နိဗ္ဗာန်

ဘဝသံသရာမှ လွတ်မြောက်သည့် အမတနေရာ

[]ဝါန မည်သော တဏှာမှ ထွက်မြောက်တတ်သောတရား၊ ဝါန–မည်သော တဏှာမရှိရာ ဖြစ်သော တရား၊ ရာဂ-အစရှိသော အပူမီးတို့၏ ငြိမ်းအေးခြင်း၊ သံသရာဝဋ်-ဆင်းရဲ–ဒုက္ခ–မှ ငြိမ်းအေးသောတရား၊ ဆင်းရဲမှု ၃-ပါးတို့၏ အပြီးတိုင် ချုပ်ငြိမ်းခြင်း၊ []

  • (က) ကိလေသနိဗ္ဗာန် (ကိလေသာတို့၏ ငြိမ်းအေးမှု)။
  • (ခ) အနုပါဒိသေသနိဗ္ဗာန် (ဝိပါက် နာမက္ခန္ဓာကဋတ္တာရုပ် အကြွင်းမရှိ ငြိမ်းအေးမှု)။ []
ဘာသာပြန်ဆိုချက်များ
နိဗ္ဗာန်
အင်္ဂလိပ်ဘာသာenlightenment, liberation, salvation
ပါဠိनिब्बान
သင်္သကရိုက်निर्वाण
မြန်မာနိဗ္ဗာန်
(IPA: [neɪʔbàɰ̃])
တရုတ်涅槃
(Pinyinnièpán)
ဂျပန်涅槃
(rōmaji: nehan)
ခမာនិព្វាន
ကိုရီးယား열반
(RR: yeolban)
မွန်နဳဗာန်
([nìppàn])
မွန်ဂိုНирваан дүр
ရှမ်းၼိၵ်ႈပၢၼ်ႇ
([nik3paan2])
သီဟိုဠ်නිර්වාණ
(nivana)
တိဘက်མྱ་ངན་ལས་འདས་པ།
(mya ngan las 'das pa)
ထိုင်းนิพพาน
ဗီယက်နမ်niết bàn
အင်ဒိုနီးရှားnirwana

နိဗ္ဗာန် ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အဆုံးစွန်သော ဘာသာရေးရည်မှန်းချက်ဖြစ်ပေသည်။ မဟာယာနနှင့် ထေရဝါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲသကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်လည်းကောင်း၊ သံသရာကိုယ်၌ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍လည်းကောင်း ကွဲပြားသော အယူအဆများ၊ သဘောတရားများကို တင်ပြထားသည်။ သို့သော် ထေရဝါဒတွင်မူ ဆရာစဉ်ဆက်နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံအဖြစ် မယူဆ၊ မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှ သာလျှင် နိဗ္ဗာန်ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။

ထေရဝါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁ ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ်၏ လုံးဝ ချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု ခေါ်သည်။ နိဗ္ဗာန်တွင် သတ္တဝါတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖန်ပြန်လည်ခြင်း မရှိတော့ပေ။

အချုပ်အားဖြင့် နိဗ္ဗာန်ဆိုသည်မှာ တပ်မက်မှု၊ တွယ်တာမှု ကင်းရာ(မဖြစ်ရာ) ဟူ၍ အဓိပ္ပာယ်ရသည်။ ဘဝတစ်ခုနှင့် တစ်ခုကို ဆက်စပ်ပေးတတ်သော တပ်မက်မှု (တဏှာ) မဖြစ်ရာ ကုန်ဆုံးရာ (တဏှာ)မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းပင် ဖြစ်သည်။

နိဗ္ဗာန်သည် ကောင်းကင်ဘုံကဲ့သို့ နေရာအဖြစ် မရှိပေ။ နိဗ္ဗာန်သည် ခန္ဓာငါးပါး သင်္ခါရတရား နှင့်ဆန့်ကျင်ဖက် ဖြစ်သည်။

နိဗ္ဗာန်ဟူသည်

ပြင်ဆင်ရန်
  • နိဗ္ဗာန်ဟူသည် ပဋိသန္ဓေ ၄-ပါး,
  • လားရာ “ဂတိ” ၅-ပါး,
  • ဝိညာဉ်၏တည်ရာ “ဝိညာဏဌိတိ” ၇-ပါး,
  • သတ္တဝါတို့နေရာ “သတ္တဝါသ” ၉-ပါးတို့၏ အဆက်ဆက် ဖြစ်ပေါ်ခြင်းငှါ ဖွဲ့နှောင်ချုပ်စပ်တတ်သော တဏှာမှ ထွက်မြောက်တတ်သောတရား []
  • ကံနှင့်အကျိုး, အကျိုးနှင့်ကံ, ခန္ဓာ အချင်းချင်း သတ္တဝါနှင့်ဆင်းရဲ ယှဉ်တွဲနေ အောင် ချုပ်စပ်တတ်သော တဏှာမှထွက် မြောက်တတ်သောတရား []
  • ယုတ်ညံသောဘဝ, မြင့်မြတ်သောဘဝ ဒုဂ္ဂတိဘဝ, သုဂတိဘဝအားဖြင့် ဘဝကြီး ဘဝငယ်, အသွယ်သွယ်ကို ချုပ်စပ်တတ်သော တဏှာမှ ထွက်မြောက်တတ်သော တရား []
  • ခန္ဓာစသည် အပြားရှိသော တေဘူမကတရားတို့ကို အောက်ထက်ပြောင်းပြန် အဖန်ဖန်ဖြစ်စေခြင်းဖြင့် ချုပ်စပ်တတ်သော တဏှာမှ ထွက်မြောက်တတ်သောတရား []
  • ယင်းတဏှာမရှိရာဖြစ်သော တရား []
  • ယင်းတဏှာ၏ ငြိမ်းအေးရာဖြစ်သောတရား []
  • ရာဂစသော မီး ၁၁-ပါးတို့ ငြိမ်းအေးကြောင်းဖြစ်သော တရား [၁၀]
  • အလုံးစုံသော ကိလေသာဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်ဆင်းရဲ အပူဟူသမျှတို့ ငြိမ်းအေးရာဖြစ်သောတရား [၁၁]
  • လောင်စာမီးစာနှစ်ဖြာကုန်ခန်း၍ ငြိမ်းလေပြီးသော ဆီမီးပမာ ရဟန္တာအရှင်မြတ်တို ကိလေသာ, ခန္ဓာ ၂-ဖြာ ချုပ်ငြိမ်းရုပ်သိမ်းရာ ဖြစ်သောတရား [၁၂]

ရာဂ, ဒေါသ, မောဟ, ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ-ဟူသော မီး ၁၁-ပါးတို့၏ ငြိမ်းကြောင်းတရား [၁၃]

