ပအိုဝ်းစာပေ

ပအိုဝ်ႏလိတ်လုဲင်ꩻ
ပအိုဝ်းရိုးရာဓလေ့ဝတ်စုံ

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်း တစ်ရာကျော်ရှိသည့်အနက် ပအိုဝ်းလူမျိုးများသည် သမိုင်းစဉ်ဆက် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းစဉ်လာများ ရှိခဲ့သောတိုင်းရင်းသားလူမျိုးစု တစ်စု ဖြစ်သည်။

လူနည်းစုဖြစ်သည့်အတွက် တစ်နိုင်ငံလုံးကျယ်ပြန့်စွာသိရှိနိုင်ခြင်း မရှိသေးပေ။ ရှေးယခင်က ရေကြည်ရာ မြက်နုရာ အရပ်ဒေသများကို ရှာဖွေရင်း ရွှေ့ပြောင်းနေထိုင်လာခဲ့‌သော ပအိုဝ်း တို့သည် မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ ‌တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ကျယ်ကျယ်ပြန့်ပြန့် နေထိုင်‌နေကြသည်။ တစ်ချို့‌သောသမိုင်းဆရာများ၏အဆိုအရ ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးသည် ပအိုဝ်းတို့၏ မင်းနေပြည်ဖြစ်သော သုဝဏ္ဏဘူမိသထုံမြို့ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုအချိန်မှစ၍ ပအိုဝ်းလူမျိုးများသည် တိုင်းပြည်ပျက်သုန်း၍ နေရာဒေသအနှံ့တွင် ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်ဟု ဆိုသည်။

ယခုအခါ ပအိုဝ်းလူမျိုးများကို မြန်မာနိုင်ငံအရှေ့ဘက် နယ်စပ်ဒေသ၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တောင်ပိုင်း စသည့်နေရာ‌ ဒေသအနှံ့အပြားတွင် ပျံ့နှံ့စွာနေထိုင်လျက်ရှိသည်။

ပအိုဝ်းလူမျိုးသည် စာပေနှင့်ပတ်သက်လျှင် အားနည်းမှု ရှိနေသေးသည်။ အဘယ်ကြောင့်ဆိုသော် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသ ပအိုဝ်းလူမျိုးများသည် ဒေသကွာခြားချက်အရ ပြောသောစကား လေယူလေသိမ်းလည်း ကွဲပြားလာကြသည်။ တောင်ပေါ်ဒေသ စာပေနှင့် မြေပြန့်ဒေသ စာပေလည်း အနည်းအကျဉ်း ကွဲလွဲမှုများရှိကြသေးသည်။ သီချင်းစာဆိုတွင် (ခမ်းကောင်သားလိတ် နီလိတ်၊ ခမ်းဒွမ်သားလိတ် နီလိတ်) "တောင်ပေါ်ဒေသစာပေ ဒို့ပအိုဝ်းစာပေ၊ မြေပြန့်ဒေသစာပေ တို့ပအိုဝ်းစာပေ" ဟုကြွေးကြော်သော သီချင်း ရှိခဲ့ပေသည်။ အဘယ်ကြောင့်ဆိုသော် စည်းလုံးညီညွှတ်မှုကိုရလိုခြင်း ဖြစ်သည်။

ပအိုဝ်းစာပေများသည် ခေတ်သုံးခေတ်ဖြင့် ထွန်းကားခဲ့သည်ကို သမိုင်းများအရသိရှိရသည်။

ပုဂံခေတ် ရာဇကုမာရ် ကျောက်စာတွင် ရေးထိုးထားသောပါဠိ၊ ပျူ မွန်နှင့် မြန်မာစာလေးဘာသာသည် ပျူသည် ရိုးရာယုံ ကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ စရိုက်လက္ခဏာကို ဘာသာဗေဒနည်းအရ ပအိုဝ်းများနှင့် များစွာတူညီကြောင်းကို သမိုင်းထင်မြင်ယူဆမှုအရ ပျူ သည် ပအိုဝ်း ဟု ယူဆကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်ဂူတစ်ဂူတွင်းတွင် ရေးထိုးထားသော ကျောက်စာမှာ ပအိုဝ်းစာဖြစ်နေကြောင်းကိုလည်းသက်သေထူနိုင်သည်။

