ကုန်းဘောင်ခေတ်
ကုန်းဘောင်မင်းဆက်သည် မြန်မာလူမျိုးတို့၏ နောက်ဆုံးမင်းဆက်ဖြစ်ပြီး ယနေ့ခေတ် မြန်မာနိုင်ငံနယ်နမိတ်နီးပါးကို နှစ်ပေါင်း၁၃၀ကျော် ထိန်းချုပ်နိုင်ခဲ့သော မင်းဆက်ဖြစ်သည်။ ကုန်းဘောင်မင်းဆက်သည် အစောပိုင်းကာလတွင် ယိုးဒယားနိုင်ငံ၊ ချင်အင်ပါယာတို့နှင့် ဖြစ်ပွားသောစစ်ပွဲများတွင် အနိုင်ရရှိခဲ့သော်လည်း နောက်ပိုင်းမင်းများ၏ အရည်အချင်းညံ့ဖျင်းမှုကြောင့် ဗြိတိန်တို့နှင့်စစ်သုံးကြိမ်ဖြစ်ပွားကာ နောက်ဆုံးတွင် ဗြိတိသျှရာဇ၏ ပြည်နယ်အဖြစ် အိန္ဒိယနိုင်ငံအတွင်းသို့ သွတ်သွင်းခံခဲ့ရလေသည်။
ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅) | |
---|---|
အလံ | |
လက်ရှိအခြေအနေ | ဘုရင့်နိုင်ငံ |
မြို့တော် | ရတနာသိင်္ခနေပြည်တော် (၁၇၅၂-၁၇၆၀) စစ်ကိုင်းနေပြည်တော် (၁၇၆၀-၁၇၆၅) အင်းဝနေပြည်တော်(၁၇၆၅-၁၇၈၃၊၁၈၂၁-၁၈၄၂) အမရပူရနေပြည်တော် (၁၇၈၃-၁၈၂၁၊၁၈၄၂-၁၈၅၉) ရတနာပုံနေပြည်တော် (၁၈၅၉-၁၈၈၅) |
ကိုးကွယ်မှု | ထေရဝါဒ |
အစိုးရ | ဘုရင်စနစ် |
ဥပဒေပြုလွှတ်တော် | မရှိ |
ငွေကြေး | ကျပ် (၁၈၅၂ မှ စတင်သုံးစွဲ) |
မင်းဆက်များ
ပြင်ဆင်ရန်ကုန်းဘောင်ခေတ်တွင် အုပ်ချုပ် မင်းပြုခဲ့သော မင်းဆက် (၁၁) ဆက်ရှိသည်။ ယင်းတို့မှာ −
- အလောင်းမင်းတရား (သို့) ဦးအောင်ဇေယျ (၁၇၅၂ – ၁၇၆၀)
- နောင်တော်ကြီးမင်း (သို့) ဒီပဲယင်းမင်း (၁၇၆ဝ– ၁၇၆၃)
- မြေဒူးမင်း (သို့) ဆင်ဖြူရှင်မင်း (၁၇၆၃ – ၁၇၇၆)
- စဉ့်ကူးမင်း (၁၇၇၆ – ၅ ဖေဖော်ဝါရီ ၁၇၈၂)
- ဖောင်းကားစား မောင်မောင် (၅ – ၁၁ ဖေဖော်ဝါရီ ၁၇၈၂)
- ဘိုးတော်ဘုရား (သို့) ဗဒုံမင်း (၁၇၈၂ – ၁၈၁၉)
- ဘကြီးတော်(စစ်ကိုင်းမင်း) (၁၈၁၉ – ၁၈၃၇)
- သာယာဝတီမင်း (၁၈၃၇ – ၁၈၄၆)
- ပုဂံမင်း (၁၈၄၆ – ၁၈၅၃)
- မင်းတုန်းမင်း (၁၈၅၃ – ၁၈၇၈)
- သီပေါမင်း (၁၈၇၈ – ၁၈၈၅)
အတိုကောက်အားဖြင့် "လောင်း၊ နောင်၊ ဆင်၊ စဉ့်၊ မောင်၊ ဘိုး၊ ဘ၊ သာ၊ ပု၊ မင်း၊ သီ" ဟူ၍ မှတ်သားကြသည်။ ကဗျာအားဖြင့် "လောင်း၊ နောင်၊ ဆင်၊ စ၊ မင်းမောင်လှ၊ ဘိုး၊ ဘ၊ သာယာဝတီ၊ ပုဂံ၊ မင်းတုန်း၊ သီပေါဆုံး ပေါင်းရုံးဆယ့်တစ်လီ" ဟူ၍ဖြစ်သည်။
ကုန်းဘောင်မင်းဆက် တေးထပ်
ပြင်ဆင်ရန်ဦးအောင်ဇေယျ၁ အမှူးမြောက်
ထူးတစ်ယောက် တင်မှု
(ဦးလောက်)၂ ပ ဘုရင်တစ်ဆူ
ဆင်ဖြူရှင်၃ စခန်း
စဉ့်ကူးမင်း၄ ကောင်းစားမီ
ဖောင်းကားညီ၅ လုတဲ့ ရွှေနန်း
ဦးဝိုင်း၆ ပ၊ ပထမခေါင်ပျော်
မြနောင်တော်၇ ရေဖျန်း
အမရဆောင်ပေါ် ဗွေကြငှန်းမှာ လ
ရွှေစာတမ်း ဖွဲ့ပြန်
