မဟာဗုဒ္ဓဃောသထေရ်
မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် ဗုဒ္ဓဘုရားရှင်၏ ပိဋကတ်သုံးပုံနှင့် တကွ အဋ္ဌကထာတို့ကို သီဟိုဠ်ဘာသာမှ မဂဓဘာသာသို့ပြန်ဆိုကာ အဓိပ္ပာယ်ရှင်းလင်း ဖွဲ့ဆိုသော အဋ္ဌကထာသစ်များကို ပြုစုခဲ့သဖြင့် ကျော်ကြားထင်ရှားခဲ့သော ပုဂ္ဂိုလ်ထူးတစ်ပါး ဖြစ်ပေသည်။ ထိုမထေရ်မြတ်၏ မွေးဖွားသက္ကရာဇ် စသည်တို့ကို အတိအကျ မသိရသော်လည်း၊ ရှင်မဟာ ဗုဒ္ဓဃောသသည် အေဒီ ၅ ရာစုနှစ်အတွင်း၌ ကျော်စောထင်ရှားသော ပုဂ္ဂိုလ်ကျော်တစ်ပါး ဖြစ်ကြောင်းကိုမူ အထောက်အထားများ တွေ့ရှိရလေသည်။
ဗုဒ္ဓဃောသမထေရ် | |
---|---|
ကလျာဏီ ရာဇမဟာဝိဟာရကျောင်းတွင် ဝိသုဒ္ဓိမဂ်ကျမ်းသုံးခုဖြင့် ဗုဒ္ဓဃောသမထေရ်ကို ပုံဖော်ရေးဆွဲထားပုံ | |
ဘာသာ | ဗုဒ္ဓဘာသာ |
ဘာသာအုပ်စု | ထေရဝါဒ |
ဓမ္မအမည် | ဗုဒ္ဓဃောသ |
ပုဂ္ဂိုလ်ရေးရာ | |
နိုင်ငံသား/လူမျိုး | အိန္ဒိယ |
မွေးဖွား | အေဒီငါးရာစုဝန်းကျင်ခန့် |
ရှင်မဟာဗုဒ္ဓဃောသ လောင်းလျာသည် ပုဏ္ဏားမျိုးဖြစ်၍၊ ဗုဒ္ဓဘုရားရှင် ပွင့်တော်မူရာ ဗောဓိပင်အနီး ပုဏ္ဏားရွာ တစ်ရွာ၍ ဖွားမြင်ခဲ့သည်။ ဗုဒ္ဓဃောသုပ္ပတ္တိကျမ်းအရ၊ စားကြကုန်၊ သောက်ကြကုန် အစရှိသဖြင့် ပုဏ္ဏားတို့ကြွေးကြော်ဆဲတွင် မွေးဖွားသောကြောင့် ဃောသဟူ၍ အမည်မှည့်သည်ဟု ဆိုလေသည်။
ဃောသလုလင်သည် ငယ်ရွယ်စဉ် အခါကပင် ဗေဒသုံးပုံကို တစ်ဘက်ကမ်းခတ် တတ်မြောက်သည်။ ထိုထိုအယူဝါဒကိုလည်း ကောင်းစွာ သိကျွမ်း၍ သူတစ်ပါးနှင့် အပြောအဟော အဖြေအတင်ဝါဒကိုလည်း အလိုကြူးသည်။ ဇမ္ဗူဒိပ်မြေပြင် အလုံးကို လှည့်ပတ်လတ်သော် တစ်ဆောင်သော ကျောင်းသို့ရောက်၍ ပတဉ္စလီ ရှင်ရသေ့၏ အယူကို ပုဒ်ဗျည်းမကျန် ပြည့်စုံစွာ ပြန်လှန်သရဇ္ဈာယ်သည်။ ထိုအခါ ထိုကျောင်းတိုက်၌ သီတင်းသုံး နေသော ရေဝတမထေရ်မြတ်သည် ပုဏ္ဏားလုလင်၏ ပညာကြီးကြောင်းကို သိသည်။
ထို့ကြောင့် ထိုလုလင်အား ဆုံးမခြင်းငှာ သင့်၏ဟု အကြံဖြစ်တော်မူပြီးလျှင် ရေဝတမထေရ်သည် ဃောသလုလင်နှင့် စကားအဖြေအတင် ပြုသည်။ ပုဏ္ဏားလုလင်သည် မိမိ၏ အတတ်ပညာ အယူဝါဒ အလုံးစုံကို မေးသည်။ မေးတိုင်း မေးတိုင်း ရေဝတမထေရ်က ဖြေကြားတော်မူသည်။ ဆန့်ကျင်ဘက်ကိုလည်း ပြတော်မူသည်။