နိဗ္ဗာန်၏ လက္ခဏာဒိစတုက္ကကို ဤမှာ ဖတ်ပါ။

နိဗ္ဗာန်အမျိုးအစားများ ကို ဤမှာ ဖတ်ပါ။

နိဗ္ဗာန်၏ ဝေဝုစ်ပရိယာယ်တို့ကားများ လှပါသည်။ နိဗ္ဗာနနာမာဝလိ အဘိဓာန် ၌ ကြည့်ပါ။

သာလွန်မြင့်မြတ်သော ချမ်းသာ

ပြင်ဆင်ရန်

လူချမ်းသာအပေါင်းတို့တွင် ၄-ကျွန်းလုံးကို အစိုးရသော စကြာမင်းတို့၏ စည်းစိမ် ချမ်းသာသည် အကြီးအကျယ်ဆုံးသော ချမ်းသာဖြစ်၏၊ ထိုစကြာမင်းချမ်းသာသည် အနိစ္စမျိုး စင်စစ်ဖြစ်၏၊ ပျက်စီးခြင်းလျှင် အဆုံးရှိ၏၊ ယင်းစကြာမင်းသည်လည်း အဝိဇ္ဇာအစရှိသော ကိလေသာဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်တို့မှ ကျွတ်လွတ်ခြင်း မရှိသေးသောကြောင့် ယနေ့စကြာမင်း, နောက်နေ့၌ ခွေးဘဝ, ဝက်ဘဝအစရှိသော အပါယ်ဘဝသို့ ကျရောက်ရန် ဝဋ်ဒုက္ခဘေးကြီး တင်းလင်းရှိနေ၏။ ထိုအဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်းတည်းဟူသော နိဗ္ဗာနသုခကား နိစ္စမျိုးဖြစ်၏၊ အနမတဂ္ဂ သံသရာတွင် ဘယ်အခါမှ ပျက်ဆုံးခြင်းမရှိ၊ ဘုရားရှင်တို့သည်လည်း အဝိဇ္ဇာအစရှိသော ကိလေသာဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်တို့မှ ကျွတ်လွတ်ကြလေကုန်သောကြောင့် ခွေး ဘဝ, ဝက်ဘဝအစရှိသော အပါယ်ဘုံဘဝနှင့် တကွ ခပ်သိမ်းသောဘဝသို့ ကျရောက်ခြင်း မရှိကြကုန်ပြီ၊ ဤသို့လျှင် ၄-ကျွန်းလုံးကို အစိုးရသော စကြာမင်းကြီး၏ အကြီးကျယ်ဆုံးသော လူ့ချမ်းသာထက် ဤအဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်းတည်းဟူသော နိဗ္ဗာနသုခသည် အဆသိန်းသန်းမက သာလွန်မြင့်မြတ်သော ပရမသုခကြီးဖြစ်ပေ၏။ နတ်ချမ်းသာ အပေါင်းတို့တွင်လည်း သိကြားမင်းကြီး, နတ်မင်းကြီးတို့၏ ချမ်းသာသည် အကြီးကျယ်ဆုံးသော ချမ်းသာဖြစ်၏။ ဗြဟ္မာချမ်းသာ အပေါင်းတို့တွင်လည်း မဟာဗြဟ္မာမင်းကြီးတို့၏ ချမ်းသာသည် အကြီးကျယ်ဆုံးသော ချမ်းသာဖြစ်၏၊ ဤနတ်မင်းကြီး, ဗြဟ္မာမင်းကြီးတို့၏ ချမ်းသာသည် အနိစ္စမျိုးစင်စစ်သာ ဖြစ်ကုန်၏၊ ပျက်စီးခြင်းလျှင် အဆုံးရှိကုန်၏၊ ထိုသိကြားမင်းကြီး, နတ်မင်းကြီး, ဗြဟ္မာမင်းကြီးတို့သည်လည်း အဝိဇ္ဇာအစရှိသော ကိလေသာဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်တို့မှ ကျွတ်လွတ်ခြင်း မရှိကြသေးသောကြောင့် ယနေ့ သိကြားမင်းကြီး, နတ်မင်းကြီး, ဗြဟ္မာမင်းကြီး၊ နောက်နေ့၌ ခွေးဘဝ, ဝက်ဘဝ အစရှိကုန်သော အပါယ်ဘဝသို့ ကျရောက်ရန် ဝဋ်ဒုက္ခဘေးကြီးတို့ တင်းလင်းရှိနေကုန်၏။ အဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်းတည်းဟူသော နိဗ္ဗာနသုခမူကား နိစ္စမျိုးဖြစ်ကုန်၏၊ အနမတဂ္ဂသံသရာတွင် ဘယ်အခါမှ ပျက်ဆုံးခြင်း မရှိ၊ မြတ်စွာဘုရားတို့သည်လည်း အဝိဇ္ဇာ အစရှိသော ကိလေသာဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်တို့မှ ကျွတ်လွတ်ကြလေကုန်သောကြောင့် ခွေးဘဝ, ဝက်ဘဝ-အစရှိသော အပါယ်ဘဝတို့နှင့်တကွ ခပ်သိမ်းသောဘဝသို့ ကျရောက်ခြင်း မရှိကြကုန်ပြီ။ ဤသို့လျှင် နတ်မင်းကြီး, သိကြားမင်းကြီး, ဗြဟ္မာမင်းကြီးတို့၏ အကြီးကျယ်ဆုံးသော နတ်ချမ်းသာ, ဗြဟ္မာချမ်းသာထက် ဤအဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်းတည်းဟူသော နိဗ္ဗာနသုခသည် အဆသိန်းသန်းမက သာလွန်မြင့်မြတ်သောပရမသုခကြီး ဖြစ်ပေ၏။ လယ်တီပုစ္ဆာအဖြေ ပေါင်းချုပ်ကြည့်။

နိဗ္ဗာန်သည် ခန္ဓာနှင့်စပ်၏ဟူသောအဆို

ပြင်ဆင်ရန်

နိဗ္ဗာန်သည် ခန္ဓာနှင့် စပ်သွယ်သည်သာ [၁၄] ယင်း “နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ”ဟူသော စကားဖြင့် ခန္ဓာမဟုတ်သော ခန္ဓာနှင့် စပ်သော တရားကို နိဗ္ဗာန်ဟု ယူရသည်။ ခန္ဓာနှင့်စပ်သော တရားဆိုသည်ကား အဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်း, တဏှာ၏ချုပ်ငြိမ်းခြင်း, ကိလေသာတို့၏ ချုပ်ငြိမ်းခြင်း, နာမ်ရုပ်တို့၏ ချုပ်ငြိမ်းခြင်းဟူသော စကားမျိုး၌ ချုပ်ငြိမ်း ခြင်းဟူသော နိဗ္ဗာန်ကို အဝိဇ္ဇာ, တဏှာ, ကိလေသာ, နာမ်, ရုပ်ဟူသော ခန္ဓာတို့နှင့် ဖက်စပ်၍သိရ ပြောဆိုရသောကြောင့် “နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ”ဟူသော စကားကို ဆိုသည်။ ထိုစကားဖြင့်ပင်လျှင် ခန္ဓာသည် နိဗ္ဗာန်မဟုတ်, နိဗ္ဗာန်သည် ခန္ဓာမဟုတ်ဟု ထင်ရှားလေသည်။

ပညတ်မျှသည် နိဗ္ဗာန်မဟုတ်

ပြင်ဆင်ရန်

“နိဗ္ဗာန်သည် ပညတ်မျှသာဖြစ်သည် မဟုတ်လော့”ဟု မေးလျှင်လည်း “မဟုတ်” ဟုပင် ဖြေရမည်၊ အကြောင်းမှာ-“နိဗ္ဗာန်ကို ပညတ်တရား"ဟုဆိုလျှင် နိဗ္ဗာန်ကိုအာရုံပြု သောစိတ်, စေတသိက် (မဂ်, ဖိုလ်)တို့သည် ပညတ်ကို အာရုံပြုကြရပေလိမ့်မည်၊ ဓမ္မသင်္ဂဏီပါဠိတော် ပရိတ္တာရမ္မဏတိတ် [၁၅]၌ နိဗ္ဗာန်ကို အာရုံပြုသောတရားများကို ဟောတော်မူရာ၌ မဂ် ၄-ပါးနှင့် ဖိုလ် ၄-ပါးတို့ကိုသာ ဟောတော်မူပေသည်။ ပညတ်ကိုအာရုံပြုသည့် တိတ်မုတ်တရားကို ဟောရာ၌ မဂ် ၄-ပါး, ဖိုလ် ၄-ပါးတို့ကို ဟောတော်မမူ၊ အကယ်၍ နိဗ္ဗာန်သည် ပရမတ္ထတရားမဟုတ်ပဲ ပညတ်တရားဖြစ်ခဲ့လျှင် နိဗ္ဗာန်ကို အာရုံပြုသောတရားကို ခွဲခြား၍ ဟောတော်မမူရာ။ သို့ရာတွင် နိဗ္ဗာန်ကို အာရုံပြုသောတရားနှင့် ပညတ်အာရုံပြုသော တရား ခွဲခြား၍ ဟောထားတော်မူ၏။ သို့ဖြစ်၍ နိဗ္ဗာန်သည် ပညတ်မဟုတ်၊ ပညတ်မှ တစ်ပါးတခြား ပရမတ္ထအားဖြင့် ထင်ရှားရှိသောတရားသာ ဖြစ်ပေသည်။ [၁၆]

နိဗ္ဗာန်စံ ပုဂ္ဂိုလ်မရှိ

ပြင်ဆင်ရန်

ကိလေသာ, ခန္ဓာ, ဝဋ်ဆင်းရဲအားလုံး ငြိမ်းအေးခြင်းသဘော “နိဗ္ဗာန်” သည်သာ ထင်ရှားရှိ၏၊ ငြိမ်းအေးသွားသောပုဂ္ဂိုလ်, နိဗ္ဗာန်စံဝင်သွားသော ပုဂ္ဂိုလ်ဟူ၍မရှိ၊ (အဘိ၊ဋ္ဌ၊၂၊၈၄။ ဝိသုဒ္ဓိ၊၂၊၁၄၄။) နိဗ္ဗာန်စံဝင်သော ပုဂ္ဂိုလ်တို့၏ မရှိခြင်းကြောင့်လည်း ဘုရားပွင့်ရာ သာသနာနှင့် ကြုံကြိုက်၍ ဘုရားရှင်၏ နိဗ္ဗာန်ရောက်ကြောင်း, တရားကောင်းကို နာကြားရသဖြင့် များစွာသောပုဂ္ဂိုလ်တို့ ဘဝ ဇာတ်သိမ်းကြကုန်၍ ကိလေသာ, ခန္ဓာချုပ်ငြိမ်းသွားကြသော်လည်း ငြိမ်းအေးခြင်း သဘော “နိဗ္ဗာနဓာတ်”၏ ယုတ်လျော့သွား သည်, ပြည့်သွားသည်ဟူ၍ မရှိခြင်းဖြစ်သည်။ [၁၇]

တဏှာချုပ်ရာ နိဗ္ဗာန်

ပြင်ဆင်ရန်

လောက၌ တပ်မက်မှု “တဏှာ” ဖြစ်ပေါ်လျှင် ချစ်အပ်, သာယာအပ်သော သဘောရှိသော စက္ခုပသာဒ = မျက်စိအကြည်, သောတပသာဒ = နားအကြည်-စသည်တို့၌ ဖြစ်ပေါ်တည်ရှိကြသည်။ [၁၈]

ယင်း တဏှာချုပ်ပြန်သောအခါ၌လည်း ပြဆိုပြီးသည် စက္ခုပသာဒ, သောတပသာဒ-စသော လောကီ တရားတို့၌ပင် ချုပ်၏။ [၁၉],

