မဟာသီဝမထေရ်
ရှေးအခါက အရှင်မဟာသီဝမည်သော မထေရ်ကြီးသည် ဂိုဏ်းကြီး (၁၈)ဂိုဏ်းရှိ သံဃာ့ပရိသတ်အား စာပေကျမ်းဂန်တို့ကို ပို့ချနေလေသည်၊ ထိုမထေရ်ကြီး၏လမ်းညွှန်နည်းပေးမှုဖြင့် ရဟန္တာဖြစ်သွားကြသည့် ရဟန်းတော်များမှာ သုံးသောင်းမျှ ရှိသတဲ့၊ ထိုရဟန်းတို့ထဲတွင် တပည့် ရဟန်းတော်တစ်ပါးက ဆရာမထေရ်၏ သီလဂုဏ်အဆင့်ကို ဆင်ခြင်ကြည့်ရာ ပုထုဇဉ်မျှသာ ရှိသေးကြောင်း သိရ၍ “ဩော် ငါတို့ဆရာဘော်ကြီးဟာ တစ်ပါးသူတို့ရဲ့ ကိုးကွယ်ရာသာဖြစ်ပြီး သူကိုယ်တိုင် ကိုးကွယ်ရာဖြစ်အောင် မစွမ်းဆောင်နိုင်သေးပါတကား၊ ငါ့ကိုယ်တိုင်သွားပြီး သတိပေး ဆုံးမ စကား ပြောကြားမည်”ဟု စဉ်းစားပြီး ကောင်းကင်ခရီးဖြင့် ကြွသွား၏။
ကျောင်းအနီးတွင် ဆင်းသက်၍ ဆရာတော် မထေရ်ကြီး အနီးသို့ သွား၏၊ ဘာကိစ္စအတွက် ကြွလာပါသလဲလို့ ထိုမထေရ်ကြီးက မေးသည့် အခါ အနုမောဒနာတရားတပုဒ်ကိုသင်ယူလို၍ လာပါသည်ဟုလျှောက်၏ အားလပ်ချိန် မရှိဟု မထေရ်ကြီးက အမိန့်ရှိသည့်အခါ ဆွမ်းခံသွားရန် တန်ဆောင်းတွင် ရပ်နေခိုက် မေးပါမည်ဟု လျှောက်၏၊ ထိုနေရာ၌ အခြားရဟန်းတို့က မေးနေကြသည်ဟုဆိုရာ ဆွမ်းခံရွာသို့ဝင်စဉ် လမ်းမှာ မေးပါ မည်ဟု လျှောက်ပြန်၏၊ အဲသည်လမ်းမှာလဲပဲ မေးမည့်သူများ ရှိနေကြသည်ဟုဆိုရာ သင်္ကန်းရုံချိန် သပိတ်ကိုအိပ်ထဲမှ ထုတ်ချိန် ယာဂု သောက်ပြီးချိန်တို့မှာ မေးပါမည်ဟု လျှောက်ပြန်၏၊ အဲဒီအချိန်တွေမှာလဲ အဋ္ဌကထာကို လေ့လာကြတဲ့ မထေရ်များက မေးနေကြသည်ဟု ဆိုပြန်၏။
ဤသို့အားဖြင့် ဆွမ်းခံရွာမှ ပြန်လာချိန်၊ ဆွမ်းစားပြီးစအချိန်၊ နေ့လယ်ချိန်၊ အိပ်ယာဝင်ခါနီး ခြေဆေးချိန်၊ နံနက် မျက်နှာသစ်ရန် သွားချိန်၊ မျက်နှာသစ်ပြီး ပြန်လာချိန်၊ ကျောင်းခန်းတွင်း၌ ခေတ္တ နေထိုင်ချိန်တို့၌ မေးပါမည်ဟု တချိန်ပြီးတချိန် ခွင့်တောင်း၏၊ ဤအချိန် များ၌လည်း မေးမည့်သူများ ရှိနေသည်ဟု မိန့်တော်မူလေသည်။
