ပံ့သကူဓုတင်

တုနုနူိီူူိီူ်ူ
(ပံသကူဓုတင် မှ ပြန်ညွှန်းထားသည်)

ပံသကူဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ ပံ့သကူဓုတင် ဆောက်တည်မည့် ရဟန်းသည် သူတစ်ပါး လှူဒါန်းသော သင်္ကန်းကို မဝတ်ရုံရပေ။ သူတစ်ပါးတို့ စွန့်ပစ်ထားသော အဝတ်များကို ကောက်ယူ၍ လျှော်ဖွပ်၊ ချုပ်ဆိုး ပြုလုပ်ကာ ဝတ်ရုံရသည်။[၁]

ဆောက်တည်ပုံ ပြင်ဆင်ရန်

ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် ဂဟပတိဒါန စီဝရံ ပဋိက္ခိပါမိ ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊ ပံသုကူလိကင်္ဂံ သမာဓိယာမိ ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊

ဒါယကာ လှူဒါန်းသော သင်္ကန်းကို ပယ်ပါ၏ ဟု မြန်မာဘာသာဖြင့် ဖြစ်စေ၊ ပံ့သကူသင်္ကန်းကို ဝတ်ရုံလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏ ဟု မြန်မာဘာသာဖြင့် ဖြစ်စေ ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]

ပံသုကူသင်္ကန်း ၂၃-မျိုး ပြင်ဆင်ရန်

(၁) သောသာနိက = သုသာန်၌ ရအပ်သော-အဝတ် အထည်-ပုဆိုး၊

(၂) ပါပဏိက = အိမ်ဈေး တံခါး၌ ရအပ်သော − အဝတ်− အထည်-ပုဆိုး၊

(၃) ရထိယစောဠ = ရထားလမ်း, လှည်းလမ်း, ကားလမ်းမ၌-စွန့်ပစ်အပ်သော-အဝတ်-အထည်–ပုဆိုး၊

(၄) သင်္ကာရ စောဠ = အမှိုက်ပုံ၌ စွန့်ပစ်အပ်သော –အဝတ်-အထည် – ပုဆိုး၊

(၅) သောတ္ထိယ = ကိုယ်ဝန်အညစ်အကြေးကို သုတ်၍ စွန့်ပစ်အပ်သော-အဝတ်-အထည်-ပုဆိုး၊

(၆) နှာန-စောဠ = ရေချိုးပြီးသော် စွန့်ပစ်အပ်သော− အဝတ်-အသည်-ပုဆိုး၊

(၇) တိတ္ထစောဠ = ရေချိုးဆိပ်၌ စွန့်ပစ်အပ်သော-အဝတ်-အထည်—ပုဆိုး၊

(၈) ဂတပစ္စာဂတ = သုသာန်သို့ အသွားအပြန်ဝတ်၍ စွန့်ပစ်အပ်သော အဝတ်-အထည်-ပုဆိုး၊

(၉) အဂ္ဂိဒဍ္ဎ = မီလောင်ရာရှိသဖြင့်စွန့်ပစ်အပ်သော-အဝတ်-အထည်-ပုဆိုး၊

(၁၀) ဂေါခါယိတ = နွားဝါး ရာရှိသဖြင့် စွန့်ပစ်အပ်သော-အဝတ်-အထည်-ပုဆိုး၊

(၁၁) ဥပစိကာ ခါယိတ = ခြကိုက်ရာ ရှိသဖြင့် စွန့်ပစ်အပ်သော-အဝတ်-အထည်-ပုဆိုး၊

(၁၂) ဥန္ဒူရခါယိတ = ကြွက်ကိုက်ရာ ရှိသဖြင့် စွန့်ပစ်အပ်သော –အဝတ်– အထည်-ပုဆိုး၊

(၁၃) အန္တစ္ဆိန္န = အနား ပြတ်သော —အဝတ်-အထည်-ပုဆိုး၊

(၁၄)ဒသာစ္ဆိန္န = အဆာပြတ်သော-အဝတ်-အထည် –ပုဆိုး၊

(၁၅) ဓဇဟဋ = တံခွန်(အလံ)စိုက်ဆောင် စစ်သည်ဘောင်မှ ဆောင်ယူအပ်သော-အဝတ်-အထည်-ပုဆိုး၊

(၁၆) ထူပစီဝရ =တောင်ပို့ကို ပတ်၍ပူဇော်အပ်သော-အဝတ်-အထည်-ပုဆိုး၊

(၁၇) သမဏစီဝရ=ရဟန်း စွန့်ပစ်အပ်သော သင်္ကန်း၊

(၁၈) အာဘိသေကိက = မင်းများ ရှင်ဘုရင်များ အဘိသိက်ခံရာ အရပ်၌ စွန့်ပစ်အပ်သော – အဝတ်-အထည်-ပုဆိုး၊