ယင်းသို့ တဏှာချုပ်ခြင်းသည် နိဗ္ဗာန်ကို အာရုံပြု၍ အရိယာမဂ်ဖြင့်ပင် ပယ်သတ်ခြင်းကြောင့်ဖြစ်သည်။ ဥပမာ — လယ်သမားယောက်ျားသည် လယ်ခင်း၌ ဗူးခါးနွယ်ကိုမြင်၍ အညွန့်ဖျားမှ စ၍ အမြစ်ရင်းကို ရှာဖွေကာ ဖြတ်ရာ၏။ ယင်းဗူးခါးပင်သည် တဖြည်းဖြည်း ညှိုးချောက်၍ “ဗူးခါးပင်”ဟု ခေါ်ဝေါ်စရာမရှိ လောက်အောင် သေပျောက်ချောက်သွေ့ သွားရာ၏။ နောင်အခါ ထိုလယ်ခင်း၌ ဗူးခါးပင် ချုပ်ပြောက်သွားပြီ၊ သေသွားပြီ၊ အမြစ်ပါ ပြုတ်အောင် နှုတ်ပယ်လိုက်ပြီဟု ဆိုရ သကဲ့သို့ ချစ်အပ်, သာယာအပ်သော သဘောရှိသော စက္ခုပသာဒ-စသောတရားတို့၌ ဖြစ်ပေါ်နေသော တဏှာကို အရိယာ မဂ်ဖြင့် ပယ်ဖြတ်အပ်ပြီးသောအခါ ယင်း တဏှာသည် ချစ်အပ်, သာယာအပ်သော စက္ခု-စသော တရားတို့၌ပင် ချုပ်ပျောက်သွားသည်ဟု ဆိုရ၏။ နိဗ္ဗာန်ကို အာရုံပြု၍ အရိယာမဂ်ဖြင့် အမြစ်ပြတ်အောင် ပယ်ဖြတ် လိုက်သောအခါ ယင်းတဏှာသည် နောင် တဖန်မဖြစ်ခြင်းသို့ ရောက်၏။ ဤဥပမာ၌ ယာခင်းနှင့် စက္ခု-စသောတရားတို့ တူ၏။ ဗူးခါးနွယ်နှင့် တဏှာ တူ၏။ ဗူးခါးနွယ်ကို နောင်မဖြစ်ပေါ်အောင် ပယ်သတ်လိုသော ယောက်ျားနှင့် အရိယာမဂ် တူ၏။ ဗူးခါးနွယ် နောင်မဖြစ်ပေါ်ရန် စိတ်ညွတ်သော ယောက်ျားနှင့် ဗူးခါးနွယ်အမြစ်ကို ဖြတ်ခြင်းနှင့် နိဗ္ဗာန်ကိုအာရုံပြုသော အရိယာမဂ်ဖြင့် တဏှာကိုပယ်သတ်မှု တူ၏။ ဗူးခါးနွယ် နောင်မဖြစ်ပေါ်ခြင်းနှင့် တဏှာ၏ နောင် မဖြစ်ပေါ်ကြောင်းဖြစ်သော နိဗ္ဗာန် တူ၏။

တောအုပ်တစ်ခု၌ ခိုးသား, ဓားပြတို့ ထကြွသောင်းကြမ်းနေကြ၏။ ယင်းခိုးသား, ဓားပြတို့ကို လက်ရဖမ်းယူကာ ဆောင်လာ၍ မြို့တော်တောင်ဖက် တံခါး၌ အသေသတ်ရာ၏။ နောင်အခါ တောထည်း၌ ခိုးသား, ဓားပြတို့ မရှိကြတော့ကုန်၊ သေကုန်ပြီ၊ သတ်ပြီးပြီဟု ဆိုရသကဲ့သို့ ချစ်အပ်, သာယာအပ်သော သဘောရှိသော ပသာဒစက္ခု စသောတရားတို့၌ ဖြစ်ပေါ်နေသောတဏှာကို အရိယာမဂ်ဖြင့် ပယ်သတ်အပ်သောအခါ နိဗ္ဗာန်ကို အာရုံပြု၍ ပယ်သတ်ရာ၏။ နိဗ္ဗာန်ကို အာရုံပြု၍ အရိယာမဂ်ဖြင့် ပယ်သတ်ခြင်းကြောင့် ပသာဒစက္ခု-စသော တရားတို့၌ ဖြစ်နေသောတဏှာ အကြွင်းမဲ့ချုပ်၏။ ယင်းသို့ ဥပမာတစ်မျိုးဖြင့်လည်း သိရာ၏။

ဤဥပမာ၌ တောအုပ်နှင့်စက္ခု-စသော တရားတို့တူ၏။ ယင်း တောအုပ်၌ ထကြွ သောင်းကြမ်းနေသော ခိုးသား, ဓားပြတို့နှင့် စက္ခု-စသော တရားတို့၌ ဖြစ်ပေါ်နေသော တဏှာ တူ၏။ ခိုးသူသတ်သမားတို့နှင့် အရိယာမဂ် တူ၏။ နိဗ္ဗာန်ကို အာရုံပြု၍ ချုပ်သောကြောင့် နိဗ္ဗာန်၌ တဏှာချုပ်သည်မည်၏။ သို့ဖြစ်၍ “တဏှာချုပ်ရာ နိဗ္ဗာန်” ဟု ဆိုရ၏။ [၂၀]

ရေဓာတ်, မြေဓာတ်, မီးဓာတ် လေဓာတ်တို့ မရှိရာ နိဗ္ဗာန်

ပြင်ဆင်ရန်

နိဗ္ဗာန်၌ ရေဓာတ်, မြေဓာတ်, မီးဓာတ်, လေဓာတ်တို့ ထောက်တည်ရာလုံးဝမရ။ [၂၁]

ယင်းသို့ ရေ, မြေ, မီး, လေဓာတ်တို့ ထောက်တည်ရာမရ ဆိုသဖြင့် အလုံးစုံ သော ရုပ်ဟူသမျှတို့ နိဗ္ဗာန်မှာမရှိဟု သိအပ်၏။

အရှည်, အတို, အကြီး, အငယ် စသည့်ဝတ္ထုတို့ ထောက်တည်ရာမရ

ပြင်ဆင်ရန်

နိဗ္ဗာန်၌ အရှည် အတို အကြီး အငယ် တင့်တယ်သောဝတ္ထု, မတင့်တယ်သောဝတ္ထုများ ထောက်တည်ရာမရ။ [၂၂]

ယင်းသို့ အရှည် အတို-စသည်ဝတ္ထုများ ထောက်တည်ရာမရဟု ဆိုသဖြင့် ပုဂ္ဂိုလ်, သတ္တဝါ, အတ္တဇီဝ-စသော ပညတ်များလည်း နိဗ္ဗာန်မှာ မရှိဟု မှတ်ရာ၏။

နာမ်ခန္ဓာတို့ အကြွင်းမဲ့ချုပ်ရာ နိဗ္ဗာန်

ပြင်ဆင်ရန်

နိဗ္ဗာန်၌ နာမ်ခန္ဓာ, ရုပ်ခန္ဓာတို့ အကြွင်းမဲ့ ချုပ်၏။ [၂၃]

နိဗ္ဗာန်၌ နာမ်ခန္ဓာ, ရုပ်ခန္ဓာတို့ အကြွင်းမရှိ ချုပ်ငြိမ်းသည်ဟု ဆိုခြင်းကြောင့် ရုပ်ကြမ်း, နာမ်ကြမ်း မဟုတ်သော်လည်း ရုပ်နာမ်အလားရှိသော အလွန် သိမ်မွေ့သောတရား အကြွင်းအကျန်ဟူ၍လည်း နိဗ္ဗာန်၌မရှိ၊ ခန္ဓာဟု မခေါ်ဆိုအပ်သော်လည်း ခန္ဓာအလားရှိသော အလွန်သိမ် မွေ့သောတရား အကြွင်းအကျန်ဟူ၍လည်း နိဗ္ဗာန်၌ မရှိဟု သိအပ်၏။ [၂၄]

နိဗ္ဗာန် ပကတူပနိဿယပစ္စည်း ပစ္စယုပ္ပန် မထိုက်

ပြင်ဆင်ရန်

ပကတူပနိဿယပစ္စည်းဟူသည် အာရုံ တရားမျိုးမဟုတ်၊ အာရုံစသည်နှင့် မရောယှက်ပဲ အကြောင်းအကျိုးစပ်ကာ နောက် အကျိုးတရားကို ပြီးစေနိုင်သောသတ္တိ, မှီဝဲအပ်သော အားကြီးသောသတ္တိမျိုးသာ ဖြစ်၏၊ နိဗ္ဗာန်သည် အာရုံတရားမျိုးသာဖြစ်၍ နိဗ္ဖါဒနသတ္တိ ဥပသေဝနသတ္တိ မရှိသောကြောင့် ပကတူပနိဿယပစ္စည်း မတပ်နိုင်။

တနည်း နိဗ္ဗာန်သည် အတိတ်, အနာဂတ်တရားမျိုး မဟုတ်၊ ပစ္စုပ္ပန်အာရုံတရားသာ ဖြစ်ရကား ပကတူပနိဿယပစ္စည်း မတပ်နိုင်။ ပါဠိတော်၌ “ပစ္စုပ္ပန္နံ ဥတု ဘောဇနံ သေနာသနံ ဥပနိဿာယ” ဟူ၍လာသည်ကား ကမ္မနိမိတ် ပစ္စုပ္ပန်မျိုးကဲ့သို့ တံသဒိသပစ္စုပ္ပန်တည်း။ အကြောင်းတရားကိုစွဲ၍ မဖြစ်သော အပ္ပစ္စယ အသင်္ခတတရားမျိုးဖြစ်သောကြောင့် ပစ္စယုပ္ပန်လည်းမထိုက်ဟု မှတ်ရာ၏။ [၂၅]