လုလင်မေး၍ပြီးလျှင် ရေဝတမထေရ်က အဘိဓမ္မာပါဠိတော်၌လာသော ပြဿနာကို မေးတော်မူသည်။ လုလင်မဖြေကြားနိုင်၍ မည်သူ၏ အတတ်ပညာ မန္တန်းနည်းဟု မေးသည်။ မထေရ်မြတ်က ဗုဒ္ဓမန္တန်ဟုဆိုသည်။ ထိုမန္တန်ကို ပေးပါဟု တောင်းဆိုလျှင်၊ ရှင်ရေဝတက ရဟန်းပြုမှ သင်ကြားပေးမည်ဟု မိန့်ကြားသည်။ ထို့ကြောင့် ပုဏ္ဏားလုလင်သည် ရဟန်းပြု၍ ပိဋကတ်သုံးပုံကို အကုန်သင်ယူသည်။
ပုဏ္ဏားလုလင်ရဟန်းသည် ဘုရားရှင်ကဲ့သို့နက်သောအသံရှိသည်ဖြစ်၍ ဗုဒ္ဓဃောသဟု အမည်ဘွဲ့တော်မှည့်ခေါ်ကြ၍ ဇမ္ဗူဒိပ် မြေအပြင်၌ ကျော်စောလှလေသည်။
ရှင်မဟာဗုဒ္ဓဃောသသည် ဖခင် ပုဏ္ဏားကြီးအားလည်း မိစ္ဆာဒိဋ္ဌိ အယူမှ ချေးချွတ်သည်။ ရှင်မဟာဗုဒ္ဓ ဃောသသည် ဥပဇ္ဈာယ်ဆရာဖြစ်သော ရှင်ရေဝတနှင့်အတူ နေထိုင်ပြီးလျှင် ဉာဏေဒယကျမ်း၊ အဋ္ဌသာလိနိကျမ်းတို့ကို ပြုစုသည်။
ထို့နောက် ပရိတ္တအဋ္ဌကထာကို ပြုရန်အားထုတ်ရာ၊ ရှင်ရေဝတက ဤဇမ္ဗူဒီပါ၌ ပါဠိတော်မျှ သာရှိသည်။ အဋ္ဌကထာလည်းမရှိ၊ အာစရိယဝါဒလည်း အကွဲကွဲ အပြားပြားရှိ၏။ ထို့ကြောင့် မဟိန္ဒမထေရ်မြတ် ဆောင်ယူခဲ့သော သီဟိုဠ်၌ရှိသော အဋ္ဌကထာ သင်္ဂါယနာ သုံးတန်တင်သော ပါဠိတော်၊ ရှင်သာရိပုတ္တရာအစရှိ သော ရဟန္တာတို့ဟောသော စကားအစဉ်များသည် သီဟိုဠ်ကျွန်းတွင် ရှိသည်ကို သင်သွား၍ မာဂဓဘာသာ ရေးသားပြန်ယူချေ။ ထို့သို့ပြန်ယူသော် အလုံးစုံသောသတ္တလောက၏ အစီးအပွားကို ဆောင်နိုင်လတ္တံ့ဟု မိန့်တော်မူသည်။
ထို့ကြောင့် ရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ကူးခဲ့ရာ၊ ထိုအချိန်သည် သီဟိုဠ်ကျွန်း၌ မဟာနာမမင်းလက်ထက်ဖြစ်၍ သာသနာသက္ကရာဇ် ၉၃ဝ ပြည့်နှစ်ခန့်က ခန့်မှန်းရသည်။ သီဟိုဠ်ကျွန်းသို့ရောက်လျှင်၊ အနုရာဓပူရမြို့၊ အနုရာဓပူရမဟာဝိဟာရကျောင်းတိုက်၊ သံပါလမထေရ်အထံ၌ သီဟိုဠ်အဋ္ဌကထာနှင့်တကွ ထေရဝါဒ အလုံးစုံကို ကြားနာပြီးမှ အဋ္ဌကထာများကို ပြုအံ့သောငှာ ပန်ကြား၏။ ထိုအခါ သံဃာများက ရှင်မဟာဗုဒ္ဓဃောသ၏ အစွမ်းသတ္တိကို စုံစမ်းခြင်းငှာ သီလေပတိဋ္ဌာယ အစချီသော ဂါထာနှစ်ပုဒ်ကိုပေး၍ ထိုဂါထာ၌ ပိဋကတ် သုံးပုံကို ယှဉ်လျက် အနက်အဓိပ္ပာယ်ပြန်ရန် တိုက်တွန်းသည်။
ရှင်မဟာဗုဒ္ဓဃောသသည် ထိုနေ့ညချမ်းကစ၍ ထိုဂါထာ၏ အဖွင့်ဖြစ်သော ဝိသုဒ္ဓိမဂ်ကျမ်းကို စီရင်သည်။ တစ်စောင်ပြီး၍ အိပ်လျှင် ထိုအရှင်အစွမ်းကို စုံစမ်းလို၍ သိကြားမင်း ဝှက်ထားလေသဖြင့်၊ အသစ် တစ်စောင် ရေးပြန်ရသည်။ ထိုအတူပင် ဝှက်ထားပြန်၍ နောက်တစ်စောင်လည်း ရေးပြန်ရလေသည်။ ၃ စောင်စေ့မှ ယခင် ၂ စောင်ကိုလည်း ဖော်ပြသည်။ ၃ စောင်လုံးကို သံပါလမထေရ်အား ပြလေသည်။
