ရသေ့
ရသေ့ဟူသော အမည်သည် ဣသိ ဟူသော ပါဠိမှ ဖြစ်လာသော မြန်မာအမည်ဖြစ်၏။ သို့သော်လည်း တာပသ၊ ဇဋိလ စသော ပိုဒ်များ ကိုလည်း ရသေ့ဟူ၍ပင် မြန်မာပြန်ဆိုကြသည်။ ထိုရသေ့ကား ပဗ္ဗဇ္ဇ လေးမျိုးတွင် တစ်မျိုးအပါအဝင် ဖြစ်၏။
ထိုသို့ဖြစ်သော်လည်း ဗုဒ္ဓသာသနာတွင်း၌ နေရောင်ထွန်းခိုက် ပိုးစုန်းကြူးအရောင် မထွန်းနိုင်သကဲ့သို့ ဂုဏ်သိမ်နိမ့်ကျလျက် တန်ခိုးအာနုဘော် နည်းပါးလှ၏။ သာသနာပ၌ကား ပဗ္ဗဇ္ဇမျိုးဝင် မြင့်မြတ်သောသူတော်စင်ဖြစ်လျက် ဂုဏ်သိမ်မြင့်မား လူအများတို့၏ အားထားကိုးကွယ်ရာဖြစ်ကြ၏။ လူအများတို့ လိမ္မာရေးခြားရှိအောင် အသိဉာဏ်ကို ပေးတတ်၏။ လူအများတို့ ကုသိုလ်မျိုးစေ့ စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်၏။ အစကို မမြင်နိုင်အောင် အလွန်ရှည်ဝေးသော ကမ္ဘာအဆက်ဆက်က ဖြစ်ပေါ်လာခဲ့၏။
ထိုရသေ့ အမျိုးအပြားကို သီလက္ခန်အဋ္ဌကထာ၊ အမ္ဗဋ္ဌသုတ်အဖွင့်၌ -
သပုတ္တဘရိယရသေ့
ပြင်ဆင်ရန်"အိမ်နေ လူဝတ်ကြောင် အလား ပစ္စည်းဥစ္စာ ရှာဖွေစုဆောင်းလျက် သားမယား မွေးမြူသောရသေ့"
၁။ စည်းစိမ်ဥစ္စာ စုဆောင်းကာ သားနှင့် မယားနှင့်နေသော ရသေ့မျိုးသည် သပုတ္တဘရိယရသေ့ မည်၏။ (ဘုရားလက်ထက်တော်အခါက ကေဏိယ ရသေ့ကဲ့သို့သော ရသေ့မျိုးတည်း၊ ထိုကေဏိယ ရသေ့ကား အင်္ဂုတ္တရာပတိုင်း၊ အာပဏနိဂုံးအရပ်၌ ဘုရင်မင်းအား တံစိုးလက်ဆောင်ပေးပြီးလျှင် မြေကောင်းရာအရပ်၌ သင်္ခမ်းကျောင်း ဆောက်လုပ်နေလေသည်။ စီးပွားရေးသမား ဥစ္စာပေါများသူဖြစ်သည့်အတိုင်း ၎င်းကိုမှီ၍ အိမ်ခြေတစ်ထောင် မှီတည်နေရ၏။ ထိုကေဏိယ ရသေ့သည် ဗြာဟ္မဏမဟာသာလ = များသော ဥစ္စာနှစ်ရှိသော ပုဏ္ဏားမျိုးမှ ဥစ္စာကို စောင့်ရှောက်ရန်အတွက်သာ ရသေ့ဘဝဖြင့်နေသောသူ ဖြစ်သည်။ နေ့အခါ၌ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ရုံပြီးလျှင် ဆံကျစ်ထုံးဖွဲ့၍ တကယ့်ရသေ့ သူတော်ကောင်းအယောင်ဖြင့်နေ၍၊ ညဉ့်တိုင် ရောက်လျှင် အာရုံငါးပါး ကာမဂုဏ်တရား သားမယားတို့ဖြင့် ပျော်မွေ့နေသူ ဖြစ်သတတ်။)[၁]
