၂-မျိုးကို ယူသည်ဖြစ်စေ၊ ၃-မျိုးလုံးကို ယူသည်ဖြစ်စေ "နိယတမိစ္ဆာဒိဋ္ဌိက" (မြဲသော မိစ္ဆာအယူရှိသူ) မည်သည်ချည်းသာ ဖြစ်၏။ သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ်သို့ ရောက်လေတော့၏။ ယင်း-အယူရှိရာ အတ္တဘော၏ အခြားမဲ့၌ နတ်ပြည်သို့ပင် မရောက်ထိုက်တော့ပေ။ နိဗ္ဗာန်သို့ ရောက်ဖို့ရန်မှာကား ဆိုဖွယ်ရာမရှိ၊ အဝေးကြီး ဝေးကွာလှတော့သည်။ ယင်းသတ္တဝါသည် ဝဋ္ဋခါဏုက(ဝဋ်၏ သစ်ငုတ်သဖွယ်ဖြစ်သည်) မည်၏။ ပထဝီဂေါပက(မြေစောင့်) မည်လေတော့၏။ ဤကဲ့သို့ သော သတ္တဝါမျိုးမှာ ယေဘုယျအားဖြင့် ဘဝမှ ထမြောက်လွတ်ကင်းခြင်း မရှိနိုင်တော့ပြီ။
ယင်းအယူရှိသူသည် "တစ်ခုသော အတ္တဘော၌သာ မြဲသလော၊ သို့မဟုတ် "တစ်ပါးသော အတ္တဘော၌လည်း မြဲသလော" ဟု မေး လာခဲ့သော် "တစ်ခုသောအတ္တဘော၌သာ မြဲ၏" ဟု ဖြေရမည်။ ထို့သို့ မြဲသည်ဆိုသော်လည်း အာသေဝန(မှီဝဲခြင်း)၏ အစွမ်းအားဖြင့် ဘဝတစ်ပါး၌လည်း ထိုထို နိယတမိစ္ဆာအယူကို နှစ်သက်တတ်သေး၏။ ထို့ကြောင့် ကောင်းကျိုးအမျိုးမျိုး တိုးပွါးခြင်းကိုလိုလားသော ပညာရှိအမျိုးသားသည် လျင်စွာအဆိပ်ရောက်တတ်သော မြွေပွေး၊ မြွေဟောက်ကို ဝေးဝေးကြီးက ရှောင်ရှားရာသကဲ့သို့ သူယုတ်မာ၊ လူမိုက်ကို ဝေးဝေးကြီးက ရှောင်ရှားရာ၏။ [၁၂] [၁၃]
ကိုးကား
ပြင်ဆင်ရန်- ↑ နိယတမိစ္ဆာဒိဋ္ဌိ (ထီ) [နိယတ + မိစ္ဆာဒိဋ္ဌိ။ (နိယတမိတျာဒူဋိ–သံ)]
- ↑ ဒီ၊ဋ္ဌ၊၁၊၁၄၄
- ↑ မနောကမ္မံ မဟာသာဝဇ္ဇံ ဝဒမာနော နိယတမိစ္ဆာဒိဋ္ဌိံ သန္ဓာယ ဝဒတိ။ မ၊ဋ္ဌ၊၃၊၃၈။ “ယေပိ တေ ဩက္ကလာဝယဘိညာ နတ္ထိကဝါဒါ, အကိရိယဝါဒါ, အဟေတုကဝါဒါ”တိ ဝစနတော တိသောပိ နိယတမိစ္ဆာဒိဋ္ဌိယော ဧကဿ ဥပ္ပဇ္ဇန္တိ။ အဘိ၊ဋ္ဌ၊၃၊၂၇၀။ နိယတမိစ္ဆာဒိဋ္ဌိ (ပ၊ ဧ)–မ၊ဋီ၊၂၊၂၅။ အံ၊ဋီ၊၃၊၃၁၉။ နိယတမိစ္ဆာဒိဋ္ဌိယာ (တ၊ ဧ)— အဘိ၊ဋ္ဌ၊၂၊၄၄၂။ ပဋိသံ၊ဋ္ဌ၊၂၊၁၁။ ဝဇိရ၊၉၁။ ဒီ၊ဋီ၊၂၊၆၅။ မ၊ဋီ၊၂၊၁၃၇။ သံ၊ဋီ၊၁၊၂၃၇။ (၈၊ ဧ)—အနုဋီ၊၁၊၁၈၁။ နိယတမိစ္ဆာဒိဋ္ဌိကာနံ (စ၊ ဗ)—နေတ္တိ၊ဋ္ဌ၊၁၁၃။
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၂
- ↑ (အဘိ၊ဋ္ဌ၊၃၊၁၀၁။ သာရတ္ထ၊၃၊၈၇။ ဝိမတိ၊၂၊၄၈။ မ၊ဋီ၊၂၊၈၃)
- ↑ (မ၊၃၊၁၂၁၊ သံ၊၂၊၆၀။ အံ၊၁၊၃၄၀။ မ၊ဋ္ဌ၊၄၊၉၆။ သံ၊ဋ္ဌ၊၂၊၂၅၇။ အံ၊ဋ္ဌ၊၂၊၂၈၉။ သံ၊ဋီ၊၂၊၂၂၈)။
- ↑ (ဣတိဝုတ်၊ဋ္ဌ၊၉၉)
- ↑ (အံ၊ဋ္ဌ၊၁၊၃၆၉။ အံ၊ဋီ၊၁၊၂၂၅)
- ↑ (အဘိ၊ဝိ၊၃၅၅။ ပဋိသံ၊၁၁၉။ ဝိ၊ဋ္ဌ၊၃၊၁၃၈။ မ၊ဋ္ဌ၊၂၊၈၆။ မ၊ဋီ၊၂၊၁၃၇)
- ↑ (ဝိ၊၂၊၁၇၅၊ ၁၇၉)
- ↑ (အံ၊ဋ္ဌ၊၁၊၃၇၂။ အံ၊ဋီ၊၁၊၂၂၇-၈)
- ↑ (ဒီ၊ဋ္ဌ၊၁၊၁၅၀။ မ၊ဋ္ဌ၊၃၊၈၅။ မ၊ဋ္ဌ၊၄၊၉၆။ အံ၊ဋ္ဌ၊၂၊၂၈၉။ ဒီ၊ဋီ၊၁၊၂၂၇-၈။ သီ၊ဋီ၊သစ်၊၂၊၄၈-၅၀။ မ၊ဋီ၊၃၊၅၆-၇။ အံ၊ဋီ၊၁၊၂၂၈)။
- ↑ "တိပိဋကအဘိဓာန်"တိပိဋကအဘိဓာန် အတွဲ-၁၀