၃ စောင် စလုံးသည် ကျမ်းအားဖြင့် လည်းကောင်း၊ အနက် အားဖြင့်လည်းကောင်း၊ ရှေ့နောက် အစွန်းအားဖြင့်လည်းကောင်း ထေရသါဒတို့ဖြင့် လည်းကောင်း၊ ပါဠိတို့ဖြင့်လည်းကောင်း၊ ပုဒ်တို့ဖြင့် လည်းကောင်း၊ အက္ခရာဝါ ကျတို့ဖြင့်လည်းကောင်း ဖောက်ပြန်ချွတ်ယွင်းခြင်းမရှိ၊ ၃ စောင်စလုံးပင် အညီအညွတ် မကွဲမပြား တစ်သားတည်း ဖြစ်လေသည်။ သံဃာအပေါင်းတို့ ရှေ့၌ ထိုဝိသုဒ္ဓိမဂ်ကျမ်းကို ဖတ်ပြသောအခါ၊ သီဟိုဠ်ရဟန်း တော်တို့ အထူး နှစ်သက်ကြ၍၊ ရှင်မဟာဗုဒ္ဓဃောသသသည် မချွတ်မယွင်း မေတ္တေယျဘုရားလောင်းတော်ပေတကားဟု ရွှင်လန်းဝမ်းမြောက်စွာ မိန့်ဆိုကြသည်။ အထပ်ထပ် ကောင်းချီးပေးကြ သည်။ ထိုအခါမှ သံပါလမထေရ်သည် ပိဋကတ် သုံးပုံပေစာတို့ကို သီဟိုဠ်အဋ္ဌကထာနှင့်တကွ ပေးတော်မူသည်။ ရှင်မဟာ ဗုဒ္ဓဃောသသည် အဋ္ဌကထာကြီးတို့၌ အကျယ်ဆိုအပ်သော စကားကို အကျဉ်းချုံးခြင်း၊ ဘုရားဟောရင်း မူလဘာသာ ပါဠိတော် နည်းအားလျော်သော မဂဓဘာသာသို့ပြန်ဆိုခြင်းပြုကာ၊ အဋ္ဌကထာတို့ကို စီရင်သည်။
ရှင်မဟာဗုဒ္ဓဃောသ ပြုစုစီရင်အပ်သော အဋ္ဌကထာသစ်များသည် အလုံးစုံသော သတ္တဝါတို့၏အစီးအပွားကို ဆောင်သည်။ ခပ်သိမ်းကုန်သော မထေရ် အဆက်ဆက် ဖြစ်ကုန်သော ဆရာကြီးတို့သည် ထိုအဋ္ဌကထာသစ်ကို ပါဠိတော်ကဲ့သို့ယူကြသည်။
ရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းရှိ ပြုဖွယ်ကိစ္စ ပြီးလျှင် ဇမ္ဗူဒီပါသို့ပြန်ကြွလေသည်။ အင်္ဂုတ္တရအဋ္ဌကထာတွင် သီဟိုဠ်နှင့် သထုံပြည် (သုဝဏ္ဏဘုမ္မိ)သည် သင်္ဘောလမ်းသင့်သည်ဟု ဆိုထားသည်။ သာသန ဗဟုဿုတပ္ပကာသနီကျမ်းတွင် ရှင်ဗုဒ္ဓဃောသသသည် သထုံပြည်မှ သီဟိုဠ်ကျွန်းသို့ သာသနာနှစ် ၉၂၇ ခုတွင် ကူးတော်မူသည်။ သထုံပြည့်ရှင် ဘုမ္မိရာဇာမင်းက လက်ဆောင်ပေးသော ဆင်ဖြူကို သီဟိုဠ်မင်း မဟာနာမအား မင်းချင်းတို့ကို လက်ဆောင်ဆက်စေပြီးလျှင် သီဟိုဠ်၌ ၃ နှစ်နေ၌ ပိဋကတ်တော် တို့ကို မာဂဓဘာသာသို့ရေးကူးပြီးလျှင် သထုံပြည်သို့ ပြန်လာသည်ဟု ဆိုလေသည်။[၁]
ဆက်လက်ဖတ်ရှုရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)