အနောမဒဿီဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် လူတို့သက်တမ်း အနှစ် တသိန်းတမ်းမှ ဆုတ်ချီတက်ချီဖြင့် နောက်ဆုတ်ကပ် အနှစ်တသိန်းတမ်းသို့ ပြန်ရောက်သော် ပဒုမဘုရားလောင်းတော်သည် တုသိတာနတ်ပြည်မှ နတ်သက်ကြွေပြီးလျှင်၊ စမ္ပကမြို့တော်၌ အသမမင်းကြီးနှင့် အသမဒေဝီမိဖုရားကြီးတို့မှ ဖွားမြင်လာပြီး၊ ရုပ်ဆင်းအင်္ဂါ စသည်တို့သည် တပါးသူနှင့် လားလားမျှ မတူဘဲ ဖွားစဉ်ကာလ ပဒုမ္မာကြာမိုးကြီး ရွာသွန်းသည်ကို အကြောင်းပြုကာ မဟာပဒုမမင်းသားဟု ဆွေမျိုးများက ခေါ်တွင်သည်။ အရွယ်ရောက်လျှင်၊ ဥတ္တရာဒေဝီမိဖုရားနှင့်အတူ နန္ဒတ္တရ၊ ဝသုတ္တရ၊ ယသုတ္တရ ဟူသော ရွှေနန်းသုံးဆောင်၌ နှစ်ပေါင်း ၃၃၀၀၀ တိုင် သားတော် ရမ္မမင်းသား ဖွားမြင်သည်ထိ နန်းစည်းစိမ်ကို စံစားတော်မူသည်။ ဥယျာဉ်တော်၌ ပျော်ပါးထွက်စဉ် နိမိတ်ကြီးလေးပါး မြင်၍ ထိတ်လန့်သံဝေဂ ဖြစ်ပြီး၊ အာဇာနည်မြင်း ကသော ရထားယာဉ် စီး၍ တောထွက်တော်မူသည်။ ရှစ်လကြာ ဒုက္ကရစရိယာ ကျင့်ပြီး မဟာသောဏာဗောဓိ ခေါ် ကြောင်လျှာပင်ဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်တော် ရကာ သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ် ဖြစ်တော်မူသည်။ ဘုရားရှင်ဉာဏ်တော်မှာ ၅၈ တောင် မြင့်ကာ ကိုယ်တော်မှ ထွက်သော ရောင်ခြည်တော်သည် စကြဝဠာတိုက်တသောင်းတိုင် ပျံ့နှံ့ ကွန့်မြူးတော်မူသည်။ ဝေနေယျသတ္တဝါတို့ကို တရားရေအေး တိုက်ကျွေးပြီးလတ်သော်၊ သက်တော် ရှစ်သောင်းတွင် ဓမ္မာရာမဥယျာဉ်တော်၌ ပရိနိဗ္ဗာန်စံဝင်တော်မူသည်။

ဘုရားရှင်နှင့် ဂေါတမဘုရားလောင်း ပြင်ဆင်ရန်

ဘုရားရှင်ပွင့်စဉ်အခါ ဂေါတမဘုရားလောင်းသည် ခြင်္သေ့မင်း ဖြစ်၍၊ ဖူးမြင်ရသည်တွင် ဘုရားရှင်လျှင် အာရုံ ပြုလျက် ဗုဒ္ဓါရမ္မဏပီတိဖြင့် အစာမစားဘဲ ကြည်ညို၍ နေရာ၊ ဘုရားရှင်က နောင်အခါ ဂေါတမမည်သော ဘုရားစင်စစ် ဖြစ်လတ္တံ့ဟု နိယတဗျာဒိတ် ပေးတော်မူသည်။

တပည့်သာဝကများ ပြင်ဆင်ရန်

အဂ္ဂသာဝကကြီး ယာ+ဝဲ နှစ်ပါးမှာ အရှင်သာလထေရ်၊ ဥပသာလထေရ်

အနီးနေ အလုပ်အကျွေးရဟန်းမှာ အရှင်ဝရုဏထေရ်

အဂ္ဂသာဝိကာမကြီး ယာ+ဝဲနှစ်ပါးမှာ ရာဇာထေရီ၊ သုရာဇာထေရီ

အဂ္ဂဒါယကာ နှစ်ဦးမှာ ဘိယျသူဌေး၊ အသမသူဌေး

အဂ္ဂဒါယိကာမကြီး နှစ်ဦးမှာ ရုစိဥပါသိကာမ၊ နန္ဒာရာမဥပါသိကာမ။[၁]


ကိုးကား ပြင်ဆင်ရန်

  1. အရှင်ကောဝိဒဓဇ(ပါဠိပါရဂူ၊ ဝိနယပါရဂူ၊ သာ.သီ.ဓ၊ ဂဏဝါစက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (ပကြိမ်၊ ၂၀၁၂)။ မြတ်ဘုရားရှင် နှစ်ကျိပ်ရှစ်ဆူဝင်။ စိန်ပန်းပြာစာပေ။ p. ၄၈။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)