ဥဉ္ဆာစရိယရသေ့
ပြင်ဆင်ရန်"ကောက်နယ်တလင်းသို့သွားကာ အလှူခံ၍ရသော စပါး၊ ပဲ စသည်တို့ကို ထောင်းထု ချက်ပြုတ် စားသောရသေ့"
၂။ ဥစ္စာပစ္စည်းကိုလည်း မစုဆောင်း၊ သားမယားလည်း မယူဘဲ ကောက်ပဲရိတ်ရာနယ်ရာ အရပ်တို့၌ ဒကာများထံ ချဉ်းကပ်၍ ကောက်ပဲသီးနှံတို့ကို အလှူခံပြီးလျှင် ရသမျှစုရုံး၍ ကိုယ်တိုင် ချက်ပြုတ် စားသောက်သော ရသေ့သည် ဥဉ္ဆာစရိယရသေ့ မည်၏။ (ဥဉ္ဆာ = ကောက်နယ်တလင်းတို့၌ ကောက်ပဲတို့ကို ရှာဖွေခြင်း၊ စရိယ = အသက်မွေးကြောင်း အကျင့်ရှိသူ။)[၁]
အနဂ္ဂိပက္ကိကရသေ့
ပြင်ဆင်ရန်"ရွာ၊ နိဂုံး၊ မြို့သို့လှည့်လည်ကာ ဆန်၊ ပဲ စသည်တို့ကို အလှူခံ၍ ချက်ပြုတ်စားသောရသေ့"
၃။ ရသေ့ဖြစ်လျက် "တလင်းတစ်ခုမှ တလင်းတစ်ခုသို့ လှည့်လည်၍ ကောက်စပါး၊ ပဲ တို့ကို အလှူခံစုဆောင်းပြီး ထုထောင်းချက်ပြုတ်၍စားရန် မသင့်" ဟု အကြံဖြစ်ပေါ်ပြီးသည့်နောက် ရွာတွင်း နိဂုံးတွင်း၌ ဆွမ်းဆန်စိမ်း ခံယူပြီးလျှင် ချက်ပြုတ်စားသောက်ကြသည်။ ဤသို့သော ရသေ့သည် အနဂ္ဂိပက္ကိက ရသေ့မည်၏။ (အနဂ္ဂိပက္ကိက = မီးဖြင့် မချက်ရသေးသည့် ဆွမ်းဆန်စိမ်းဖြင့် အသက်မွေးသောရသေ့။)[၁]
(၂- ဥဉ္ဆာစရိယရသေ့မှာ တလင်းထဲသွား၍ အခွံမချွတ်ရသေးသည့် စပါး၊ ပဲတို့ကို အလှူခံသည်။
၃- အနဂ္ဂိပက္ကိက ရသေ့မှာ မြို့ရွာအတွင်း အိမ်စဉ်လျှောက်၍ စပါးမဟုတ်သည့် ချက်ပြုတ်စားနိုင်သော ဆန်ဖြစ်ပြီးသည်ကို အလှူခံသည်။)
အသာမပါကရသေ့
ပြင်ဆင်ရန်"ရွာ၊ နိဂုံး၊ မြို့သို့လှည့်လည်ကာ ချက်ပြုတ်ပြီးသောဆွမ်းကို ခံ၍စားသောရသေ့"
၄။ “ရှင်ရသေ့ဖြစ်လျက် ကိုယ်တိုင်ချက်ခြင်းဖြင့် အလျဉ်းပင် မလျော်”ဟု ကြံဆပြီးလျှင် ရွာတွင်းသို့ဝင်၍ ကျက်ပြီးဆွမ်းကိုသာ ခံယူသုံးဆောင်သော ရသေ့သည် အသာမပါကရသေ့ မည်၏။ (အသာမပါက = ကိုယ်တိုင်မချက်ပဲ ကျက်ပြီးဆွမ်းကိုသာ ခံယူ အသက်မွေးသောသူ။)[၁]
