ပရမတ္ထဇောတိကာ
[၁] မဖေါက်မပြန်-မှန်ကန်-ကောင်းမြတ်-သော-အနက်-အဓိပ္ပါယ်-တို့ကို ဖွင့်ပြသော အဋ္ဌကထာကျမ်း။
(က) ခုဒ္ဒကပါဌအဋ္ဌကထာ။ (ခ) သုတ္တနိပါတအဋ္ဌကထာ။ ဆဋ္ဌသံဂါယနာမူ ဤအဋ္ဌကထာနှစ်ကျမ်းလုံး၏ နိဂုံး၌ “အရှင်မဟာဗုဒ္ဓဃောသမထေရ် ရေးသားစီရင်သည်”ဟု ပါရှိသည်။ သို့သော်လည်း မုံရွာမြို့ လယ်တီဆရာတော်ဘုရားကြီးကမူ ပါရမီဒီပနီ (၁၃၆-၇)၌ ဤသို့ မိန့်ဆိုတော်မူသည်။ “အရှင်မဟာဗုဒ္ဓဆရာ စီရင်သော ... သုတ္တနိပါတ် အဖွင့် ဖြစ်သော ပရမတ္ထဇောတိကာ အဋ္ဌကထာ, ဓမ္မပဒအဋ္ဌကထာ, ပါဌဇာတ်အဋ္ဌကထာ ...အညတရဆရာ စီရင်အပ်သော ခုဒ္ဒကပါဌပါဠိတော်၏ အဖွင့်ဖြစ်သော ပရမတ္ထဇောတိကာ အဋ္ဌကထာ၊ ဤခုဒ္ဒကပါဌအဋ္ဌကထာ၏ ကျမ်း ပြီးနိဂုံးတွင် အချို့စာ၌ အရှင်မဟာဗုဒ္ဓဃောသ ဆရာ၏ နိဂုံး, အချို့စာ၌ အရှင်ဓမ္မပါလဆရာ၏ နိဂုံးဟု နှစ်ထွေရှိ၏၊ ရေးပုံသားပုံ စကား အဆို စာနေစာသွား အခြင်းအရာ အလုံးစုံမျိုးကို ထောက်သော် ထိုဆရာနှစ်ပါးတို့၏ အခြင်းအရာ စင်စစ်မဟုတ်ဟု သိသာသည်၊ ယော အတွင်းဝန် အမတ်ကြီး ဦးဘိုးလှိုင်ကမူ “ဇိနပတ္တသင်္ဘောဆိပ်က ရေးသည့် ခုဒ္ဒကပါဌအဋ္ဌကထာ (၃၈)ဆရာ ရှင်ဓမ္မပါလ-က ထိုစကားကို ဧကေ-ဟု မိန့်ဆိုကြောင်း ကာယာနုပဿနာကျမ်း (၁၉၄)၌ ဖေါ်ပြထားသည်။ ဝိသုဒ္ဓိမဂ္ဂနိဒါနကထာ (၅၇)၌ကား “ဗဟူ ပန ဝိစက္ခဏာ ဣမာ အာရမ္ဘဂါထာယော ဝိစိနိတွာ “နေတံ အာစရိယဗုဒ္ဓဃောသတ္တေရဿ ဝိယ ဝစနံ ဟောတီ”တိ ဝဒန္တိ။ ... တံ ယုတ္တံ ဝိယ ဒိဿတိ”ဟု မိန့်ဆိုသည်။
ခုဒ္ဒကပါဌအဋ္ဌကထာကျမ်းသည် ဖေါ်ပြပြီး ဆရာနှစ်ပါး၏လက်ရာ မဟုတ်စေကာမူ မကိုးကားလောက်သည့် အညတရကျမ်းကား မဟုတ်ပေ၊ အလေးအမြတ် ယုံကြည်ကိုးကားအပ်သော ကျမ်းကောင်း ကျမ်းမြတ်သာလျှင် ဖြစ်သည်၊ ထို့ကြောင့် အရှင်ဓမ္မပါလဆရာသည် ဒီ၊ဋီ၊၁၊၁၂၃။ မ၊ဋီ၊၂၊၁၅၈။ သံ၊ဋီ၊၂၊၅၄၈-တို့၌လည်းကောင်း, အရှင်သာရိပုတြာဆရာသည် အံ၊ဋီ၊၂၊၁၇၇-၌လည်းကောင်း, အရှင်ဗုဒ္ဓနာဂ ဆရာသည် ကင်္ခါ၊ဋီသစ်။ ၄၇၁-၌လည်းကောင်း “တထာ ဟိ ဝုတ္တံ ပရမတ္ထဇောတိကာယ ခုဒ္ဒကပါဌဋ္ဌကထာယ‘ဓမ္မူပသံဟိတမ္ပိ စေတ္ထ ဂီတံ ဝဋ္ဋတိ၊ ဂီတူပသံဟိတော ဓမ္မော န ဝဋ္ဋတီ’တိ” ဟူ၍ ကိုးကား ပြဆိုကြသည်။ ယင်းသို့ ပြဆို ကြသော်လည်း မူရင်းခုဒ္ဒကပါဌအဋ္ဌကထာ၌ မူ “ဓမ္မူပသံဟိတမ္ပိ စေတ္ထ ဂီတံ န ဝဋ္ဋတိ၊ ဂီတူပသံဟိတော ပန ဓမ္မော ဝဋ္ဋတီတိ ဝေဒိတဗ္ဗော”ဟူ၍သာ ပါဌ်ရှိသည်။ မောင်းထောင် သာသနာပိုင်ဆရာတော်၏ သီလက္ခန်ဋီကာသစ်(၁။ ၃၄၇)၌မူ မူရင်းအဋ္ဌကထာအတိုင်း ပါဌ်ရှိ၍ “ကတ္ထစိ ပန န-ကာရဝိပရိယာယေန ပါဌော ဒိဿတိ။ ဥဘယတ္ထာပိ စ ဂီတော စေ ဓမ္မာနုလောမတ္ထပဋိသံယုတ္တောပိ န ဝဋ္ဋတိ၊ ဓမ္မော စေ ဂီတသဒ္ဒပဋိသံယုတ္တောပိ ဝဋ္ဋတီတိ အဓိပ္ပါယော ဝေဒိတဗ္ဗော”ဟု မူရင်းအဋ္ဌကထာ ပါဌ်သာ သင့်မြတ်ကြောင်း ဆုံးဖြတ်တော်မူသည်၊
ထို့အတူပင် မိုင်းကိုင်းဆရာတော်၏ တိပေဋကဝိနိစ္ဆယကျမ်း (၂။ ၃၇၇)၌ ဆုံးဖြတ်တော်မူသည်။ [၂] [၃]