နိဗ္ဗာန်သည် ရွှေငွေစသည်ဖြင့် ပြုလုပ်ထားသည့် အရာမဟုတ်

ပြင်ဆင်ရန်

နိဗ္ဗာန်ကို ရွှေ ငွေ ပတ္တမြား ဖလ် သစ်သား ဝါး မြေညက် အုတ်တို့တွင် တစ်မျိုး မျိုးဖြင့် ပြုလုပ်ထားသည် အရာမဟုတ်။ ဤစကားဖြင့် နိဗ္ဗာန်မြို့ ကြီးဟူသော နေယျတ္ထစကားကိုယူ၍ လောက၌ နန်းမြို့တော်ကြီးကဲ့သို့ နိဗ္ဗာန်မည်သည် အလုံးစုံသော ရတနာတို့ဖြင့်ပြီးသော ပြအိုး, ပစ်စင်, ပြာသာဒ် စသည်တို့နှင့်ပြည့်စုံသော မြို့ကြီးဟု ပြောဆိုကြကုန်သော မိစ္ဆာဝါဒီပုဂ္ဂိုလ်တို့၏ ချွတ်ယွင်းဖေါက်ပြန် မှားယွင်းသောဝါဒကို ပယ်၏။ [၂၆]

သစ္စာလေးပါးသည် နိဗ္ဗာန်ရောက်ကြောင်း ဖြစ်၏ သို့ရာတွင် ခန္ဓာကိုယ်၌ နိဗ္ဗာန်မရှိကြောင်းကို ရောဟိတဿနတ်သား ၌ ကြည့်ပါ။

နိဗ္ဗာန် အနတ္တ

ပြင်ဆင်ရန်

နိဗ္ဗာန်သည် အတ္တ, အနတ္တ ၂-မျိုးတွင် အနတ္တမည်၏။ [၂၇]

ဘုရား, ရဟန္တာတို့ စုတိစိတ်သည် နိဗ္ဗာန်ကို အာရုံမပြု

ပြင်ဆင်ရန်

ဘုရား, ရဟန္တာတို့၏ စုတိစိတ်သည် ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ကို အာရုံပြုသည်။ နိဗ္ဗာန်ကို အာရုံမပြု။ “သန္တိမာရဗ္ဘာတိ အနုပါဒိသေသံ နိဗ္ဗာနံ အာရဗ္ဘ ပဋိစ္စ သန္ဓာယ” [၂၈] ဟု ဖွင့်ဆိုသောကြောင့် “နိဗ္ဗာန်ကို အာရုံပြုသည် မယူပဲ နိဗ္ဗာန်ကို ရည်ညွှန်း၍ ညွတ်ကိုင်း၍ ပရိနိဗ္ဗာန်ပြုသည် ယူရသည်”ဟု စတုရင်္ဂဗလအမတ်ဆိုသည်။ ဋီကာကျော်ဆရာကား ကံသည် ထင်စေအပ်သော နာမ်ရုပ်လက္ခဏာပညတ်ကို အာရုံပြု သည်ဟုဆိုသည်။ [၂၉]

နိဗ္ဗာန် ကလျာဏပုထုဇဉ်တို့ မှန်းဆသိ

ပြင်ဆင်ရန်

သင်္ခတတရား ပညတ်တရားလျှင် အာရုံရှိသော ဉာဏ်သည် ကိလေသာတို့ အကြွင်း မဲ့ဖြတ်ခြင်း, တဖန်ငြိမ်းစေခြင်း ကိစ္စကို မပြုနိုင်၊ အရိယာပုဂ္ဂိုလ်ဟုဆိုအပ်သော သတ္တလောက၌ ကိလေသာကို အကြွင်းမဲ့ဖြတ်ခြင်း တဖန် ငြိမ်းအေးစေခြင်း ကိစ္စလည်းရှိ၏။ ထို့ကြောင့် သင်္ခတပညတ်တရားတို့မှ အပြန်အားဖြင့်ထူးခြားသော ကိလေသာတို့ကို အကြွင်းမဲ့ဖြတ်ခြင်း, တဖန်ငြိမ်းအေးစေခြင်း ကိစ္စကို ပြုတတ်သော မဂ်ဖိုလ်တို့၏ အာရုံ ဖြစ်သည့် နိဗ္ဗာန်မည်သော ၁-ခုသော တရားထူးသည် ဧကန်စင်စစ် ရှိ၏။ ယင်းသို့ ကလျာဏပုထုဇဉ်များ မှန်းဆ၍သိသည်။ [၃၀]

နိဗ္ဗာန် အတ္ထိပစ္စည်း အဝိဂတပစ္စည်း မတပ်

ပြင်ဆင်ရန်

ပစ္စယုပ္ပန်သဘောကို မရခြင်းဖြင့် ကျေးဇူးမပြုတတ်သော အနာဂတ်တရားတို့၏ သာလျှင် ပစ္စုပ္ပန်သဘောကို ရလာသောအခါ ကျေးဇူးပြုတတ်သည်၏ အဖြစ်သည်သာလျှင် အတ္ထိပစ္စည်း, အဝိဂတပစ္စည်းမည်သောကြောင့် အမြဲတန်း ထင်ရှားရှိသည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော နိဗ္ဗာန်သည် အတ္ထိပစ္စည်း, အဝိဂတပစ္စည်း မတပ်။ [၃၁]

ပရမတ္ထတရား လေးပါးပြရာ နိဗ္ဗာန်အဆုံးထား

ပြင်ဆင်ရန်

သင်္ဂြိုဟ်ကျမ်း ပရမတ္ထတရား ၄-ပါးကို ပြဆိုရာ၌ စိတ်, စေတသိက်, ရုပ်တို့၏ချုပ်ရာကို ပြခြင်းအကျိုးငှါ နိဗ္ဗာန်ကို အဆုံး၌ထား၍ အရှင်အနုရုဒ္ဓါဆရာ မိန့်ဆိုသည်။ [၃၂]

ပေါ့ပေါ့အားထုတ်ရုံနှင့် နိဗ္ဗာန်မရနိုင်

ပြင်ဆင်ရန်

ပေါ့ပေါ့တန်တန် အားထုတ်ရုံနှင့် စွမ်းရည်သတ္တိ ဝီရိယနည်းနည်းဖြင့် ဒုက္ခအားလုံးမှ ထွက်မြောက်ရာ နိဗ္ဗာန်ကို မရနိုင်ပါချေ။ [၃၃]

နိဗ္ဗာန်ချမ်းသာ

ပြင်ဆင်ရန်

နိဗ္ဗာန်ချမ်းသာထက် သာလွန်မွန်မြတ်သော ချမ်းသာမည်သည် မရှိ။ [၃၄]

နိဗ္ဗာန်ချမ်းသာထက် သာလွန်မွန်မြတ်သော ချမ်းသာရှိဖို့ မဆိုထားဘိ နိဗ္ဗာန်ချမ်းသာနှင့်တူသော ချမ်းသာပင်မရှိ။ [၃၅]

သင်္ခတတရားမှလွတ်သော နိဗ္ဗာန်

ပြင်ဆင်ရန်

နိဗ္ဗာန်သည် သင်္ခတတရားအားလုံးမှ လွတ်မြောက်, ထွက်မြောက်သောတရား ဖြစ်၏။ သို့ဖြစ်၍လည်း သင်္ခတတရားအားလုံး ကိုပယ်ပြီး, ကင်းစင်ပြီးသောတရားဟု ဆိုရ၏။ [၃၆]

နိရောဓသစ္စာထိုက်သော နိဗ္ဗာန်

ပြင်ဆင်ရန်

နိဗ္ဗာန်မှတစ်ပါး ငြိမ်းအေးခြင်းသဘော မည်သည် မရှိ၊ နိဗ္ဗာန်သည် ဧကန်စင်စစ် ငြိမ်းအေးလှ၏။ ယင်းသို့ ငြိမ်းအေးသည်၏ အဖြစ်မြဲသောကြောင့်ပင် နိဗ္ဗာန်ကို သစ္စာ ယင်း ဆို၏။ နိရောဓသစ္စာထိုက်သည်ဟု ဆိုလို၏။ [၃၇]

နိရောဓသစ္စာကို သိသောဉာဏ်သည် သဿတဒိဋ္ဌိကို ဆုတ်နစ်စေ၏။ ထို့ပြင် ရာမ, ဥဒက, အာဠာရ-စသည်တို့ကဲ့သို့ အရူပဘုံ၌ သင်္ခတတရားတို့၏လွတ်မြောက်ရာ “မောက္ခ” ဟု စွဲလမ်းယူမှားမှု နိဂဏ္ဌတို့ကဲ့သို့ ရုပ်ရှိသော ဘုံတို့၏အထွတ် “ထုပိကာ” ဖြစ်သော အသညသတ်ဘုံ၌ သင်္ခတတရားတို့၏ လွတ်မြောက်ရာ “မောက္ခ” ဟု စွဲလမ်းယူမှားမှုဖြစ်သော ချုပ်ငြိမ်းခြင်း “နိရောဓ”၌ ဖောက်ပြန်မှားယွင်းစွာ ကျင့်ခြင်းကို ဆုတ်နစ်စေ၏။ [၃၈]

ယင်း နိရောဓသစ္စာ ထိုက်သော နိဗ္ဗာန်ကို ထိုထိုမဂ်နှင့်ယှဉ်သော နာမ်တရားအပေါင်းဖြင့် မျက်မှောက်ပြု၏။ [၃၉]

အတိုအထွာ နိဗ္ဗာန်ဒေသနာများ

ပြင်ဆင်ရန်

အများဆိုင် မဟုတ်သော နိဗ္ဗာန် = လမ်း လေးလမ်းဆုံရာအရပ်၌ ပွဲသဘင်သည် လူအားလုံးတို့နှင့် ဆက်ဆံသက်ဆိုင်သကဲ့သို့ နိဗ္ဗာန်သည် ပုထုဇဉ်ပုဂ္ဂိုလ်တို့ မရောက်, မဂ်နှင့်ပြည့်စုံသော အရိယာပုဂ္ဂိုလ်တို့သာ ရောက်နိုင်သောကြောင့် အများဆိုင် တရားမဟုတ်၊ အရိယာပုဂ္ဂိုလ်တို့သာ ရောက်နိုင်၍ အရိယာပုဂ္ဂိုလ်တို့နှင်သာ သက်ဆိုင် သောတရားဖြစ်သည်။ [၄၀]

