ပျား
Temporal range: Early Cretaceous – Present, 100–0 Ma
Tetragonula carbonaria (14521993792).jpg
The sugarbag bee, Tetragonula carbonaria
မျိုးရိုးခွဲခြားခြင်း e
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်း: Insecta
မျိုးစဉ်: Hymenoptera
(unranked): Unicalcarida
မျိုးစဉ်သေး: Apocrita
Superfamily: Apoidea
Clade: Anthophila
Families
Synonyms

Apiformes (from Latin 'apis')

Melittosphex burmensis, Cretaceousကာလ အစောပိုင်း (လွန်ခဲ့သော နှစ်သန်း ၁၀၀မှ ၁၄၅ မှ) မြန်မာမှပယင်းကျောက်အတွင်း ဖြစ်တည်နေသော ကျောက်ဖြစ် ပျားရုပ်ကြွင်း

"ပျားကို ပုံပြု၊ ခြကိုတု၊ ရမှုဥစ္စာ၊ ရတနာ" ဟူ၍လည်းကောင်း၊ "သင်ကြားပညာ၊ ပစ္စည်းရှာ၊ ပမာပျားသဏ္ဌာန်"ဟူ၍ လည်းကောင်း ဆိုရိုးရှိခဲ့သည်။ ပညာကိုဖြစ်စေ၊ ဥစ္စာကို ဖြစ်စေ ရှာဖွေစုဆောင်းသူတို့သည် ခြကောင်နှင့် ပျားကောင်များကို အတုယူကာ အနည်းငယ် ဖြစ်စေကာမူ မပျောက်မပျက်အောင် တဖြည်းဖြည်း စုဆောင်းထားပါက နောင်ပညာရှိကြီး ဥစ္စာရှင်ကြီးအဖြစ်သို့ ရောက်နိုင်ကြပေမည် ဖြစ်သည်။ ပျားတို့သည် အင်းဆက်ပိုးမျှသာဖြစ်သော်လည်း အုံဖွဲ့ပုံ၊ ဝေကျပုံတာဝန်ကို အသီးအသီးမတွယ်ကပ်ဘဲ ထမ်းဆောင်ကြပုံတို့မှာ စံနစ်တကျရှိလှသဖြင့် အင်းဆက်ပိုးအပေါင်းတို့တွင် အလွန်မှတ်သားနည်းယူဖွယ်ရာ ကောင်းပေသည်။ မြန်မာနိုင်ငံတွင် ပျားကြီး၊ ယင်းပျား၊ သစ်ခေါင်းပျား၊ ခွေးလှေးပျားနှင့် မွေးလိမ်ပျားဟူ၍ ပျားငါးမျိုးအထင်အရှား ရှိလေသည်။ ထိုပျားများအနက် ပျားကြီး၊ ယင်းပျားနှင့်သစ်ခေါင်းပျားများမှ ပျားရည် အမြောက်အများ ရရှိကြ၏။ ယင်းပျားအုံများကို တခါတရံ မြို့တွင်း၌ပင် တွေ့ရှိရတတ်၍၊ ပျားကြီးအုံများကိုမူ တောနက်တွင်းရှိ သစ်ပင်မြင့်များပေါ်၌သာ တွေ့ရတတ်သည်။

ပျားသည် ဟိုင်မင်နော့တာရာမျိုးစဉ်ဝင် အတောင်လေးခုရှိသော တုတ်တတ်သည့် အင်းဆက်ပိုးမျိုးဖြစ်သည်။ သားငယ်များအတွက် အလွန်အစာသိုလှောင်ကောင်းသဖြင့် ထင်ရှားသည်။ လူတို့ကဲ့သို့ပင် အဆောက်အအုံဖွဲ့၍ စုပေါင်းနေထိုင်တတ်ကြ၏။ မိမိတို့၏နေအိမ် ပျားအုံများကို ဆောက်ရာ၌ အထူးပင် ကျွမ်းကျင်လှပေသည်။ အင်းဆက်ပိုးများအနက် ပျားများသည် လူများအဖို့ အလွန်အသုံးကျသော အင်းဆက်ပိုးဖြစ်သည်။ ပျားရည်ကို ပေးရုံမက အပင်များကို တစ်ပင်နှင့်တစ်ပင် မျိုးကူးစေသဖြင့် အသီးဖွံ့ဖြိုးစေသည်။

