နွားလပို့တောင်ဆံတော်ရှင်

ဗန္ဓိသေလာနွားလပို့တောင်ဆံတော်ရှင်သည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာအနီး နွားလပို့တောင်ပေါ်တွင် တည်ရှိသည်။ နွားလပို့တောင်ဟု အမည်တွင်ရခြင်းကလည်း ကျုံကကျေးရွာမှ မြောက်ဘက်သို့ မျှော်ကြည့်လျှင် တောင်တန်းကြီးအလယ်၌ ဤတောင်ကို နွားဥဿဘကြီး၏ လပို့နှင့်အလားသဏ္ဌာန်တူစွာ မြင်တွေ့ရခြင်းကြောင့် နွားလပို့တောင်ဟု အမည်တွင်ခြင်းဖြစ်ပါသည်။နွားလပို့တောင်သည် အမြင့်ပေ ၁၈၈၈ ရှိပြီး ဇင်းကျိုက်တောင်၊ ကုလားမတောင်တန်းတို့နှင့် ဆက်စပ်နေပါသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

မဟာသက္ကရာဇ် ၁၁၃ ခုနှစ်တွင် ကျိုက်ထီးရိုးစေတီကို တည်ထားခဲ့သော တိဿရသေ့ကြီးသည် ဇင်းကျိုက်တောင်တွင် သီတင်းသုံးနေထိုင်စဉ် မြတ်စွာဘုရားရှင်ချီးမြှင့်တော်မူခဲ့စဉ်က ရရှိခဲ့သည့် ဆံတော်တစ်ဆူကို ပင့်ဆောင်လာပြီး စေတီတည်ထားကိုးကွယ်ရန် ရည်သန်၍ ရသေ့ဦးခေါင်းတော်သဏ္ဌာန် ကျောက်တုံးကိုရှာဖွေရာ ဤနွားလပို့တောင်ပေါ်ရှိ လုံးဆင့်တည်နေသည့် ကျောက်တုံးတော်များကို တွေ့ရှိပြီး၊ အလယ်ကျောက်တုံးတော်ကို ထွင်းဖောက်ဌာပနာလျက် ဤစေတီတော်ကြီးကို တည်ထားခဲ့ခြင်းဖြစ်ပါသည်။

စေတီတော် တည်ထားဟန် ပြင်ဆင်ရန်

စေတီတော်၏ပုံသဏ္ဌာန်မှာ ကျောက်တုံးသုံးလုံးဆင့် တည်ရှိနေသော ကျောက်တုံးတော်များ၏ အပေါ်ဆုံးကျောက်တုံးတွင် တည်ထားသော စေတီဖြစ်ပါသည်။ စေတီတော်ကြီး၏ပုံသဏ္ဌာန်နှင့် ပတ်သက်၍ကျောက်တုံးသုံးတုံးဆင့် တည်နေပုံမှာလည်း အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာမှ မတူကွဲပြား ဖူးမျှော်ပါက ပုံသဏ္ဌာန်တော်တစ်မျိုးစီ ဖူးမြင်တွေ့ရှိရပါသည်။ အရှေ့မြောက်အရပ်နှင့် အနောက်တောင်အရပ်တို့မှ ဖူးမြော်ပါက ရသေ့တစ်ပါး၏ဦးခေါင်းတော်၊ ပါးပြင်တော်၊ နားရွက်တော်နှင့် ပခုံးတော်သဏ္ဌာန်တွေ ဖူးမြင်ရကြောင်း ဆိုကြပါသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. လူမှူးရေးသားပြုစုသော နွားလပို့တောင်ဆံတော်ရှင်မှတ်တမ်း