နေက္ခမ္မသိတဒေါမနဿဝေဒနာကိုပင် နိရာမိသ ဒုက္ခဝေဒနာဟု ခေါ်သည်။

နေက္ခမ္မသိတဒေါမနဿ

ပြင်ဆင်ရန်

ရူပါရုံတို့၏သာလျှင် မမြဲသော အနိစ္စအခြင်းအရာကိုလည်းကောင်း, ဖောက်ပြန်ခြင်း = ဝိပရိဏာမ သဘော, ကင်းပြတ်ခြင်း = ဝိရာဂသဘော, ချုပ်ပျောက်ခြင်း = နိရောဓသဘောကိုလည်းကောင်း သိရှိ၍ --- ရှေး၌ ဖြစ်ခဲ့ပြီးကုန်သော ရူပါရုံတို့သည်လည်းကောင်း, ယခုအခါ၌ ရူပါရုံတို့သည်လည်းကောင်း ရှိကြကုန်၏။ ခပ်သိမ်း ကုန်သော ထိုရူပါရုံတို့သည် ---

  1. ဖြစ်ပြီးလျှင် ပျက်တတ်သော အနိစ္စတရားတို့သာတည်း၊
  2. ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံရသော ဒုက္ခတရားတို့သာတည်း၊
  3. ဇရာ-မရဏတို့ဖြင့် ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမတရားတို့သာတည်း ---

ဤသို့လျှင် ဤရူပါရုံကို မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ရသည် ဖြစ်၍ ကိလေသာတို့မှ လွတ်မြောက်မှုတို့၌ အသာဆုံး အမြတ်ဆုံး ဖြစ်သောကြောင့် အနုတ္တရဝိမောက္ခ အမည်ရကုန် သော အရဟတ္တဖိုလ်တို့၌ --- အရိယာ သူတော်ကောင်းတို့သည် ယခုအခါ၌ အကြင် အရဟတ္တဖိုလ်သို့ ကပ်ရောက်၍ နေထိုင်တော်မူကြကုန်၏၊ ငါသည်လည်းပဲ အဘယ်မည်သော အခါ၌ ထိုအရဟတ္တဖိုလ်သို့ ကပ်ရောက် ၍ နေရပါအံ့နည်း --- ဟူသော တောင့်တခြင်းကို (မြတ်နိုးခြင်းကို) ဖြစ်စေ၏။ ဤသို့လျှင် အနုတ္တရဝိမောက္ခ တရားတို့၌ တောင့်တခြင်း (ချစ်မြတ်နိုးခြင်းကို) ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ တောင့်တမှု (ချစ် မြတ်နိုးမှု) ဟူသော အကြောင်းကြောင့် ဒေါမနဿတရားသည် ဖြစ်ပေါ်၍လာ၏။ ဤဒေါမနဿတရားသည် နေက္ခမ္မသိတဒေါမနဿ မည်၏။ နိရာမိသ ဒုက္ခဝေဒနာတည်း။

(သဒ္ဒါရုံ စသည့် အာရုံငါးပါးတို့၌လည်း ပုံစံတူပင် ဟောကြားထားတော်မူပေသည်။) [][]