ပျားအမျိုးအစားပြင်ဆင်

ပျားမျိုးပေါင်း တစ်သောင်းခန့်ရှိ၏။ ယင်းတို့ကို ကမ္ဘာအရပ်ရပ်၌ တွေ့ကြရသည်။ အာတိတ်စက်ဝိုင်း၌လည်းကောင်း၊ သဲကန္တာရထဲ၍လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း ပျားများကို တွေ့နိုင်သည်။ အမေရိကအလယ်ပိုင်း၌ တွေ့ရသော ပျားမျိုးတွင် အစွယ်မရှိချေ။ အချို့ပျားများသည် သစ်ခေါင်းထဲတွင် နေ၍ အချို့သည် မြေကြီး၌ အုံဖွဲ့နေတတ်ကြသည်။

ပျားများကို ၂မျိုးခွဲခြားနိုင်၏။ တစ်မျိုးမှာ အစုလိုက်နေတတ်သော ပျားမျိုးဖြစ်၍ တစ်မျိုးမှာ သီးခြားနေတတ်သော ပျားမျိုး ဖြစ်၏။ ယင်းပျားနှင့်ပျားပိတုန်းသည် အစုလိုက်နေတတ်သော ပျားမျိုးဖြစ်သည်။ ယင်းတို့သည် သီးခြားနေတတ်သော ပျားမျိုးထက် ကြီးသည်။ အစုလိုက်နေတတ်သော ပျားမျိုးသည် အများအားဖြင့် တစ်လက်မ၏ ၁၂ပုံ တစ်ပုံ ရှည်၍ သီးခြားနေတတ်သော ပျားမျိုးသည် ယင်း၏ ၁၈ဆခန့် ကြီးသည်။

အစုလိုက်နေတတ်သော ပျားမျိုးတွင် ပျားဘုရင်မ၊ လုပ်သားပျားခေါ် လိင်မဲ့ပျားနှင့် ပျားထီးဟူ၍ သုံးမျိုးသုံးစား ခွဲခြားထားသည်။ ပျားအုံတစ်အုံတွင် ပျားဘုရင်မတစ်ကောင်သာ ရှိသည်။ ပျားဘုရင်မသည် ဥများအုပေးရသည်။ အခြားပျားများထက် ကိုယ်လုံးသွယ်၍ ရှည်သည်။ အတောင်တို့နှင့် ရင်အုံဝါသည်။ လုပ်သားပျားများကဲ့သို့ ဖယောင်းအိတ်နှင့် ဝတ်မှုန်အိတ်မပါချေ။ ပျားထီးများသည် ပျားမများနှင့် မျိုးပွားမှုကိစ္စ ဆောင်ရွက်ရသည်။ အခြား မည်သည့် အလုပ်ကိုမျှ လုပ်ကိုင်လေ့မရှိချေ။ လုပ်သားများထက် အကောင်ကြီး အမွေးထူ၍ မျက်လုံးလည်း ကြီးသည်။ မျိုးပွားမှု ကိစ္စဆောင်ရွက်ပြီးလျှင် ဆောင်းကူးရာသီ ရောက်သော် ယင်းပျားထီးများကို လုပ်သားပျားများက သတ်ပစ်ကြသည်။ လုပ်သားပျားများကား မဖွံ့ဖြိုးသော ပျားမများ ဖြစ်သည်။ သူတို့သည် အစာရှာရန်နှင့် မွေးလာသော ပျားကလေးများကို ကြည့်ရှုရန်အပြင် ပျားအုံကို ထိန်းသိမ်းရလေသည်။ လုပ်သားပျားမှာ ဥအုတတ်သော်လည်း၊ ယင်းဥတို့မှ ပျားထီးသာ ပေါက်သည်။ ကောင်ရေတစ်သောင်းခန့်ရှိသော ပျားအုံတစ်အုံတွင် လုပ်သားပျား ၉၅၀၀ခန့် ရှိတတ်သည်။ လုပ်သားပျားများ၏ နောက်ခြေထောက်တွင် ပျားပေါက်စများ စားသုံးဖို့ ဝတ်မှုန်ဝတ်ဆံများ စုဆောင်းသယ်ယူရန် ဝတ်မှုန်အိတ်ပါသည်။ ပိုက်အောက်၌လည်း ပျားဖယောင်းအိတ် ရှစ်အိတ်ပါသည်။