ကုန်းဘောင်ပျော်၈ နေလိုဝင်း
ရွှေဘိုမင်းသား မြတ်ပုဂံ၉
ချမ်းအေးဖို့ ပန်းမွှေးပန်
မန္တလေးစံ တောင်လက်ရုံးရယ်နှင့်
မင်းတုန်းမင်း၁၀
သီပေါအရှင်၁၁
ထီးနှင့်ပလ္လင်
ဆယ့်တစ်ဆက် အုပ်စိုးတင်
မုဆိုးဘုရင် စခန်းမို့လေး။
အုပ်ချုပ်ရေးဌာနများ
ပြင်ဆင်ရန်နိုင်ငံ၏ပိုင်နက် ကျယ်ဝန်းလာနှင့်အတူ အုပ်ချုပ်မှုချောမွေ့စေရန် ဌာနများ ဖွဲ့စည်းထားရှိရာ လွှတ်ရုံးငါးရပ်ဟူ၍ ထင်ရှားသည်။[၁] ၎င်းတို့မှာ −
- လွှတ်တော်
- ဗြဲတိုက်
- အရှေ့ရုံး
- အနောက်ရုံး
- တရားရုံး ဟူ၍ ဖြစ်သည်။
သီပေါမင်း နန်းကျသည်အထိ ဤလွှတ်ရုံးငါးရပ်ဖြင့် နိုင်ငံကို စီမံအုပ်ချုပ်ခဲ့သည်။
လွှတ်တော်
ပြင်ဆင်ရန်ဥပုသ်နေ့မှအပ ကျန်နေ့များတွင် တနေ့နှစ်ကြိမ် လွှတ်တော်ဝင်ရသည်။ တက်ရောက်ရသည့် အရာရှိကြီးများမှာ −
- ဝန်ကြီး
- ဝန်ထောက်
- စာရေးတော်ကြီး
- မြင်းစုဝန်ကြီး
- မြင်းစာရေးကြီး
- အသည်ဝန်
- အသည်စာရေး
- မြေတိုင် အမတ်
- နားခံတော်
- အမိန့်တော်ရ
- အမိန့်တော်ရေး
- အမှာတော်ရေး
- အသုံးစာရေး
- အဝေးရောက်
- မြန်မာသံခံ
- ရှမ်းသံခံ
- ယွန်းသံခံ
- ကသည်းစာပြန်
- တရုတ်စာပြန်
- သစ္စာတော်ရေး
- ပြော့နေရာချ သွေးသောက်ကြီး
- လွှတ်စောင့် သွေးသောက်ကြီး
- လက်နက်တိုက်ဝန်
- လက်နက်တိုက်စိုး
- ကသောင်းမြောင်တိုက်စိုး
- ကသောင်းမြောင်တိုက်စာရေး
- လက်ဆောင်ယူတိုက်စိုး
- လက်ဆောင်ယူတိုက်စာရေး တို့ ဖြစ်ကြသည်။
ဗြဲတိုက်
ပြင်ဆင်ရန်လွှတ်တော်မှ ပြန်ကြားသည့်စာတို့ကို သက်ဆိုင်ရာသို့ ဆက်သွင်းရန် တာဝန်ရှိသည်။ လွှတ်တော်နှင့် ရုံးတက်ချိန် အတူပင် ဖြစ်သည်။ ဗြဲတိုက်ဝင်ရသည့် အရာရှိများမှာ −
- အတွင်းဝန်
- သံတော်ဆင့်
- ဗြဲတိုက်သံဆင့်
- စာရေးတော်
- သံတိုက်စိုး
- သံတိုက်စာရေး တို့ ဖြစ်ကြသည်။
ရှေ့ရုံး
ပြင်ဆင်ရန်မြို့ဝန်က ရုံးထိုင်ကာ ရာဇဝတ်မှုများကို စစ်ဆေးသည်။ ရုံးထိုင်သည့် အရာရှိများမှာ −
- မြို့ဝန်
- ထောင်မှူး
- ရွှေပြည်စိုး
- ထောင်စချီ
- တံခါးဗိုလ်
- အပြင် မြို့ကြီးတံခါးဗိုလ် တို့ ဖြစ်ကြသည်။
နောက်ရုံး
ပြင်ဆင်ရန်မောင်းမမိဿံများနှင့်ပတ်သက်သည့် ကိစ္စရပ်များကို စီမံအုပ်ချုပ်သည့်ရုံး ဖြစ်သည်။ ပါဝင်ရသည့် အရာရှိများမှာ −
- အနောက်ဝန်
- အနောက်ဝန်စာရေး
- ကတော်စာရေး
- နောက်ရုံးစာရေးတော် တို့ ဖြစ်ကြသည်။[၂]
တရားရုံး
ပြင်ဆင်ရန်တရားမမှုများကို မျက်နှာစုံညီ ခေါ်ယူဖြေရှင်းသည့်ရုံး ဖြစ်သည်။ ပါဝင်ရသည့် အရာရှိတို့မှာ −
- တရားသူကြီး
- တရားနာခံ
- တရားစာရေး