ဘုရား အစရှိသော အရိယာသူတော်မြတ်တို့၏ အထံမှ အရဟတ္တဖိုလ်၏ ဂုဏ်ကျေးဇူးတို့ကို တစ်ဆင့် ကြားနာရ၍ အရဟတ္တဖိုလ်ကို ရလိုသော ကြံစည်စိတ်ကူးမှုများသည် ဖြစ်ပေါ်လာ၏၊ အရဟတ္တဖိုလ်ကို ရည် ညွှန်း၍ ဆုတောင်းပန်ထွာမှုကိုလည်း ပြု၏။ ထိုအရဟတ္တဖိုလ်၌ မိမိ၏ စိတ်ကို ရရှိဖို့ရန် ဆောက်တည်ထား ၏။ ဤသို့ အရဟတ္တဖိုလ်ကို လိုလားတောင့်တလျက်ရှိသော သူတော်ကောင်းတစ်ဦးသည် အရဟတ္တဖိုလ်ကို ရကြောင်းဖြစ်သည့် သမထ ဝိပဿနာ ဘာဝနာတို့ကို စီးဖြန်းအားထုတ်လေရာဝယ် ဒွါရ (၆)ပါးတို့၌ ဣဋ္ဌာရုံ (၆)မျိုးတို့သည် ထိုက်သလို ထင်လာကြ၏။ ဤသို့လျှင် ဒွါရ (၆)ပါးတို့၌ ဣဋ္ဌာရုံသည် ထင်လာလတ်သော် အရဟတ္တဖိုလ်၌ လိုလားတောင့်တခြင်း = ချစ်မြတ်နိုးခြင်းဟူသော အလွန် သိမ်မွေ့နူးညံ့သော ပိဟတရားကို ဖြစ်စေ လျက် ထိုအရဟတ္တဖိုလ်ကို ရရှိခြင်းငှာ ယင်းအာရုံ (၆)ပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာရေးတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ဝိပဿနာဉာဏ်ကို ဖြစ်စေ၏၊ ဝိပဿနာဉာဏ်ကို ဖြစ်စေ၍ အရဟတ္တဖိုလ်သို့တိုင်အောင် ရောက်ရှိအံ့သောငှာ လုံ့လကြိုးကုတ် အားထုတ်ပါသော်လည်း ရောက်ရှိစေဖို့ရန် မစွမ်းနိုင် ဖြစ်နေ၏။ ထိုသို့ အရဟတ္တဖိုလ်သို့ ရောက်ရှိဖို့ရန် မစွမ်းနိုင် ဖြစ်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် -

ငါသည် ဤလဆန်းပက္ခပတ်လုံးလည်း, ဤလဆုတ်ပက္ခပတ်လုံးလည်း, ဤလပတ်လုံးလည်း, ဤနှစ် ပတ်လုံးလည်း ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်ပါလျက် ဖြစ်စေပါလျက် အရဟတ္တဖိုလ်သို့ ရောက်ရှိအံ့ သောငှာ မစွမ်းနိုင်ခဲ့လေပေါ့ --- ဟု

အဖန်ဖန် ဝမ်းနည်း ကြေကွဲခြင်းသည် ဖြစ်ပေါ်လာ၏။ ယင်းသို့ အဖန်ဖန် ဝမ်းနည်း ကြေကွဲသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ရွာနီးကျောင်း လိုဏ်ဂူ၌ သီတင်းသုံးတော်မူသော မဟာသီဝမထေရ်မြတ်ကြီး၏ သန္တာန်၌ကဲ့သို့ မျက်ရည် အယဉ်တို့ကို တသွင်သွင် စီးဆင်းစေသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကြကုန်သော (၆)ပါးကုန်သော ဒေါမနဿဝေဒနာတို့ကို နေက္ခမ္မသိတဒေါမနဿဝေဒနာတို့ဟူ၍ သိအပ်ကုန်၏။[]

ဥက္ကဋ္ဌနိဒ္ဒေသနည်းအားဖြင့်

ပြင်ဆင်ရန်

အနုတ္တရဝိမောက္ခ အရ အရဟတ္တဖိုလ်ကို ကောက်ယူရန် အဋ္ဌကထာက (မ၊ဋ္ဌ၊၄၊၁၈၆) ဖွင့်ဆိုခြင်းမှာ အသာဆုံး အမြတ်ဆုံးဖြစ်သည့် ဝိမောက္ခတရား = ကိလေသာတို့မှ လွတ်မြောက်ကြောင်းတရားကို ညွှန်ကြား တော်မူလိုသည့် အတွက် ဥက္ကဋ္ဌနိဒ္ဒေသနည်းအားဖြင့် ဖွင့်ဆိုခြင်း ဖြစ်သည်။ ဥပစာရစျာန်, အပ္ပနာစျာန်, ဝိပဿနာစျာန်, အောက်မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို လိုလားတောင့်တလျက် ချစ်မြတ်နိုးလျက် သမထ ဝိပဿနာ ဘာဝနာတို့ကို အားထုတ်ရာ၌လည်း မျှော်လင့် တောင့်တသည့်အတိုင်း မရရှိ၍ ဝမ်းနည်းကြေကွဲရာ၌ ဖြစ်ပေါ် လာကုန်သော ဒေါမနဿဝေဒနာတို့သည်လည်း နေက္ခမ္မသိတဒေါမနဿဝေဒနာတို့သာတည်းဟု မှတ်ပါ။[]

