ပဝါရဏာပွဲ
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
ယဉ်ကျေးမှုပွဲတော်များကို ဗုဒ္ဓဘာသာဝင် မြန်မာပြည်ဖွား တိုင်းရင်းသားတို့သည် နှစ်စဉ် မြင်တွေ့နေကြရသည်။ ကိုယ်တိုင်လည်း ပါဝင်ပြုလုပ် ဆင်နွှဲခဲ့ကြသည်။ ထို့ကြောင့် သီတင်းကျွတ်ပွဲတော်အခါတွင် ခြိမ့်ခြိမ့်သဲ ပျော်ပွဲဆင်ခဲ့ကြရသည်ကို သတိတရရှိနေကြမည် မလွဲပေ။ သို့သော် ‘ပဝါရဏာပွဲ’အကြောင်း သိသူကား နည်းလှပေမည်။ အဘယ်ကြောင့်ဆိုသော် ဤ‘သီတင်းကျွတ် ပဝါရဏာပွဲတော်’ကား ရဟန်းသံဃာတော်များ လိုက်နာကျင့်သုံးရန် ဗုဒ္ဓချမှတ်ပေးခဲ့သော ကျင့်စဉ် လုပ်ထုံးလုပ်ရပ် ဖြစ်သောကြောင့်ပါပေတည်း။
‘ပဝါရဏာ’မှာ ပါဠိစကား ဖြစ်သည်။ ‘ဖိတ်ကြားခြင်း’ဟု အဓိပ္ပာယ်ရ၏။ ‘မြင်ရ၍၊ ကြားရ၍၊ သံသယဖြစ်၍ အပြစ်ရှိသည်ဟု ထင်မြင်ပါက ပြောဆိုဆုံးမတော်မူပါ’ဟု ရဟန်းတော်အချင်းချင်း ဖိတ်ကြားထားခြင်းကို ‘ပဝါရဏာ’ဟု ခေါ်ပါသည်။
ရဟန်းသံဃာတော်များ အချင်းချင်း ဤသို့ဖိတ်ကြားရန် ပညတ်တော်မူခဲ့ရခြင်းအကြောင်းကို အနည်းငယ် ချဲ့ပြပါဦးမည်။ ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်း၌ ဝါကပ်တော်မူ၏။ ရဟန်း တော်တော်များများလည်း ကျောင်းတိုက်တခုတည်းမှာ စုပေါင်း ဝါကပ်ကြသည်။ ထိုရဟန်းတို့သည် ‘အချင်းချင်း ညီညွတ်စွာ နေနိုင်ရေး၊ အငြင်းအခုန်ကင်းရေး၊ ချမ်းသာစွာ နေနိုင်ရေး’ဟူသော ဦးတည်ချက်ဖြင့် မူချ၍ သဘောတူ ကျင့်သုံးရန် ဆုံးဖြတ်ကြသည်။ ထိုဆုံးဖြတ်ချက်ကား – ‘အချင်းချင်း စကားမပြောရ၊ ဝစီပိတ်နေရမည်’ ဟူ၏။
ဆွမ်းခံရာမှ အရင်ဆုံး ပြန်လည်ရောက်ရှိလာသူသည် ခြေဆေးရေ၊ ခြေဆေးအင်းပျဉ်၊ ခြေပွတ်အိုးခြမ်းတို့ကို ပြင်ဆင်ထားရမည်။ ဆွမ်းစားစရာ နေရာထိုင်ခင်း ခင်းကျင်းရမည်။ ပန်းကန် ခွက်ယောက်များ ဆေးကြောရမည်။ သောက်ရေ သုံးရေ တည်ထားရမည်။ ဆွမ်းခံရာမှ နောက်ဆုံးရောက်ရှိလာသူသည် စားကြွင်းစားကျန်များ ရှင်းလင်းရမည်။ နေရာထိုင်ခင်း သိမ်းဆည်းရမည်။ သောက်ရေသုံးရေအိုးများ နေထားတကျ ရှိစေ၍ ဆွမ်းစားကျောင်းကို တံမြက်လှည်း ရှင်းလင်းရမည်။ တစုံတဦးက သောက်ရေသုံးရေအိုးတို့၌ ရေမရှိသည်ကို တွေ့မြင်လျှင် ဖြည့်လောင်းရမည်။ တဦးတည်း မနိုင်လျှင် လက်အမူအရာဖြင့် အခြားရဟန်းတပါးပါးကို ခေါ်၍ အကူအညီ ရယူရမည်။ ဘယ်နည်းနှင့်မျှ စကားပြောဆိုခြင်းကို မပြုရဟူသော ဝစီပိတ်စည်းကမ်းချက်များဖြင့် တဝါတွင်းလုံး နေထိုင်ကြလေသည်။