ပအိုဝ်းစာပေ ဒုတိယခေတ်သည် အေဒီ ၁၈၁၇ ခုနှစ်တွင် ပအိုဝ်းစာပေ အရေးအသားသမိုင်းတွင်ကျော်စောထင်ရှားသော မိုင်းပျိုးဆရာတော် ဦးကဝိသာရသည် ပအိုဝ်းစာပေဖြင့် ရေးသားသည့် ဝေဿန္တရာ ဇာတ်တော် လင်္ကာကို မြန်မာ့သက္ကရာဇ် ၁၁၇၈ ခုနှစ်၊ နတ်တော်လဆန်း (၁၄) ရက်၊ကြာသပသေးနေ့ ညနေ (၃) နာရီအချိန်တွင် ရေးသားပြီးစီးခဲ့သည်ဟု သိရှိခဲ့ရသည်။ ကုန်း‌ဘောင်ခေတ်နှောင်းပိုင်း ပအိုဝ်းစာပေတွင် မိုင်းပျိုးမူသည် ထင်ရှားခဲ့ပေသည်။

ထို့ကြောင့် မိုင်းပျိုးစာမူသည် ကုန်းဘောင်ခေတ် နှောင်းပိုင်း ကတည်းကပင် ပေါ်ပေါက်နေပြီဟု သမိုင်းပညာရှင်များက ယူဆခဲ့ကြသည်။ မြန်မာ့စွယ်စုံကျမ်းအရ ပအိုဝ်းစာပေသည် လွန်ခဲ့သောနှစ်ပေါင်း (၁၇၀) က ပေါ်ပေါက်ခဲ့သည်ဟု ခန်းမှန်းယူဆကြသည်ဟု သိရသည်။

ပအိုဝ်းစာပေ တတိယခေတ်သည် မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ်တွင် ထီသိမ်ဆရာတော်ဦးသုနန္ဒက မိုင်းပျိုးဆရာတော် ဦးကဝိသာရရေးသားခဲ့သော ပအိုဝ်းစာမူကို အခြေခံ၍ခေတ်နှင့် လျော်ညီအောင် ရှေးမူ မပျက်စေဘဲ စကားလုံး တစ်လုံး အသံထွက်တစ်ခုဖြစ်စေရန်အတွက် ရေးသားဟောပြောရာတွင် လွယ်ကူမှုရှိစေရန်အတွက် ပအိုဝ်းစာ မူအသစ် ကိုရေးသားပြုစု ပေးခဲ့သည်။

၎င်ပအိုဝ်းစာမူအသစ်ကို ၁၃၀၅ ခုနှစ်၊ ဝါတွင်းသုံးလတွင် ညောင်ရွှေစော်ဘွားကြီးပင့်ဖိတ်ချက်အရ ပိဋကတ်စာပေ ပြန်ဆိုပို့ချသည့်ပွဲတွင် တက်ရောက် လာကြသောပအိုဝ်းသံဃာတော်များအား တင်ပြခဲ့သည်။ ဦးသုနန္ဒ ကိုယ်တိုင် ပြုစုထားသောပအိုဝ်းစာမူအသစ်ကို တက်ရောက်လာသော ဆရာတော်များအားလုံးက ကြိုက်နှစ်သက်၍ ၁၃၀၉ခုနှစ်၊ ပြာသို လပြည့်နေ့တွင် ပအိုဝ်းသင်ပုန်းကြီး စာမူသစ်အား အတည်ပြုထောက် ခံခဲ့ကြသည်။

ထိုသင်ပုန်းကြီး စာမူသစ်အား ၁၃၁၉ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ပအိုဝ်းသင်ပုန်းကြီးစာအုပ်ရေ (၅၀၀၀) ပုံနိုပ်ထုတ်ဝေခဲ့ကြသည်။ ထိုအချိန်မှစ၍ပအိုဝ်းသင်ပုန်းကြီး ဖတ်စာအား ပအိုဝ်းလူထုအတွင်းသို့ ပျံ့နှံ့နိုင်ရန် သင်တန်းများဖွင့်လှစ် ပို့ခဲ့ကြသည်။

