ပရိမ္မမြေ
ပရိမ္မမြေသည် မအူရွာမှနေ၍ ချင်းတွင်းမြစ်တစ်ဖက်ကမ်းတွင် ပရိမ္မရွာကြီးကို ခေါ်သည်။ ပရိမ္မရွာသည် ပုဂံပြည်ကြီးကို ဖွံ့ဖြိုးတိုးတက်စွမ်းဆောင်ခဲ့သူ ထိလှိုင်သျှင်ကျန်စစ်သားမင်းကြီး၏ မွေးရပ်ဇာတိမြေ ဖြစ်သည်။ ပရိမ္မရွာသည် ပုဂံပြည်ကြီးနှင့် ခရီးတာမဝေးလှဘဲ ရှေးခေတ်ကပင် အကူးအသန်းအသွားအလာများ ရှိခဲ့ကြသည်။ နရပတိမင်း ၏ မြင်းတော်ခံ ငပြည့်သည် အရှင်သခင် စစ်ထွက်ရာသစ်ဆိမ့်သို့ လိုက်ခဲ့ရာ ပုဂံမှ နံနက်ခေါင်းလောင်းထိုးတွင် အောင်သာမှကူး၍ မြင်းနှင့် သက်သက်ညှင်းညှင်းနှင်လာခဲ့ရာ ချင်းတွင်း ပရိမ္မသို့ရောက်လေသော် မွန်းမတည့်သေး ဟုဆိုလေသဖြင့် ပရိမ္မရွာနှင့် ပုဂံသည် ရှေးလမ်းခရီးတာမှာ မဝေးကွာလှချေ။ ကူးသန်းသွားလာဆက်သွယ်မှုများစွာ ရှိခဲ့သည်။ ကုန်းလမ်းခရီးမှလာ ရောက်မည်ဆိုလျှင် မုံရွာ-မန္တလေးအဝေးပြေးလမ်းမမှ ၃၆-မိုင်၊ မြောင်လမ်းခွဲအတိုင်းဝင်ခဲ့လျှင် ၇-မိုင်အကွာတွင် မြောင်မြို့သို့ ရောက်ရှိသည်။ ထိုမှဆက်လက်ထွက်ခွာလာခဲ့လျှင် လှေတင်ဦး၊ ဖွားစော၊ ဆွဲလွဲအို၊ နဘက်၊ ကင်းရွာ၊ ကျောက်ရစ်၊ အုန္နဲဘုတ်ကျေးရွာများကို ဖြတ်သန်း၍ ခရီးဆက်လာခဲ့လျှင် ချင်းတွင်းမြစ်ကမ်းနံဖူးရှိ ပရိမ္မရွာသို့ ရောက်သည်။ မြောင်လမ်းခွဲနှင့် ပရိမ္မရွာသည် ၁၉-မိုင်ခန့်သာ ကွာဝေးသည်။ ပရိမ္မရွာသည် မြောင်မြို့နယ်တွင် ပါဝင်သည့် အိမ်ခြေ-၆၀ဝကျော် ရှိသောစံပြကျေးရွာကြီး ဖြစ်နေသည်။ ထီးလှိုင်သျှင်ဘုရား၏အထက်နားတွင် ချင်းတွင်းမြစ်ရေကို ရေစုပ်စက်ကြီးများနှင့်စုပ်တင်၍စိုက်ပျိုးရေပေးဝေလျက် ရှိနေသည့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းကြီး တည်ရှိသည်။ ထိုလျှပ်စစ်မြစ်ရေတင်လုပ်ငန်းကြီးကြောင့် ကျားအို၊ ရွှေပန်း၊ တွင်းကြီး၊ အုန္နဲဘုတ်-စသည့် ကျေးရွာများမှ လယ်ယာမြေများမှာ မြေကြီးက ရွှေသီးလျက်ရှိနေကြသည်။