ထိုရဟန်းတော်များသည် သီတင်းဝါလကျွတ်သောအခါ ဗုဒ္ဓမြတ်စွာထံ သွားရောက် ဖူးမြော် ကန်တော့ကြလေသည်။ ဗုဒ္ဓမြတ်စွာသည် အာဂန္တုကရဟန်းတော်များနှင့် ဝမ်းပန်းတသာ မေးမြန်းပြောဆိုလေ့ရှိသည့်အတိုင်း – “ချစ်သားတို့၊ ချမ်းချမ်းသာသာ နေထိုင်ခဲ့ကြရပါရဲ့လား၊ တဦးနှင့်တဦး ခိုက်ရန် ငြင်းခုံမှု ပြုခြင်းမရှိ ညီညွတ်စွာ နေထိုင်နိုင်ကြပါရဲ့လား”ဟု မေးမြန်းတော်မူသည်။ ထိုအခါ ရဟန်းတော်များက တဝါတွင်းလုံး သူတို့ နေထိုင်ခဲ့ကြပုံ လျှောက်ထား၍ ချမ်းသာစွာ နေခဲ့ရပါကြောင်း ပြန်ပြောင်း လျှောက်တင်ကြလေ၏။
ဤတွင် ဗုဒ္ဓမြတ်စွာသည် ထိုရဟန်းတို့ကို ကဲ့ရဲ့ ရှုံ့ချတော်မူသည်။ အပြစ်တင်တော်မူသည်။ “သင်တို့သည် ချမ်းချမ်းသာသာ မနေခဲ့ကြရပါဘဲ ချမ်းသာစွာ နေခဲ့ကြရသည်”ဟု ဝန်ခံကြသည်။ သင်တို့၏ ဤဝစီပိတ်အကျင့်သည် တောတွင်းတိရစ္ဆာန်တို့၏ နေထိုင်နည်းသာ ဖြစ်သည်။ သိုးတွေရဲ့ နေထိုင်နည်းသာ ဖြစ်သည်။ ရန်သူအချင်းချင်းတို့၏ အမူအကျင့်နည်းတွေသာ ဖြစ်သည်။ (ရန်သူဖြစ်နေလျှင် အချင်းချင်း မပြောနိုင် မဆိုနိုင်ကြ။) သင်တို့သည် အဘယ်ကြောင့် ‘အ,အတို့၏ အကျင့်’၊ တိတ္ထိတို့၏ ကျင့်စဉ်ကို ဆောက်တည်ကျင့်သုံးကြရသနည်း။ ဤအကျင့်သည် သာသနာတော်ကို မကြည်ညိုသေးသူတို့အတွက် ကြည်ညိုလာရန်လည်းကောင်း၊ ကြည်ညိုပြီးသူတို့အတွက် ပိုမို၍ ကြည်ညိုသဒ္ဓါတက်စေရန်လည်းကောင်း မဖြစ်နိုင်ပေ ဟု ကဲ့ရဲ့ ရှုံ့ချတော်မူကာ “သာသနာပ တိတ္ထိတွေကျင့်စဉ်ဖြစ်သည့် ဤ‘လူအ,အကျင့်’။ ‘ဝစီပိတ်အကျင့်’ကို ကျင့်သုံးက ဒုက္ကဋ်အာပတ်သင့်စေ”ဟု သိက္ခာပုဒ် ပညတ်၍ ပိတ်ပင်တော်မူခဲ့လေသည်။
ဗုဒ္ဓမြတ်စွာသည် ဤသိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ဝါကျွတ်ပြီးသော ရဟန်းတော်များအား အပြစ်မြင်က၊ ကြားက၊ ယုံမှားသံသယဖြစ်က ရေငုံနှုတ်ပိတ် (ဝစီိပိတ်) မနေဘဲ အချင်းချင်း ပြောဆိုဆုံးမဖို့ ဖိတ်ကြားထားရန် ဆက်လက် မိန့်ကြားတော်မူခဲ့သည်။ ဤအချိန်အခါမှ စ၍ သီတင်းကျွတ်လပြည့်နေ့ ရောက်တိုင်း ရဟန်းတော်များ၏ ‘ပဝါရဏာပွဲ’သည် ပြုလုပ်မြဲ ဖြစ်လေသည်။