သီးခြားနေတတ်သော ပျားအချို့သည် သီးခြားအခန်းနှင့် ကိုယ့်မိသားစုချည်း နေတတ်သည်။ ယင်းပျားမျိုးသည် ဆောင်းရာသီတွင် သေကြေပျက်စီးတတ်ကြသော်လည်း အမများမှာမူ နွေဦးရာသီတိုင်အောင် အသက်ရှင်နေတတ်ကြသည်။

ပျားတို့၏ခန္ဓာတည်ဆောက်ပုံပြင်ဆင်

ပျားများ၌ အခြားအင်းဆက်ပိုးများကဲ့သို့ ဦးခေါင်းပိုင်း၊ ရင်ပိုင်းနှင့်ဝမ်းပိုင်းဟူ၍ အပိုင်းသုံးပိုင်းရှိ၏။ ဦးခေါင်းနှင့် ရင်ပိုင်း၌ အမွေးငယ်များ ပါရှိသည်။ ပန်းဝတ်ရည်ကို စုတ်ယူရန်အတွက် အလွန်ကောင်းသော ပါးစပ်ရှိသည်။ ပျားများ၏ ကိုယ်ခန္ဓာရှိ မျက်စိ၊ ဦးမှင်၊ ပါးစပ်၊ အတောင်နှင့် အစွယ်များသည် ပျား၏တန်ဆာပလာများပင် ဖြစ်သည်။ အစာစုဆောင်းခြင်း ပျားအုံထိန်းသိမ်းခြင်းနှင့် ရန်သူဘေးရန်မှ ကာကွယ်ခြင်းတို့ကို ယင်းတို့၏ အကူအညီဖြင့် ပြုလုပ်ရသည်။

ပျားတွင် မျက်လုံး၅လုံးရှိသည့်အနက် ၃လုံးမှာ အလွန်သေးငယ်၏။ ယင်းတို့သည် ဦးခေါင်းထိပ်ပိုင်း၌ သုံးလုံး ဖိုခနောက်ဆိုင်တည်၏။ ကျန်မျက်လုံး ၂လုံးမှာ ကြီးမား၍ မျက်ပေါင်းများ ဖြစ်၏။ ယင်းတို့၌ ဖေးစက်ခေါ် ၆ မျက်နှာရှိ၍ အကွက်ကလေးများ ထောင်နှင့်ချီ၍ ပါရှိ၏။ ဤဖေးစက်ကလေးများသည် မျက်လုံးကလေးများပင် ဖြစ်၏။ ပျားများသည် မြင်မှုအာရုံထက်သန်သော်လည်း အချို့အရောင်များကို မသိရှိကြပေ။ သို့သော် မည်သည့် ပန်းမျိုး၌ ပန်းဝတ်ရည် အများဆုံး ရနိုင်မည်ကိုသိ၏။ တနေရာမှတနေရာသို့ သွားလာရာ၌ မျက်လုံးများကိုပင် သုံး၏။ အစာကို ရယူပြီးသည်နှင့် အထက်သို့ ထိုးပျံ၍ ပျားအုံရှိရာသို့ ပြန်လာကြသည်။

