ပါဒကြီးငါးထပ်ကြီး ရုပ်ပွားတော်

ပါဒကြီးငါးထပ်ကြီး ရုပ်ပွားတော် သည် ရန်ကုန်တိုင်းဒေသကြီးကျောက်တန်းမြို့နယ် ပါဒကြီးစံပြကျေးရွာတွင် တည်ရှိသည်။

ဉာဏ်တော်အမြင့် ၄ဝ ပေ နှင့် ၈ လက်မ၊ ပလ္လင်တော်မှ ရောင် လျှံတော်အထိ ၄၅ ပေနှင့် ၉ လက်မ၊ ပလ္လင်တော်အလျား ၃၃ ပေနှင့် ၁၁ လက်မ၊ ပလ္လင်တော်အစုံ ၂၁ ပေနှင့် ၁၁ လက်မ၊ ပလ္လင်တော်အမြင့် ၄ ပေနှင့် ၆ လက်မ၊ စမ္မခဏ်အမြင့် ၇ လက်မရှိသော ငါးထပ်ကြီးရုပ်ပွား တော်မြတ်ကို အချိုးအစား ပြေပြစ်တင့်တယ်စွာ တည်ထားကိုးကွယ်ခဲ့သူမှာ ငါးထပ်ကြီးဆရာတော် ဦးကုသလနှင့် ဒေသခံ ပါဒကြီးကျေးရွာသူ ကျေးရွာသားများ ဖြစ်သည်။

သမိုင်းကြောင်း

ပြင်ဆင်ရန်

နောင်တွင် ငါးထပ်ကြီးဆရာတော်ဖြစ်လာမည့် ဆရာတော်ဦးကုသလသည် ပါဒကြီးဒေသခံမဟုတ်ဘဲ ပုဇွန်တောင် ညောင် တုန်းကျောင်းတိုက်တွင် သီတင်းသုံးနေစဉ် ပါဒကြီးရွာကျောင်းမှ ဆရာတော်ဦးဝိသုဒ္ဓပင့်ဆောင်သဖြင့် ပါဒကြီးရွာသို့ ကြွလာခဲ့သည်။ ဆရာတော် နှစ်ပါး တဲကျောင်းလေးတစ်ကျောင်းတွင် အတူတကွ သီတင်းသုံးနေစဉ် ဆရာတော် ဦးဝိသုဒ္ဓ လူထွက် သွားသောအခါ ဆရာတော် ဦးကုသလ တစ်ပါးတည်း ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် ဆရာတော် ဦးကုသလက အညာသို့ ပြန်ကြွ မည်ဟု မိန့်ကြားသောအခါ ပါဒကြီးရွာ ဒကာ၊ ဒကာမတို့က ပြန်မကြွရန် အမျိုးမျိုး လျှောက်ထားကြသည်။ ဆရာတော်အား ပစ္စည်းလေးပါး ဒါယကာအဖြစ် ရာသက်ပန် တာဝန်ယူကိုးကွယ်မည်ဖြစ် ကြောင်းလည်း လျှောက်ထားကြသည်။ ထို့ကြောင့် ဆရာတော် ဦးကု သလသည် အညာဒေသသို့ ပြန်မကြွတော့ဘဲ ပါဒကြီးရွာ၌ပင် ဆက်လက် သီတင်းသုံးနေခဲ့သည်။

ဆရာတော် ဦးကုသလ သီတင်းသုံးနေသော ပါဒကြီးကျောင်း တိုက်တွင် ကျောင်းကန်ဇရပ်များ ပြည့်စုံသော်လည်း ဆရာတော်နှင့် တပည့်များ ကိုးကွယ်ရန် ရုပ်ပွားတော်မရှိသဖြင့် ကျေးရွာလူကြီးများ တိုင်ပင်ကာ ဦးပေတိုး၊ ဦးစံလှ၊ ဦးဘိုးကာနှင့် ဦးဘိုးကျွန်းတို့အား ဘုရားတည် တာဝန်ပေးခဲ့ကြသည်။ ဘုရားလူကြီးများသည် ငါးထပ်ကြီးရုပ်ပွားတော် တည်ရန်အတွက် ရန်ကုန်မြို့၊ ကုန်းဈေးတန်း ရှိ သင်္ကန်းပရိက္ခရာကုန်သည်ကြီး ဦးဘိုးဆောင်၏ အကူအညီဖြင့် ရန်ကုန်မြို့ရှိ ငါးထပ်ကြီး ရုပ်ပွားတော်မြတ်ကို တည်ခဲ့သူ ပန်းရံဆရာကြီး ဆရာညှက်ကို ငှားရမ်းနိုင်ခဲ့သည်။