ဆိုလိုရင်းသဘော

ပြင်ဆင်ရန်

ဤ၌ ပိဟာခေါ်သော လောဘတရားက အရိယဖိုလ်ကို ဧကန် တိုက်ရိုက် အာရုံပြု၍ တောင့်တသည်ဟု ဆိုလိုသည် မဟုတ်၊ လောဘကဲ့သို့သော အကုသိုလ်ကို မဆိုထားဘိ၊ ဉာဏဝိပ္ပယုတ်ကုသိုလ်များသည်ပင်သော် လည်း လောကုတ္တရာတရားကို လုံးဝတိုက်ရိုက် အာရုံ မပြုနိုင်ချေ။ အမှန်စင်စစ်သော်ကား --- အရိယဖိုလ်တို့သည် ဤသို့ ဤသို့သော အာနုဘော်ထူး ဂုဏ်ကျေးဇူး ရှိကုန်၏ စသည်ဖြင့် တစ်ဆင့်ကြား၍ ဖြစ်စေ, ကျမ်းဂန်စာပေ သင်ကြားခြင်း, သမထ ဝိပဿနာ ဘာဝနာတရားတို့ကို ပွားများခြင်း၏ စွမ်းအင်သတ္တိကြောင့် ထင်ရှားလာသော လောကုတ္တရာတရားတို့၏ အခြင်းအရာ အာကာရ သဘောသွားကို မှတ်သားတတ်သည့် ဉာဏ်ပညာ၌ တည်၍ ဖြစ်စေ --- အနုမာန မှန်းဆသောအားဖြင့် လောကုတ္တရာ အရိယဖိုလ်တရားတို့ကို တောင့်တကြလေသည်။

အလွန်မွန်မြတ် သိမ်မွေ့သော စျာန်, မဂ်, ဖိုလ်, နိဗ္ဗာန်တရားတို့၏ အမည်နာမ ပညတ်များသည်လည်း ထိုတရားတို့ကဲ့သို့ပင် မွန်မြတ် သိမ်မွေ့သော သဘော ရှိကုန်၏။ သို့ရကား ပုထုဇန် သူငါတို့သည် မိမိတို့ မရသေး မသိသေးသော စျာန်, မဂ်, ဖိုလ်, နိဗ္ဗာန်တရားတို့ကို တိုက်ရိုက်အာရုံပြု၍ တောင့်တနိုင်ကြသည်ကား မဟုတ် ကုန်၊ ထိုတရားတို့၏ စျာန်ဟူသော အမည် နာမပညတ်, မဂ် ဖိုလ် နိဗ္ဗာန်ဟူသော အမည် နာမပညတ် --- ဤ အလွန်သိမ်မွေ့လှသည့် ပညတ်တို့ကို အာရုံပြု၍သာ ထိုစျာန်, မဂ်, ဖိုလ်, နိဗ္ဗာန်တရားတို့ကို ရော်ရမ်းမှန်းဆ အနုမာနအားဖြင့်သာ တောင့်တကြရလေသည်။ ထိုကြောင့် ဤယခုအခါ၌ ပုထုဇန် ယောဂီသူတော်ကောင်း တို့သည် တစ်ဆင့်ကြား = သုတပရိယတ်အားဖြင့် သိရှိအပ်သည့် လောကုတ္တရာ အရိယဖိုလ်တရားတို့ကို ရော်ရမ်းမှန်းဆ၍ ထိုအရိယဖိုလ်တရားတို့၏ လောကုတ္တရာ အရိယဖိုလ်ဟူသော ပညတ်ကိုသာ အာရုံပြု၍ လို လားတောင့်တမှု = ပိဟာ ခေါ်သော လောဘတရားကိုဖြစ်စေကြသည်ကိုပင် လောကုတ္တရာ အရိယဖိုလ်တရား တို့၌ လိုလားတောင့်တမှု = ပိဟာ ခေါ်သော သိမ်မွေ့သော လောဘတရားသည် ဖြစ်ပေါ်လာ၏ဟု ဖော်ပြခြင်း ဖြစ်ပေသည်။