ပအိုဝ်းအက္ခရာ သင်ပုန်းကြီးသစ်မှာ ဗျည်း - ၃၆ လုံး ရှိခဲ့သည်။ မြန်မာဗျည်း ၃၃လုံး နှင့်သင်္ကေတ း + ꩻ + ႏ ( ̮ )(လဆန်စ) လချမ်းပမာ ပါရှိခဲ့သည်။ ပအိုဝ်းသရ ၁၂ လုံးရှိခဲ့သည်။ ၎င်းမှာ "အ အာ၊ ဣ ဤ၊ ဧ အဲ၊ အုဲင့်အုဲင်၊ ဩ ဩာ် အို …." စသည်ဖြင့်ရှိခဲ့ပါသည်။ သရလက္ခဏာ အုဲင် သည် မြန်မာ အသံထွက် မရှိပေ။ ꩻ + ႏ အက္ခရာသည် တစ်ပါးသောအက္ခရာနှင့် ယှဉ်သော အခါ ပအိုဝ်းအသံထွက်ကို အထူးသဖြင့် ဖြစ်စေတတ်သောကြောင့် ဝိသေသနသင်္ကေတ အက္ခရာလည်း မည်၏ ဟု ဖော်ပြထားသည်။

ဆရာတော်ဦးသုနန္ဒ သင်ပုန်းကြီးဖတ်စာမူရင်း နိဒါန်းတွင် "မိရိုးဖလာ ဆရာသမားတို့၏အပြုအမူ အယူဝါဒ ထုံးစံသည် ဘုရားရဟန္တာ မဟုတ်သည်ဖြစ်၍ အကျိုးရှိ/မရှိ ဟုတ်လေသလော၊မဟုတ်မမှန်လေသလော အတွေးတောအကြံဉာဏ် ရှိစေရမည်။ အကျိုးရှိသည် ဟုတ်မှန်ခဲ့လျှင် တိုးပြီးကြိုးစားရမည်။ အကျိုးမရှိ မဟုတ်မမှန်ခဲ့လျှင် ပယ်ပစ်ရမည်၊ သို့မဟုတ်ခေတ်ပြောင်းပေးရမည်"ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

၎င်နှင့် ပတ်သက်ပြီး ၁၃၂၃ ခုနှစ်တွင် လူအများစိတ်ဝင်စား လွယ်ကူစွာသင်ယူနိုင်ရန်အတွက် အရုပ်ပန်းချီများ ရေးဆွဲ၍ ထိုသင်ပုန်းကြီးဖတ်စာအား အသစ်တစ်ဖန်ပြန်လည်ရိုက်နိုပ်ခဲ့ကြသည်။ ယခင် ရှိနှင့်ပြီးသော ထီသိမ်ဆရာတော် ဦးသုနန္ဒသင်ပုန်းကြီးဖတ်စာကို မူရင်းအဓိပ္ပာယ် မပျက်စေဘဲ စက်တင် ပုံနှိပ်ရာတွင် လွယ်ကူမှုရှိစေ ရန်အတွက် ယခင်အသုံးပြုသော လဆန်းစ (၃) ရက် လထွက်ပုံစံ ( ̮ ) ( ꩻ + ႏ ) အစား၊ "မုဲင်ငါ[ꩻ]၊ မုဲင်ပက်ငါ[ႏ]"ဟူ၍ ပအိုဝ်းသံဃာတော်များ၏ သဘောတူညီချက်ဖြင့် အစားထိုး ရိုက်နှိပ်နိုင်ခဲ့ပါသည်။

အသစ်တစ်ဖန် ပြန်လည်ရိုက်နှိပ်သော သင်ပုန်းကြီးဖတ်စာသည် ဗျည်း (၃၃) လုံး၊ ပအိုဝ်းသရ(၁၆) လုံးအဖြစ် သတ်မှတ်လာခဲ့ကြသည်။ ပအိုဝ်းစာပေ၏ ထူးခြားချက်တစ်ခုမှာဘာသာစကားပေါင်းစုံ၏ အသံထွက်သည် ပအိုဝ်း စာပေနှင့် ပေါင်း၍ ရနိုင်သည်။ အင်္ဂလိပ်၊တရုတ်ကအစ တိုင်းရင်းသားဘာသာစကားများလည်း ပေါင်း၍ ရနိုင်သည်။