ဦးခေါင်းထိပ်၌ရှိသော ဦးမှင်များကို နှာခေါင်းကဲ့သို့ အနံ့ခံရာ၌ သုံး၏။ ဦးမှင်ထိပ်၌ အနံ့သိမှုအတွက် အင်္ဂါများပါရှိ၏။ ပျားထီးများ၌ အနံ့သိမှုအင်္ဂါများ ပို၍ ပါရှိသဖြင့် အနံ့သိမှု အာရုံပို၍ထက်၏။ မိတ်လိုက်ရန် ပျားဘုရင်မများရှိရာသို့ ယင်းသို့ အနံ့ခံ၍ သွားတတ်၏။ ပျားဘုရင်မများသည် အစာလည်းမရှာ မိတ်လည်းလိုက်ရန် မလိုသဖြင့် အနံ့သိမှုအာရုံသည် ပျားထီးများလောက် မထက်မြက်ချေ။ ပျားများအဖို့ အနံ့သိမှုအာရုံသည် အထူးအရေးကြီး၏။ တစ်မိုင်မျှကျယ်သော ရေပြင်ခြားနေသော်လည်း မိမိတို့၏ အစာဖြစ်သော ပန်းများကို အနံ့ခံ၍ သိရှိကြ၏။ ယင်းတို့၏ အနံ့သိမှုအာရုံမှာ လူများမှာထက်ပို၍ ထက်မြက်ပေသည်။

ပျားပါးစပ်တွင် အရေးကြီးသော အစိတ်အပိုင်း ၂ပိုင်းပါဝင်၏။ တစ်ပိုင်းမှာ အစာများကို စုသိမ်းရန် လျှာဖြစ်၍ အခြားတစ်ပိုင်းမှာ မေးရိုးဖြစ်၏။ လုပ်သားပျား၏ လျှာသည် ရှည်လျား၍ ပြွန်ကဲ့သို့ ဖြစ်နေ၏။ လျှာထိပ်ဖျား၌ အမွေးရှိသော အကွက်တစ်ခုရှိသည်။ လျှာဖြင့် ပန်းဝတ်ရည်များကို စုတ်ယူ၏။ မေးရိုးသည် ကတ်ကျေးနှင့်တူ၏။ ပျားဘုရင်မ၏မေးရိုး၌ ကိုက်ဖြတ်ရန် သွားများပါရှိ၏။ လုပ်သားပျားများသည် မေးရိုးများဖြင့် ပျားဖယောင်းများကို ပုံသွင်းယူကြ၏။

ပျားကောင်သည် သေးငယ်သော်လည်း သူတို့အတောင်များကို ထိန်းသိမ်းပေးသော ကြွက်သားသည် အလွန်စွမ်းသည်။ ထို့ကြောင့် မိမိတို့ကိုယ်ထက် လေးလံသော ပစ္စည်းများကိုပင် သယ်ဆောင်သွားနိုင်ကြသည်။ အတောင်ကို တစ်မိနစ်လျှင် အကြိမ်ပေါင်း ၁၂၀၀၀ခန့် ခတ်၍ ပျံသန်းနိုင်သည်။ အတောင်များကို ပန်ကာကဲ့သို့ ပတ်ချာလည်လှည့်နိုင်၏။

ပျား၌ ခြေခြောက်ချောင်းရှိသည်။ ခြေချောင်းများ၌ သေးငယ်သော လက်သည်းနှင့်စေးကပ်သော ခြေဖျားများ ပါရှိ၏။ ထို့ကြောင့် ပွင့်ဖတ်များကို တွဲလွဲခိုခြင်း၊ ပျားလပို့တွင် ပတ်လက်လျှောက်ခြင်းများကို ကောင်းစွာပြုနိုင်သည်။ ခြေတွင် အစေးပါသဖြင့် ဝတ်မှုန်ကပ်၍ ပါနိုင်ရာ ဤသို့အားဖြင့် တစ်ပင်မှတစ်ပင်သို့ ဝတ်မှုန်ကူးစေနိုင်သည်။