- အမိန့်တော်ရ
- ကွမ်းဘိုးထိန်း တို့ ဖြစ်ကြသည်။
နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး
ပြင်ဆင်ရန်ကုန်းဘောင်ခေတ် နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး ခရီး မည်မျှ ပေါက်ရောက် ခဲ့သည်ကို ဆန်းစစ်လျှင် ထိုခေတ် ရောင်းဝယ်ရေး အခြေအနေကို နားလည်နိုင်စရာ အကြောင်း ရှိလေသည်။ ၁၇၈၃ ခုနှစ်တွင် ရန်ကုန်သို့ ရောက်လာသော အင်္ဂလိပ် လူမျိုး တဦးက ကုန်းဘောင်ခေတ် ကူးသန်း ရောင်းဝယ်ရေးသည် ကျယ်ပြန့် ရှုပ်ထွေးခြင်း မရှိဟု မှတ်ချက် ချခဲ့သည်။ ဤဒေသတွင် အရင်းငွေ အနည်းငယ်မျှဖြင့်ပင် အရောင်းအဝယ် ပြုပါက အမြတ်အစွန်း များများရရန် လွယ်ကူသည်ဟု သူ ဧကန် သိနေဟန် တူသောကြောင့် ဖြစ်လေသည်။
ထိုခေတ်က ပြောကြ ဆိုကြသည်မှာ မည်သူမဆို အိန္ဒိယရှိ ကိုရိုမန်ဒယ် ကမ်းခြေ၌ ရွက်သင်္ဘောငယ် တစင်းကို ဝယ်ယူနိုင်သည့် အခြေရှိလျှင် ထိုသင်္ဘော၌ ဆေးရွက် အနည်းငယ်၊ ချည်ထည်နှင့် အိမ်သုံး သံထည် အချို့ကို နဂဘာရီကျွန်းသို့ တင်ဆောင် သွားနိုင်သည်။ ထို့နောက် ထိုကုန်များကို နဂဘာရီ အုန်းသီးများနှင့် လဲလှယ်၍ သင်္ဘော အပြည့်တင်ကာ ပဲခူးသို့ ယူလာနိုင်သည်။ ထိုနောက် ပဲခူးဒေသ (ရန်ကုန်ကို ဆိုလိုသည်) တွင် ကျွန်းသစ်များနှင့် တဖန် လဲလှယ်၍ ထို ကျွန်းသစ်တို့ကို ကိုရိုမန်ဒယ် ကမ်းခြေ၌ ဖြစ်စေ၊ ဘင်္ဂလား၌ ဖြစ်စေ ရောင်းချပါက၊ အမြတ်အစွန်း ကြီးစွာ ရနိုင်သည်ဟု အပြောအဆို ရှိခဲ့လေသည်။
ကျွန်းသစ်သည် စင်စစ်အားဖြင့် နိုင်ငံခြားသား ကုန်သည်များ လွန်စွာ တပ်မက် လိုလားကြသော ကုန်ပစ္စည်းပင် ဖြစ်လေသည်။ အများအားဖြင့် ကျွန်းသစ်ကို နိုင်ငံခြားသို့ ရောင်းချရာ၌ သင်္ဘော ဆောက်လုပ်ရန် အတွက် ရည်ရွယ်သည် ဖြစ်ရာ ကျွန်းသစ်များကို တဆင့် တင်ပို့ နေခြင်းဖြင့် စရိတ်စက ကုန်ကျခြင်းကို သက်သာရာ ရစေရန် ကျွန်းသစ်ထွက်သည့် နေရာ ဌာန၌ပင် သင်္ဘောများ ဆောက်လုပ်ရန် ကြိုးစားကြမည်မှာ မလွဲပေ။ ကျွန်းသစ်ကို လိုရာသို့ တင်ပို့၍ သင်္ဘော ဆောက်လုပ်သည့် စရိတ်နှင့် မြန်မာ့ ပင်လယ် ကမ်းခြေ၌ပင် သင်္ဘော ဆောက်လုပ်သည့် စရိတ်ကို ယှဉ်ကြည့်လျှင် မြန်မာ့ ကမ်းခြေ၌ ဆောက်လုပ်၍ ကုန်ကျသည့် စရိတ်က လွန်စွာ သက်သာနေသည့် အတွက် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများကို ဆွဲဆောင် နေသကဲ့သို့ ဖြစ်သည်။