အယမုဋ္ဌိကရသေ့၊ (အသ္မမုဋ္ဌိကရသေ့)
ပြင်ဆင်ရန်"ကျောက်ခဲ စသည်ဖြင့် စား၍ရသော အာဟာရရှိသည့်သစ်ခေါက်တို့ကို ထုခွာ၍ စားသောရသေ့"
၅။ “ရှင်ရသေ့ဖြစ်သူအား နေ့စဉ် ဆွမ်းခံရခြင်းသည် ဆင်းရဲ၏”ဟု အောက်မေ့၍ တူ၊ ကျောက်ခဲဖြင့် စားသောက်ကောင်းသည့် (ဝှေးပင်အစရှိသော) သစ်ပင်တို့၏ အခွံကိုခွါ၍ စားသောက်သော ရသေ့သည် အယမုဋ္ဌိကရသေ့ မည်၏။ (အသ္မမုဋ္ဌိကဟူ၍လည်း ရှိ၏။) (အယ = သံကဲ့သို့ ကြမ်းတမ်းသော၊ မုဋ္ဌိက = လက်ဆုပ်ခန့်ရှိသော ကျောက်ဖြင့် သစ်ခွံတို့ကို ထုခွဲစားသောက်သူ)[၁]
ဒန္တဝက္ကလိကရသေ့
ပြင်ဆင်ရန်"သွားများဖြင့် သစ်ခေါက်တို့ကို ကိုက်ခွာ၍ စားသောရသေ့"
၆။ “ကျောက်ဖြင့် သစ်ခွံကို ထုခွဲ၍ လှည့်လည်ရခြင်းသည် ဆင်းရဲ၏”ဟု အောက်မေ့၍ ကျောက်ခဲ၊ တူတို့ကို မဆောင်တော့ပဲ မိမိ၏သွားတို့ဖြင့်သာ ကိုက်ခွာ၍စားသော ရသေ့သည် ဒန္တဝက္ကလိကရသေ့ မည်၏။ (ဒန္တ= သွားများဖြင့်သာ၊ ဝက္ကလိက= သစ်ခွံ၊ သစ်ခေါက်တို့ကိုခွဲ၍ စားသောက်မျှတသောသူ။)[၁]
ပဝတ္တဖလဘောဇနရသေ့
ပြင်ဆင်ရန်"ခဲ၊ တုတ်၊ လှံကန် စသည်တို့ဖြင့် သစ်သီးတို့ကို ပစ်ခတ်ဆွတ်ခူး၍ စားသောရသေ့"
၇။ “သွားတို့ဖြင့် ကိုက်ခွာ၍ စားရခြင်းသည် ရှင်ရသေ့အား ဆင်းရဲလှ၏”ဟု အောက်မေ့၍ ခဲ၊ တုတ် စသည်တို့ဖြင့် ပစ်ခတ်၍ ကြွေကျသော အသီးကိုသာ သုံးဆောင်သော ရသေ့သည် ပဝတ္တဖလဘောဇနရသေ့ မည်၏။ (ပဝတ္တ = ခဲ၊ တုတ်တို့ဖြင့် ပစ်ချ၍ ကြွေကျသော၊ ဖလ = သစ်သီးကိုသာ၊ ဘောဇန = စားလေ့ရှိသောသူ။)[၁]
ပဏ္ဍုပလာသိကရသေ့
ပြင်ဆင်ရန်"အလိုလိုကြွေကျသော သစ်သီး၊ သစ်ပွင့်၊ သစ်ရော်ရွက်တို့ကို ကောက်၍စားသော ရသေ့"