ထို့ကြောင့် ရှေးပညာရှိတို့က – “မြတ်သံဃာလဲ၊ ဖိတ်ကြားမြဲ၊ ခြိမ့်သဲ ပဝါရဏာ”ဟု မော်ကွန်းထိုးခဲ့ကြခြင်း ဖြစ်ပေ၏။
ကျောင်းတိုက်ရှိ ရဟန်းသံဃာအားလုံး သိမ်ထဲတွင် စုရုံး နေရာယူကြရသည်။ သံဃာအားလုံး စုံသောအခါ သွက်လက်ချက်ချာသော ရဟန်းတပါးပါးက သံဃာအားလုံးကို အသိပေး လျှောက်ထားရ၏။ “အရှင်ဘုရားတို့ .. သံဃာတော်သည် တပည့်တော်၏ စကားကို နားစိုက်တော်မူပါ။ ယနေ့ ပဝါရဏာပြုရမည့်နေ့ ဖြစ်သည်။ သံဃာတော်များ ညီလျှင် ပဝါရဏာပြုကြပါစို့”။ ဤသို့ သံဃာအားလုံးအား အသိပေးပြီးသောအခါ မထေရ်ကြီး (သံဃာပရိသတ်တွင် အကြီးဆုံးပုဂ္ဂိုလ်၊ သို့မဟုတ် ကျောင်းထိုင်ပုဂ္ဂိုလ်)က စ၍ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီမိုးလျက် သိမ်အတွင်းရှိ သံဃာအားလုံး ကြားသိအောင် ဖိတ်ကြား လျှောက်ထားရသည်။
“ငါ့ရှင်တို့ … မြင်ခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်း သုံးမျိုးဖြင့် သံဃာအား ဖိတ်ကြားပါ၏။ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် မထိန်မချန် အမှန်အတိုင်း ပြောဆို ဆုံးမကြပါ။ မိမိအပြစ်ကို သိမြင်ရလျှင် ကုစားပါမည်” ဟု သုံးကြိမ်တိုင်တိုင် လျှောက်ထားရလေသည်။ ထို့နောက် ဝါစဉ်အလိုက် သံဃာတော်အားလုံး အငယ်ဆုံးရဟန်းအထိ လျှောက်ထားရလေ၏။ ဤကား ရဟန်းတော်များ သိမ်အတွင်း သဘောတူညီ စည်းဝေး၍ ပဝါရဏာပွဲပြုလုပ်ပုံ ဖြစ်သည်။
ရဟန်းတော်များသည် အချင်းချင်း ဤသို့ ဖိတ်ကြားထားသဖြင့် တစုံတရာ အပြစ်မြင်တွေ့ရလျှင် အချင်းချင်း ပြောဆိုညွှန်ပြခြင်းဖြင့် ပြုပြင် ထိန်းသိမ်းနိုင်ကြပေသည်။
ဗုဒ္ဓမြတ်စွာ ချမှတ်ပေးခဲ့သည့် ဤကျင့်စဉ်သည် နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ခေတ်မီဆဲဖြစ်သည်။ မှန်ပေသည်။ ဗုဒ္ဓမြတ်စွာသည် ‘သာသနာတော် စည်ပင်သန့်ရှင်းရေး၊ ရဟန်းတော်များ ကိုယ်ကျင့်ကောင်းရေး’အတွက် ဝေဖန်ရေးကို အားပေးခဲ့သည်။ အမှန်အတိုင်း ပြောဆိုနိုင်ရေးကို