နေလကမ္ဘာကျောင်းတိုက်ကြီးများ၏ အဓိပတိမဟာနာယ​က ဖြစ်တော်မူသော နေလကမ္ဘာဆရာတော် ဘဒ္ဒန္တဥဂ္ဂါသေနမဟာထေရ် သည် ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာတွင် ခမည်းတော် ဦးဘသင်၊ မယ်တော် ဒေါ်ပုပုတို့မှ မြန်မာသက္ကရာဇ် ၁၃၀၃ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် တနင်္ဂနွေနေ့ (၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်)တွင် ဖွားမြင်တော်မူခဲ့သည်။ မွေးချင်းလေးဦးအနက် ဒုတိယမြောက်ဖြစ်၍ ငယ်မည်မှာ မောင်အေးဖြစ်သည်။

နေလကမ္ဘာဆရာတော်
ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
ဂိုဏ်းဓမ္မာနုဓမ္မမဟာဒွါရနိကာယ
ကျောင်းတိုက်နေလကမ္ဘာဓမ္မဗိမာန်ကျောင်းတိုက်
ကျော်ကြားမှုရေးမြို့နယ်၏ အထင်ကရဆရာတော်ကြီး
ပညာရေးအထက်တန်းပရိယတ္တိစာပေ
ရဟန်း အမည်ဘဒ္ဒန္တဥဂ္ဂါသေန
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုး မြန်မာ
မွေးဖွား(1941-06-28)၂၈ ဇွန်၊ ၁၉၄၁
မွန်ပြည်နယ်မော်လမြိုင်ခရိုင်
ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာ
ဂုဏ်ပြုခံရမှုများ

ရှင်ရဟန်းအဖြစ်သို့ ရောက်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်လောင်းလျာသည် အသက် ၉ နှစ် အရွယ်တွင် ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၊ ဘုရားတောင်ကျောင်းဆရာတော် ဘဒ္ဒန္တဉာဏောဘာသကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယနုဂ္ဂဟကို ခံယူကာ သမ‌ဏေအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပြီး ဘွဲ့တော်မှာ ရှင်ဥဂ္ဂါသေန ဖြစ်ပါသည်။ ၁၃၂၂ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၄ ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဂုံညင်းတန်းကျေးရွာ၊ နာဂဝံသတိုက်ကျောင်း ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ၎င်းကျောင်း၊ ခဏ္ဍသိမ်တွင်ပင် သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်ကျေးရွာနေ ဦးစံသိန်းနှင့် ဒေါ်ငွေစိန်တို့၏ စ္စယနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။

ပညာသင်ကြားခြင်း၊ ကမ္မဌာန်းအားထုတ်တော်မူခြင်း ပြင်ဆင်ရန်

ရှင်သာမဏေဘဝနှင့် ရဟန်းငယ်ဘဝတွင် ရေးမြို့နယ် ကျောက်မိချောင်းကျေးရွာ ရွာကျောင်းဆရာတော်၊ ဇီးဖြူသောင်ကျေးရွာ ဘုရားတောင်ဆရာတော်၊ မုဒုံမြို့ ကျောင်းသစ်ကျောင်းဆရာတော်၊ ဂုံညင်းတန်းရွာ နာဂဝံသတိုက်ကျောင်း ဆရာတော်၊ သထုံမြို့ ဝိဇ္ဇာဘာဂီစာသင်တိုက် ဆရာတော်၊ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းရှိ သုစိတ္တာရုံစာသင်တိုက် ဆရာတော်၊ ဗဟန်းမြို့နယ် ရန်အောင်တိုက်ဆရာတော်၊ ဓနုဖြူမြို့ သဒ္ဓမ္မဇောတိကာရာမပါဠိတက္ကသိုလ် တောင်ပေါ်ကျောင်းတိုက်တို့၌ ပရိယတ္တိစာပေများကို သင်ကြားဆည်းပူးတော်မူခဲ့ပြီး အစိုးရ ပထမငယ်၊ လတ်၊ ကြီးတန်းများကို အောင်မြင်တော်မူခဲ့သည်။ ထို့နောက် ရေးမြို့နယ်၊ အစင်ကျေးရွာ၊ ရတနာဗိမာန်ကျောင်းနှင့် ရေးမြို့၊ မာလာနန္ဒဝန်ကျောင်းတို့၌ စာပေပို့ချတော်မူခဲ့သည်။ ထိုနောက် အရညဝါသီတောရဆောက်တည်၍ ကမ္မဌာန်းတရားများကို အားထုတ်တော်မူခဲ့သည်။

