ဖောင်ဝပ် (အင်္ဂလိပ်: Formwork) ဆိုသည်မှာ အဆောက်အအုံ တစ်ခုဆောက်လုပ်ခြင်း၌ ကွန်ကရစ်လောင်းရာတွင် လိုအပ်သော ပုံသဏ္ဌာန်ရစေရန် သစ်သား သို့မဟုတ် အလားတူပစ္စည်းများဖြင့် ဆင်ထားသော ပုံလောင်းခွက် ဖြစ်သည်။

အုတ်မြစ်ချရန်အတွက် စတီးဖရိန်ဖောင်ဝပ် ပြင်ဆင်ထားပုံ

အမျိုးအစားများ ပြင်ဆင်ရန်

ဖောင်ဝပ်များကို သစ်သား၊ သတ္တု၊ ပလပ်စတစ်၊ သို့မဟုတ် ပေါင်းစပ်ပစ္စည်းများ စသည်တို့ဖြင့် ပြုလုပ်သည်။

  1. ရိုးရာသစ်သားဖောင်ဝပ် (Traditional timber formwork)။ ဖောင်ဝပ်ကို သစ်သားအထပ်သား သို့မဟုတ် အစိုဓာတ်ခံနိုင်သော ကြိတ်သားတို့ဖြင့် လုပ်ငန်းခွင်တွင် တပ်ဆင်လေ့ရှိသည်။ တပ်ဆင်ရလွယ်ကူသော်လည်း ကြီးမားသော အဆောက်အဦးများအတွက် အချိန်ပေးရပြီး အထပ်သားအသုံးပြုခြင်းသည် ကြာရှည်မခံနိုင်ပေ။ ပြန်လည်အသုံးပြုနိုင်သော ဖောင်ဝပ်အတွက် ကုန်ကျစရိတ်နည်းပါးသဖြင့် အသုံးပြုနေဆဲဖြစ်သည်။
  2. အင်ဂျင်နီယာဖောင်ဝပ်စနစ် (Engineered Formwork System)။ ဤဖောင်ဝပ်ကို သတ္တုဖရိန် (သံမဏိ သို့မဟုတ် အလူမီနီယမ်) ဖြင့် အသင့်ပုံထုတ်ထားသော မော်ဂျူးအစိတ်အပိုင်းများဖြင့် တည်ဆောက်သည်။ အဓိကကောင်းကျိုးနှစ်ခုမှာ ရိုးရာသစ်သားဖောင်ဝပ်နှင့် နှိုင်းယှဉ်ပါက အချိန်ကုန်သက်သာခြင်းနှင့် သက်တမ်းတိုကုန်ကျစရိတ် နည်းပါးခြင်းတို့ ဖြစ်သည်။ သတ္တုဖောင်ဝပ်စနစ်များသည် ရိုးရာသစ်သားဖောင်ဝပ်များထက် ဆွေးမြေ့ခြင်းနှင့် မီးဘေးအန္တရာယ်တို့မှ ပိုမိုကာကွယ်မှုပေးသည်။
  3. ပြန်လည်အသုံးပြုနိုင်သော ပလပ်စတစ်ဖောင်ဝပ် (Re-usable plastic formwork)။ အချင်းချင်း ချိတ်ဆက်ထားသော မော်ဂျူးအစိတ်အပိုင်းများကို ဆောက်လုပ်ရေးတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြသည်။ အစိတ်အပိုင်းများသည် ပေါ့ပါးပြီး တောင့်တောင့်တင်းတင်းရှိသည်။ ကုန်ကျစားရိတ်နည်းသော၊ ပုံစံတူအရာဝတ္ထုများ၊ အိမ်များကို ဆောက်လုပ်ရာတွင် အသုံးပြုလေ့ရှိသည်။
  4. အမြဲသုံးအဖုံးပါ ဖောင်ဝပ် (Permanent Insulated Formwork)။ ဤဖောင်ဝပ်ကို လုပ်ငန်းခွင်တွင် insulating concrete forms (ICF) များဖြင့် တပ်ဆပ်လေ့ရှိသည်။ ကွန်ကရစ်လောင်းပြီးချိန်တွင် ဖောင်ဝပ်အား ပြန်လည်မဖြုတ်ဘဲ ထားရှိခဲ့သည့်အတွက် မြန်ဆန်ခြင်း၊ ခိုင်ခံ့ခြင်း၊ အပူခံနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိသည်။
  5. နေသားတကျဖြစ်စေသော ဖောင်ဝပ်စနစ် (Stay-In-Place structural formwork systems)။ ဤဖောင်ဝပ်ကို အသင့်ထုတ်လုပ်ထားသော ဖိုင်ဘာထပ်ပိုးပလပ်စတစ် ပုံစံများဖြင့် လုပ်ငန်းခွင်တွင် တပ်ဆင်လေ့ရှိသည်။ အခေါင်းပေါက်ပါသော ပိုက်လုံးများကို တိုင်များအနေဖြင့် အသုံးပြုလေ့ရှိသည်။ ဖောင်ဝပ်သည် ကွန်ကရစ်လောင်းပြီးချိန်တွင် ထောက်တိုင်အနေဖြင့်ကျန်ရှိသည်။
  6. ပြောင်းလွယ်ပြင်လွယ်ရှိသော ဖောင်ဝပ် (Flexible formwork)။ အထက်တွင် ဖော်ပြထားသော ကြွပ်ဆပ်သည့် ပုံစံခွက်များနှင့် နှိုင်းယှဉ်ပါက ပြောင်းလွယ်ပြင်လွယ်ရှိသော ဖောင်ဝပ်များသည် ပေါ့ပါးပြီး ခိုင်ခံ့သော အစိတ်အပိုင်းများကြောင့် ပိုမိုကောင်းမွန်သော၊ ဗိသုကာအရ စိတ်ဝင်စားဖွယ်ကောင်းသော အဆောက်အဦးပုံစံများကို ဖန်တီးပေးနိုင်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. Orr, J. J., Darby, A. P., Ibell, T. J., Evernden, M. C. and Otlet, M., 2011. Concrete structures using fabric formwork. The Structural Engineer, 89 (8), pp. 20-26.