ထို့ကြောင့် ပအိုဝ်းစာပေ တတ်မြောက်ကျွမ်းကျင်သော ပုဂ္ဂိုလ်များသည် တစ်ခြားဘာသာစကားကို သင်ယူရန် လွယ်ကူမှုအထောက်အကူ ပြုပေသည်။


ပအိုဝ်းစာပေသည် ဟထိုး မရှိခဲ့ပေ။ အကြောင်းမှာ "အက္ခရာတိုင်းသည် ဟထိုး ထည့်ပြီးရေးခြင်းသည် ပညာရှိတို့ ရယ်ဖွယ်ရာသာ အဖတ်တင်၏။ သင်္ကေတဆိုလျှင် တော်သေး၏ဆိုပြန်သော်လည်း မထူးသောကြောင့် အကျိုးမရှိ၊ သင်္ကေတတစ်မျိုးထားပြန်သော်လည်းတစ်ဘာသာတည်းမှာ သင်္ကေတနှစ်မျိုး ဖြစ်သွားမည်ဖြစ်သောကြောင့် ဖတ်ဖို့ မှတ်ဖို့ရှုပ်ထွေး သွားမည်ဖြစ်၏။ ထို့ကြောင့် နေရာတကာ ဟအက္ခရာသာ ထိုး၍အားကိုးခြင်း မပြုဘဲအက္ခရာတစ်မျိုးတစ်မည်ဖြင့် တီထွင်ထားပါမှ နေရာကျ အကျိုးရှိမည်ဖြစ်ကြောင်း"သင်ပုန်းကြီးဖတ်စာ နိဒါန်းတွင် ဖော်ပြထား ပါသည်။ ပအိုဝ်းစကားသည်ဟထိုးအသံထွက်သည့် စကားလုံးလည်း မရှိသလောက်ပင် ဖြစ်သည်။

၁၃၂၃ ခု နှစ် တပေါင်းလပြည့်ကျော် (၁၂) ရက်နေ့၊ (၂၃) ရက်၊ (၃) လ ခရာဇ်နှစ် ၁၉၆၈ခုနှစ်တွင် ဆရာတော်ဦးကုသလ ဦးဆောင်၍ ပအိုဝ်းစာပေညီလာခံအား ကျောက်တလုံးမြို့တွင်ကျင်းပခဲ့သည်။ ၎င်ညီလာခံတွင် ပအိုဝ်းသံဃာ အပါးပေါင်း (၂၃၉) ပါး တက်ရောက်ခဲ့ကြသည်ဟုသမိုင်းတွင် ရှိခဲ့သည်။ ထိုညီလာခံတွင် ပအိုဝ်းစာပေ တိုးတက်ခိုင်မြဲရေး အမျိုး၊ဘာသာ၊ သာသနာ တိုးတက်အောင် ဆောင်ရွက်ကြမည်ဟုဆုံးဖြတ်ချက် ချခဲ့သည်။

မြန်မာသက္ကရာဇ် ၁၃၂၉ ခုနှစ်သို့ ရောက်ရှိသောအခါတောင်ကြီးမြို့ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်၌ ဒုတိယအကြိမ် သာသနာ့ရက္ခိတသံဃာအဖွဲ့အား ပအိုဝ်းဒေသအတွင်းရှိစာပေကျမ်းဂန် တတ်မြောက်သည့်သံဃာတော်များဖြင့် အင်အားဖြည့် ပြန်လည် ဖွဲ့စည်းခဲ့သည်။ပအိုဝ်းစာပေပြန့်ပွားတိုးတက် တည်မြဲရေးအတွက် လည်းကောင်း၊ လူမျိုးတို့၏ဓလေ့ထုံးတမ်းစဉ်လာ တိုးတက်ထင်ရှားစေရန် အတွက်လည်းကောင်း၊ ပညာရေး၊ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု ရရှိစေရန်အတွက်လည်းကောင်း၊ သာသနာတော် အရှည်တည်တံ့ ခိုင်မြဲရေးအတွက်လည်းကောင်း စသည့်လမ်းစဉ်များ ချမှတ်၍ ဆောင်ရွက်ခဲ့ကြသည်။