ထိုသို့ လောကုတ္တရာ အရိယဖိုလ်တရားတို့၌ လိုလားတောင့်တမှု = ပိဟာခေါ်သော သိမ်မွေ့သော လောဘ တရားသည် ထင်ရှားဖြစ်ပေါ်ပြီးနောက် ထိုလောကုတ္တရာ အရိယဖိုလ်တရားတို့ကို ရရှိနိုင်ရန် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို မနေမနား ပွားများကြိုးကုတ် အားထုတ်ပါလျက် အရိယဖိုလ်သို့ မရောက်နိုင်သော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် --- ငါကား ဤပက္ခပတ်လုံး, ဤလပတ်လုံး, ဤနှစ်ပတ်လုံး ဝိပဿနာတရားကို မနေမနား ပွားများကြိုးကုတ် အားထုတ်ပါလျက် ငါတောင့်တသည့် အရိယဖိုလ်သို့ မရောက်နိုင်စွတကားဟု အဖန်ဖန် စိုးရိမ်ပူပန်သောအခါ ဖြစ်ပွား ပေါ်ပေါက်၍လာသော စိတ်နှလုံးမသာယာခြင်း = ဒေါမနဿဝေဒနာကို နေက္ခမ္မသိတဒေါမနဿဝေဒနာဟု ခေါ်၏။

တစ်ဖန် မိမိရရှိထားပြီးသော စျာန်များ၏ လျှောကျသွားခြင်းကြောင့်လည်းကောင်း, ရရှိထားပြီး ဖြစ်သည့် စျာန်ကို တစ်ဖန်ပြန်၍ မရရှိသေးခြင်းကြောင့်လည်းကောင်း ထိုပျောက်ပျက်သွားသော စျာန်ကို အာရုံယူ၍ ဖြစ် ပေါ်လာသော စိတ်နှလုံး မသာယာမှု = ဒေါမနဿဝေဒနာကိုလည်း နေက္ခမ္မသိတဒေါမနဿဝေဒနာဟုပင် ခေါ်ဆို၏။

ယင်း နေက္ခမ္မသိတဒေါမနဿဝေဒနာတို့ကို မှီဝဲလျှင် အဖန်တလဲလဲ ဖြစ်စေလျှင် ထိုဒေါမနဿဝေဒနာမှ အားကြီးသော မှီရာ ဥပနိဿယပစ္စည်း အကြောင်းတရားကို ရရှိ၍ သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ ဆတက်ထမ်းပိုး တိုးပွားလာနိုင်သဖြင့် အကုသိုလ်တရားများ ဆုတ်ယုတ်ကာ ကုသိုလ်တရားတို့သည် ဒီရေအလား တစ်နေ့တခြား တိုးပွားလာနိုင်လေသည်။ ထိုကြောင့် ယင်းနေက္ခမ္မသိတ ဒေါမနဿဝေဒနာကို မှီဝဲအပ် မှီဝဲ ကောင်း၏ဟူ၍ သက္ကပဥှသုတ္တန်၌ ဘုရားရှင်သည် ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။ ဤတွင် မဟာသီဝမထေရ်မြတ်ကြီး၏ထုံးကို အဋ္ဌကထာက ထုတ်ဆောင် ပြထားတော်မူပေသည်။

နိရာမိသ ဒုက္ခဝေဒနာ ရှုကွက်

ပြင်ဆင်ရန်

ရူပါရုံ စသည့် အာရုံ (၆)ပါးတို့ကို တစ်နည်းဆိုရသော် ဥပါဒါနက္ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါသော်လည်း မိမိ တောင့်တနေသည့် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ မဆိုက်ရောက်နိုင်သဖြင့် ဝမ်းနည်းကြေကွဲမှု ဖြစ်ခဲ့သော် ယင်းဒေါမနဿဝေဒနာ ဦးဆောင်သည့် နာမ်တရားစု တို့ကိုလည်းကောင်း, မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကိုလည်းကောင်း သိမ်းဆည်း ရှုပွားပါ။ အာရုံ (၆)ပါးတို့ကို တစ်ပါးစီ ခွဲခြား၍ ရှုပါက နိရာမိသ ဒုက္ခဝေဒနာ (၆)မျိုး ဖြစ်ပေသည်။[]

  1. ရူပါနံတွေဝ အနိစ္စတံ ဝိဒိတွာ ဝိပရိဏာမဝိရာဂနိရောဓံ ပုဗ္ဗေ စေဝ ရူပါ ဧတရဟိ စ၊ သဗ္ဗေ တေ ရူပါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ အနုတ္တရေသု ဝိမောက္ခေသု ပိဟံ ဥပဋ္ဌာပေတိ ကုဒါဿု နာမာဟံ တဒါယတနံ ဥပသမ္ပဇ္ဇ ဝိဟရိဿာမိ၊ ယဒရိယာ ဧတရဟိ အာယတနံ ဥပသမ္ပဇ္ဇ ဝိဟရန္တီတိ။ ဣတိ အနုတ္တရေသု ဝိမောက္ခေသု ပိဟံ ဥပဋ္ဌာပယတော ဥပ္ပဇ္ဇတိ ပိဟပစ္စယာ ဒေါမနဿံ၊ ယံ ဧဝရူပံ ဒေါမနဿံ၊ ဣဒံ ဝုစ္စတိ နေက္ခမ္မသိတံ ဒေါမနဿံ။ (မ၊၃၊၂၆၁။)
  2. ၂.၀ ၂.၁ နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ - ဖားအောက်တောရဆရာတော်
  3. ဣမာနိ ဆ နေက္ခမ္မသိတာနိ ဒေါမနဿာနီတိ ဣမာနိ ဧဝံ ဆသု ဒွါရေသု ဣဋ္ဌာရမ္မဏေ အာပါထဂတေ အရဟတ္တေ ပိဟံ ပဋ္ဌပေတွာ တဒဓိဂမာယ အနိစ္စာဒိဝသေန ဝိပဿနံ ဥပဋ္ဌပေတွာ ဥဿုက္ကာပေတုံ အသက္ကောန္တဿ ဣမမ္ပိ ပက္ခံ ဣမမ္ပိ မာသံ ဣမမ္ပိ သံဝစ္ဆရံ အရဟတ္တံ ပါပုဏိတုံ နာသက္ခိန္တိ အနုသောစတော ဂါမန္တပဗ္ဘာရဝါသိမဟာသိဝတ္ထေရဿ ဝိယ အဿုဓာရာပဝတ္တနဝသေန ဥပ္ပန္နဒေါမနဿာနိ ဆ နေက္ခမ္မသိတဒေါမနဿာနီတိ ဝေဒိတဗ္ဗာနိ။ (မ၊ဋ္ဌ၊၄၊၁၈၇။)
  4. အနုတ္တရဝိမောက္ခော နာမ အရဟတ္တံ ဣဓ အဓိပ္ပေတံ ဥက္ကဋ္ဌနိဒ္ဒေသေန။ (မ၊ဋီ၊၃၊၃၈၃။) အနုတ္တရေသု ဝိမောက္ခေသူတိ သုညတဖလာဒိအရိယဖလဝိမောက္ခေသု။ (ဒီ၊ဋီ၊၂၊၂၆၅။)