(၁၉) ဣဒ္ဓိမယ = ဧဟိဘိက္ခု ရဟန်းတို့၏ တန်ခိုးကြောင့် ဖြစ်၍နေသော သင်္ကန်း၊

(၂၀) ပန္ထိက = လမ်းခရီး၌ ကျနေသော-အဝတ်-အထည် – ပုဆိုး၊

(၂၁) ဝါတာဟဋ = လေသည် တိုက်ခတ်ယူဆောင် အပ်သော-အဝတ် – အထည် -ပုဆိုး၊

(၂၂) ဒေဝဒတ္တိယ = နတ်တို့ ပေးလှူအပ်သော-အဝတ် – အထည် – ပုဆိုး၊

(၂၃) သာမုဒ္ဒိယ = သမုဒ္ဒရာလှိုင်းတံပိုးတို့-ကမ်းထက်-ကုန်းသို့ ပစ်တင်အပ်သော-အဝတ်-အထည်-ပုဆိုး ဟူ၍ ပံသုကူသင်္ကန်း ၂၃-မျိုးရှိသည်။ ပံသုကူ ဓုတင်ဆောင်ရဟန်းသည် ယင်းတို့တွင် တမျိုးမျိုးသော သင်္ကန်းကိုကောက်ယူ၍ ဆွေးမြည့်ရာ အရပ်တို့ကိုပယ်ကာ ဖွပ်လျှော် ချုပ်ဆိုးပြီးလျှင် ဒကာ ဒကာမ လှူအပ်သော (လက်ရှိ) သင်္ကန်းဟောင်းကို ပယ်၍ ဝတ်ရုံ သုံးဆောင်ရသည် [၂]

သံဃာကို ရည်ညွှန်း၍ လှူအပ်သော သင်္ကန်းကို ပံသုကူဓုတင်ဆောင်ရဟန်းသည် အလှူခံခွင့် မရှိ၊ အပ်ချည်လှူမူ ခံယူခွင့်ရှိသည်။ ပံသုကူဓုတင်ဆောင်သံဃာအား ရေစစ် (ဓမကရိုဏ်)ကို ပိတ်ရန်အလို့ငှါ ပေးလှူခဲ့သော် အလှူခံယူနိုင်သည်[၃][၄]

ဓုတင်ဆောင် ပုဂ္ဂိုလ် ၃-မျိုး ပြင်ဆင်ရန်

(၁) သုသာန်၌ ပစ်ချအပ်သော သင်္ကန်းကိုသာ ကောက်ယူသော ရဟန်းသည် အမြတ်စား (= ဥက္ကဋ္ဌ) ဓုတင်ဆောင် ရဟန်းမည်၏။

(၂) ပဗ္ဗဇိတာ ဂဏှိဿန္တိ = ရဟန်းတို့ ကောက်ယူ ကြလိမ့်မည်ဟု (ပံသုကူ) ပစ်ချအပ်သော သင်္ကန်းကို ကောက်ယူသော ရဟန်းသည် အလတ်စား (= မဇ္ဈိမ) ဓုတင်ဆောင် ရဟန်း မည်၏။

(၃) ခြေရင်း၌ ချထား၍ လှူအပ်သော သင်္ကန်းကို ကောက်ယူသော ရဟန်းသည် အညံ့စား (= မုဒုက) ဓုတင်ဆောင် ရဟန်းမည်၏။

ပြည်ဆရာတော်ဘုရားကြီး၏ အဆုံးအဖြတ် ပြင်ဆင်ရန်

သုသာန်မှကောက်ယူသော အဝတ်ပင်ဖြစ်စေကာမူ၊ “ရဟန်းတို့ ကောက်ယူနိုင်စေရန်” ဟု ငဲ့ကွက်၍ စွန့်ပစ်ထားသော အဝတ်သင်္ကန်းကို ကောက်ယူသော ပုဂ္ဂိုလ်သည် မဇ္စျိမသာဖြစ်သည်။ အမှိုက်ပုံ စသော အခြား (၂၂)ဌာနတို့၌ ငဲ့ကွက်ခြင်းမရှိပဲ စွန့်ပစ်ထားသည်ကို ကောက်ယူလျှင် ဥက္ကဋ္ဌဖြစ်သည် ဟုဆိုထားသည်။ အကျယ်သိလိုပါလျှင် ပြည်ဆရာတော်ဘုရားကြီး ၏ [၅] ၌ ရှု။

ဓုတင် ပျက်စီးခြင်း ပြင်ဆင်ရန်

ယင်းပုဂ္ဂိုလ် ၃-မျိုးလုံး မိမိသုံး ဆောင်လိုသော ဆန္ဒကြောင့်ဖြစ်စေ, ဒကာ-ဒကာမတို့၏ ဆန္ဒကို ငဲ့သောကြောင့်ဖြစ်စေ ဒကာဒကာမတို့ လှူအပ်သော ပုဆိုးကို သုံး ဆောင်သော ခဏ၌ ပံသုကူဓုတင် ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၄]