ရန်ကုန် ဆိပ်ကမ်းတွင် သင်္ဘော တစင်း ဆောက်လုပ်၍ အစုံအလင် တပ်ဆင်ပြီးနောက် ရေချရန် အသင့်ရှိသော အခါ သင်္ဘော တစင်း၏ ကုန်ကျစရိတ်သည် တတန်လျှင် စတာလင်ပေါင် ၁၂ မှ ၁၃ အထိသာ ဖြစ်လေသည်။ ကလကတ္တားတွင် ဆောက်လုပ်လျှင် သင်္ဘောတစင်း၏ ကုန်ကျငွေသည် တတန်လျှင် ပေါင် ၁၆ မှ ၁၇ ဖြစ်၍၊ ဘုံဘေတွင် ပေါင် ၁၉ မှ ၂ဝ အထိ ကုန်ကျသည်။ မြန်မာ ဆိပ်ကမ်းတွင် သင်္ဘော ဆောက်လုပ်ရာ၌ အခက်အခဲများ ရှိသည်။ ထို အခက်အခဲများမှာ ပထမတွင် ရန်ကုန်၌ ကျွမ်းကျင်စွာ ကြီးကြပ်မည့်သူ လိုခြင်း ဖြစ်သည်။ ဒုတိယတွင် မြန်မာ့ ကမ်းခြေသို့ ရောက်လာသော ကုန်သည်
များနှင့် သင်္ဘောများကို လွတ်လပ်စွာ ဆိုက်ကပ်ခွင့် ပေးသည်ဟု မြန်မာဘုရင်က အမိန့် ထုတ်ပြန် ထားသည်ဟု ဆိုသော်လည်း၊ ရန်ကုန်ရှိ မြန်မာ မင်းမှုထမ်းတို့က ကောက်ခံ စည်းကြပ်သော အခွန်ငွေသည် များပြားခြင်း ဖြစ်လေသည်။
ရန်ကုန် ဆိပ်ကမ်းတွင် သင်္ဘော ကျောက်ချ ပြီးသည်နှင့် တပြိုင်နက် သင်္ဘော၌ ပါသော သင်္ဘောသားဦးရေ၊ ပစ်ခတ် ကာကွယ်ရန် ယူဆောင်လာသည့် လက်နက်များ၊ ကုန်ထုပ်များ မည်မျှ ပါကြောင်း အစီရင် ခံရသည်။ သင်္ဘောပါ ပစ္စည်းများကို စစ်ဆေးပြီးသော အခါ၌ အားလုံးကို ကုန်လှောင်ရုံ အတွင်းသို့ ပို့ဆောင်ရသည်။ ထိုကိစ္စများ ပြီးစီးသော အခါ ဝတ္တရား အရ မြို့ဝန် ဖြစ်သူက သင်္ဘောပေါ်သို့ တက်ရောက် စစ်ဆေးသည်။ မြို့ဝန် ကြွရောက် ကြည့်ရှု ပြီးသည့်နောက် ပေးဆပ်နေကြ လက်ဆောင် ပစ္စည်းများ ဖြစ်သည့် ကြွေပန်းကန်များ၊ သကြားနှင့် လဘက်ခြောက် သေတ္တာများကို ပေးအပ်ရသည်။
ထိုနောက်မှ ရောင်းဝယ်ရေးကို စတင် လေတော့သည်။ ကုန်များကို ရောင်းဝယ်ခြင်း မပြုသေးမီ စစ်ဆေး ကြည့်ရှု၍ အခွန်တော် ကောက်ရန် ကုန်ထုတ်များကို ဖွင့်လှစ်၍ ပြရသည်။ ဘုရင်မင်းမြတ် အတွက် ၁ဝ ရာခိုင်နှုန်း ကောက်ခံ၍ စာရေးများ၊ ကုန်ရုံစောင့်များ နှင့် တံဆိပ်တော် ခပ်နှိပ်သူတို့က ၂.၅ ရာခိုင်နှုန်း အစု ခွဲယူကြသည်။ မင်းတုန်းမင်း လက်ထက် မတိုင်မီကသော် အရာရှိ အရာခံများအား လစာ မှန်မှန်ပေးသော စနစ် မရှိခဲ့သဖြင့် မြန်မာ ဆိပ်ကမ်း အရာရှိ အချို့တို့သည် ပစ္စည်း အမျိုးမျိုးကို တံစိုး လက်ဆောင် အဖြစ်ဖြင့် ယူလို ကြသည်မှာ သဘာဝပင် ဖြစ်လေသည်။
တစ်ဦး၏ ထုံးတမ်းစဉ်လာများကို တစ်ဦးက နားလည်မှု နည်းပါးသောကြောင့် ပေါ်ပေါက်ခဲ့သော အထင်လွဲမှုများမှ အပ၊ နိုင်ငံခြား ကုန်သည်များ အဖို့ ကျေနပ်လောက်ဖွယ် ရှိလေသည်။ မကြာခဏ အခက်အခဲ ပေါ်ပေါက်တတ်ခြင်းမှာ အတွေ့အကြုံ နဲသော မာလိန်မှူးနှင့် ကုန်သည်တို့သည် သင်္ဘောဆိပ် လူလိမ် လူကောက်တို့နှင့် ဆက်သွယ်၍ မိမိတို့ ကုန်ကို ရောင်းချရာ၌ ဖြစ်လေသည်။ မျက်မှောက်ခေတ် မြန်မာနိုင်ငံတွင် လုံးဝ အားကိုး အားထား ပြုနေရသော ဆန်သည် ကုန်းဘောင်ခေတ်တွင် လွန်စွာ ဈေးပေါသည့် ကုန်ဖြစ်လေသည်။