ဖြစ်ရာအမွန်အစ မရှိသော နိဗ္ဗာန် = “နိဗ္ဗာန်သည် ဤမည်သော ဘုရားလက်ထက်ကစ၍ ဖြစ်ပေါ်ခဲ့သည်”ဟု နိဗ္ဗာန်၏ ရှေးအစမရှိ။ နိဗ္ဗာန်သည် ဖြစ်ရာအမွန်အစ မရှိ။ မဂ်ဖြစ်ပေါ်မှ နိဗ္ဗာန်ဖြစ်ပေါ်လာသောကြောင့် (မဂ်ရှိကာမှ နိဗ္ဗာန်ထင်ရှားရှိသောကြောင့်) နိဗ္ဗာန်သည် ဖြစ်ရာအမွန်အစရှိသည် မဟုတ်လော”ဟု မေးခဲ့သော် မဟုတ် ဟုပင် ဖြေဆိုရမည်။ မဂ်သည် နိဗ္ဗာန်ကို မဖြစ်စေနိုင်။ နိဗ္ဗာန်သည် မဂ်ကြောင့် ဖြစ် ပေါ်သောတရားမဟုတ်၊ အမှန်မှာ မဂ်သည် အာရုံပြုသောအားဖြင့် နိဗ္ဗာန်သို့ ရောက်ရ၏။ ထို့ကြောင့် နိဗ္ဗာန်ကို ဖြစ်ရာအမွန်အစ မရှိသောတရားဟု ဆိုရ၏။ [၄၁]

မမေ့လျော့မှ နိဗ္ဗာန်ရနိုင် = မမေ့မလျော့ မပေါ့မဆခြင်းသည် နိဗ္ဗာန်ရခြင်း၏ အကြောင်း ဖြစ်၏။ [၄၂]

အမြဲနိစ္စ လုံ့လပြုမှ နိဗ္ဗာန်ရနိုင် = သမထ, ဝိပဿနာ ဈာန် ၂-ပါးဖြင့် ကိလေသာတို့ကို ရှို့မြှိုက်ပြီးလျှင် အမြဲမပြတ်လုံ့လ ပြုကုန်၍ နောက်သို့မဆုတ် ရှေ့သို့သာ ချီတက်သော လုံ့လရှိကုန်မှ ယောဂလေးပါး တို့ကုန်ရာ အတုမဲ့နိဗ္ဗာန်သို့ ရောက်နိုင်ကြကုန်၏။ [၄၃]

ကိလေသာရှို့မြိုက်သူမှ နိဗ္ဗာန်ချမ်းသာ ရနိုင်= မမေ့မလျော့သော သမထ, ဝိပဿနာ ဈာန် ၂-ပါးဖြင့် ကိလေသာတို့ကို ရှို့မြှိုက်သောသူသည် မြတ်သောနိဗ္ဗာန်ချမ်းသာကို ရနိုင်၏။ [၄၄]

မေ့လျော့မှု၌ ဘေးဟုရှုမှ နိဗ္ဗာန်နှင့်နီး = မမေ့မလျော့မှု၌ မွေ့လျော်ပြီး မေ့လျော့ပေါ့ ဆမှု၌ ဘေးဟုရှုမှတ်လေ့ရှိသော ရဟန်းသည်သာ မဂ်ဖိုလ်မှ ဆုတ်ယုတ်ခြင်းငှါ မထိုက်ပဲ နိဗ္ဗာန်နှင့်နီးသည်။ [၄၅]

နိဗ္ဗာန်စိတ်ဖြင့် ငြိမ်းသူ = ဗောဇ္ဈင်တရား၌ စိတ်ကို ကောင်းမွန်စွာ ပွါးများပြီး မစွဲလန်းပဲ ဥပါဒါန်တို့မှ လွတ်မြောက်ရာနိဗ္ဗာန်၌ မွေ့ လျော်လျက် လောက၌ အာသဝေါကုန်ခန်း ပြီးသော တန်ခိုးကြီးသူတို့သည် နိဗ္ဗာန်စိတ်ဖြင့် ငြိမ်းအေးကုန်၏။ [၄၆]

နိဗ္ဗာန်ကိုမြင်သူ၏အသက် ၁-ရက်ရှည် ခြင်းက သာ၍မြတ်၏ = သေခြင်းကင်းရာ နိဗ္ဗာန်ကို မမြင်ပဲ အနှစ်တစ်ရာ အသက်ရှည် ရခြင်းထက် သေခြင်းကင်းရာ နိဗ္ဗာန်ကို မြင်သူ၏ အသက်တစ်ရက် ရှည်ခြင်းက သာလွန်မွန်မြတ်၏။ [၄၇]

နိဗ္ဗာန်သည် အလွန်မြတ်၏ = တိတိက္ခာ အမည်ရသော သည်းခံမှုခန္တီသည် အကျင့်မြတ်ဖြစ်၏၊ နိဗ္ဗာန်ကို အလွန်မြတ်၏ဟု ဘုရားရှင်တို့ ဟောတော်မူကုန်၏။ [၄၈]

ချမ်းသာလွန် နိဗ္ဗာန်ကို ပညာရှိတို့ မျက်မှောက်ပြု = နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာဖြစ်၏။ ယင်း ချမ်းသာလွန် နိဗ္ဗာန်ကို ပညာရှိတို့ မျက်မှောက်ပြု၏။ [၄၉]

အလွန်ကဲဆုံး အတုမဲ့ချမ်းသာ = အနာရောဂါ ကင်းကွာခြင်းသည် အလွန်ကဲဆုံး လာဘ်ဖြစ်၏၊ ရောင့်ရဲမှုသည် အလွန်ကဲဆုံး ဥစ္စာဖြစ်၏၊ ချစ်ခင်ကျွမ်းဝင်မှုသည် အလွန် ကဲဆုံး ဆွေမျိုးဖြစ်၏၊ နိဗ္ဗာန်သည် အလွန်ကဲဆုံး အတုမဲ့ချမ်းသာဖြစ်၏။ [၅၀]

မညှင်းဆဲသူ စောင့်စည်းသူတို့ နိဗ္ဗာန်ရောက် = တစ်ပါးသူတို့ကို မညှင်းဆဲတတ်, ကာယ, ဝစီ, မနောဒွါရတို့ဖြင့် ထာဝရ စောင့် စည်းတတ်ကြကုန်သော ရဟန္တာပုဂ္ဂိုလ်တို့ စိုးရိမ်မှု, သေမှုတို့ကင်းရာ နိဗ္ဗာန်ရောက်ကြ၏။ [၅၁]

နိဗ္ဗာန်စိတ်ညွတ်သူ အာသဝေါချုပ် ကွယ် = ထာဝစဉ် နိုးကြားကြကုန်ပြီးလျှင် နေ့ညဉ့်မကွာ သိက္ခာ ၃-ပါးကို ကျင့်ကြကုန်လျက် နိဗ္ဗာန်သို့ စိတ်ညွတ်သူတို့အား အာသဝေါတရားတို့ ချုပ်ငြိမ်းကွယ်ပျောက်ကုန်၏။ [၅၂]

နိဗ္ဗာန်သွားလမ်းသုတ်သင်စေချင် = သေမင်းအန္တရာယ် ကာကွယ်ရန် သားသမီး မိဖ ဆွေမျိုးဉာတကာ တစ်ဦးတစ်ယောက်မျှ မတတ်နိုင်ချေ။ ယင်းအကြောင်းကို ပိုင်နိုင်စွာ သိမြင်သူ ပညာရှိပုဂ္ဂိုလ်သည် သီလလုံခြုံစေလျက် အဋ္ဌင်္ဂိကမဂ်ကိုသုတ်သင်ရာ၏။ [၅၃]

ရာဂ, ဒေါသကို ပယ်နိုင်လျှင် နိဗ္ဗာန် ရောက်မည် = အိုရဟန်း... သင်သည် ခန္ဓာ ကိုယ် လှေအိုမှ မိစ္ဆာဝိတက်ရေကို ပက်ထုတ် ပါလော့၊ ယင်းသို့ ပက်ထုတ်သဖြင့် ခန္ဓာကိုယ် လှေသည် လျှင်စွာသွားနိုင်ပါလိမ့်မည်၊ ရာဂ နှင့် ဒေါသကို ပယ်ဖြတ်နိုင်လျှင် နိဗ္ဗာန်သို့ ရောက်ပါလိမ့်မည်။ [၅၄]

သမာဓိဈာန် ဝိပဿနာပညာရှိသူသာ နိဗ္ဗာန်နှင့် ဧကန်နီး = ပညာမဲ့သူအား သမာဓိ ဈာန်မရှိ သမာဓိဈာန်မရှိသူအား ဝိပဿနာ ပညာမရှိ၊ သမာဓိဈာန်နှင့် ဝိပဿနာပညာ ရှိသူသည်သာ နိဗ္ဗာန်နှင့် နီးသည်။ [၅၅]