၈။ ခဲ၊ တုတ်တို့ဖြင့် မပစ်မခတ်ပဲ အလိုလိုကြွေကျသော အပွင့် အသီး အရွက်တို့ကိုသာ စား၍ မျှတသော ရသေ့သည် ပဏ္ဍုပလာသိက ရသေ့မည်၏။ (ပဏ္ဍုပလာသ = ရင့်ရော်သော အရွက်၊ အပွင့်၊ အသီးတို့ဖြင့်၊ ဣက = မျှတ အသက်မွေးသောသူ။)
ဤပဏ္ဍုပလာသိက ရသေ့ကား -
(၁) ထိုင်နေရာမှ မထပဲ လက်လှမ်းမှီရာ၌ ကြွေကျသော အရွက်၊ အပွင့်၊ အသီးတို့ကိုသာ စားသုံးလျှင် ဥက္ကဌ်ပဏ္ဍုပလာသိက
(၂) အခြားသော သစ်ပင်သို့ မပြောင်းတော့ပဲ သစ်ပင်တစ်ပင်မှ အလိုလိုကြွေကျသော အရွက်၊ အပွင့်၊ အသီးတို့ကိုသာ စားသုံးလျှင် မဇ္ဈုံပဏ္ဍုပလာသိက
(၃) ထိုထိုသစ်ပင်အောက်သို့ သွားရောက်ရှာဖွေ အလိုလိုကြွေကျသော အရွက်၊ အပွင့်၊ အသီးတို့ကို စားသုံးလျှင် မုဒုံပဏ္ဍုပလာသိက ဟူ၍ ဤကဲ့သို့ သုံးမျိုးအများ ပြားပြန်သည်။
ဤကား သီလက္ခန်အဋ္ဌကထာ အမ္ဗဋ္ဌသုတ်အဖွင့်၌လာသော ရသေ့ရှစ်မျိုးတည်း။[၂]
ဟိရိသုတ်တော်လာ ရသေ့ရှစ်မျိုး
ပြင်ဆင်ရန်သုတ္တနိပါတ်အဋ္ဌကထာ ဟိရိသုတ်အဖွင့်၌လာသော ရသေ့ရှစ်မျိုးကား-
၁။ သပုတ္တဘရိယ ရသေ့ သားမယားနှင့်တကွ ရှင်ရသေ့ပြု၍ လယ်ထွန်ခြင်း၊ ကုန်သွယ်ခြင်း စသည်တို့ဖြင့် အသက်မွေးကြသော ကေဏိယရသေ့စသော သူတို့သည် သပုတ္တဘရိယရသေ့ မည်ကြ၏။
၂။ ဥဉ္ဆာစရိယ ရသေ့ မြို့တံခါးဝမှာ နေစရာကျောင်း ဆောက်လုပ်ပြီးလျှင် မင်းပုဏ္ဏားတို့၏ သားငယ်စသည်များကို အတတ်ပညာ သင်ပေး၍ ရွှေငွေကိုကား မခံယူပဲ နှမ်း၊ ဆန်စသည့် သူတော်ကောင်းတို့နှင့် အပ်စပ်သည့် ပစ္စည်းကိုသာ ခံယူသုံးဆောင်သော ရသေ့သည် ဥဉ္ဆာစရိယ ရသေ့မည်၏။
၃။ သမ္ပတ္တကာလိက ရသေ့ အစာစားချိန်၌ ရောက်ဆိုက်လာသော အစာအာဟာရကို ခံယူ သုံးဆောင် မျှတသော ရသေ့သည် သမ္ပတ္တကာလိက ရသေ့မည်၏။
၄။ အနဂ္ဂိပက္ကိက ရသေ့ မီးဖြင့် မချက်အပ်သည့် အရွက်၊ အသီးတို့ကို စား၍ မျှတသော ရသေ့သည် အနဂ္ဂိပက္ကိက ရသေ့မည်၏။