ယခင်အသုံးပြုသော ဦသုနန္ဒထီသိမ်စာမူ သင်ပုန်းကြီးတွင် ပအိုဝ်းကို ပအိုဝ်းဟုသုံးနှုန်းထားသည်ကို တွေ့ရသည်။ ယခု ပအိုဝ်းဗဟိုသံဃာပညာရှင် အပေါင်းတို့အားမူရင်းအဓိပ္ပာယ် မပျက်စေဘဲ ကျစ်လစ်လွယ်ကူစွာ ပြင်ဆင် လိုက်သောအခါ ယခု "ပအိုဝ်း" ဟုသုံးနှုန်းထားသည်ကိုလည်း တွေ့ရှိ ရပေသည်။ မြန်မာနိုင်ငံတွင် မျိုးနွယ်စုအလိုက်လူဦးရေအများဆုံးတိုင်းရင်းသားများအနက် အဆင့်(၇)၌ ရှိ‌နေလင့်ကစား ပအိုဝ်းတိုင်းရင်းသားများသည် စာပေတစ်ခုကြောင့် ပအိုဝ်းလူမျိုးများကအသိအမှတ်ပြုခံရမှု သိပ်မရှိသေးကြောင်း ထင်ရှားပါသည်။

ပအိုဝ်းတိုင်းရင်းသား ဝတ်ဆင်ထားသော ရိုးရာယဉ်ကျေးမှုဝတ်စုံသည် တစ်ချို့တိုင်းရင်းသားများက ပအိုဝ်းဖြစ်ကြောင်းကို ထင်ထင်ရှားရှား သိရှိခြင်းမရှိသေးပေ။ အမျိုးသားဝတ်စုံသည် ခေါင်းပေါင်းပါ၍ ၎င်းကို ဇော်ဂျီ သဏ္ဌာန်ဆောင်သည်ဟုရှေ့ပညာရှင်များက ပြောဆိုခဲ့သည်။ အမျိုးသမီးဝတ်စုံသည် ဆံထိုးနှင့် ခေါင်းပေါင်းပါ၍နဂါးအမောက်ဆောင် သည်ဟု လည်း သိရသည်။ ဝတ်စုံနှစ်မျိုးစလုံးကို အရောင်အနက် များဖြစ်ကြသည်။ ၎င်းအား နက်နဲခြင်းသဘောကို ဆောင်သည်။ အမဲရောင်မဟုတ် အနက်ရောင်ဖြစ်ကြောင်းဘိုးဘွားများက ဆိုသည်။ ခေါင်းပေါင်းတွင် အရောင်အမျိုးမျိုးနှင့် ဒီဇိုင်းမျိုးစုံရှိနိုင်သည်။

(၂၀၁၃) ခုနှစ်၊(Miss International 1013)ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုကိုယ်စားပြုခဲ့သော အလှမယ် နန်းခင်ဇေယျာသည် တောင်ကြီးမြို့မှ ပအိုဝ်းတိုင်းရင်းသူစစ်စစ် ဖြစ်သည်။သို့‌သော် ထိုအချိန်က အချို့သောမီဒီယာများတွင် အစပိုင်းတွင်တွင် (ရှမ်းတိုင်းရင်းသူ)ဟုလည်းကောင်း၊ နောက်ပိုင်းတွင် ( ရှမ်း/ပအိုဝ်း ) တိုင်းရင်းသူ ဟုလည်းကောင်း ဖော်ပြဖူးသည်။

ပအိုဝ်းတိုင်းရင်းသားများအများစုသည် တောင်ယာများနှင့် လယ်သမားများအဖြစ် အသက်မွေးဝမ်းကျောင်း ပြုကြ သောကြောင့် စာပေလေ့လာမှု အားနည်းကြသည်။ ပအိုဝ်းသံဃာ‌တော်များကဦးဆောင်ပြီး တစ်နှစ်တစ်ခါ ကျင်းပပေးသော ပအိုဝ်းစာပေဆရာဖြစ်သင်တန်းကို အမှတ်စဉ် ၂၉ ကြိမ် ရှိပြီးဖြစ်ကြောင်း သိရှိရသည်။ ပအိုဝ်းတိုင်းရင်းသားများ နေထိုင် ရာဒေသဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်းတွင် တစ်နှစ်တစ်ကြိမ် အလှည့်ကျပြုလုပ်ခြင်းဖြစ်သည်။ လာမည့်နှစ်တွင် ဟိုပုံးမြို့နယ် တွင် ပြုလုပ်မည်ဟုသံဃာတော်အစည်းအဝေးဆုံးဖြတ်ချက်တွင် သိရှိရသည်။ စာပေပြန့်ပွားရေးအတွက်ဗဟိုသံဃာများကသာ ဦးဆောင်ပေးသွားပါသည်။ ဆရာအဖြစ်သင်တန်းတွင် သင်တန်းသူသင်တန်းသားများ တဖြည်းဖြည်း များသထက် များလာသည်။ ယခင် ၂၉ ကြိမ်မြောက် ပင်လောင်းမြို့နယ် ပင်ခွန် ဘုန်းတော်ကြီးကျောင်းတွင် သင်တန်းသား ၃ ထောင်နီးပါး ရှိပါသည်။ သင်တန်းကို၈ ရက်ပြုလုပ်ပါသည်။ ဒေသခံများက လူအား၊ ငွေအား စေတနာ ထက်သန်စွာဖြင့်ပြုလုပ်ပေးပါသည်။