ပရိမ္မရွာသည် ပုဂံခေတ်က သူကြီးအုပ်ချုပ်ခဲ့သည့်ကျေးရွာကြီးဖြစ်သည်။ အင်းဝခေတ်၊ ပထမမင်းခေါင် (၇၆၃-၇၈၃) လက်ထက်တွင် ပရိမ္မရွာကို ရဲလှေ ဆယ်စင်းသို့ ထည့်သွင်းဖွဲ့စည်းခဲ့သည်။ အင်းဝမြို့တော်ကာကွယ်စောင့်ရှောက်ရေးနှင့်စစ်ရေးတို့အတွက် ရဲ လှေတော်ဆယ်စင်း လုပ်ဆောင်ပြီး ချင်းတွင်းမြစ်အရှေ့ဘက်ရှိ ပရိမ္မ၊ ငပြောင်ကုန်း၊ လက်တော်ရာ၊ မန်ကျည်းခွ၊ ခင်မွန်ရွာနှင့် ချင်းတွင်းအနောက်ဘက် မုံညှင်း၊ ကျောက် ဆောက်၊ ပရိန်သာ၊ သရက်ကိုင်း၊ ခွန်သာ-စသည့် စုစု ပေါင်း(၁၀)ရွာသားတို့နှင့် ဖွဲ့စည်းထားသည့် လှေတပ်ဖြစ်ပေသည်။ ရဲလှေဆယ်စင်းတွင် ပါဝင်သည့်ကျေးရွာများမှာ ချောင်းဦး၊ မြောင်၊ ရေစကြိုနှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာများ ဖြစ်သည်ကို တွေ့ရသည်။ အင်းဝမင်းခေါင် သည် တောင်ငူစစ်ပွဲတွင် အောင်ပွဲဆင်လာခဲ့သည့် သားတော်ပြည်စားသီဟသူကို အိမ်ရှေ့အရာပေး၍ ပန်းချီဆယ်တိုက်၊ ရဲလှေဆယ်စင်းနှင့်တကွ ဗဒုံမြို့ကို ကံကျွေးချ ပေးသနားတော်မူခဲ့သည်။
အမြင့် (၅)မြို့
ပြင်ဆင်ရန်ကုန်းဘောင်ခေတ်ရောက်သည့်အခါ ပရိမ္မကို အမြင့်-(၅)မြို့အတွင်း ထည့်သွင်းခဲ့သည်ကို တွေ့ရသည်။ အမြင့်-(၅)မြို့ဆိုသည်မှာ
- အမြင့်
- အလ္လကပ္ပ
- ပရိမ္မ
- ကျောက်ရစ်နှင့်
- နဘက်မြို့တို့ကိုခေါ်ဝေါ် ခြင်းဖြစ်ပြီး အမြင့်မြို့တွင် မြို့ဝန်ရုံးစိုက်၍ ငါးမြို့ဝန်က အုပ်ချုပ်စီရင်ခဲ့ခြင်း ဖြစ်သည်။
ပရိမ္မရွာ၏ချင်းတွင်းမြစ်ကမ်းနံဖူးတွင် ကျန်စစ်သားမင်းတည်ထားခဲ့သည့် ထီးလှိုင်သျှင်စည်းခုံတော်ကြီးကို ဖူးတွေ့နိုင်ပေသည်။ အရိပ်မထွက်ဘုရားဟုလည်း ခေါ်ဝေါ်ကြသည်။ ထီးလှိုင်သျှင်ဘုရားတွင် သက္ကရာဇ် ၄၆၉-ခု နှစ်က ရေးထိုးခဲ့ကျောက်စာ တည်ရှိသည်။ ထိုကျောက်စာတွင်-
။ ဝ။ သကရဇ် ၄၆၉ ခု မာဃဂံဝဇ္ဆိဏ် သိရိဘဝနာ ဒိတျာဝံင်္သရာဇာဓိရာဇာ။ မဟဗ္ဗလော ဇိနိ တွာန၊ မဟိ ံသဗ္ဗံ နိဗာနံ သမ္ပတာရ ယန္တိ၊ ကုဆုန်လ္ဆန် ၁၀ ၅ နိယ် မိမိဖွာရာပရိမ်ပြည်နှိုက် ဓိလိုင်သျင်မင်ကြီစေတီ တည် ၏။ တည်ပြီရကာ ဥဿာ်လပြည် တန်လိုင်ပြည်ကိုဝ် နည်၂ ညက်၂ ဖျက်ခ္လိပြီရုယ် ခ္လိထသော ပြညာ်ကြီသော တန် လိုင် သုခမိန်ကိုဝ်လေ ထာ၏။ ရ္ပုယ်ထံစင် ရ္ပုယ်သန်လျင်လေ ထာ၏။ မီမီရယ်ချင်ဖ္လစ်ထကျင်သော စောင် ဆင် တင်ကုပ်တွင် ရယ်၂ လှူသော ကင်္ကသူ၊ ကင်္ကပိုလ် ကင်္ကပတိယ် အတ် ၃ ယောက် စသော ကျွန်တ် ၁၀ဝ လှူ၏။ ရွာသာ ပ္လေါင်ပ္လာနှိုက်ဖ္လစ်သော စ္ဗါလေ ၁၅၀ဝ လှူတ်မူ၏။
