ပဒေသာပင်
ပဒေသာပင်ဟူသည်မှာ ပစ္စည်းအသုံးအဆောင် အမျိုးမျိုး ရနိုင်သောအပင်ကို ခေါ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် လူများ သုံးဆောင်လိုသမျှ အမျိုးစုံ သီးသောသစ်ပင်ကို ခေါ်သည်။ ပါဠိဘာသာ အားဖြင့် ကပ္ပရုက္ခိယ ဖြစ်သည်။
ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးတို့၏ ကမ္ဘာဦးကျမ်းများအရ ကမ္ဘာတည်စ၊ မြင်းမိုရ်တောင်ကို ဝိုင်းရံလျက် ပေါ်ထွန်းခဲ့သော ကျွန်းကြီးလေးကျွန်းနှင့် တာဝတိံသာနတ်ပြည်၊ အသုရာပြည်၊ ဂဠုန်ပြည်တို့၌ ကမ္ဘာ့တန်ဆာ အဓိပတိ သစ်ပင်ကြီး ခုနစ်ပင် ပေါက်ခဲ့သည်။ မြင့်မိုရ်တောင်၏ မြောက်မျက်နှာဖြစ်သော ဥတ္တရကုရု (မြောက်) ကျွန်း၏ထိပ်တွင် ပေါက်သော အဓိပတိ သစ်ပင်ကြီးမှာ ပဒေသာပင်ဖြစ်သည်။ ထိုပဒေသာ ပင်ကြီး၏ လုံးပတ်ကား တစ်ဆယ့်ငါးယူဇနာ၊ မြေမှသည် ခက်မတိုင် အောင် ယူဇနာငါးဆယ်၊ အရှေ့ အနောက် တောင်မြောက်နှင့် အလယ်ခက်ဟူသော ခက်မငါးဖြာတို့လည်း ယူဇနာငါးဆယ်ရှိ ကုန်သည်။ အချင်းအစောက်ကား ယူဇနာတစ်ရာ ရှိသည်ဟု ဆိုကုန်သည်။
မြောက်ကျွန်း၌ နေကြသောသူတို့သည် ငါးပါးသီလမြဲ သည်။ ခုနစ်ရက်တစ်ကြိမ်မှသာ အိမ်ရာထောင်ခြင်းကို ပြုကြ သည်။ သူတို့၏ ဘုန်းကံအလျောက် ပန်းပင်သစ်ပင်များက အစားအသောက် အသုံးအဆောင် များ သီးသဖြင့် အလိုရှိရာ ဆွတ်ခူးသုံးဆောင်နိုင်သည်။ ထိုသို့ ကျွန်းသူကျွန်းသားများ အလိုရှိရာ ဆွတ်ခူး သုံးဆောင်နိုင်သော အပင်များကို ပဒေသာပင်များဟု ခေါ်သည်။ မြောက်ကျွန်း၌ ပေါက်ရောက် သော ပဒေသာပင်များအနက် ကျွန်းထိပ်မှ ဆိုခဲ့သော ပဒေသာ ပင်ကြီးကား အဓိကရဖြစ်ပေသည်။
ယင်းသို့ ကျမ်းဂန်များ၌ လာရှိသည်ကို အစွဲပြု၍ မြန်မာမင်း အဆက်ဆက်တို့ လက်ထက်မှစပြီးလျှင် ယခုခေတ် တိုင်အောင် ကထိန်၊ ဆွမ်းကြီးလောင်း၊ ရှင်ပြုစသော အလှူ အတန်းများ၌ ရဟန်းသံဃာများအား ပစ္စည်းအသုံးအဆောင် အမျိုးမျိုးကို ပဒေသာပင်၌ သီးကာ လှူဒါန်းခြင်းကို ပြုကြ သည်။ ယင်းသို့ဖြင့် ရဟန်းသံဃာများ အလိုရှိရာပစ္စည်း အသုံး အဆောင်များကို ရရှိစေသည်။ သစ်၊ ဝါးစသည်တို့ဖြင့် သစ်ပင်၏ အချင်းအစောက် အနေအထားကို ပြုလုပ်ကာ လှူဖွယ်ပစ္စည်း အသုံးအဆောင်များကို ကြည့်၍ လှအောင် ဆင်ယင် ချိတ်ဆွဲကြသည်။ အထူးသဖြင့် ဘုံကထိန်ပွဲ၊ ဆွမ်းကြီးလောင်းပွဲများတွင် လှူဖွယ်ပစ္စည်း ပဒေသာပင်မှာ မပါမပြီးသလောက် ဖြစ်ပေသည်။ ယင်းသို့သော အလှူများတွင် အသင်းအဖွဲ့အနေနှင့်၎င်း၊ စေတနာရှင်တစ်ဦးချင်း အနေနှင့်၎င်း လာရောက်လှူဒါန်းသော ပစ္စည်းများကို ပဒေသာပင်သီး၍ မဲဖောက် လှူဒါန်းခြင်းလည်း ပြုတတ်ကြသေးသည်။ တခါတရံ လှူဖွယ်ပစ္စည်း ပဒေသာပင်ကို စေတနာရှင်၊ အလှူရှင်တို့ သဒ္ဓါတရား ပွားများနိုင်ကြစေရန် ရပ်ရွာထဲ၌ အိုးစည်ဗုံမောင်း စသည်တို့ဖြင့် တီးမှုတ် ကခုန် လှည့်လည်ခြင်းကိုလည်း ပြုကြ လေသည်။[၁]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ ♦စွယ်စုံကျမ်း