၅။ အယမုဋ္ဌိက ရသေ့ တူ၊ ကျောက်ခဲ (သို့မဟုတ်) ပဲခွပ်၊ ဓား စသည်ကို ကိုင်ဆောင် လှည့်လည်၍ ဆာလောင်သောအခါမှ မိမိရောက်ရာ သစ်ပင်၏ အခေါက်ကို ခွာ၍ စားပြီးလျှင် ဥပုသ်ဆောက်တည်၍ ဗြဟ္မစိုရ်တရား လေးပါးတို့ကို ပွားများသော ရသေ့သည် အယမုဋ္ဌိက ရသေ့မည်၏။
၆။ ဒန္တလူယျက ရသေ့ တူ၊ ကျောက်ခဲ စသည်တို့ကို မကိုင်ဆောင်ဘဲ လှည့်လည်၍ ဆာလောင်သောအခါ ရောက်ရာသစ်ပင်မှ သွားဖြင့် ကိုက်ခွာ၍ အခေါက်ကိုစားပြီးလျှင် ဥပုသ်ဆောက်တည်၍ ဗြဟ္မစိုရ်တရား လေးပါးတို့ကိုပွားများသော ရသေ့သည် ဒန္တလူယျက ရသေ့မည်၏။
၇။ ပဝတ္တဖလိက ရသေ့ အလိုလိုဖြစ်သော ရေအိုင် (သို့မဟုတ်) တောအုပ်ကို မှီ၍ နေပြီးလျှင် (ရေအိုင်၌ နေသူဖြစ်က) ထိုရေအိုင်ထဲမှ ကြားရိုး ကြာစွယ် စသည်ကိုလည်းကောင်း၊ (တောအုပ်၌ နေသူဖြစ်က) ထိုတောအုပ်ထဲမှ အပွင့်ချိန်၌ အပွင့်ကို၊ အသီးချိန်၌ အသီးကိုသော်လည်းကောင်း ယူစား၍ (အပွင့်အသီးမှ မရှိခဲ့သော် အာဟာရအတွက် အရပ်တပါးသို့ မသွားဘဲ) အယုတ်သဖြင့် သစ်ပင်၏အပွေးကိုပင် စား၍ ဥပုသ်ဆောက်တည်ပြီးလျှင် ဗြဟ္မစိုရ်တရားလေးပါးတို့ကို ပွားများသော ရသေ့သည် ပဝတ္တဖလိက ရသေ့မည်၏။
၈။ ဝဏုမုတ္တိက ရသေ့ အညှာမှလွတ်ကာ မြေပြင်မှာ ကြွေကျနေသော သစ်ရွက်တို့ကိုသာ စားပြီးလျှင် ဥပုသ်စောင့်တည်ခြင်း၊ ဗြဟ္မစိုရ်တရား ပွားများခြင်း ကောင်းမှုပြုသော ရသေ့သည် ဝဏုမုတ္တိက ရသေ့မည်၏။[၃]
ထိုရသေ့ရှစ်မျိုးတို့တွင် ရှေးရှေးရသေ့တို့ထက် နောက်နောက်ရသေ့တို့က အကျင့်သီလ မြင့်မြတ်ကြကုန်၏။
ပြဆိုခဲ့ပြီးသည့်အတိုင်း သီလက္ခန်အဋ္ဌကထာ၊ သုတ္တနိပါတ် အဋ္ဌကထာတို့၌လာသော ရသေ့ရှစ်မျိုးစီတို့တွင် (ကေဏိယရသေ့ကဲ့သို့သော) သပုတ္တဘရိယ ရသေ့တို့ကိုထား၍ ကျန်သော ရသေ့ခုနစ်မျိုးစီတို့သည် မိမိစွမ်းနိုင်သမျှ ဥပုသ်ဆောက်တည်ကာ ဗြဟ္မစိုရ်တရား ပွားများသော ပုဂ္ဂိုလ်တို့ဖြစ်သဖြင့် သူတော်ကောင်းများသာ ဖြစ်ကြ၏။ ထို့ကြောင့် (ဣသိ) ဟူ၍လည်းကောင်း (တာပသ) ဟူ၍လည်းကောင်း ခေါ်ဝေါ်အပ်သည်။ (ဣသိ)မှာ ဂုဏ်ကျေးဇူးကို ရှာမှီးသောသူဟု အဓိပ္ပာယ်ရှိ၍ (တာပသ)မှာ အကျင့်တရား အားထုတ်သောသူဟု အဓိပ္ပါယ်ရှိသည်။