စသည်ဖြင့် ရေးထိုးထားသည်ကို တွေ့ရှိရသည်။ ကျောက်စာအထောက်အထားအရ ထီးလှိုင်သျှင်ဘုရားကြီးတည်ရှိရာ ပရိမ္မရွာသည် ကျန်စစ်သားမင်း၏ဇာတိရပ်ရွာဖြစ်သည်မှာ ထင်ရှားပေသည်။ ထီးလှိုင်သျှင်ဘုရား အနီးတွင် ကျန်စစ်သားကို ပဋိသန္ဓေရှိစဉ်ကာလက မယ်တော် ဟင်းခါးချက်ပြုတ်စားသောက်သည့်နေရာတွင် တည်ထားခဲ့သည့်ဟင်းခါးဂူဘုရား တည်ရှိသည်။ ထို့အတူ ကျန်စစ်သားအား ဝမ်းကြာတိုက်အတွင်း လွယ်ထားစဉ် လိုက်လံရှာဖွေသတ်ဖြတ်သည့်ရန်သူတို့လာရောက်ချိန်တွင် ဝင်ရောက်ပုန်းခိုခဲ့ဖူးသည့် မစ မန်ကျည်းပင်ကြီးလည်း ပရိမ္မ ရွာတွင် ရှိခဲ့ဖူးသည်။
မစ မန်ကျည်းပင်ကြီး
ပြင်ဆင်ရန်သက္ကရာဇ် ၄၇၃-ခုနှစ်ထိုး အလောင်းစည်သူမင်းကြီး ၏ ကောင်းမှု့ လှည်းထောင်ဘုရားကျောက်စာတွင် ကျန် စစ်သား၏အမည်ကို ထိလိုင်အသျင်ကလန်စစ်သာ ဟူ၍ ရေးထိုးခဲ့သည်။ ကလန်ဆိုသည်မှာ ကျေးရွာမြို့ပြကို အုပ်ချုပ်စီရင်သည့်အကြီးအကဲ၊ မြို့ရွာသူကြီးတို့ကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျန်စစ်သားသည် ပုဂံခေတ်၊ ပရိမ္မမြို့တွင် အုပ်ချုပ်စီရင်ခဲ့သည့်မြို့သူကြီး ဖြစ်သည်ဟု ယူဆချက်လည်း ရှိပေသည်။ ကျန်စစ်သားမင်း၏ဘဝဇာတ်လမ်းက ထူးခြားဆန်းပြားပါသည်။ ကျန်စစ်သားမင်း၏မယ်တော်မှာ ချောမော လှပပြီး ကောင်းခြင်းငါးဖြာ ဆင်းအင်လက္ခဏာကြီးငယ်တို့နှင့် ပြည့်စုံလှသည့် ဝေသာလီပြည်မင်း၏ သမီးတော် ပဉ္စကလျာဏီ ဖြစ်သည်။ ပေါက္ကာရာမပြည့်ရှင် အနိရုဒ္ဓမင်းက ဝေသာလီပြည်မင်းထံသို့ ရာဇတမန်ကို စေလွှတ်ကာ သတို့သမီးကို တောင်းတော်မူခဲ့သည်။ ဝေသာလီမင်းလည်း သမီးတော်ပဉ္စကလျာဏီကို နောက်ပါအချွေအရံများနှင့် တကွ အနိရုဒ္ဓမင်းထံသို့ ဆက်သလိုက်သည်။ ရာဇတမန်သည် ချောမောလှပသည့်မင်းသမီးကိုဆောင်ယူလာခဲ့စဉ် မရပ်မတည်နိုင်ဖြစ်၍ လမ်းခရီးတွင် မင်းသမီးနှင့် ရောနှောမိကြသည်။ မင်းသမီး၏နောက်ပါအချွေအရံတို့ အတူ ပါလာခဲ့လျှင် ပေါက္ကာရာမသို့ရောက်ရှိပါက အကြောင်းချင်းရာပေါက်ကြား၍ ပျက်စီးခြင်းအဖြစ်သို့ရောက်မည်ဟု