ယခုခေတ်တွင် ဆန်ဈေးသည် တတန်လျှင် ကျပ် ၆ဝဝ ရှိ၍ ထိုခေတ် အခါကသော် တတန်လျှင် ၁၄ ကျပ်သာ ရှိလေသည်။ သို့ရာတွင် ထိုခေတ်ကသော် ဆန်ကို ပြည်တွင်းသုံး အဖြစ်ဖြင့်သာ အဓိက စိုက်ပျိုးစေ၍ နိုင်ငံခြားသို့ တင်ပို့ရန် တားမြစ် ထားလေသည်။ ကျွန်းသစ် အပြင် ရန်ကုန်မှ တင်ပို့သော ကုန်းဘောင်ခေတ်ထွက် ကုန်များသည် ရေနံချောင်းမှ ထွက်သော ရေနံချေး ဖြစ်၍ တတန်လျှင် ၃ဝ ကျပ်ခန့် ပေးရသည်။ ရှားစေးကို တနှစ်လျှင် ပိဿာ ၄ဝဝ,ဝဝဝ မက တင်ပို့ ရလေသည်။ ထိုနောက် ဖာလာစေ့ကိုလည်း တင်ပို့ ရောင်းချ၍ တခါတရံ ဆင်စွယ်နှင့် ငွေသားများကို ခိုးထုတ်လေ့ ရှိသည်။ ငမန်းတောင်၊ ငှက်သို့က်၊ ချိပ်၊ ထန်းလျက်၊ ခဲ၊ သံဖြူ၊ ပယင်း၊ မဲနယ်၊ ပုရပိုက်၊ စက္ကူနက်နှင့် ထီးများကိုလည်း ရောင်းချလေသည်။
မြန်မာနိုင်ငံထွက် အဖိုးတန် ကျောက်မျက် ရတနာများကို နိုင်ငံခြားသား ကုန်သည်များက အထူးသဖြင့် တပ်မက် ကြလေသည်။ ပတ္တမြားနှင့် ကျောက်စိမ်းကို လွန်စွာ လိုလားကြ သော်လည်း ဘုရင်က ကူးသန်း ရောင်းဝယ်ခြင်း မပြုရဟု တားမြစ်ထားသည်။ နိုင်ငံခြားသား ကုန်သည်များ အထူးသဖြင့် အင်္ဂလိပ် လူမျိုးများ လိုလားသော အခြား ထွက်ကုန်သည် ဝါဂွမ်း ဖြစ်လေသည်။ ဗြိတိန်နိုင်ငံရှိ လန်ကက်ရှားယား ဒေသတွင် ထူထောင် ဖွင့်လှစ်ထားသော ချည်စက်ရုံကြီးများ ကလည်း မြန်မာ့ ဝါဂွမ်းကို လွန်စွာ လိုလားကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းတွင်သာ ဝါဂွမ်းထွက်၍ တရုတ်တို့က ထွက်သမျှသော ဝါဂွမ်းကို ဝယ်ယူ ကြလေသည်။ အပြန်အလှန် အားဖြင့် မြန်မာနိုင်ငံက ပိုးရိုင်း၊ ပိုးထည်၊ ကတ္တီပါ၊ ရွှေခြည်ထိုး အထည်များ၊ ရွှေခြည်၊ ရွှေဆိုင်း၊ ကော်ဇော၊ ဆေး၊ ကြေးနီ၊ ရောင်စုံစက္ကူ၊ သစ်သီးခြောက်၊ လက်ဖက်ရည်အိုး၊ သံထည်နှင့် ကစားစရာ အရုပ်များကို တရုတ်တို့ထံမှ ဝယ်ယူ ကြလေသည်။
ပြင်သစ် မြန်မာ ဆက်ဆံရေး
ပြင်ဆင်ရန်သီပေါမင်းက မစ်ရှင် အဖွဲ့ စေလွှတ်သော ကာလသည် အမေရိကန်နှင့် ဥရောပ နိုင်ငံကြီးများမှ တပါး ကျန်ရှိသော နိုင်ငံ မှန်သမျှကို ဥရောပ တိုက်သားတို့၏ နယ်ချဲ့ စားကျက် ဒေသ ဟူ၍ ယုံကြည် ယူဆနေသော ဥရောပသားတို့၏ နယ်ချဲ့ ဝါဒ ထွန်းကားနေသော ကာလနှင့် တိုက်ဆိုင် နေလေသည်။ အထူးသဖြင့် ပြင်သစ်တို့သည် နိုင်ငံ ချဲ့ထွင်ရန် လွန်စွာ စိတ်ထက်သန်လျက် ရှိကြသည်။ အဘယ်ကြောင့် ဆိုသော် ဥရောပတွင် တတိယမြောက် နပိုလီယံ၏ ဆောင်ရွက်ချက်များသည် အောင်မြင်မှု မရှိခဲ့သည့် အတွက် အာရှဘက်သို့ လှည့်၍ အာရှ နိုင်ငံများကို သိမ်းပိုက် နယ်ချဲ့ခြင်းဖြင့် ပြင်သစ်တို့၏ အသရေကို ပြန်လည် ဆယ်တင် နိုင်လိမ့်မည်ဟု ယူဆကောင်း ယူဆသောကြောင့် ဖြစ်ပေလိမ့်မည်။ ထိုအခါကသော် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဂျူလဖေရီ၏ နယ်ချဲ့ လမ်းစဉ် အရ ပြင်သစ်တို့သည် အင်ဒိုချိုင်းနား အရေးတွင် စွက်ဖက်ခဲ့ပြီး ဖြစ်လေရာ မြန်မာနိုင်ငံတွင် စွက်ဖက်နိုင်ခွင့် ရလာလျှင် လက်လွှတ်ခံမည် မဟုတ်သည်မှာ သဘာဝ ကျလှသည်။
ပြင်သစ်နှင့် မြန်မာ ဆက်ဆံမှု လွန်စွာ ရင်းနှီးလာလျှင် အရေးအခင်းများ ပိုမို ရှုပ်ထွေး လာမည်ကို ဗြိတိသျှတို့က ကောင်းစွာ သိမြင်ပြီး ဖြစ်လေသည်။ ထို့ကြောင့် မူလ ကတည်းက အထက်အောက် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဗြိတိသျှတို့တွင် အထူး အခွင့်အရေးများ ရှိကြောင်းကို ဥရောပ နိုင်ငံကြီးများအား သတိ ပေးထားခဲ့သည်။ သဘောမှာ ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို လက်ဝါးကြီး အုပ်ရန် ဆုံးဖြတ်ပြီး ဖြစ်လေသည်။ မြန်မာနိုင်ငံသည်လည်း ဗြိတိသျှ အင်ပါယာတွင်းသို့ ကျရောက်ရန် နီးကပ်လျက် ရှိနေပေပြီ။ ပြင်သစ်တို့သည် ဗြိတိသျှတို့ကို အတိအလင်း ဆန့်ကျင်ခြင်း မပြုနိုင်ချေ။ ဖေရီသည် မြန်မာ မစ်ရှင် အဖွဲ့၏ လိုလားချက်နှင့် မည်ရွေ့ မည်မျှအထိ ပြင်သစ်က ဝင်ရောက် စွက်ဖက်နိုင်သည် ဟူသော အချက်တို့ကို လျှို့ဝှက် ထားလေသည်။ ဗြိတိသျှတို့က အဖန်တလဲလဲ အတင်းအကြပ် မေးမြန်းသည့် အခါကျမှ ဖေရီသည် မြန်မာတို့က ပြင်သစ်နှင့် စာချုပ် ချုပ်ဆိုရန် လိုလားကြောင်းကို ဖွင့်ဟ ဝန်ခံခြင်း ပြုလေသည်။ ၁၈၈၅ ခုနှစ်ဦး၌ ဖေရီသည် ဗြိတိသျှ သံအမတ်အား ပြင်သစ် မြန်မာ စာချုပ် အကယ်ပင် ချုပ်ဆိုပြီးခဲ့ကြောင်း၊ စာချုပ်သည် ကူးသန်း ရောင်းဝယ်ရေး စာချုပ် သက်သက်မျှသာ ဖြစ်၍ နိုင်ငံရေး၊ စစ်ရေး၊ လုံးဝ မပါကြောင်း ပြောဆိုသည်။ သို့ရာတွင် ထိုစာချုပ်နှင့် အတူ မြန်မာတို့ထံသို့ လျှို့ဝှက် သဝဏ်လွှာ တစောင် ပါးလိုက်သည်။ ထိုစာ၌ အကယ်၍ အင်ဒိုချိုင်းနားရှိ ပြင်သစ် စစ်အရာရှိများကို ဖြစ်နိုင်မည်ဟု ယူဆလျှင် မြန်မာတို့ထံသို့ တုံကင်းနယ် မှတဆင့် လက်နက် ခဲယမ်း မီးကျောက်များ သွင်း၍ ပေးမည်ဖြစ်ကြောင်း ပါလေသည်။