၁၂၆၈ ခုနှစ် တော်သလင်းလဆန်း ၁ဝ ရက်နေ့တွင် တောကျီး ကန်းတစ်ကောင် ချီလာသော ညောင်ရွက်ကျသော မြေနေရာ၌ မင်္ဂလာပန္နက်ရိုက်ပြီး ရုပ်ပွားတော်ကြီးကို စတင်တည်ထားခဲ့ကြရာ ဆရာတော် ဦးကုသလနှင့် ရွာသူ ရွာသားအားလုံး ကလေးလူကြီး မကျန် အုတ်များ၊ သဲ များ သယ်ယူပြီး လုပ်အားဒါန ပေး လှူခဲ့ကြသည်။ ဘုရားတည်နေစဉ် လက်လုပ်အုတ် တစ်သိန်း၊ သုံးတင်း ဝင်ထုံးအိတ် သုံးရာ၊ ဘိလပ်မြေ ၁၅ စည်၊ ထန်းလျက် ပိဿာ ၁ဝဝ နှင့် အုတ်မှုန့်များ၊ ကျွဲကော်များ၊ သဲများ အသုံးပြုခဲ့ရပြီး အုတ် မလုံလောက်သော အခါ ဒကာပေါ်လာသဖြင့် အခက် အခဲမရှိဘဲ ဆက်လက်တည်ထားနိုင် ခဲ့သည်။

ပလ္လင်တော်မှ ခါးအထက်ပိုင်းအထိ ရောက်သောအခါ အလျား ၂ ပေ၊ အနက် ၁၈ လက်မရှိသော ဌာပနာတိုက် ပြုလုပ်ပြီး များစွာသော ဓာတ်တော် မွေတော်များ၊ ပတ္တဌာန ရုပ်ပွားတော်အစုံနှင့် ငွေသပိတ်၊ ငွေဒင်္ဂါးများ ဌာပနာခဲ့ပြီး ၁၂၆၉ ခုနှစ်၊ ကဆုန် လဆန်း တွင် ရုပ်ပွားတော်ကြီး အောင်မြင်စွာ ပြီးစီးခဲ့သည်။ ထို့နောက် ကဆုန်လပြည့်နေ့ မင်္ဂလာ ရက်ကောင်းရက်မြတ်တွင် ရုပ် ပွားတော်မြတ်ကြီးအား ငါးထပ်ကြီးဘုရားဘွဲ့တော် ဆက်ကပ်နိုင်ခဲ့သည်။ ထိုအချိန်တွင် ရုပ်ပွားတော်ကြီး၏ ပလ္လင်တော်အောက်ခြေတွင် မှိုပွင့်ကြီးများ ထူးဆန်းစွာပေါ်ထွက်လာသဖြင့် အံ့ဖွယ်သူရဲဖြစ်ပြီး ကျောက်တန်းအရေးပိုင် ဦးကျော်ထွန်း ကိုယ်တိုင် တွေ့မြင် ရပြီး ရုပ်ပွားတော်ကြီး အလွန် တန်ခိုးကြီးမည့်နိမိတ် ဖြစ်ကြောင်း၊ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပ စေလိုကြောင်း ပြောကြားပြီး ဘုရား ပွဲတော်ကို ကဆုန်လပြည့်နေ့တွင် ကျင်းပရန် သတ်မှတ်ခဲ့သည်။

ထို့နောက် သက္ကရာဇ် ၁၂၆၉ ခုနှစ်တွင် ဘုံငါးဆင့်ရှိသော ဇေတဝန်ဆောင် တန်ဆောင်းတော်ကြီး တည်ဆောက်လှူဒါန်းခဲ့ပြီး ၁၂၇ဝ ပြည့်နှစ်တွင် အာရုံခံတန် ဆောင်းနှင့် ယွန်းနှစ်ဖက်ညှပ် တန်ဆောင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့သည်။ ဘုံငါးဆင့်ရှိသော တန်ဆောင်းတော်ကြီးတွင် စံပယ်တော်မူသောကြောင့် ငါးထပ်ကြီးရုပ်ပွားတော် ဟု ဘွဲ့တော်တွင်ခြင်း ဖြစ်သည်ဟုလည်း အချို့က အဓိပ္ပာယ် ဖွင့်ဆိုသည်။ ဧက ၂ဝ ခန့်ကျယ်ဝန်းသော သာသနာ့မြေပေါ်တွင် ငါးထပ်ကြီး ဘုရားနှင့် တန်ဆောင်းပြာသာဒ်ကြီး များ အံ့မခန်း တည်ထားကိုးကွယ် သာသနာပြုခဲ့သော ဆရာတော် ဦးကု သလသည် ၁၂၆၈ ခုနှစ်မှ ၁၂၉၉ ခုနှစ်အထိ နှစ် ၃ဝ ခန့် ငါးထပ်ကြီး ဘုရားကို ထိန်းသိမ်းစောင့်ရှောက်ပြီး နောက် သက်တော် ၈၇ နှစ်အရွယ် တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ဆရာတော် အရှင်နန္ဒမေဓာက ၁၂၉၉ ခုနှစ်မှ ၁၃၅ဝ ပြည့်နှစ်အထိ နှစ် ၅ဝ ခန့် ဆက်လက်တာဝန်ယူခဲ့သည်။ ထို့နောက် ဆရာတော် အရှင် စန္ဒိမာက ၁၃၅ဝ ပြည့်နှစ်မှ ယခု အချိန်ထိ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်နေကြောင်း သိရသည်။