ရာဇတမန်လည်း ဆင်ခြင်မိသည်။ သို့ဖြစ်၍ မင်းသမီး၏နောက်ပါအချွေအရံတို့ကို လမ်းခရီး တလျှောက် မြို့ရွာများတွင် တစ်မြို့တစ်ရွာလျှင် တစ်ယောက်နှုန်းဖြင့် ချန်ထားရစ်ခဲ့သည်။ ဓညဝတီသို့ဆိုက်ရောက်လျှင် မင်းကြီးသည် ပဉ္စကလျာဏီမင်းသမီးကို ကြိုဆို၍ အဆက်အသ ခံယူသည်။ ရာဇတမန်သည် နေပြည်တော်သို့ရောက်ရှိသောအ ခါ မင်းသမီးသည် ဝေသာလီပြည့်ရှင်၏ သမီးတော်ရင်း မဟုတ်တန်ရာဟု လျှောက်ထားခဲ့သည်။ အနိရုဒ္ဓအနော်ရ ထာမင်းလည်း သေခြာစွာ စုံစမ်းတော်မမူ။ မွေးစားသမီးကိုဆက်သသည်ဟု အမျက်တော်ထွက်ကာ ပဉ္စကလျာဏီ အား ပရိမ္မအမတ်ထံသို့ အပ်နှံလိုက်လေသည်။ ပရိမ္မသို့ရောက်သည့်အခါ အနော်ရထာမင်းနှင့် ယှဉ်သည့်ပဋိသန္ဓေသည် ရင့်မာခြင်းသို့ရောက်လျှင် ငလျင်ပြင်းစွာ လှုပ်ခတ်ခဲ့သည်။ အနော်ရထာမင်းလည်း မြေငလျင်လှုပ်ခြင်း၏နိမိတ်ကို ဟူးရားဖြူ၊ဟူးရားညိုတို့အား မေးမြန်းရာ-
အရှင်မင်းကြီး၊ မင်းပြုမည့်သူသည် မြောက်အရပ်၌ ပဋိသန္ဓေတည်နေသည်ဟု လျှောက်ထားကြသည်။ အနော်ရထာမင်း လည်း မြောက်အရပ်မှ ပဋိသန္ဓေရှိသူမိန်းမတို့အား စစ်ကြော၍ လိုက်လံသတ်ဖြတ်စေသည်။ ကျန်စစ်သား၏မိခင် ပဉ္စကလျာဏီလည်း သူသတ်တို့လိုက်လံရှာဖွေလျှင် ပရိမ္မရွာ၏ တောင်ဘက်တွင်ရှိသည့် မန်ကျည်းပင်ကြီး၏ ပါးပျဉ်းအတွင်း ပုန်းခိုနေလေသည်။ မန်ကျည်းပင်ကြီးလည်း ဘုန်းကံရှိသည့် သတို့သားအား ပျက်စီးခြင်းသို့မ ရောက်စေရန် အကိုင်းအခက်တို့ဖြင့် ကိုင်းညွှတ်ဖုံးကွယ်ပေးထားခဲ့လေသည်။ ကျန်စစ်သား ဖွားမြင်၍ နို့စို့ပုခက်အတွင်းရောက်ရှိချိန်တွင် ဟူးရားဖြူ၊ဟူးရားညိုတို့အား မေးမြန်းပြန်ရာ မင်းလောင်းမှာ မသေသေး။ ဖွားမြင်လေပြီဟု လျှောက်ပြန်သည်။ သူငယ်နို့စို့ပုခက်တွင်းမှ သားယောက်ျားတို့ကို ရှာဖွေစစ်ဆေးသတ်ဖြတ်စေပြန်သည်။ ကျန်စစ်သား၏မိခင်လည်း ယခင်ပုန်းခိုနေထိုင်ဖူးသည့် မန်ကျည်းပင်ကြီးသို့ သွားရောက်ပုန်းခိုရာ သူသတ်တို့လက်မှ လွှတ်မြောက်ခဲ့ပြန်သည်။ ထို့နောက် ကာလအတန်ကြာသည့်အခါ သေပြီလောဟု ဟူးရားတို့အား မေးမြန်းပြန်ရာ-