အစဉ် တံခါးဖွင့်ပေးခဲ့သည်။ ချွတ်ချော်မှားယွင်းနေမှုများ မြင်နေပါလျက်၊ သိနေပါလျက် ပြောခွင့် ဆိုခွင့် မရှိ။ အ,အကြီးလို နှုတ်ပိတ် နှုတ်ဆိတ်နေရခြင်းမျိုးကို လိုလားတော်မမူချေ။ မိမိမှာ ချွတ်ယွင်းချက် အပြစ် တစုံတရာ ရှိနေလျှင် အမှန်အတိုင်း အမြန် ပြုပြင်နိုင်ရေးကိုလည်းကောင်း၊ ချွတ်ယွင်းချက် အမှားများ တွေ့မြင်နေရလျှင် စိတ်သဘောထား ကြီးမားစွာဖြင့် မဆိုင်းမတွ ထောက်ပြနိုင်ရေးကိုလည်းကောင်း လမ်းဖွင့်ပေးတော်မူခဲ့လေသည်။
ဗုဒ္ဓမြတ်စွာသည် ဤကဲ့သို့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားထားခြင်းဖြင့် –
- အညမညာနုလောမ = အချင်းချင်း ပြောခွင့်ဆိုခွင့် ရှိခြင်း။
- အာပတ္တိဝုဋ္ဌာန = အမှားကို အမြန်ဆုံး ပြုပြင်နိုင်ခြင်း။
- ဝိနယပုရေက္ခာရ = ကိုယ်ကျင့်တရား မြင့်မားရေး ဦးတည်ခြင်း ဆိုသည့် အကျိုး သုံးမျိုး ဖြစ်ထွန်းရရှိနိုင်မည်ဖြစ်ကြောင်း အတိအလင်း မိန့်ကြားခဲ့ပေ၏။
ဗုဒ္ဓမြတ်စွာ၏ ဤ(ပဝါရဏာ)ကျင့်စဉ်သည် ပုဂ္ဂိုလ်အချင်းချင်းသာမဟုတ် အဖွဲ့အစည်းများ၊ နိုင်ငံအုပ်ချုပ်သူများပါ လိုက်နာကျင့်သုံးရမည့် နည်းလမ်းကောင်းများ ဖြစ်သည်။
လောကတွင် “မမှားသော ရှေ့နေ၊ မသေသော ဆေးသမား” မရှိနိုင်ချေ။ အမြော်အမြင်ရှိသူ ပညာရှင်တို့၏ ညွှန်ပြချက်၊ ဝေဖန်ချက် မရယူဘဲ “ငါ့လှေ ငါထိုး ပဂိုးရောက်,ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်,ရောက်”ဟု ငါထင်ရာ ငါ့သဘော ငါတကော,ကောနေပါလျှင် ပျက်စီးဆုံးရှုံးခြင်း၊ နစ်နာခြင်းများဖြင့် ရင်ဆိုင်ရမည်မှာ မလွဲပေ။
ဤသို့ “ငါတကော ကောနေသူများ”ကို ဗုဒ္ဓမြတ်စွာက ဆန့်ကျင်ဟန့်တားတော်မူခဲ့၏။
“အပြစ်မြင်လျှင် အချင်းချင်း ပြောဆို ညွှန်ပြခြင်း၊ အမှားများကို ပြုပြင်သွားခြင်းဖြင့်သာ ငါဘုရား၏ ပရိသတ်သည် ကြီးပွားချမ်းသာနိုင်သည်။ ညီညွတ်သော အစည်းအရုံးသာ အငြင်းအခုန် ခိုက်ရန်ကင်း၍ ချမ်းသာခြင်းသုခ ရရှိနိုင်သည်” ဟူ၍ မိန့်ကြားတော်မူခဲ့သည်။ (ဝိနည်းပါဠိတော်)