တပည့် ရဟန္တာမထေရ်က “အရှင်ဘုရား’မျက်နှာသစ်ပြီးသည့်အခါ ကျောင်းခန်းတွင်းသို့ဝင်၍ သုံးလေးထိုင်ခန့်မျှ ဖင်နွေးအောင်ထိုင်ပြီ တရားနှလုံးသွင်းတဲ့ အချိန်ကလေးတော့ ထားခွင့်ရှိသင့်ပါသေးသည်၊ ယခု အတိုင်းဆိုလျှင် အရှင်ဘုရားတို့မှာ သေဖို့ အချိန်ကိုပင် မရကြတော့ပါဂားဘုရား၊ အရှင်ဘုရားသည် နောက်မှီခုံကြီးနှင့် တူပါသည်၊ သူတစ်ပါးတို့၏ မှီရာသာဖြစ်ပြီး မိမိကိုယ်တိုင်၏ မှီရာတော့ မဖြစ်နိုင်၊ မတတ်နိုင်ပါ၊ အရှင်ဘုရား၏ အနုမောဒနာ တရားကိုလည်း မနာကြားလိုတော့ပါ” ဟု လျှောက်ပြီး ကောင်းကင်သို့ ပျံတက်ကြွသွားလေတော့သည်။
ထိုအခါ မထေရ်ကြီးက “ထိုရဟန်းလာခြင်းမှာ စာသင်ဖို့ မဟုတ်၊ ငါ့ကို သတိပေးဖို့ဖြစ်မယ် ́ဟု သိရှိရိပ်မိပြီးနောက်တစ်နေ့နံနက် စောစောတွင် သပိတ်, သင်္ကန်းများကိုယူကာ တရား အားထုတ်ရန် ကျောင်းမှထွက်ခွာသွားလေတော့သည်။
ယင်းသို့ ထွက်ခွာသွားသည်ကို မည်သည့်တပည့်ကိုမျှ အသိမပေးခဲ့ပေ၊ အသိမပေးခြင်းမှာလည်း “မိမိလို ပုဂ္ဂိုလ်မျိုးအတွက် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရရန် မခဲယဉ်း၊ နှစ်ရက် သုံးရက် အားထုတ်ရုံမျှဖြင့် ရဟန္တာ ဖြစ်ပြီး ပြန်လာနိုင်မည်”ဟု အထင်ကြီးမိသောကြောင့် ဖြစ်၏။
ဤသို့ဖြင့် ရွာအနီး တောင်ချိုင့်တစ်ခု၌နေပြီး ဝါဆိုလဆန်း ၁၃-ရက် နေ့မှစ၍ တရားအားထုတ်လေရာ ဝါဆိုလပြည့်နေ့အထိ တရားထူးကို မရရှိ သေးသောကြောင့် “ဩော်-ငါသည် နှစ်ရက် သုံးရက်မျှဖြင့် အရဟတ္တဖိုလ်ကိုရမည်ဟု မျှော်လင့်လာခဲ့၏၊ သို့သော် ယခု မျှော်လင့်သလို မရခဲ့ချေ၊ ရှိပါစေတော့ ဤဝါတွင်း သုံးလကို သုံးရက်လောက် သဘောထားပြီး အားထုတ်ပစ်မည်၊ ဝါကျွတ်လျှင် သိရောပေါ့ဟု နှလုံးသွင်းပြီး ဆက်လက်အားထုတ်ပြန်လေသည်။
ဝါကျွတ်သည့်အခါမှာလည်း မဂ်, ဖိုလ်ကို မရသေးသောကြောင့် ဪ နှစ်ရက် သုံးရက်မျှဖြင့် ကိစ္စပြီးမည်ဟုထင်လာခဲ့မှာ ၃-လကြာသော်လည်း ကိစ္စမပြီးသေးပါတကား၊ သီတင်းသုံးဖော်များကတော့ ရဟန္တာ အဖြစ်ဖြင့် ပဝါရဏာပြုကြပေလိမ့်မည်”ဟု တွေးတောစဉ်းစားနေစဉ် မထေရ်မြတ်၏မျက်လုံးအိမ်ထဲမှ မျက်ရည်အယဉ်တို့သည် တသွင်သွင်ယိုစီး ကျလာကုန်၏။