ယခု အချိန်တွင် ပအိုဝ်းတိုင်းရင်းသားများ စည်းလုံးညီညွတ်မှု တစ်ခု ဖြစ်ပေါ်စေခဲ့သည်။အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားတွင် ရောက်ရှိသည့်ပအိုဝ်းတိုင်းရင်းသားများသည် ဆရာအဖြစ် ဗဟိုသင်တန်းရောက် ချိန်တွင် အွန်လိုင်းပေါ်မှတဆင့်လည်းကောင်း၊ အသိမိတ်ဆွေ အပေါ်တွင်လည်းကောင်း၊ သတင်းအချက်အလက်များ ရသည်နှင့်အရောက်ပြန် ခဲ့ခြင်းများလည်း ရှိခဲ့သည်။ ယခုအခါ အဝေးရောက်ပအိုဝ်းတိုင်းရင်းသားများ သည် တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်မဂ္ဂဇင်းများ ထုတ်ဝေခြင်းများလည်း ရှိခဲ့သည်။ မြန်မာနိုင်ငံ အတွင်းမျိုးချစ်ပုဂ္ဂိုလ်များကလည်း စာအုပ်များ ထုတ်ဝေကြသည်။ ယခု ထွက်ရှိသောစာအုပ်ပေါင်းလည်း မနည်းတော့ပေ။ နာမည်အရဆုံးနှင့် သက်တမ်းအရှည်ဆုံး စာအုပ်မှာဒဲဉ်သီးလက်ဆောင် ဆိုသော စာအုပ်သည် ယခုထိ အသက်ရှင်သန် နေသေးသည်။

ကျေးရွာအုပ်စုအလိုက် ရွာအလိုက်၊ ဒေသအလိုက် ဗဟိုသံဃာတော်၏ ဩဝါဒကိုခံယူပြီးဆရာဖြစ် သင်တန်း တက်ပြီးသော ဒေသခံဆရာ များက နွေရာသီအချိန်တွင် မိမိဒေသအလိုက်ပအိုဝ်းစာပေပြန့်ပွားရေး အတွက် အကျိုးဆောင်အနေဖြင့် ပြန်လည်သင်ကြားပေးကြပါသည်။ စာစစ်ဌာနက ဗဟိုသံဃာအဖွဲ့မှ ဦးဆောင်ပေးပြီး ကျေးရွာအုပ်စုအလိုက် မြို့နယ်အလိုက်ကျင်းပသွားပါသည်။

ပအိုဝ်းစာပေ ဝါသနာရှင်များလည်း တစ်ဖြည်းဖြည်းများလာပြီး စာပေ၊ စာအုပ်များလည်းထုတ်ဝေလာကြသည်။ အားနည်းမှုတစ်ခုမှာ ပအိုဝ်းတိုင်းရင်းသားများသည် စာဖတ်အားနည်းကြသည်။ ဒါလည်း အသက်မွေးဝမ်းကြောင်းပေါ် မူတည်နေကြောင်းလည်း တစ်ခု၊ ပဒေသရာဇ်စနစ်ဆိုးကြောင့်တစ်ခု ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပဒေသရာဇ်အုပ်စိုးချိန်တွင် ပအိုဝ်းတိုင်ရင်းသားများ အဖိနှိပ်ခံဘဝဖြင့် နေထိုင်လာခဲ့ကြပြီးစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့် အရေးအမျိုးမျိုး နောက်ကျကျန်ရစ်ခဲ့ရပေသည်။

"ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့" ကိုလည်း ခရာဇ်နှစ် ၁၉၇၂ ခုနှစ်၊ ဩဂုတ်လ (၆)ရက်နေ့တွင် တောင်ကြီးမြို့နယ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၃ ခုနှစ်တွင်ဒုတိယအကြိမ် တောင်ကြီးမြို့နယ်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် တတိယအကြိမ် တောင်ကြီးမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကို အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းခဲ့သည်။

ဆီဆိုင်မြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ လွိုင်လင်မြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ပင်လုံမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ကလောမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ရပ်စောက်မြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ဟိုပုံးမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ညောင်ရွှေမြို့နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ဇရပ်ကြီးဒေသ အောက်ပြည်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ဘားအံမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ရွာငံမြို့နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ စသည့်မြို့နယ်အသီးသီးအလိုက်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ ဖွဲ့စည်းခဲ့ကြသည်။

ဗဟိုပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ရုံးချုပ်သည် အမှတ် (၉၈) ကုန်သည်လမ်း၊ဈေးပိုင်းရပ်ကွက်၊ တောင်ကြီးမြို့တွင် တည်ရှိကြောင်း သိရသည်။ ၎င်ရုံးသည်ပအိုဝ်းတိုင်းရင်းသားအားလုံး ပိုင်ဆိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော်ပအိုဝ်းတိုင်းရင်းသားပြည်သူများအပေါ် ကောက်ခံပြီး ရလာသောဘဏ္ဍာငွေဖြင့် ဝယ်ယူထားကြောင်းဖြစ်သည်။ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌနေရာတွင် လက်ရှိပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ ဒုဥက္ကဋ္ဌလည်းဖြစ်၊ ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်ဦးခွန်ဝင်းကိုက ဆောင်ရွက်လျက်ရှိသည်။

ဗဟိုပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကို ၁၉၉၆ ခုနှစ် မတ်လ (၂၂) ရက်တွင်ဖွဲ့စည်းခွင့်လက်မှတ် အမှတ် (၁၇၉၅) ဖြင့် တရားဝင် ဖွဲ့စည်းခွင့် ရရှိခဲ့ပါသည်။တရားဝင်အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ရလာသော ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဗဟိုကော်မတီသည် ၁၉၉၇ ခုနှစ် ဩဂုတ်လ (၁၊ ၂) ရက်နေ့များတွင် တောင်ကြီးမြို့နယ်ဖာမွန်းကျေးရွာအုပ်စု၊ ဖာမွန်းဘုန်းတော်ကြီးကျောင်းတွင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ စုံညီစွာတက်ရောက်သောညီလာခံကို ကျင်းပပြုပ်လုပ်၍ရှေ့လုပ်ငန်းစဉ် (၂၁) ရပ်ကို ချမှတ်ပြီး စာပေနှင့်ယဉ်ကျေးမှုမဖွဲ့စည်းရသေးသောမြို့နယ်များ၌ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဖွဲ့စည်းခြင်း၊ ချမှတ်ထားသောရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်း စသောစာပေနှင့်ယဉ်ကျေးမှုလုပ်ငန်းများကို ဝိုင်းဝန်းကြိုးစား လုပ်ဆောင်လျက်ရှိပါသည်။

ယခုတွင် ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာ ဒေသအသီးသီးသည်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် ရုံးများ ရှိပါသည်။ ကျေးလက်ဒေသအရ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များလည်း ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ပအိုဝ်းတိုင်းရင်းသားများပြုလုပ်ရန်ကျန်ရှိနေသည့် တစ်ခုမှာ စာပေဟောပြောပွဲများ ဖြစ်ပါသည်။ လက်ရှိအချိန်ထိ(၆) လတွင် တစ်ကြိမ် ဗဟိုသံဃာအဖွဲ့မှ ပြုလုပ်ပေးသော တရားပွဲသာရှိပြီး၊စာပေဟောပြောပွဲထွန်းကားမှု မရှိသေးပေ။ ပအိုဝ်းစာရေးဆရာများ အတော်အသင့်ရှိပါသည်။

ကိုးကားပြင်ဆင်