ဝမ်းမြောက်ခြင်းများသူသာ နိဗ္ဗာန်ရနိုင် = ဘုရားမြတ်စွာ သာသနာတော်၌ ကြည်ညို မြတ်နိုး၍ ဝမ်းမြောက်ရွှင်လန်းခြင်းများသော ရဟန်းသည်သာ သင်္ခါရအားလုံးတို့ ချုပ်ငြိမ်းရာ ငြိမ်သက်ချမ်းမြေ့သည့် နိဗ္ဗာန်ကို ရနိုင်ရာ၏။ (ဓမ္မ၊၆၈။)

မဂ်ဉာဏ် ၄-ပါးဟူသော ရောင့်ရဲခြင်းရှိသည်ဖြစ်၍ ထင်ထင်ရှားရှား သိမြင်ပြီးသော တရားရှိသည့် တရားခပ်သိမ်းကို သိမြင်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား နိဗ္ဗာန်ဟူသော ဥပဓိဝိဝေကသည် ချမ်းသာ၏။ [၅၆]

ဝိဝေကတရား ၃-ပါးနှင့် ပြည်စုံသူ နိဗ္ဗာန်နှင့်နီး = အပေါင်းအဖေါ်တို့မှ ကင်းဆိတ်ခြင်း ကာယဝိဝေက, ကာမဂုဏ်၌ တပ်မက်သော စိတ်မှကင်းဆိတ်ခြင်း စိတ္တဝိဝေက, ဥပဓိတရား ၄-ပါးတို့မှ ကင်းဆိတ်ခြင်း ဥပဓိဝိဝေကနှင့် ပြည့်စုံမှ နိဗ္ဗာန်နှင့်နီးသည်။ [၅၇]

ကာယဂတာသတိ ဘာဝနာသုံးဆောင်မှ နိဗ္ဗာန်ချမ်းသာ သုံးဆောင်ရသည် = ကာယဂတာသတိဘာဝနာ သုံးဆောင်သူသည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်ရသည် မည်၏၊ ကာယဂတာသတိဘာဝနာနှင့် ချွတ်လွဲလျှင် အမြိုက်နိဗ္ဗာန်ချမ်းသာနှင့် ချွတ်လွဲသည်မည်၏။ [၅၈]

နိဗ္ဗာန်ရောက်ရန် အရဟတ္တဖိုလ်ဆိုက်ရောက်ဖို့ကြိုးစား = ယောဂ ၄-တန် ကုန်ရာ မှန်သည့် နိဗ္ဗာန်သို့ ရောက်ခြင်းငှါ အပြစ်မရှိသော ဗောဓိပက္ခိယတရား ၃၇-ပါးကို ပွါးများအားသစ်သော ကလျာဏမိတ္တဟူသော အမှီကောင်းနှင့်ပြည့်စုံသော သမ္မပ္ပဓာန် ပြင်းထန်သောဝီရိယရှိသော သီလဖြူစင်သည့် သူတော်စင် သူတော်ကောင်းသည် ဝိပဿနာ ဉာဏ်မှစ၍ အောက်မဂ်, အောက်ဖိုလ်ဉာဏ် စဉ်အားဖြင့် သံယောဇဉ်အားလုံးတို့၏ကုန်ဆုံးကြောင်း အရဟတ္တမဂ်၏အဆုံး အရဟတ္တဖိုလ်သို့ရောက်အောင် နောက်မဆုတ်ပဲ ကြိုးကုတ်အားသစ်ရာ၏။ [၅၉]

နိဗ္ဗာန်သွားလမ်း သတိပဋ္ဌာန် = သတ္တဝါတို့၏ ကိလေသာဟူ မြူညစ် မတင် သန့်ရှင်းစင်ကြယ်ရန် စိုးရိမ်ပူဆွေး ငိုကြွေခြင်းတို့၏ လွန်မြောက်ရန်, ကိုယ်ဆင်းရဲမှု, စိတ်ဆင်းရဲမှုတို့ ချုပ်ငြိမ်းရန် အဋ္ဌင်္ဂိကမဂ် ကိုရရန်, နိဗ္ဗာန်အောင်မြို့ ဆောင်ပို့ရောက်ရှိ မျက်မှောက်ပြုရန် လမ်းဖြောင့်လမ်းမှန်ကား သတိပဋ္ဌာန်လမ်းပင် ဖြစ်ပေသည်။ [၆၀]

ထင်ရှားရှိတိုင်း နိဗ္ဗာန်မဟုတ် = “နိဗ္ဗာနံ အတ္ထိတိ အာမန္တာ”ဟူသော ကထာဝတ္ထုပါဠိတော်၌ “နိဗ္ဗာန်တရားသည် မဖောက်မပြန် မှန်ကန်တိမတ် မြတ်သော အနက်သဘော (ပရမတ္ထ)အားဖြင့် ထင်ရှားရှိသော အရှိတရားလော့”ဟု ပရဝါဒီပုဂ္ဂိုလ်က မေးရာ၌ “နိဗ္ဗာန်တရားသည် အရှိတရား ဟုတ်ပါ၏”ဟု သကဝါဒီပုဂ္ဂိုလ်က ဖြေဆို၏။

နောက်တဖန် ပရဝါဒီပုဂ္ဂိုလ်က “အတ္တီ နိဗ္ဗာနံ = မဖောက်မပြန် မှန်ကန်တိမတ် မြတ်သော အနက်သဘော (ပရမတ္ထ)အားဖြင့် ထင်ရှားရှိသော အရှိတရားဖြစ်တိုင်း နိဗ္ဗာန် ဟုတ်ပါ၏လော့”ဟု မေးပြန်ရာ “အချို့ သော အရှိတရားများသည် နိဗ္ဗာန်ဟုတ်၏။ အချို့သော အရှိတရားများသည် နိဗ္ဗာန်မဟုတ်”ဟု သကဝါဒီပုဂ္ဂိုလ်က ဖြေဆို၏။ ဤပါဠိတော် အရ သင်္ခတပရမတ်, အသင်္ခတပရမတ် ၂-မျိုးခွဲ၍ ပရမတ္ထအားဖြင့် ထင်ရှားရှိသော စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဟူသော အရှိတရား (ပရမတ္ထ) ၄-ပါးတို့အနက် သင်္ခတပရမတ် ဖြစ်သော စိတ်, စေတသိက်, ရုပ်တရား ၃-ပါးတို့သည် ပရမတ်အားဖြင့် အရှိတရားများ ဖြစ်ကုန်သော်လည်း နိဗ္ဗာန်မဟုတ်ကုန်၊ ပရမတ်အားဖြင့် ထင်ရှားရှိသော အသင်္ခတ ပရမတ်ဖြစ်သော နိဗ္ဗာန်တရားသည်သာ နိဗ္ဗာန်ဟုတ်၏၊ ထို့ကြောင့် အရှိတရားဖြစ် တိုင်း ထင်ရှားရှိတိုင်း နိဗ္ဗာန်မဟုတ်နိုင် ဟု သိအပ်၏။ [၆၁]

နိဗ္ဗာန်ရောက်လိုမှု စိတ်ကိုအမြဲစောင့်ရှောက် = နောက်ထပ်လောင်းထည်စရာ မလိုအောင် အတွင်း အနားရေးနှင့်အညီ ပြည့်နေသော ဆီအိုးကို မဖိတ်အောင် သတိကြီးစွာဖြင့် ဆောင်ယူရသကဲ့သို့ အစမထင်သံသရာက တစ်ခါတစ်ခေါက်မျှ မရောက်ဘူးသော နိဗ္ဗာန်အောင်မြေစခန်း လှမ်းရောက်လိုမူ အာရုံရှိရာ ပြေးသွားတတ်သည့် ရိုင်းပြသော မိမိစိတ်ကို တစ်ခဏကလေးမျှ (ကမ္မဋ္ဌာန်း အာရုံမှတစ်ပါး ပြင်ပအာရုံ၌ မကျက်စားစေပဲ အမြဲနိစ္စထာဝရ စောင့်ရှောက်ရာ၏။ [၆၂]

စာပေပို့ချတရားဓမ္မ ဟောပြောသူ နိဗ္ဗာန် အလှူကို လှူသည်မည် = ပါဠိ, အဋ္ဌကထာ စာပေပို့ချသူ, ပြဿနာကို ဖြေသူ, ကမ္မဋ္ဌာန်း တရား ပြညွှန်သူ, တရားနာသူသည် နိဗ္ဗာန် အလှူကို လှူသူမည်၏။ [၆၃]

ဒါနထက် နိဗ္ဗာန်ကပိုမြတ် = ဒါနထက် (သဒ္ဓါနှင့် ဒါန) နိဗ္ဗာန်က ပိုမြတ်၏၊ ကဿပ ဘုရားရှင်လက်ထက်နှင့် ကောဏာဂုံဘုရား စသော ဘုရားရှင်တို့လက်ထက်၌လည်း ပညာရှိသူတော်ကောင်းတို့သည် နိဗ္ဗာန်ပြည်ခွင် ခိုဝင်ကြွကြကုန်ပြီ။ [၆၄]

အရိယာမဂ်ယာဉ်ရှိသူ နိဗ္ဗာန်အနီးရောက် နေသူမည် = အမျိုးသမီးဖြစ်ဖြစ် အမျိုးသား ဖြစ်ဖြစ် အရိယာမဂ်တည်းဟူသော ယာဉ်ရှိ သူသည် ယင်းအရိယာမဂ်ယာဉ်ဖြင့် နိဗ္ဗာန် အနီးရောက်နေသူမည်၏။ [၆၅]

နိဗ္ဗာန်ရောက်ရန် သတိရသူတို့ ဈာန်ရကြ = နိဗ္ဗာန်သို့ ရောက်ခြင်းငှါ ဝိပဿနာမဂ် သတိ, အရိယာမဂ်သတိကို ရသူတို့ သမ္မာ သမာဓိနှင့် ပြည့်စုံကြကာ နီဝရဏတို့ဖြင့် ကျဉ်းမြောင်းရာ အရပ်၌ ဈာန်တရားကို ရကြကုန်၏။ [၆၆][၆၇]