ပျား၌ ရန်သူကို ကာကွယ်ရန် အစွယ်ရှိ၏။ အစွယ်သည် ဝမ်းပိုင်းနောက်နားတွင် ရှိသည်။ အစွယ်သည် ကိုယ်အလျား၏သုံးပုံတစ်ပုံခန့် ရှည်၏။ လုပ်သားပျားများသည် ရန်သူအား အစွယ်ဖြင့် တုတ်၍ ခုခံကြရာ၌ သေကြရ၏။ မိမိတို့ အစွယ်များကို ရန်သူ၏ကိုယ်တွင်း ထိုးလိုက်ပြီးနောက် ပြန်၍ မနုတ်ယူနိုင်ကြပေ။ ထို့ကြောင့် သူတို့၏အသက် အန္တရာယ်မပြုသရွေ့ ပျားတို့သည် တုတ်လေ့မရှိချေ။ ပျားဘုရင်မများကမူ ရန်သူကို အစွယ်ဖြင့် တုတ်ပြီးနောက် ပြန်လည်နုတ်ယူနိုင်၏။ ပြိုင်ဖက်ပျားဘုရင်မချင်းသတ်ရာ၌ အစွယ်ဖြင့် ထိုးသတ်လေ့ရှိကြသည်။ ပျား၏အစွယ်တွင် ဖောမစ်အက်ဆစ်ပါသဖြင့် ပျားတုတ်ခံရသူသည် အစွယ်ကို ညှစ်မထုတ်ဘဲ ခွဲထုတ်ယူသင့်သည်။ ညှစ်ထုတ်ပါက ယင်းအဆိပ်များ အသားထဲသို့ဝင်၍ ကိုက်ခဲနာကျင်တတ်သည်။

ပျားဘုရင်မသည် မိတ်လိုက်ရန်အတွက် လေထဲ၌ ဝဲပျံနေတတ်၏။ ထိုအခါ ပျားထီးများ ထွက်လာ၍ လိုက်ကြ၏။ ပျားဘုရင်မသည် အမြင့်ဆုံးသို့ ပျံတက်ရာ၌ အသန်မာဆုံးပျားထီးသည် ယင်း၏နောက် လိုက်၍ မိတ်ဖက်ကြ၏။ မိတ်ဖက်ပြီးနောက် ပျားထီးသည် သေဆုံးသွားလေသည်။ ပျားဘုရင်မသည် ပျားအုံသို့ ပြန်လာ၍ ဥများအု၏။ တစ်ကြိမ်မိတ်လိုက်ရုံနှင့် ပျားဘုရင်မသည် တစ်သက်လုံး ဥများအုနိုင်၏။ တစ်နေ့လျှင် ဥပေါင်း ၅၀၀၀ အထိ အုနိုင်သည်။ မသေမီ ဥပေါင်း တစ်ကုဋေမျှ အုနိုင်သည်။ ပျားဘုရင်မ၏သက်တမ်းသည် ၃-၄နှစ် ဖြစ်၏။ အချို့မှာလည်း ၁၅နှစ်အထိပင် အသက်ရှင်နေနိုင်၏။