မြန်မာ ထီးနန်းသည် ပြင်သစ်တို့၏ မရောရာလှသော ကတိ စကားကို အားကိုး အားထားကြီး ပြုမိလေသည်။ ပြင်သစ်တို့သည် ထိုအချိန်က မြန်မာနိုင်ငံတွင်းသို့ ခဲယမ်းမီးကျောက် သွင်းပေးရန် အကယ်ပင် ရည်ရွယ်ကောင်း ရည်ရွယ် ခဲ့လိမ့်မည်။ သို့ရာတွင် တကြိမ်တခါမျှ မသွင်းဖြစ်ခဲ့ချေ။ ပြင်သစ် မြန်မာ စာချုပ် ချုပ်ဆိုပြီးသည်နှင့် တပြိုင်နက် ပြင်သစ်တို့၏ ကူညီမှုသည် အားကိုးလောက်ဖွယ် မရှိကြောင်း သိရတော့သည်။ ပြင်သစ်တို့ လက်နက် အားကိုးဖြင့် နယ်ချဲ့မှုသည် ပြင်သစ်နိုင်ငံ ဘဏ္ဍာရေး အရ စရိတ် ကြီးလွန်း၍ နိုင်ငံရေး အရလည်း မတတ်နိုင်သောကြောင့် ပြင်သစ်တွင် မတ်လ၌ ဖေရီသည် ရာထူးမှ လျှောကျ လေတော့သည်။ ထိုအချိန်၌ပင် ဗြိတိသျှပိုင် ဘုံဘေ ဘားမား ကုမ္ပဏီကို မြန်မာ အစိုးရက သစ်ခိုး ထုတ်သည်ဟု စွပ်စွဲ၍ ၁၈၈၅ ခုနှစ်၊ ဩဂုတ်လဆန်း၌ ကုမ္ပဏီကို သစ်ဖိုး စတာလင်ပေါင် ၁၄၆,၆၆၆ နှင့် မြန်မာ သစ်တော အရာရှိများအား လျော်ကြေးငွေ စတင်လင်ပေါင် ၃၃,ဝဝဝ ပေးဆပ်ရမည်ဟု ဒဏ်တပ်လိုက်သည်။ ဗြိတိသျှတို့သည် ဖေရီနှင့် မြန်မာတို့၏ လျှို့ဝှက် အစီအစဉ်ကို သိပြီး ခဲ့ပေပြီ။ မန္ဈလေးရှိ ပြင်သစ် ကောင်စစ်ဝန် ဟတ်စ်၏ ဇနီး အင်္ဂလိပ် ကပြား ဖြစ်သူသည် လျှို့ဝှက်စာ၏ မိတ္ထူကို ခိုးကာ ဗြိတိသျှ အာဏာပိုင်သို့ ပေးအပ် လိုက်လေသည်။ ဤ မိတ္ထူစာကို လက်တွင်း ရလျှင်ပင် ဗြိတိသျှ နိုင်ငံခြားရေးရုံးသည် ပြင်သစ်တို့ကို အဖန်တလဲလဲ ခြိမ်းခြောက် လေတော့သည်။ ပြင်သစ်တို့သည် အခိုက်အတန့် အားဖြင့် မြန်မာနိုင်ငံတွင် ဆက်လက် နေကြသော်လည်း ကြာရှည် ခံနိုင်ရည် မရှိသောကြောင့် မြန်မာတို့က ပြင်သစ် အကူအညီကို လွန်စွာ လိုလားနေသည့် အချိန်၌ပင် မြန်မာနိုင်ငံမှ ထွက်ခွာ သွားရ လေတော့သည်။
အင်္ဂလိပ်တို့ ဆက်ဆံမှု တင်းမာလာခြင်း
ပြင်ဆင်ရန်တင်းမာချင်သော ဆန္ဒရှိသည့် ဗြိတိသျှတို့သည် ၁၈၇၆ ခုနှစ်၌ မန္တလေး ကိုယ်စားလှယ် ရှော ကွယ်လွန်သော အခါ ပိုမို၍ ခက်ထန်လာသည်။ ရှော၏ နေရာတွင် ကိုယ်စားလှယ်သစ် ခန့်အပ်ခြင်း မပြုတော့ချေ။ မန္တလေးရှိ ဗြိတိသျှ ကိုယ်စားလှယ်ကို မြန်မာတို့က လုပ်ကြံ သတ်ဖြတ်ရန် ကြံစည်ကြသည် ဟူသော သတင်းကို ဗြိတိသျှပိုင် အောက်မြန်မာ နိုင်ငံ၌ ပျံ့နှံ့အောင် လွှင့်ကြလေသည်။ စင်စစ်မှာ မြန်မာတို့သည် မိမိ လည်ပင်းကို မိမိ ကြိုးတပ်သည့် အမှားမျိုးကို ကျူးလွန်ရန် အိပ်မက်မျှပင် မက်ရဲကြမည် မဟုတ်ချေ။ ထိုအချိန်၌ မန္တလေးသို့ ဗြိတိသျှ ကုန်သည်များ ရောက်လာကြသော အခါ မြန်မာမင်း ကိုယ်တိုင်ပင် ကြည်ဖြူ လေးစားစွာ လက်ခံကြသည်ကို ထောက်ထားခြင်း အားဖြင့် သိနိုင်သည်။ သို့ရာတွင် ဗြိတိသျှတို့သည် မြန်မာတို့နှင့် ဆက်ဆံရန် မဖြစ်တော့ ဟူသော ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ရန် စိတ်ပိုင်းဖြတ်ပြီး ဖြစ်သဖြင့် မန္တလေးရှိ ဗြိတိသျှ ကိုယ်စားလှယ် သံရုံး အရာရှိ အားလုံးကို ရွှေ့ပြောင်းရန် အမိန့် ထုတ်လိုက်လေသည်။ အောက်တိုဘာလ ရ ရက်နေ့တွင် သံရုံး အရာရှိ အားလုံးတို့သည် မန္တလေးမှ ထွက်ခွာ ကြလေသည်။ ထိုအခါမှ စ၍ ဗြိတိသျှ မြန်မာ နှစ်ဦး နှစ်ဖက် ပြေလည်စွာ ဆက်ဆံရေး အတွက် စည်းကမ်း နည်းလမ်း အတိုင်း ဆောင်ရွက်ရန်မှာ မဖြစ်နိုင်တော့ချေ။
ဥရောပသို့ မစ်ရှင် အဖွဲ့စေလွှတ်ခြင်း
ပြင်ဆင်ရန်မြန်မာတို့နှင့် တင်းမာစွာ ဆက်ဆံမည် ဟူသော ဗြိတိသျှတို့၏ ရည်ရွယ်ချက်သည် ဥရောပ သတင်းစာများ၌ လည်းကောင်း၊ ဥရောပ ကုန်သည်တို့၏ မကျေမနပ် သံများ၌ လည်းကောင်း၊ သိသာ ထင်ရှား နေပေပြီ။ ထိုကြောင့် မြန်မာမင်းသည် အခက်အခဲ ကြုံတွေ့ နေရလေတော့သည်။ အခွန်တော်များမှာလည်း လျော့ပါး၍သာ လာရာ မန္တလေး အစိုးရသည် အစွန်အဖျား ဒေသများကို နိုင်နိုင်နင်းနင်း မအုပ်ချုပ်နိုင်ဘဲ တနေ့တခြား လက်လွှတ် ထားရဘိ သကဲ့သို့ ရှိလာလေသည်။ ထို့ပြင် မန္တလေး အစိုးရသည် ဗြိတိသျှတို့၏ ခြိမ်းခြောက်မှု များပြားလာခြင်းကို အာရုံ စိုက်နေရ သဖြင့် မိမိ၏ ပြည်တွင်းရေး ကိစ္စများကို အာရုံ စူးစိုက်ခြင်း မပြုနိုင် ရှိခဲ့ရာ တိုင်းပြည်တွင် မငြိမ်မသက် ဖြစ်၍ လာသည်။ ထိုသို့ ပြည်တွင်းရေး မငြိမ်မသက် ဖြစ်နေခြင်းသည် ဗြိတိသျှတို့၏ ခြေလှမ်းကို ရှေ့သို့ တလှမ်း တိုးစေရန် ဖန်တီးပေး သကဲ့သို့ ဖြစ်လေသည်။ အခြေအနေ တနေ့တခြား ဆိုးဝါးလာသည့် အတွက် မန္တလေး နန်းတော်သည် အကာအကွယ် အလို့ငှါ ကမ္ဘာ့ နိုင်ငံကြီးများ၏ အသိအမှတ် ပြုခြင်းကို ရယူရန် ကြိုးစား လာကြ ရလေသည်။ ၁၈၈၃ ခုနှစ်တွင် ဥရောပတိုက်သို့ တကြိမ် ထပ်မံ၍ ချစ်ကြည်ရေး မစ်ရှင် အဖွဲ့ စေလွှတ်ပြန်သည်။[၃][၄]
ကိုးကား
ပြင်ဆင်ရန်- ↑ ဒေါက်တာ တိုးလှ, "အလောင်းမင်းတရားကြီး၏ ကုန်းဘောင်ရွှေပြည်", ၁၉၉၃
- ↑ ဦးတင်, "မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း၊ စတုတ္ထပိုင်း"
- ↑ irrawaddymedia.com - This website is for sale! - Resources and Information။ 10 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 September 2010 တွင် ပြန်စစ်ပြီး။
- ↑ Myanmar's last royal laments a crumbling nation | Reuters။ 15 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 September 2010 တွင် ပြန်စစ်ပြီး။