နိဗ္ဗာန်ဂုဏ် အာရုံပြုရည်မှန်း စီးဖြန်းပုံ

ပြင်ဆင်ရန်

အနုဿတိ ၁၀-ပါးတွင် ဥပသမာနုဿတိ (နိဗ္ဗာန်ဂုဏ် အာရုံပြု စီးဖြန်းမှု) ပါရှိ၏၊ ယင်း ဥပသမာနုဿတိကမ္မဋ္ဌာန်း စီးဖြန်း လိုသူသည် ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်၍ ဒုက္ခအားလုံးတို့၏ ချုပ်ငြိမ်းကုန်ဆုံးရာဖြစ်သော နိဗ္ဗာန်၏ ဂုဏ်များကို အာရုံပြုရည်မှန်း၍ စီးဖြန်းရာ၏။

စီးဖြန်းပုံ ကို ဥပသမာနုဿတိ၌ ကြည့်ပါ။

အရိယာမဂ်ကို နိဗ္ဗာန်ဟု အန္ဓကဂိုဏ်းသားတို့ယူ

ပြင်ဆင်ရန်

နိယာမမည်သော အရိယာမဂ်ဖြစ်ပေါ် ပြီးနောက် ချုပ်သွားပါလျက်လည်း ပုဂ္ဂိုလ်ကား အနိယတမည်သည် မဖြစ်နိုင်၊ ထိုကြောင့် အရိယာမဂ်သည် မြဲသောသဘော ရှိရကား အသင်္ခတမည်၏ဟု အန္ဓက ဂိုဏ်းသားတို့ ယူကြ၏။ ထို့ကြောင့် နိယာမမည်သော အရိယာမဂ်သည် အသင်္ခတ (နိဗ္ဗာန်) မဟုတ်ကြောင်း နိဗ္ဗာန်သာ အသင်္ခတမည်ကြောင်း အရှင်မောဂ္ဂလိပုတ္တတိဿထေရ် လုံလောက်စွာ ရှင်းလင်းမိန့်ကြားတော်မူသည်။ [၆၈]

ပဋိစ္စသမုပ္ပါဒ်ကို နိဗ္ဗာန်ဟု ပုဗ္ဗသေလိယ, မဟိံသာသကဂိုဏ်းသားတို့ယူ

ပြင်ဆင်ရန်

ပဋိစ္စသမုပ္ပါဒ်သည် အသင်္ခတ (နိဗ္ဗာန်) မည်၏ဟု ပုဗ္ဗသေလိယဂိုဏ်းသား, မဟိံသာသက ဂိုဏ်းသားတို့ ယူကြ၏။ ပဋိစ္စသမုပ္ပါဒ် အသင်္ခတ (နိဗ္ဗာန်) မဟုတ်ပုံကို အရှင်မောဂ္ဂလိပုတ္တတိဿထေရ် လုံလောက်စွာ မိန့်ကြားတော်မူ၏။ [၆၉] သစ္စာ ၄-ပါးကို ပုဗ္ဗသေလိယ ဂိုဏ်းသားတို့က နိဗ္ဗာန်ဟုဆို သစ္စာ ၄-ပါးသည် မြဲသောကြောင့် အသင်္ခတ (နိဗ္ဗာန်) ဖြစ်သည်ဟု ပုဗ္ဗသေလိယဂိုဏ်းသားတို့ ဆိုကြကုန်၏။ ယင်းသို့ယူပါက သစ္စာ ၄-ပါးသည် ရှိသလို အသင်္ခတ (နိဗ္ဗာန်)လည်း ၄-ပါးဖြစ်စရာ ရှိသောကြောင့် ယင်းသို့မရှိနိုင်ကြောင်း အရှင်မောဂ္ဂလိပုတ္တတိဿထေရ် ဟောကြားတော်မူခဲ့သည်။ [၇၀]

အရူပတရား နိဗ္ဗာန်ဟု ယူသည်ကိုပယ်

ပြင်ဆင်ရန်

အရူပတရားတို့ကိုလည်း အသင်္ခတ (နိဗ္ဗာန်)ဟု မိစ္ဆာဝါဒီတချို့ ယူကြ၏။ ယင်းတို့ ယူသည့်အတိုင်း အရူပတရားမှာ အသင်္ခတ (နိဗ္ဗာန်) မဟုတ်ကြောင်း အရှင်မောဂ္ဂလိပုတ္တတိဿထေရ် ရှင်းလင်းထား၏။ [၇၁]

နိရောဓသေမာပတ်ကို နိဗ္ဗာန်ဟု အန္ဓကနှင့် ဥတ္တရာပထဂိုဏ်းသားတို့ယူ

ပြင်ဆင်ရန်

နိရောဓသမာပတ်ကို အသင်္ခတ (နိဗ္ဗာန်)ဟု အန္ဓကဂိုဏ်းသား, ဥတ္တရာပထဂိုဏ်းသား ရဟန်းတို့ ယူကြ၏။ ယင်းနိရောဓသမာပတ်၏ အသင်္ခတ (နိဗ္ဗာန်) မဟုတ်ကြောင်း အရှင်မောဂ္ဂလိပုတ္တတိဿထေရ် မိန့်ကြားတော်မူခဲ့သည်။ [၇၂]

ကောင်းကင်ကို နိဗ္ဗာန်ဟု ယူသူတို့ လည်းရှိ

ပြင်ဆင်ရန်

ဥတ္တရာပထဂိုဏ်းသား ရဟန်းတို့နှင့် မဟိံသာသကဂိုဏ်းသား ရဟန်းတို့ကမူ ကောင်းကင် (ကသိဏုဂ္ဃါဋိမာကာသနှင့် အဇဋာကာသ)ကို အသင်္ခတ (နိဗ္ဗာန်)ဟု ယူကြ၏၊ ယင်း အာကာသတို့ ဘယ်နည်း နှင့်မှ နိဗ္ဗာန်မဟုတ်ကြောင်း ရှင်းထား၏။ [၇၃]

သံယောဇဉ်မပယ်ပဲ ပရိနိဗ္ဗာန်ပြုဟု အန္ဓကဂိုဏ်းသားတို့ယူ

ပြင်ဆင်ရန်

ရဟန္တာပုဂ္ဂိုလ်သည် ဘုရားမြတ်စွာ ဉာဏ်တော်အရာဖြစ်သော တရား၌ သံယောဇဉ် မပယ်နိုင်ပဲသာလျှင် ပရိနိဗ္ဗာန်ပြုသည်ဟု အန္ဓကဂိုဏ်းသားတို့ အယူရှိကြသည်၊ ထို့ကြောင့် သံယောဇဉ်အချို့ မပယ်ပဲ ပရိနိဗ္ဗာန်ပြုခြင်း မရှိကြောင်းကို လုံလောက်စွာ အရှင်မောဂ္ဂလိပုတ္တတိဿ ထေရ်ရှင်းလင်းမိန့်ကြားတော်မူသည်။ [၇၄] ဤသည်လျှင် နိဗ္ဗာန်နှင့်စပ်၍ သိမှတ်ဖွယ် စုံနိုင်သမျှစုံအောင် ဖော်ပြချက်တည်း။


