ပရိဗိုဇ် ဆိုသည်မှာ လူ့ဘောင်ကို စွန့်ခွာ၍ ပဗ္ဗဇ္ဇအသွင်ဖြင့် သွားလာကျင့်ကြံကာ နေထိုင်သူများကို ဆိုလိုသည်။ “ပရိဗ္ဗာဇက”၊ “ပရိဗ္ဗာဇိကာ” ဟူသည့် ပါဠိဘာသာစကားကို မြန်မာပြန်ထားခြင်း ဖြစ်သည်။ [၁]

သမိုင်း ပြင်ဆင်ရန်

ပရိဗိုဇ်များသည် မြတ်စွာဘုရား မပွင့်မီ ကာလကပင် ရှိခဲ့၏။ ရှေးယခင်က လူ့ဘောင်လောကကို ငြီးငွေ့ကာ တောတောင်သို့ ကပ်ရောက်ကြသူများတွင် အချို့သည် ရသေ့အဖြစ်လည်းကောင်း၊ အချို့သည် ပရိဗိုဇ်အဖြစ်လည်းကောင်း နေထိုင်ကြသည်။

ရသေ့နှင့် ပရိဗိုဇ်တို့သည် တောထွက်ကာ ကျင့်ကြံနေထိုင်ကြသည် တူ၏။ သို့သော် ဝတ်စားဆင်ယင်မှုအသွင်အပြင်တွင် မတူညီကြပေ။

ပရိဗိုဇ်တို့သည် ဆံပင်တို့ကို ပယ်ကြ၏။ ထိုသို့ ဆံပင်များကို ရိတ်ပယ်ရာတွင်လည်း ဓားစသည်တို့ကို အသုံးပြုကာ ပယ်သည်ထက် ထန်းစေ့ဖြင့် ညှပ်ကာ နှုတ်၍ ပယ်သည်ကို အလေးပေးကာ ပြုလုပ်လေ့ရှိ၏။ အချို့ပရိဗိုဇ်မများသည် ထပ်မံ၍ ပေါက်လာသော ဆံပင်များကို မနှုတ်ဘဲ ထားခွင့်ရှိသည်လည်း ရှိ၏။ [၁]

ပရိဗိုဇ်အမျိုးအစားများ ပြင်ဆင်ရန်

ဘုရားပွင့်တော်မူစဉ်ကာလက အယူဝါဒကွဲပြားမှုအလျောက် ပရိဗိုဇ်အမျိုးအစား များစွာရှိ၏။ သို့သော် အမျိုးတူရာ ခွဲခြားပါက (၂) မျိုးရ၏။ ထိုနှစ်မျိုးမှာ

၁။ အစေလကပရိဗိုဇ်၊

၂။ ဆန္နပရိဗိုဇ် [၁]

(၁) အစေလကပရိဗိုဇ် ပြင်ဆင်ရန်

အစေလက ပရိဗိုဇ်တို့သည် အဝတ်အစား ဝတ်စားဆင်ယင်ခြင်း မပြုဘဲ ကိုယ်တုံးလုံးနေထိုင်ကာ ကျင့်ကြံကြ၏။ အာဇီဝကတက္ကတွန်းများသည်လည်း အဝတ်မဝတ်သော အစေလကပရိဗိုဇ်မျိုး ဖြစ်၏။

နိဂဏ္ဌနာဋပုတ္တဟုခေါ်သော မဟာဝီရသည်လည်း အစေလကပရိဗိုဇ်ပင် ဖြစ်၏။ ၎င်း၏ ဂျိန်းဘာသာသည် ယခုထက်တိုင် အိန္ဒိယတွင် တည်ရှိနေသည်။ [၁]

ဆန္နပရိဗိုဇ် ပြင်ဆင်ရန်

ဆန္ဒပရိဗိုဇ်တို့သည် အဝတ်အစား ဝတ်စားကြ၏။ ဤဆန္နပရိဗိုဇ်တို့သည် အမျိုးအစား များစွာရှိကြ၏။ ဤပရိဗိုရ်တို့သည် ဘုရားသာသနာရှိ ရဟန်းတော်များကဲ့သို့ အရောင်တူ အသွေးတူ ဖန်ရေဆိုးသည် သင်္ကန်းကို ဝတ်ဆင်ကြသူများ၊ သဖန်းမြက် ဖြူဆံမြက်တို့ကို ရက်လုပ်ကာ ဝတ်ဆင်ကြသူများ၊ သစ်ခေါက်တို့ကို စီ၍ ဝတ်ဆင်ကြသူများ စသည်ဖြင့် အမျိုးအစားပေါင်း များစွာရှိကြသည်။

သိဉ္စည်းဆရာကြီး၏ တပည့်ဖြစ်သည့် အရှင်သာရိပုတြာအလောင်း ဥပတိဿ၊ အရှင်မောဂ္ဂလန်အလောင်း ကောလိတ၊ သုပ္ပိယပရိဗိုဇ်၊ သုဘဒ္ဒပရိဗိုဇ် စသော သူတို့သည် ဆန္နပရိဗိုဇ်များ ဖြစ်ကြသည်။ [၁]

ပဏ္ဍရင်္ဂပရိဗိုဇ် ပြင်ဆင်ရန်

ဤပရိဗိုဇ်အမျိုးအစားသည် ဆန္နပရိဗိုဇ်အမျိုးအစားတွင် ပါဝင်၏။ အဝတ်အဖြူကို ဝတ်ဆင်၏။ ဦးခေါင်းကို ဦးပြည်းရိတ်ကြသည်။ ဤပရိဗိုဇ်အမျိုးအစားသည် ဘုရားမပွင့်မီ နှစ်ပေါင်းများစွာကပင် အစဉ်မပျက် တည်ရှိခဲ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ရဝေထွန်း (မတ် ၁၉၇၈)။ ဘိက္ခုနီသာသနာနှင့် သီလရှင်သမိုင်း။ ရန်ကုန်: ရွှေတည်စာပေတိုက်။