ပျားအုံ တည်ဆောက်ပုံပြင်ဆင်

ပျားအုံတစ်ခု၌ ကောင်ရေများလာသောအခါ ပျားတို့သည် အခြားတစ်နေရာသို့ ပြောင်း၍ ပျားအုံအသစ်ဖွဲ့တတ်ကြ၏။ ပျားတို့သည် ပျားအုံဟောင်းမှ မထွက်ခွာမီ ပျားရည်ကို နင့်အောင် စားသုံးထားကြ၏။ သို့မှသာ အိုးအိမ်အသစ်မထူထောင်နိုင်မီ အဆာခံနိုင်ပေလိမ့်မည်။ ပျားအုံပြုလုပ်ရန် နေရာကိုတွေ့သည်နှင့် တပြိုင်နက် ပျားဘုရင်မနှင့်ပါသွားသောလုပ်သားများတို့သည် ပျားအုံခေါင်းမှအောက်ခြေအထိ တစ်ကောင်နှင့်တစ်ကောင်တွယ်၍ ကန့်လန့်ကာကဲ့သို့ တန်းနေကြလေသည်။ ယင်းသို့တန်းနေယင်း သူတို့၏ကိုယ်တွင်းမှ ဖယောင်းကို ညွှစ်ထုတ်ပြီးနောက် ခြေထောက်ဖြင့် ပွတ်ယူကြသည်။ ပျော့ပျောင်း၍ လိုသလို ပြုပြင်နိုင်သော ပျားဖယောင်းဖြင့် အခန်းများ ဆောက်လုပ်ကြရာ ခြောက်ထောင့် အခန်းများ တသီတတန်းတည်း အောက်ဖက်သို့ ထိုးထွက်လာသည်။

ပျားများ ပေါက်ပွားပုံပြင်ဆင်

အခန်းတော်တော်များများ အဆင်သင့် ဖြစ်သည်နှင့် တပြိုင်နက် ပျားဘုရင်မသည် အပျိုဖော်ရံရွှေတော်များ ခြံရံ၍ အခန်းတွင်းသို့ ဝင်ကာ ဥတစ်လုံးစီ အုချလေသည်။ ပျားမိခင် ပျားဘုရင်မသည် မိမိအုခဲ့သော ဥများမှ မည်သည့်ပျားမျိုး ပေါက်လာမည်ကို သိသည့် အားလျော်စွာ ပျားဘုရင်မပေါက်လာမည့် ဥအတွက် သာမန်အခန်းထက် ကြီးသော အခန်းတစ်ခုကို ရွေးချယ်လေသည်။ ပျားထီးပေါက်မည့်ဥကိုမူ လုပ်သားပျားပေါက်မည့် ဥအုချသည့် အခန်းထက် ကြီးသော အခန်းတွင် အုသည်။ ပျားဘုရင်မ၏ ဥအုသောလုပ်ငန်းပြီးလုနီးတွင် ပထမဆုံးဥခဲ့သော ဥများကစ၍ ပေါက်လာကြသည်။ ဥသည် ဖြူပြာပြာ မျဉ်းကွေးကလေးသဏ္ဌာန်ဖြစ်သည်။ ပထမသုံးလေးရက်တွင် အခန်းအောက်ဖက်၌ ကပ်နေတတ်ကြသည်။ ထို့နောက် လေးရက်လွန်သော် လုပ်သားပျားတို့က ရှာဖွေထားသော ပျားရည်နှင့် ဝတ်မှုန်ရောသည့် အစာများကို ကျွေးကြသည်။ အာဟာရအရှိဆုံးအစာကို ရရှိသည့် ပိုးလောင်းသည် ပျားဘုရင်မဖြစ်လာသည်။ ငါးရက်ရသောအခါ ယင်းပိုးလောင်းများကို လုပ်သားပျားများက အခန်းထဲ၌ ဖယောင်းဖြင့် အလုံပိတ်ထားကြသည်။ ထိုသို့ အခန်းအောင်းနေရစဉ် ပိုးလောင်းသည် ပိုးချည်ကဲ့သို့သော အမျှင်များနှင့် မိမိတို့ကိုယ်ကို မိမိတို့ ရစ်ပတ်၍ အိမ်ဖွဲ့ကြသည်။ ယင်းသို့ ပိုးအိမ်ဖွဲ့၍ နေသော ပျား၏ဘဝကို ပိုးတုံးလုံးဟု ခေါ်ကြ၏။ ပိုးတုံးလုံးဘဝမှ အင်္ဂါစုံ ပျားဘဝသို့ ၉ရက် ၁၀ရက်အတွင်း ရောက်လာကြသည်။ ပျားဘုရင်မသည် ဥဘဝမှ အင်္ဂါစုံ ပျားဘဝသို့ ၁၅ရက်အတွင်း ရောက်လာ၍ ပျားထီးသည် ၂၄ရက်အတွင်း ရောက်လာပြီးလျှင် လုပ်သားပျားသည် ၂၁ရက်အတွင်း ရောက်လာသည်။