မင်းလောင်းကား မသေချေ။ နွားကျောင်းသားအရွယ်ရောက်လေပြီ။ သု ဆိုကြသည်။ ထိုအခါ နွားကျောင်းသားအရွယ်သူငယ်တို့ကို တွက်စစ်၍ သတ်ဖြတ်ပြန်သည်။ ကျန်စစ်သားသည် မန်ကျည်းပင်ကြီး၏ပါးပျဉ်းအတွင်း ပုန်းခိုရှောင်ရှားနေသဖြင့် လွတ်ခဲ့ပြန်လေသည်။ လိုက်လံသတ်ဖြတ်သော်လည်း အကြိမ်ကြိမ်လွတ်မြောက်ကျန်ရစ်ခဲ့လေသဖြင့် ကျန်စစ်သား ဟု ခေါ်ဝေါ်ကြသည်။ ကျန်စစ်သားပုန်းခိုခဲ့သည့် မန်ကျည်းပင်ကြီးကိုလည်း အသက်ဘေးလွတ်မြောက်စေရန် မစ - စောင့်ရှောက်သဖြင့် မစမန်ကျည်းပင်ဟု ခေါ်ဝေါ်ကြသည်။ ထိုမန်ကျည်းပင်ကြီးသည် ကျန်စစ်သားမင်း အဓိဋ္ဌာန် ပြုခဲ့လေသဖြင့် တစ်ဆစ်တောင့်မန်ကျည်းသီးများကိုသာ သီးလေ့ရှိသည်ဟု ဆိုကြသည်။(ထိုမန်ကျည်းပင်ကြီးကား ပရိမ္မရွာ၏တောင်ဘက်တွင် ၁၉၉၀-ပြည့်နှစ်ဝန်းကျင်ခန့်အထိ ရှိသေးသည်။ ထိုအပင်ကြီးမှ အကိုင်းအခက်များကို ဆောင်ယူထားပါက ဘေးအန္တရာယ်ကင်းဝေးစေသည်ဟု ခုတ်ဖြတ်ယူကြရာမှ အစအနမကျန် ပျောက်ကွယ်သွားခဲ့ သည်။ စစ်တပ်အစိုးရလက်ထက်တွင် ဒေသခံအချို့က မန်ကျည်းပင်ကြီး၏အကိုင်းအခက်များကို ဘုရားထုလုပ်ကိုး ကွယ်ရန်ဟူ၍ အကြီးအကဲများထံ လက်ဆောင်ပေးအပ်ရာမှအစပြု၍ ပျက်စီးခြင်းသို့ရောက်ရှိခဲ့ခြင်း ဖြစ်သည်။)
ကျန်စစ်သား၏မယ်တော်လည်း ကျန်စစ်သားအရွယ်ရောက်လျှင် မင်းကြီး၏ဆရာတော်ထံ ရဟန်းပြုစေခဲ့ သည်။ မင်းကြီးလည်း ဟူးရားတို့ထံ မေးပြန်ရာ ရဟန်းပြုလေပြီဟု လျှောက်ထားကြလေသည်။ မင်းလောင်းဖြစ် ကြောင်း မည်သည့်နည်းနှင့်သိနိုင်ပါအံ့ဟုမေးမြန်းရာ ရဟန်းတို့အား ဆွမ်းပင့်ကျွေးတော်မူပါ။ မင်းလောင်းရဟန်း သည် ဆွမ်းစားပြီး ကရားဖြင့်ရေတိုက်တော်မူပါက ခံတွင်းမှ စက်ပြောင်ပြောင်ထွက်အံ့ဟု လျှောက်ထားကြသည်။ အနော်ရထာမင်းလည်း သံဃာတို့အား နေ့စဉ်အလှည့်ကျပင့်ဆောင်၍ ဆွမ်းလုပ်ကျွေးတော်မူသည်။ မင်းလောင်း ရဟန်း၏အလှည့်သို့ရောက်လျှင် ဆွမ်းကျွေးပြီးနောက် ကရားဖြင့် ရေတိုက်တော်မူရာ ကျန်စစ်သား၏ခံတွင်းမှ စက် ပြောင်ပြောင်တို့ ထွက်ရှိလေသည်။ ဟူးရားတို့အား ငါ့စည်းစိမ်ကို လုမည်လောဟုမေးမြန်းတော်မူရာ မင်းကြီး၏ နောက်တစ်ဆက်လွန်မှ မင်းဖြစ်ပါမည်ဟု လျှောက်တင်ကြလေသည်။ မင်းကြီးလည်း သည်စကားကို