ဖေသိန်း၊ ဒေါက်တာ(၁၉၂၈-၂၀၁၀) ပြင်ဆင်ရန်

ဒေါက်တာ ဖေသိန်းကို စည်သူ ဦးစံဖေ၊ ဒေါ်မြသိန်းတို့က ရန်ကုန်မြို့၌ ၁၉၂၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မွေးဖွားသည်။ စိန်ပေါလ် အထက်တန်းကျောင်းတွင် ၁၉၃၆ ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ ပညာသင်ကြားခဲ့ပြီးနောက်ဆရာအတတ်သင်ကောလိပ်ကျောင်းသို့ ပြောင်းရွှေ့ပြီး ၁၉၄၁ ခုနှစ်အထိ ပညာဆက်လက်ဆည်းပူးခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် သိပ္ပံတွဲဥပစာတန်းသို့ တက်ရောက် သည်။ ၁၉၄၈ ခုနှစ်တွင် ဆေးသိပ္ပံ (Faculty of Medicine) သို့ ဆက်လက်တက်ရောက်ခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် ဆရာဝန်ဘွဲ့ရရှိသည်။ ထိုနှစ်တွင် ရန်ကုန်တက္ကသိုလ် လက်အောက်ရှိ ဆေးသိပ္ပံ၏ ဇီဝကမ္မဗေဒဌာနတွင် သရုပ်ပြဆရာအဖြစ် ခန့်ထားခြင်းခံရသည်။ ၁၉၅၄ ခုနှစ်တွင် မန္တလေးတက္ကသိုလ်လက်အောက်ရှိ ဆေးသိပ္ပံကျောင်းကို စတင်ဖွင့်လှစ်သဖြင့် ဆေးသိပ္ပံကျောင်း၊ ဇီဝကမ္မဗေဒဌာနသို့ လက်ထောက်ကထိကအဖြစ်အဆင့်တိုးမြှင့်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည်။ ၁၉၅၆ ခုနှစ်တွင် ယူကေနိုင်ငံသို့ ပညာတော်သင်သွားရောက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ယူကေနိုင်ငံ နယူးကာဆဲလ် အပွန်တိုင်း၊ ဒါရမ်တက္ကသိုလ် ဘုရင့်ကောလိပ်ဆေးကျောင်း (King’s College Medical School) မှ ဇီဝကမ္မဗေဒဆိုင်ရာ ပါရဂူ ဘွဲ့ ရရှိခဲ့သည်။ တင်သွင်းသော သုတေသနကျမ်းမှာ အစာအိမ်ရည်ထုတ်လုပ်မှုကို ထိန်းချုပ်ထားကြသည့် ဟော်မုန်းနှင့်နာ့ဗ်တို့၏ အချင်းချင်း ဆက်စပ်မှုများ (The Interrelation of Nervous and Hormonal Control of Gastric Secretion) ဖြစ်သည်။ ထိုကျမ်းသည် ဆေးပညာရပ်ဆိုင်ရာ အရေးကြီးသော တွေ့ရှိချက်တစ်ရပ် ဖြစ်သည်။ ဒေါက်တာဖေသိန်းသည် ၁၉၆၁ ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်၊ ဇီဝကမ္မဗေဒဌာနသို့ ပါမောက္ခ၊ ဌာနမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။ ၁၉၇၃ ခုနှစ်မှစတင်၍ မန္တလေးဆေးတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် ၁၀ နှစ်တာမျှ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ရန်ကုန်သို့ပြောင်းရွှေ့ပြီး ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ၁၉၈၄ ခုနှစ်အထိ တာဝန်ယူထမ်းဆောင်သည်။ ထို့နောက် ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆေးသိပ္ပံပညာဦးစီးဌာန၏ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ အသက် ၆၀ ပြည့်သည့် ၁၉၈၈ ခုနှစ်တွင်အငြိမ်းစားယူခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ပညာရေးဝန်ကြီးဌာနဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။ ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီးအဖြစ်ပါခန့်အပ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဝန်ကြီးအဖြစ်မှ အနားယူခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် မန္တလေးမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ပါမောက္ခ ဒေါက်တာကြူကြူဆွေနှင့် သား ကိုဖေငြိမ်း၊ ကိုအေးကြူတို့ ကျန်ရစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)