ပံသုကူဓုတင်ဆောင်ရကျိုး ပြင်ဆင်ရန်

  • (၁) ပံသုကူလစီဝရံ နိဿာယ ပဗ္ဗဇ္ဇာ ဟူသောဘုရားရှင်၏ အမိန့်အတိုင်း ရဟန်းဖြစ်စက ဝန်ခံခဲ့သော ဒုတိယ နိဿယအားလျော်သော အကျင့် ပဋိပတ်ရှိခြင်း၊
  • (၂) အရိယဝံသ ၄-မျိုးတို့တွင် ပဌမအရိယဝံသ၌ တည်ခြင်း၊
  • (၃) သင်္ကန်း၌ စောင့်ရှောက်မှု မရှိခြင်း၊
  • (၄) သင်္ကန်းနှင့်စပ်၍သူတပါးကို အားမကိုးရခြင်း၊
  • (၅) သူခိုးသူဝှက်ဘေးမှ ကင်းဝေးခြင်း၊
  • (၆) သုံးဆောင်ရာ ၌တပ်မက်မှု တဏှာမရှိခြင်း၊
  • (၇) ရဟန်းတို့ အား လျောက်ပတ်သော ပရိက္ခရာရှိခြင်း၊
  • (၈) တန်ဖိုးနည်း၍ ရလွယ်သည်, အပြစ်ကင်းပေသည်ဟု ဘုရားရှင်ချီးမွမ်းအပ်သော ပစ္စည်းရှိသူဖြစ်ခြင်း၊
  • (၉) ကြည်ညိုဘွယ်ကို ဆောင် နိုင်ခြင်း၊
  • (၁၀)အလိုနည်းခြင်းစသောအကျိုး များပြီးခြင်း၊
  • (၁၁) သမ္မာပဋိပတ် အကျင့်မြတ်ကို တိုးပွါးစေခြင်း၊
  • (၁၂) နောင်လာ နောက်သား ရဟန်းများကို အတုလိုက်၍ ကျင့်စေနိုင်ခြင်း ဟူသော ယင်း အကျိုး ၁၂-ပါးတို့ကို ရနိုင်သည် [၆] [၄]

တိုက်တွန်းချက် ပြင်ဆင်ရန်

မာရ်စစ်သည်ဟုဆိုအပ်ကုန်သော ကိလေသာကို ဖျက်ဆီးခြင်းငှာ ပံသုကူဓုတင်ဆောင်ရဟန်းသည် စစ်မြေပြင်၌ စစ်ဝတ်တန်ဆာကို ကောင်းစွာဝတ်ဆင်ထားသော ခတ္ထိယမင်းကဲ့သို့ တင့်တယ်ပါပေ၏။ လူနတ်ဗြဟ္မာတို့၏ ဆရာဖြစ်တော်မူသော ဘုရားရှင်သည်ပင် အမြတ်စားအဝတ်တို့ကို ပယ်၍ ပိုးလောက်တို့ဖြင့်ပြည့်နှက်နေသော သူသေကောင်မှ ပံသုကူအဝတ်တို့ကို ကောက်ယူချုပ်စပ်၍ သုံးဆောင်တော်မူသေး၏၊ ထို ပံသုကူအဝတ်သင်္ကန်းကို အဘယ်သူကမဆောင်နိုင်ပဲ ရှိပါတော့အံ့နည်း၊ ဆောင်သင့်ဆောင်ထိုက်လှပါပေသည်။

ထိုကြောင့်… မိမိတို့ရဟန်းဖြစ်ရာ သိမ်မှမထွက်မီ ပံသုကူသင်္ကန်းကိုမှီ၍ ရဟန်းတရားအားထုတ်ပါမည် ဟု ဝန်ခံခဲ့သော “ဘိက္ခုပဋိညာဉ်” ကို ကောင်းစွာသတိရသော ရဟန်းသည် ပံသုကူဓုတင်ဆောင်ခြင်း၌ မွေ့လျော်ပျော်ရွှင်ခြင်းကို ပြုသင့်လှပါပေသည်။ [၇]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ချမ်းမြေ့ဆရာတော် (ဧပြီ ၁၉၉၂)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ရန်ကုန်: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။
  2. (အံ၊ဋ္ဌ၊၂၊၂၇၈။ ဝိသုဒ္ဓိ၊၁၊၆၀။ စူဠနိ၊ဋ္ဌ၊၁၁၀)။
  3. (ဝိ၊ဋ္ဌ၊၃၊၄၂၁-၂)။
  4. ၄.၀ ၄.၁ ၄.၂ တိပိဋကအဘိဓာန် အတွဲ-၁၁
  5. ( ဝိသုဒ္ဓိမဂ်နိဿယ၊ ပထမတွဲ၊ နှာ- ၁၆၁၊ ၂၊ ဆဋ္ဌမူ)
  6. (ဝိသုဒ္ဓိ၊၁၊၆၁)။
  7. သဗြဟ္စစာရီ-ဓမ္မဝိနယ