ခုမှလျှောက်ရသည်။ ငါ့စည်းစိမ်းကို လုလတံ္တ့ဟု များစွာသောအသက်တို့ကို ငါ သတ်မိလေသည်ဟု အပြစ်ဆိုသည်။ မင်းကြီးလည်း ကျန်စစ်သားအား လူထွက်စေ၍ အပါးတော်တွင် ခစားစေ သည်။ သားဖြစ်မှန်းသိ၍လည်း သနားတော်မူသည်။ လိုက်လံရှာဖွေသတ်ဖြတ်သော်လည်း အသက်မဩွေကင်းကျန် လေသူဖြစ်၍]]ကျန်ရစ်သား}}ဟူ၍လည်းကောင်း၊ ကြန်အင်လက္ခဏာနှင့်ပြည့်စုံသူဖြစ်၍ ]]ကြန်စစ်သား}} ဟူ၍လည်း ကောင်း၊ ထီးလိုင်ရွာသူကြီး၏အသျှင်သခင်ဖြစ်၍ ]]ထီးလိုင်သျှင်}} ဟူ၍လည်းကောင်း ခေါ်ဝေါ်ခဲ့ကြသည်။ ကျန်စစ်သားသည် ဥဿာပဲခူးမင်းသမီးမဏိစန္ဒာနှင့်ပတ်သက်၍ အနော်ရထာမင်း၏အမျက်တော်သင့်ခံရ သည့်အခါ မိမိမွေးဖွားကျင်လည်ခဲ့ရာ ပရိမ္မဒေသဘက်သို့ တိမ်းရှောင်လာခဲ့သည်။ မင်းပြစ်မင်းဒဏ် သင့်နေစဉ် ကာလတွင် ပရိမ္မ၊ ကြံကူနိမ့်၊ ကြံကူမြင့်၊ ချောင်းဦးဆယ်ရွာ၊ ရွှေယင်းမာတိုက်၊ မြင်းမူတိုက်ကျန်ဆယ်ရွာနှင့်စစ်ကိုင်း နယ်တခွင်တွင် လှည့်လည်တိမ်းရှောင်ပုန်းခိုနေခဲ့ရသည်။ အနော်ရထာမင်း နတ်ရွာစံတော်မူပြီးနောက် သားတော်၊ စောလူးမင်း ထီးနန်းစံမြန်းချိန်တွင် ကျန်စစ်သားကို အပါးတော်သို့ ပြန်လည်ခေါ်ယူထားခဲ့သည်။ စောလူးမင်းလက်ထက် ဥဿာပဲခူးမြို့စား၊ငရမန်ကန်း၏ ပုန်ကန်ခြားနားမှုဖြစ်ပွားသည့်အချိန်တွင် စစ်ရေး မသာသဖြင့် ကျန်စစ်သားသည် မိမိကျင်လည်ရာ မြောက်ဘက်နယ်တခွင်သို့ တိမ်းရှောင်လာခဲ့ရပြန်သည်။ မြောက် ဘက်တခွင်၌လှည့်လည်၍ ထီးလိုင်သူကြီး၊ မုဆိုးငစဉ့်-အစရှိသော နောက်လိုက်ရဲမက်ဗိုလ်ပါ လူသူအင်အားတို့ကို စုစည်းခဲ့သည်။ ထို့နောက် ငရမန်ကန်းကို ပြန်လည်တိုက်ခိုက်ချေမှုန်းကာ ပြည်သူတို့၏ဆန္ဒအတိုင်း ပုဂံထီးနန်းကို စံမြန်းခွင့် ရရှိခဲ့လေသည်။ ထိုအခါ ကျန်စစ်သားမင်းသည် သိန်းဃိုမင်းက ပေးအပ်သည့်သရီရဓာတ်တော်-(၉)ဆူမှ တစ်ဆူကို မိမိ၏ဖွားတော်မူရာပရိမ္မတွင် ဌာပနာကာ စည်းခုံတည်ထားခဲ့လေသည်။ ထို့အတူ လှံကစားရာ၊ လှံချက် ကျရာ(တိမ်းရှောင်ခိုအောင်းဖူးရာ)နေရာများတွင် ဂူတစ်လုံးစီ တည်ထားတော်မူခဲ့သည်။ အမြင့်မြို့တွင်လည်း ပုန်းခို ခဲ့ဖူးသည့်နေရာ၌် ရွှေတွင်းအောင်းစေတီ၊ မှန်ချိုရွာတွင် ကျင်းထဲရွှေဂူ၊ ချောင်းဦးဆယ်ရွာတွင် ထီးလှိုင်ရှင်ရွှေဂူကြီး ဘုရား၊ မြင်းမူနယ်တွင် ရွှေရင်းမာဘုရား၊ အင်းဝတွင် ထီးလှိုင်ရှင်စေတီ၊ စဉ့်ကိုင်ရွာတွင် ရှင်ပင်ဆိပ်ပေါက်ဘုရား နှင့် မင်းကျောင်းဘုရား၊ စစ်ကိုင်းတွင် သစ္စာစေတီ-စသည့် စေတီဂူဘုရားတို့ကို တည်ထားတော်မူခဲ့သည်။ ပရိမ္မထီးလှိုင်ရှင်ဘုရားသည် ချင်းတွင်းမြစ်ကမ်းနံဖူးတွင် တည်ရှိပြီး ဉာဏ်တော်(၁၂၃)ပေ၊ ဖိနပ်တော်(၆၄) ပေနှင့်အရံစေတီ(၄၉)ဆူရှိသည်။ စေတီတော်အနီးတွင် မြစ်တော်၊နရပတိစည်သူမင်းတည်ထားခဲ့သည့် ရွှေဂူဘုရား၊ အိမ်တော်ရာဘုရား၊ လှံယာဉ်ပျံစေတီနှင့် ဟင်္ခါးဂူတို့တည်ရှိသည်။ နရပတိစည်သူမင်းသည် ဘေးတော်ကျန်စစ်မင်း ၏ကောင်းမှု့ဖြစ်သည့် ပရိမ္မထီးလှိုင်သျှင်စည်းခုံတော်အနီးတွင်ကူဘုရားတည်ပြီး ကျောက်စာရေးထိုးခဲ့သည်။ ကျောက်စာတွင်- သက္ကစ် ၅၄၅ ခု စိတ်သနှစ် တပေါင်လ္ဆုတ် ၅ ရျက် ၅ နိယ်လျှင် နတ်ရွာသဖွယ်ဖ္လစ်သော ပရိမ်မည်သ ပြည်နှိုက်။ ရတ္တနာ ၃ပါ၏ မျက်စိအမြိုက်ကို လွှန်ပိယ်တတ်သော လရွဲတိလျှင် ခ္လဝ်စိယ်ထသော၊ စည်သုမင်ကြီ ကူ တ်ကိုဝ် ခ္လဝ်လတ်သတေ၊ ဤကာ ညဖက်လျှင် ခ္လဝ်သတေ။ ။--}}-စသည်ဖြင့် ရေးထိုးခဲ့သည်။ ကျောက်စာအရ ပုဂံခေတ်ကာလက ပရိမ္မပြည်သည် နတ်ပြည်နတ်ရွာကဲ့သို့စည်ကားသာယာခဲ့ဟန်ရှိသည်။ နရပတိစည်သူမင်းကြီးသည် မိမိကောင်းမှု့ကူဘုရားကို ညဘက်တွင် တည်ထားသည်ဟု ရေးထိုးမှတ်တမ်းခဲ့သည်။ စစ်ကိုင်းပင်းယခေတ်၊သက္ကရာဇ် ၇၀၆-ခုနှစ်ထိုး၊ပရိမ္မသူကြီးငကောင်ရမ်သင်မောင်နှံကျောက်စာအရ နရပတိစည်သူ သည် ပရိမ္မတွင် သိမ်တစ်ခုကိုလည်း သမုတ်ခဲ့သေးသည်ဟု သိရသည်။ ပရိမ္မရွာကား ပုဂံပြည့်ရှင်၊ကျန်စစ်မင်းကိုသာ မွေးဖွားပေးခဲ့သည် မဟုတ်။ ပုဂံခေတ်တွင် အထူးထင်ရှားခဲ့ သည့် ပေါင်လောင်သင်၊မဟာကဿပထေရ်ကြီးသည်လည်း ပရိမ်(ပရိမ္မ)တွင် ဖွားမြင်ခဲ့ကြောင်း သက္ကရာဇ် ၇၅၀-ခု ထိုး၊မြောင်မြို့နယ်၊ကျောက်ရစ်၊ရွှေပေါင်လောင်ဘုရား ၄-မျက်နှာကျောက်စာကို ကိုးကား၍ ဆရာကြီးဒေါက်တာ သန်းထွန်းက ဆိုခဲ့သည်။ ပရိမ္မရွှေမုဋ္ဌောဘုရားမှတွေ့ရှိခဲ့သည့် စစ်ကိုင်းပင်းယခေတ်၊သက္ကရာဇ် ၇၀၆-ခုနှစ်ထိုး၊ပရိမ္မ သူကြီး၊ငကောင်ရမ်သင်မောင်နှံကျောက်စာတွင် မိမိဖွားမြင်သည့်ပရိမ္မတွင် သီရိဓမ္မသောကမင်းကြီး၏ကောင်းမှု့၊ ရွှေမုဋ္ဌောစေတီနှင့် နရပတိစည်သူမင်းကြီး၏သိမ်တော်တို့ တည်ရှိကြောင်းနှင့် ဘုန်းမြတ်ကြီး၊ရှင်မဟာကဿပ သီ တင်းသုံးတော်မူခဲ့ကြောင်းကို- သကရစ် ၇၀၆ ခု၊ ကြတိုက်သံဝစ္ဆိုဝ်ရ တ်သလင်လ္ဆန် ၆ရျက် ဒိဒ္ဓိ ၅ရျက် နက်သတ်၁၅ လုံမ်၊ စ္နိယ်နိယ် လျှင် မိမိဖွါရာဖ္လစ်သောပရိမ်နှိုက် သီရိဓမ္မာသောကမင်း၏စေတီမထဝ်နှင် စည်သူမင်ကြီ သိမ်တ်တမူလေ ဟိထ သော။ ဖုန်မ္လတ်ကြီစွာ မဟာကဿပသည်လေ နိယ်တ်မူထသော ကျက်သရိယ်ဟိသော မ္လိယ်အရပ်နှိုက် မိမိတေည် သော က္လောင်ကြီအား လှူ၏။ -ဟု ရေးထိုးမှတ်တမ်းခဲ့သည်။ ပုဂံခေတ်တွင် အထူးထင်ရှားတော်မူသည့်ပေါင်လောင်ရှင်ကဿပထေရ်ကြီးသည် ပရိမ္မတွင် တောကျောင်း တည်ထောင်၍ သီတင်းသုံးခဲ့ဖူးသည်။ ပေါင်လောင်ရှင်ကဿပသီတင်းသုံးတော်မူခဲ့သည့် ပရိမ္မတောကျောင်းသည် ယခုတိုင် ထင်ရှားစွာတည်ရှိနေဆဲဖြစ်ပြီး ရှင်မဟာကဿပကြီး တည်ထားခဲ့သည့် ကျီးမနားကူဘုရား-စသည့် ရှေး ဟောင်းစေတီတော်များလည်း တည်ရှိပေသည်။ ပရိမ္မရွာနှင့်သုံးမိုင်ခန့်အကွာတွင် ကျောက်ရစ်မြို့ဟောင်း တည်ရှိသည်။ ကျောက်ရစ်မြို့သည် ပုဂံခေတ်က ပင် ထင်ရှားခဲ့ပြီး မဟာဒါန်တိုက်တွင် ပါဝင်ခဲ့သည်။ ပရိမ္မ၊ ကျောက်ရစ်ဒေသသည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ် တို့ပေါင်းဆုံရာ သံလျက်စွန်းဒေသဖြစ်၍ ပထဝီဝင်အနေအထားအရ အရေးပါခဲ့သည်။ ထို့ပြင် ကုန်းပိုင်း ကြည်း တောမြေနှင့် ရေဝင်ကျွန်းကိုင်းမြေယာများ တည်ရှိနေသဖြင့် မြေဆီမြေဩဇာကောင်းမွန်ကာ ကောက်ပဲသီးနှံတို့ ဖြစ်ထွန်းအောင်မြင်သည့်ဒေသ ဖြစ်သည်။ ကျောက်ရစ်ရွာကြီးသည် အိမ်ခြေတစ်ထောင်ကျော်ရှိသည့်ကျေးရွာကြီး ဖြစ်ပြီး ပေါင်လောင်ရှင်မဟာကဿပထေရ်ကြီးတည်ထားခဲ့သည့် သမိုင်းဝင်ရွှေပေါင်လောင်ဘုရားကြီးလည်း ထင် ရှားစွာတည်ရှိနေပေသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ နန္ဒာမင်းလွင်၏ ဇေယျာပူရသမိုင်း စစ်ကိုင်းရာဇဝင်ရှာပုံတော်။