တခါက အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးသည် အမှတ်တမဲ့ ဖြစ်၍ သင်္ကန်းစတဖက် အောက်သို့ လျှောကျနေလေ၏။ ထိုအခါ ရှင်သာမဏေငယ်လေးတပါးက – “အရှင်ဘုရား .. အရှင်ဘုရားရဲ့ သင်္ကန်းစ မညီမညာ ဖြစ်နေပါတယ်”ဟု ထောက်ပြခဲ့သည်။ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်သည် ‘မလောက်လေး မလောက်စား ကိုရင်လေးက ငါ့ကို ပြောရပါမည်လား’ဟု အမှတ်တားတော်မမူပေ။ သင်္ကန်းကို ညီညာစွာ ပြင်ဝတ်ပြီး “ဆရာ .. ဒီအတိုင်း ဟုတ်ပါပြီလား”ဟု တလေးတစား မိန့်ကြားတော်မူခဲ့သည်။ ဤသည်မှာ ဗုဒ္ဓချမှတ်ပေးထားသည့် (ပဝါရဏာ)ကျင့်စဉ်ကြောင့် ရှင်ငယ်ကလေးကပင် အမှားကို ထောက်ပြရဲခြင်း ထောက်ပြနိုင်ခြင်း ဖြစ်သည်။
ဤသို့ အချင်းချင်း ပြုပြင်ထိန်းသိမ်း၍ လာခဲ့ကြခြင်းကြောင့်လည်း ‘ထေရဝါဒ ရဟန်းတော်များ’ကို ယနေ့ မြင်တွေ့နေရသေးခြင်း ဖြစ်သည်။ တခြား တပါးသော ဘာသာဝင်တို့၏ ထိုးနှက်ချက်၊ ဗုဒ္ဓဘာသာဝင် မဟုတ်သော မင်းဆိုးမင်းညစ်တို့၏ အဓမ္မနှိမ်နင်း တိုက်ဖျက်ချက်တို့၏ဒဏ်ကား မသေးငယ်လှ။ ခေတ်အဆက်ဆက် ထေရဝါဒရဟန်းတော်များ အလူးအလိမ့် ခံခဲ့ကြရသည်။ သို့သော် ရှိသမျှ အင်အား၊ ရှိသမျှ စွမ်းအားဖြင့် ထေရဝါဒကျင့်စဉ်ကို ဗုဒ္ဓအလိုတော်ကျအတိုင်း မြဲမြဲ ဆုပ်ကိုင်လာခဲ့ကြသောကြောင့်သာ ဗုဒ္ဓမြတ်စွာသာသနာသည် ယနေ့တိုင် ‘ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ’ဟု ဆိုရမလို ဖြစ်သည်။
“တစုံတရာသော အမှားအယွင်း တွေ့မြင် ကြားသိ သံသယရှိပါက ပြောဆိုပါ။ မိမိအမှားကို တွေ့ရလျှင် အမှန်ရောက်အောင် ပြင်ပါမည်”ဟူသော ဤဖိတ်မံချက်ဖြင့် ရဟန်းတော်များ အချင်းချင်း တံခါးဖွင့်ဝါဒ ကျင့်သုံး၍ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်တော်မူလာခဲ့ကြပေသည်။ ဗုဒ္ဓချမှတ်တော်မူခဲ့သည့် ဤကျင့်စဉ်အတိုင်း ဗုဒ္ဓဘာသာဝင်တို့ တသွေမတိမ်း လိုက်နာကြမည်ဆိုပါလျှင် နိုင်လိုမင်းထက် မတရားနှိပ်စက်ခြင်း၊ အချင်းချင်း သတ်ဖြတ်ခြင်းများ ရှိတော့မည် မဟုတ်ပေ။ အချင်းချင်း သွေးစည်း ညီညွတ်၍ သာယာဝပြောသော လောကသစ်ကို ဖန်တီးနိုင်ကြပေလိမ့်မည်။ ဤကျင့်စဉ်မှ ကျွနု်ပ်တို့ သွေဖည်ကြလျှင်ကား –
ကိုးကား
ပြင်ဆင်ရန်- ↑ (လောကချမ်းသာ၊ အတွဲ-၄ အမှတ်-၄၊ ၁၉၉၄-ခုနှစ် အောက်တိုဘာ/နိုဝင်ဘာ မှ)