ပျားသည် အင်္ဂါစုံပျားဘဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် အခန်းတွင်းမှ ထွက်လာကြသည်။ သူတို့သည် အခြားပျားများနှင့်အတူ ပျားအုံအပေါက်ဝမှ ဘုရင်မရှိရာ အခန်းတွင်းသို့ သွားရာလမ်းတလျှောက် တထောက်တထောက်မှ အတောင်များကို အတင်းခတ်ကာ ပျားအုံအေးမြလာစေရန် ပြုလုပ်ပေးသည်။ သို့ရာတွင် ဘုရင်မလောင်း ပျားမင်းသမီးသည် ဘုရင်မရှိသရွေ့ကာလပတ်လုံး အခန်းတွင်းမှ ထွက်မလာတော့ချေ။ ပျားမင်းသမီး၏အသံကြားရုံဖြင့် ပျားဘုရင်မသည် ယင်းအခန်းသို့ သွားကာ အဆိပ်ဆူးဖြင့် တုတ်သတ်တတ်သည်။ ပျားတစ်အုံတွင် ပျားမင်းသမီး ခုနှစ်ကောင် ရှစ်ကောင်ခန့် ပါရှိတတ်သည်။ ပျားအုံတွင် ပျားမျိုးစုံ ပြည့်သွားသည့်အခါ ပျားဘုရင်မသည် လုပ်သားပျားအနည်းငယ်နှင့်အတူ ပျားအုံသစ်လုပ်ရန် ထွက်သွားတတ်သည်။ သူ့ကိုယ်တွင်လည်း အုရန် ဥထောင်ပေါင်းများစွာ ရှိနေသေးသည်။ ပျားဘုရင်မထွက်သွားပြီးသည်နောက်မှ ပျားမင်းသမီးသည် အခန်းတွင်းမှ ထွက်လာ၍ ကျန်ရစ်သော လုပ်သားပျားတို့၏စောင့်ရှောက်ပြုစုမှုကို ခံယူသည်။ ထို့နောက် ပျားမင်းသမီးသည် မိတ်ဖက်ပြုရန် ပျားအုံမှ ပျံထွက်သွားတတ်သည်။

ပျားတို့၏ လူတို့အပေါ် အကျိုးပြုချက်ပြင်ဆင်

 
ပျားမွေးမြူသူတစ်ဦး အလုပ်ခွင်တွင်

ပျားရည်သည် လူကြိုက်များသောအာဟာရတစ်မျိုးဖြစ်၏။ ယင်းကို သစ်တောများ၌ ရှာဖွေယူကြရ၏။ ယခုအခါ၌ ပျားရည်အလို့ငှာ ပျားကို စီးပွားဖြစ် မွေးမြူကြသည်။ ပျားအုံမှရသော ပျားဖယောင်းကို ဖယောင်းတိုင်များ ပြုလုပ်၍လည်း သုံးကြ၏။ လိမ်းဆေးများ ဖော်စပ်ရာ၌လည်း ပျားဖယောင်းများကိုသုံး၏။ ထို့အပြင် ပျားတို့၏ လူတို့အပေါ် အခြားအကျိုးပြုချက်တစ်ရပ်ကား သစ်သီးများ ပိုမိုထွက်စေခြင်းပင် ဖြစ်သည်။ ပျားတို့သည် တစ်ပင်မှတစ်ပင် ကူးလူးပျံသန်းလျက်ရှိကြရာ ကူးယှက် မျိုးတည်မှု ဖြစ်စေသည်။

ကိုးကားပြင်ဆင်