ကျမ်းကိုး

ပြင်ဆင်ရန်
  1. နိဗ္ဗာန (န) [ဝါန + နိ။ ဝိဘာဝိနီ၊၇၈။ မဏိမဉ္ဇူ၊၁၊၁၃၇။ ရူ၊နှာ။ ၁၉၈။ နိ + ဝါန။ နိရုတ္တိ၊၅၄၃။ နိ + ဝါ + ယု။ ဝိဘာဝိနီ၊၇၈။ မဏိမဉ္ဇူ၊၁၊၁၃၇။ နိ + ဗာဓ + ယု။ ဓ-ကို ဗ-ပြု။ ဓမ္မပဒမဟာဋီ။ ၃၄။ နိ + ဝါရ + ယု။ ဝ-ကို ဗ-ပြု၊ ရ-ကို ဗ-ပြု။ နိ + ဝုဏ + ယု။ ဝ-ကို ဗ-ပြု၊ ဥ-ကို အာ-ပြု၊ ဏ-ကို ဗ–ပြု၊ ဓမ္မပဒမဟာဋီ၊ ၃၈။ (နိဝါဏ-သံ၊ နိဂ္ဂါဏ-အဒ္ဓမာဂဓီ၊ ဏိဝွဏ-ပြာ၊ နိဝန–သီဟိုဠ်)
  2. နိဗ္ဗာန်။ ဝါနတော နိက္ခန္တန္တိ နိဗ္ဗာနံ။ ဒီ၊ဋ္ဌ၊၂၊၅၆။ နတ္ထိ ဧတ္ထ တဏှာသင်္ခါတံ ဝါနံ၊ နိဂ္ဂတံ ဝါ တသ္မာ ဝါနာတိ နိဗ္ဗာနံ။ အဘိ၊ဋ္ဌ၊၁၊၄၃၅။ ဝါနံ ဝုစ္စတိ တဏှာ၊ နိက္ခန္တံ ဝါနတော, နတ္ထိ ဝါ ဧတ္ထ ဣမသ္မိံ ဝါ အဓိဂတေ ဝါနဿ အဘာဝေါတိ နိဗ္ဗာနံ။ ဣတိဝုတ်၊ဋ္ဌ၊၁၅၇။ နိဗ္ဗာန (ဗုဒ္ဓဝံ၊၃၀၇) န္တိ တိဝိဓဿ ရာဂါဒိ အဂ္ဂိဿ နိဗ္ဗာပနံ ဥပသမနံ နိဗ္ဗာနဉ္စ ဣစ္ဆိတဗ္ဗံ။ ဗုဒ္ဓဝံ၊ဋ္ဌ၊၉၁။ သံသာရဒုက္ခသန္တိဘူတတ္တာ နိဗ္ဗုတန္တိ နိဗ္ဗာနံ။ နတ္ထေတ္ထ တဏှာသင်္ခါတံ ဝါနန္တိပိ နိဗ္ဗာနံ။ ပဋိသံ၊ဋ္ဌ၊၁၊၁၀၁။ နိဗ္ဗာန (ဝိသုဒ္ဓိ၊၁၊၃၆၉) န္တိ တိဿန္နံ ဒုက္ခတာနံ နိဗ္ဗုတိံ။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၆၀။
  3. (၁) (က) ကိလေသနိဗ္ဗာန်။ (ခ) အနုပါဒိသေသနိဗ္ဗာန်၊ ဇညာ နိဗ္ဗာနမတ္တနော။ ဥဒါန၊၁၀၈။ = ဘိန္နကိလေသော ဘိက္ခု အတ္တနော ကိလေသနိဗ္ဗာနံ ပစ္စဝေက္ခဏဉာဏေန သယမေဝ ဇာနေယျာတိ အတ္ထော။ အထ ဝါ... အတ္တနော အနုပါဒိသေသနိဗ္ဗာနမေဝ ဇာနေယျ စိန္တေယျ၊ ဥဒါန၊ဋ္ဌ၊၁၇၃။
  4. (ဝိ၊ဋ္ဌ၊၁၊၁၈၄။ အံ၊ဋ္ဌ၊၁၊၄၂။ အဘိ၊ဋ္ဌ၊၁၊ ၄၃၅။ ဣတိဝုတ်၊ဋ္ဌ၊၁၅၇။ မဟာနိ၊ဋ္ဌ၊၈၈။ သံ၊ဋီ၊သံ၊ဋီ၊၁၊၈၁။)
  5. (သာရတ္ထ၊၂၊၁၅၂။ ဒီ၊ဋီ၊၂၊၂၈၄။ မ၊ဋီ၊၁၊၃၃၅။)
  6. (အဘိ၊ဝတာရ၊၁၀၈။ ဝိဘာဝိနီ၊၇၅၊ အဘိ၊ဝတာရ၊ဋီ၊၂၊၂၈၉။ မဏိမဉ္ဇူ၊၁၊၁၃၇။)
  7. (သင်္ဂဟ၊၄၅။ ဝိဘာဝိနီ၊၂၁၆။ မဏိမဉ္ဇူ၊၂၊၂၂၂။),
  8. (အဘိ၊ဋ္ဌ၊၂၊၃၀၀၊ ၄၃၅။ ပဋိသံ၊ဋ္ဌ၊၂၊၈၂။ ဣတိဝုတ်၊ဋ္ဌ၊၁၅၇။ နေတ္တိ၊ဋ္ဌ၊၁၂၉။ ဒီ၊ဋီ၊၂၊၂၈၄။ မ၊ဋီ၊၁၊၃၃၅။),
  9. (သာရတ္ထ၊၁၊၄၄၂။)
  10. (ဝိဘာဝိနီ၊၇၅။),
  11. (ပရမတ္ထဒီပနီ၊၂၄။),
  12. (ပရမတ္ထဒီပနီ၊၂၄။ မဟာအတုလဋီကာ။ ၂၇။)
  13. (ကေစိဝါဒအဆို။ မဟာအတုလဋီကာ။ ၂၇။)
  14. (= နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ။ ဝိသုဒ္ဓိ၊ဋီ၊၂၊၇၀။)
  15. (အဘိ ၁။ ၂၇၁)
  16. (အဘိ၊ဝတာရ၊၁၁၁။ အဘိ၊ဝတာရ၊ဋီ၊၂၊၁၉၇။)
  17. (ဝိ၊၄၊၄၂၃။ အံ၊၃၊၄၂၊ ၄၅။ အဘိ၊က၊၁၆၈။ ဥဒါန၊၁၄၃။)
  18. (ဒီ၊၂၊၂၄၆-၇။ အဘိ၊ဝိ၊၁၀၆-၈။)
  19. (ဒီ၊၂၊၂၄၇-၉။ အဘိ၊ဝိ၊ ၁၀၉၊ ၂၁၀။)
  20. (ဒီ၊ဋ္ဌ၊၂၊၃၉၀-၁။ အဘိ၊ဋ္ဌ၊၂၊၁၀၆။ ဒီ၊ဋီ၊၂၊၃၄၂။ မူလဋီ၊၂၊၇၀။ အနုဋီ၊၂၊၇၅။)
  21. (ဒီ၊၁၊၂၁၃။)
  22. (ဒီ၊၁၊၂၁၃။)
  23. (ဒီ၊၁၊၂၁၃။)
  24. (နိဗ္ဗာနဝိဿဇ္ဇနာ။ ၂၂၆။)
  25. (မူလဋီ၊၃၊၁၈၆။)
  26. (ဓမ္မ၊ဋ္ဌ၊၂၊၃၉၃။ ဓမ္မပဒ၊ မဟာဋီ၊၃၀၈။)
  27. (ဝိ၊၅၊၁၅၇။)
  28. (ဒီ၊ဋ္ဌ၊၂၊၁၈၇။)
  29. (ဝိဘာဝိနီ၊၁၈၈။)
  30. (ဝိဘာဝိနီ၊၂၁၆။)
  31. (ဝိဘာဝိနီ၊၂၅၁-၂။)
  32. (သင်္ခေပဝဏ္ဏနာဋီကာ။ ၂၁၇။)
  33. (သံ၊၁၊၄၆၆။)
  34. (ထေရီ၊ ၄၃၀။ ထေရီ၊ဋ္ဌ၊၂၉၀။)
  35. (ဓမ္မ၊ဋ္ဌ၊၂၊၁၆၉။)
  36. (ဥဒါန၊ဋ္ဌ၊၃၀။ ပဋိသံ၊ဋ္ဌ၊၂၊၅၃။)
  37. (အဘိ၊ဋ္ဌ၊၂၊၈၀။ ဝိသုဒ္ဓိ၊၂၊၁၂၇။)
  38. (အဘိ၊ဋ္ဌ၊၂၊၈၂။ ဝိသုဒ္ဓိ၊၂၊၁၄၂။ မူလဋီ၊၂၊၅၆။ ဝိသုဒ္ဓိ၊ဋီ၊၂၊၂၁၈။)
  39. (မ၊ဋ္ဌ၊၃၊၁၃၄။)
  40. (ဝိသုဒ္ဓိ၊၂၊၁၄၀။ ဝိသုဒ္ဓိ၊ဋီ၊၂၊၂၀၉။)
  41. (ဝိသုဒ္ဓိ၊၂၊၁၄၀ ဝိသုဒ္ဓိ၊ဋီ၊၂၊၂၀၉။)
  42. (ဓမ္မ၊၁၆။)
  43. (ဓမ္မ၊၁၆။)
  44. (ဓမ္မ၊၁၇။)
  45. (ဓမ္မ၊၁၇။)
  46. (ဓမ္မ၊၂၆။)
  47. (ဓမ္မ၊၃၀။)
  48. (ဒီ၊၂၊၄၂။ ဓမ္မ၊၄၁။)
  49. (ဓမ္မ၊၄၃။)
  50. (ဓမ္မ၊၄၃။)
  51. (ဓမ္မ၊၄၆။)
  52. (ဓမ္မ၊၄၆။)
  53. (ဓမ္မ၊ ၅၄။)
  54. (ဓမ္မ၊၆၆။)
  55. (ဓမ္မ၊၆၆။)
  56. (ဝိ၊၃၊၄။ ဥဒါန၊၈၈။)
  57. (သုတ္တနိ၊၄၀၇။)
  58. (အံ၊၃၊၄၇။)
  59. (ဇာ၊၁၊၃၇။ ဇာ၊ဋ္ဌ၊၂၊၂၁။)
  60. (ဒီ၊၂၊၂၃၁။ မ၊၁၊၇၀။)
  61. (အဘိ၊က၊၁၁၂။)
  62. (ဇာ၊၁၊၂၂။)
  63. (သံ၊၁၊၂၉။ သံ၊ဋ္ဌ၊၁၊၇၉။)
  64. (သံ၊၁၊၂၁။ ဇာ၊၁၊၁၈၄။)
  65. (သံ၊၁၊၃၀။)
  66. (သံ၊၁၊၄၆။)
  67. တိပိဋကအဘိဓာန် အတွဲ-၁၂
  68. (အဘိ၊ က၊ ၂၃၉။ အဘိ၊ဋ္ဌ၊၃၊၁၉၁။)
  69. (အဘိ၊က၊၂၄၀။ အဘိ၊ဋ္ဌ၊၃၊၁၉၁။)
  70. (အဘိ၊က၊၂၄၂။ အဘိ၊ဋ္ဌ၊၃၊၁၉၂။)
  71. (အဘိ၊က၊၂၄၄။)
  72. (အဘိ၊က၊၂၄၅။ အဘိ၊ဋ္ဌ၊၃၊၁၉၃။)
  73. (အဘိ၊က၊၂၄၆။ အဘိ၊ဋ္ဌ၊၃၊၁၉၄။)
  74. (အဘိ၊က၊၄၄၂။ အဘိ၊ဋ္ဌ၊၃၊၂၇၉။)