သုမေဓာရှင်ရသေ့
ပြင်ဆင်ရန်သုမေဓာရှင်ရသေ့မှာ သီလက္ခန်အဋ္ဌကထာလာ ရသေ့ရှစ်မျိုးတို့တွင် စတုတ္ထမြောက် အသာမပါကရသေ့အဖြစ် တစ်ရက်မျှဖြစ်ပြီးလျှင် နောက်ရက်များ၌ ရှစ်ခုမြောက် ပဏ္ဍုပလာသိက ရသေ့သူမြတ် ဖြစ်၏။ သုတ္တနိပါတ် အဋ္ဌကထာလာ ရသေ့ရှစ်မျိုးတွင်ကြည့်ပါလျှင်ကား ရှစ်ခုမြောက် ဝဏုမုတ္တိက ရသေ့မျိုးမှာ ပါဝင်သင့်၏။
ရသေ့ကို (ပါဠိလို) ဇဋိလ = ဆံကျစ်ရှိသောသူ၊ ဇဋာဓရ = ဆံကျစ်ကို ဆောင်သောသူ ဟူ၍လည်း ခေါ်၏။ ဆံကျစ်ရှိခြင်း ဆံကျစ်ကိုဆောင်ခြင်းမှာ မည်သူမဆို သူတော်ကောင်းဖြစ်စေ သူယုတ်မာဖြစ်စေ ပြုလုပ်၍ ဖြစ်နိုင်၏။ ဤသို့ သူတော်ကောင်းဟူသော အနက်တွင်မက၊ သူယုတ်မာများပါ ဇဋိလ ဇဋာဓရ မည်နိုင်သည့်အတွက် မဂဓအဘိဓာန်ကျမ်း ဂါထာအမှတ် (၄၄၀)၌ ဇဋိလနှင့် ဇဋာဓရဟူသော နှစ်ပုဒ်ကို အစေလက = တက္ကတွန်း ပရိယာယ်ပုဒ်တို့နှင့် တဆက်တည်း ဖော်ပြထားသည်။ ဣသိနှင့် တာပဿ ပုဒ်နှစ်ခုကိုကား မဂဓအဘိဓာန်ကျမ်း ဂါထာအမှတ် (၄၃၃)၌ ရဟန်းဟော ပရိယာယ်ပုဒ်များနှင့် တဆက်တည်း ဖော်ပြထားသည်။[၁]
ဗေဒင်ကျမ်း, ဆေးကျမ်းများ ရေးခဲ့
ပြင်ဆင်ရန်ထို့ပြင် အဋ္ဌကရသေ့၊ ဝါမကရသေ့၊ ဝါဒမဒေဝရသေ့၊ အင်္ဂီရသ ရသေ့၊ ဘဂုရရသေ့၊ ယမဒဂ္ဂိ ရသေ့၊ ဝါသေဋ္ဌရသေ့၊ ဘာရဒွါဇရသေ့၊ ကဿပရသေ့၊ ဝေဿာမိတ္တရသေ့ စသောရသေ့တို့သည် ဗေဒင်ကျမ်းတို့ကို ရေးသားပြုစုခဲ့ကြ၏။ တပည့်တို့ကိုလည်း သင်ကြားပို့ချခဲ့ကြ၏။ ဆရာအဆက်ဆက် တပည့်အဆက်ဆက်မှ ဆင်းသက်လာသော ဗေဒင်ကျမ်းတို့ကား ယနေ့တိုင်အောင် ထင်ရှားရှိကုန်၏။ ကမ္ဘာသူကမ္ဘာသား လူအများတို့အား အသိအလိမ္မာ ဉာဏ်ပညာကို ပေးကုန်၏။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ ကောင်းဆိုးနှစ်တန်ကို ဝေဖန်၍ ပြကုန်၏။ ထို့အပြင် အမတသာရရ ရသေ့၊ ဓာနွန္ဓရီ ရသေ့၊ စရကရသေ့၊ သာရင်္ဂဓရရသေ့၊ မာဓဝရသေ့၊ ဘာဝမိဿရရသေ့၊ စက္ကပါဏိရသေ့ စသော ရသေ့တို့သည် ဆေးကျမ်းများကို ရေးသားပြုစုခဲ့ကြ၏။ တပည့်တို့အား သင်ကြားပို့ချခဲ့ကြ၏။ ထိုဆေးကျမ်းတို့ကား ကမ္ဘာသူကမ္ဘာသားတို့အတွက် အသက် ကို ပေးသောကျမ်းများဖြစ်၍ အလွန်ကျေးဇူးများကုန်၏။ ကျန်းမာရေးအတွက် အားထားမှီခိုရာတို့ ဖြစ်ကုန်၏။ ယနေ့တိုင်အောင် ကုသလျက်ရှိသော ဆေးပညာအရပ်ရပ်တို့ကား ယင်းဆေးကျမ်းများမှ ဆင်းသက်ပေါက်ဖွားလာသော ပညာများဖြစ်ကြ၏။
ဘုရားအလောင်းရသေ့များ
ပြင်ဆင်ရန်ထို့ပြင် သုမေဓာရသေ့၊ အကိတ္တိ ရသေ့၊ သရဘင်္ဂရသေ့၊ သာရဒ ရသေ့ စသော ပိဋကတ်တော် ဇာတ်တော် နိပါတ်တော် လာ ဘုရားအလောင်း၊ ပစ္စေကဗုဒ္ဓါအလောင်း၊ သာဝကအလောင်း ရသေ့တို့ကား များပြားလှကုန်၏။ ဘုရားဖြစ်ရန်၊ ပစ္စေကဗုဒ္ဓါ ဖြစ်ရန်၊ သာဝကဖြစ်ရန် သားမယားအိုးအိမ် စည်းစိမ်ဥစ္စာ ပြည်ရွာတိုင်းကားကို စွန့်လွှတ်ကြ၍ တောထွက်ကာ ရသေ့ပြု လျက် ပါရမီကုသိုလ်ကို ဖြည့်ကျင့်ဆည်းပူးကြ၏။ ထိုရသေ့ များကို အစွဲပြု၍ တောထွက်ကာ ရသေ့ပြုကြသော တိုင်းသူ ပြည်သားတို့လည်း မရေမတွက်နိုင်အောင် များလှကုန်၏။
အယူဝါဒများ
ပြင်ဆင်ရန်ထိုရသေ့တို့တွင် အချို့ရသေ့တို့သည် ကံ၊ ကံ၏အကျိုးကို ယုံကြည်သော ကမ္မဝါဒီများ ဖြစ်ကြ၏။ အချို့ရသေ့တို့မှာ မိမိကြိုက်နှစ်သက်ရာ အယူကို ယူဆကြ၏။ အချို့ရသေ့တို့သည် လောကီအကျိုးကို ပြုကြ၏။ အချို့ရသေ့တို့သည် လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ပြုကြ၏။ အချို့ရသေ့တို့သည် ဈာန်အဘိဉာဏ်ကို မရကြကုန်။ အချို့ရသေ့တို့သည် ဈာန်အဘိဉာဏ်ကိုရ၍ တန်ခိုးအာနုဘော် ကြီးမားကုန်၏။ ဖြစ်ပြီးအတိတ်က ကမ္ဘာလေးဆယ်၊ ဖြစ်လတ္တံ့အနာဂတ်က ကမ္ဘာလေးဆယ်အားဖြင့် ကမ္ဘာရှစ်ဆယ်အတွင်း အဖြစ်အပျက်ကို မြင်နိုင်ကြ၏။[၄]