ထို့နောက် အိမ်ရာဝင်ခါနီး ခြေဆေးရခြင်း၊ ခုတင်ပေါ်၌ လဲလျောင်းနေရခြင်းများကြောင့် မဂ်ဖိုလ်ကို မရနိုင်ခြင်းဖြစ်မည်၊ ရဟန္တာ မဖြစ်သရွှေ့ ကျောလဲမခင်း၊ ခြေလည်းမဆေးတော့အံ့ဟု ဆုံးဖြတ်ကာ ခုတင်ကို သိမ်းထားလိုက်လေသည်။ ထိုင်, ရပ်, သွား ဣရိယာပုတ်သုံးပါး ဖြင့်သာ အားထုတ်ခဲ့ရာ ၂၉-နှစ်ဟိုင်တိုင် ကြာခဲ့သော်လည်း မဂ်,ဖိုလ်ကို မရနိုင်ပဲ ရှိလေသည်။ ထို၂၉-နှစ်အတွင်း ပဝါရဏာနေ့ ရောက်တိုင်းရောက်တိုင်း မထေရ်ကြီးမှာ မျက်ရည်အဖြာဖြာ ကျဆင်းခဲ့ရလေသည်။
အနှစ် ၃၀-မြောက်၊ ပဝါရဏာနေ့သို့ ရောက်သည့်အခါမှာလည်း မဂ်, ဖိုလ်ကို မရသေးသောကြောင့် “ဪ...ငါတရားအားထုတ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀-ကြာခဲ့ပြီး အရဟတ္တဖိုလ်ကိုလည်း မရသေး၊ အမှန်ပါပဲ ငါ့မှာ သည်ဘဝတွင် မဂ်ဖိုလ်ရပုံမပေါ်ပါဖူး”ဟု တွေးတောမိစဉ် ဝမ်းနည်းလာပြီး မျက်ရည်များ စီးကျလာလေတော့သည်။
ထိုအခါ နတ်သမီးတစ်ယောက်က သတိပေးလိုသဖြင့် မနီးမဝေးတွင် မတ်တပ်ရပ်ကာ ငိုကြွေးနေလေသည်၊ ဟဲ့ ‘ဒီမှာငိုကြွေးနေတာ ဘယ်သူလဲ ဟု မထေရ်ကြီးက မေးသည့်အခါ “တပည့်တော် နတ်သမီးပါဘုရား”လို့ လျှောက်၏၊ ဘာကြောင့် ငိုနေရတာလဲဟု မေးလျှင် “အရှင်ဘုရား ငိုနေသည်ကိုမြင်ရ၍ ငိုလျှင်လဲ မဂ်ဖိုလ်ရနိုင်သည်ဟု ထင်မှတ်သည့်အတွက် ငါလဲ တမဂ်တဖိုလ်၊ နှစ်မဂ်နှစ်ဖိုလ်လောက် ဖြစ်စေမည်ဟုကြံပြီး ငိုနေပါသည်အရှင်ဘုရားဟု နတ်သမီးက လျှောက်၏။
နတ်သမီးက ဤသို့လျောက်မှပင် မဟာသီဝမထေရ်ကြီးသည် သတိ သံဝေဂရပြီး မိမိကိုယ်ကို ဤသို့ဆုံးမ၏။ “အို-အမောင်မဟာသီဝ-နတ် သမီးကပင် မင်းကိုပျက်ရယ်ပြုနေချေပြီ၊ သည်အပြုအမူသည် မင်းနှင့် သင့်လျော်ပါသလား”ဟု ဆင်ခြင်ဆုံးမ၍ သမ္မပ္ပဓာန်လုံ့ လကို ရှေးကထက် ထက်သန်စေလျက် ဝိပဿနာတရားကို ပွားများအားထုတ်တော်မူရာ မကြာမီ ပဋိသမ္ဘိဒါပတ္တ ရဟန္တာအဖြစ်သို့ ရောက်တော်မူသွားပါသည်။ [၁][၂]