သဒ္ဓမ္မတရားပြန့်ပွားရေးဆောင်ရွက်တော်မူခြင်း ပြင်ဆင်ရန်

မြန်မာသက္ကရာဇ် ၁၃၄၀ ခုနှစ်မှစတင်၍ ရေးမြို့မြောက်ဘက်ရှိ ကလိန်စေ့တောင်ခြေနှင့် ကလိန်စေ့တောင်ပေါ်တွင် နေလကမ္ဘာဓမ္မဗိမာန်ကျောင်းတိုက်ကို တည်ထောင်တော်မူပြီး ပရိယတ္တိစာပေများပို့ချခြင်း၊ တရားဓမ္မများဟောကြားခြင်း၊ ဝိပဿနာ ကမ္မဌာန်းပြသခြင်း၊ သာသနိကအဆောက်အဦများဆောက်လုပ်ခြင်း၊ စေတီဘုရားများ တည်ထားကိုးကွယ်ခြင်း၊ ရှေးဟောင်းစေတီများကို ပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ဆရာတော်သည် ရေးမြို့နယ်သံဖြူဇရပ်မြို့နယ်မော်လမြိုင်မြို့နယ်ကျိုက်ထိုမြို့နယ်ပဲခူးမြို့နယ်ပြင်ဦးလွင်မြို့နယ်နှင့် သာကေတမြို့နယ်များတွင် နေလကမ္ဘာကျောင်းတိုက်များကို တည်ထောင်တော်မူပြီး အနယ်နယ်အရပ်ရပ်မှ ပရိသတ်များကို တရားဓမ္မများ ဟောပြောညွှန်ပြ ပြသတော်မူခြင်း၊ စေတီဘုရားများ တည်ထားပြုပြင်ခြင်း၊ နယ်လှည့် တရားဟောတရားပြခြင်း၊ သာသနိကအဆောက်အဦများကို ပြုပြင်မွမ်းမံတည်ဆောက်ခြင်း၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ဆင်းရဲနွမ်းပါးသူများထောက်ပံ့ရေး၊ ပရိယတ္တိဝန်ဆောင် သံဃာတော်များကို ထောက်ပံ့ကူညီရေးတို့ကို အစဉ်အမြဲဆောင်ရွက်တော်ခြင်း၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများသို့ ဝါတွင်း၊ ဝါပကာလအလိုက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားမှအစ သင်္ကန်း၊ ပရိက္ခရာ၊ လှူဖွယ်ဝတ္ထုအစုစုတို့ကို မတည်လှူဒါန်းတော်မူခြင်း၊ သဘာဝဘေး၊ ရောဂါဘေးကာလများ၌ မြို့ပေါ်မှသည် ကျေးရွာများအထိ နေ့၊ ည အချိန်မရွေး၊ အရပ်ဒေသမရွေး နေရာမရွေး အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်တော်မူပေးခြင်း အစသဖြင့် သဒ္ဓမ္မတရားပြန့်ပွားရေး ဆောင်ရွက်လျက်ရှိသည်။

သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ရေးမြို့နယ်ရှိ အများပြည်သူ၏ ကြည်ညိုလေးစားအားထားရာဖြစ်သော အထင်ကရဆရာတော်ဘုရားကြီးတစ်ပါး ဖြစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့(မဟာဒွါရ) ဥက္ကဋ္ဌအဖြစ် ၁၃၆၃ ခုနှစ်တိုင် သာသနာ့ဝန်၊ သံဃဝန်ကို ဆောင်တော်မူပြီး လက်ရှိတွင် ဓမ္မာနုဓမ္မ မဟာဒွါရနိကာယ၏ အနုနာယကဆရာတော်ကြီးများအနက် တစ်ပါးအပါအဝင်ဖြစ်သည်။ ရေးမြို့နယ်အတွင်းရှိ သာသနာရေးနှင့် သံဃရေးရာကိစ္စများ၊ မဟာဒွါရနိကာယဆိုင်ရာ ကိစ္စရပ်များတွင် ဦးစီးဦးဆောင် ကြီးမှူး၍ ထမ်းရွက်လျက် ရှိသည်။ မြန်မာသက္ကရာဇ် ၁၃၅၅ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဓမ္မကထိကဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော် ဆပ်ကပ်ပူဇော်ခြင်းကို ခံရသည်။ ထို့ပြင် မြန်မာ့ပရဟိတအလင်းရောင်အသင်းကြီးမှ အဘိဓဇအဂ္ဂမဟာပရဟိတဓဇ ဘွဲ့တော်ကို ဆက်ကပ်ပူဇော်ခဲ့ပါသည်။ ဆရာတော်ဘုရားကြီးသည် ၂၀၂၁ ခုနှစ်တွင် သက်တော် ၈၀ နှစ်၊ သိက္ခာတော် ၆၁ ဝါ ပြည့်တော်မူပြီး ရေးမြို့၊ နေလကမ္ဘာဓမ္မဗိမာန်ကျောင်းတိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အဒိကာရုံတိုက်၊ နေလကမ္ဘာသာသနာ့ဗိမာန်ကျောင်းတိုက်တွင် သီတင်းသုံးတော်မူလျက်ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  • ဆရာတော်ဘုရားကြီး၏ ဝိဇာတမွေးနေ့ ဂုဏပူဇာပါ ထေရုပတ္တိအကျဉ်း