သုတေသနသရုပ်ပြအဘိဓာန်ကျမ်းပြု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဩဘာသာဘိဝံသ (ဖျာပုံတိုက်သစ်ဆရာတော်)


ဖွားမြင်တော်မူခြင်း

ပြင်ဆင်ရန်

အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ရရှိတော်မူသော သုတေသနသရုပ်ပြအဘိဓာန်ကျမ်းပြုဆရာတော် ဘဒ္ဒန္တ ဩဘာသာဘိဝံသမထေရ်မြတ်သည် ဧရာဝတီတိုင်းမအူပင်မြို့အနီး ခရီးခြောက်မိုင်ခန့်အကွာ ခနောင်ထော်ရွာတွင် မွန်မျိုးအဆက်အနွယ်ဖြစ်သူ ကုန်သွယ်လယ်လုပ်မျိုးရိုးမှ ဆင်းသက်လာသော ခမည်းတော် ဦးဖိုးသိန်းနှင့် သူကောင်းမျိုးရိုး၏ အဆက်အနွယ်ဝင်ဖြစ်သော မယ်တော် ဒေါ်ဒေါ်ညွန့်တို့မှ သက္ကရာဇ် ၁၂၆၈-ခုနှစ်၊ ဥတုဝသန္တဝါဆိုလပြည့်ကျော် (၁၁)ရက်တနင်္ဂနွေနေ့ နံနက် အရုဏ်တက်၌ မီးရှူးသန့်စင် ဖွားမြင်တော်မူသော သားရတနာ ဖြစ်သည်။ ခနောင်ထော်ရွာကြီးသည် ဧရာဝတီမြစ်ကို မြစ်ဖျားခံသော တိုးမြစ်၏ အရှေ့ဘက်ကမ်းခြေရှိ ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် ကရင်လူမျိုးတို့ နေထိုင်ရာဒေသဖြစ်သည်။ သရက်၊ပိန္နဲ၊ ငှက်ပျော စသော စားသုံးဖွယ် အသီးအပင်တို့ဖြင့် တင့်တောင့်တင့်တယ် နေချင်စဖွယ်သော ဥယျာဉ်ခြံမြေတို့ဖြင့် စိမ်းလမ်းစိုပြေ၍ အေးမြချမ်းသာ စိတ်နှလုံး မွေ့လျော် သာယာလှပေသည်။ အစိုးရကျောင်းနှင့် ကျောင်းကန်ဘုရားတို့ဖြင့်လည်း သားနားခန့်ထည်သည့် ပတိရူပအရပ် ဖြစ်ပေသည်။

ခမည်းတော် မယ်တော်တို့သည် သားဦးရတနာ ဖွားမြင်စ၌ပင် သားဖြစ်သူကို အေးအတိတ်နှင့် အေးနိမိတ်ဆောင်ယူကာ မောင်အေးမောင် ဟုအမည်သညာ မှည့်ခဲ့ကြသည်။ ခမည်းတော် မယ်တော်တို့သည်လည်း မောင်အေးမောင် တစ်နှစ်သားလောက်အရောက်တွင် မရှေးမနှောင်းပင် ဘဝတပါးသို့ ပြောင်းကြလေသည်။

ပညာသင်စ ကလေးဘဝ

ပြင်ဆင်ရန်

ခမည်းတော် မယ်တော်တို့ ဘဝတပါးပြောင်းသွားခဲ့ကြပြီးနောက် မောင်အေးမောင်အား ဘကြီးတော်အရင်းဖြစ်သူ မလက်တိုရွာသူကြီး ဦးဖိုးခင်နှင့် နှမအရင်းဖြစ်သူ ဒေါ်ပုလေးတို့က တလှည့်စီ မွေးစားကြရန် သဘောတူကြလေသည်။ မိမိ လူမှန်းသိသောအခါ ကြီးတော် အရင်းဖြစ်သူ ဒေါ်ပုလေးကိုပင် အမေအရင်းဟုမှတ်ထင်နေသည်။ မောင်အေးမောင် လေးနှစ်သားလောက်ရောက်သောအခါ အိမ်မှာပင် ကကြီး ခကွေး သင်ပေးကြလေသည်။

ငါးနှစ်သားတွင် မြန်မာစာ ရေးဖတ်တတ်ပြီး ဘုရားရှိခိုး လင်္ကာအချို့နှင့် မင်္ဂလသုတ်ပါဠိအနက်ကို နှုတ်တက်ရပြီးဖြစ်သည်။ ဘကြီးတော်နှင့်ကြီးတော်တို့သည် မောင်အေးမောင် ၆-နှစ်အရွယ်တွင် မအူပင်မြို့နယ်လုံးဆိုင်ရာ ရွှေကျင်ဂိုဏ်းကြီး၏ ဦးစီးနာယက ဖြစ်တော်မူသော ကျေးဇူးတော်ရှင် ကျောင်းရွာဆရာတော်ကြီးထံ အပ်နှံကြလေသည်။ ၎င်းသည် ဆရာတော်ကြီး သင်ပြသည့် မင်္ဂလသုတ်, အပြင်အောင်ခြင်း, အတွင်းအောင်ခြင်း, နမက္ကာရ, လောကနီတိ, ပရိတ်ကြီး ၁၁- သုတ်တို့ကို ပါဠိအနက် ညက်ညက်ကြေစွာ တတ်မြောက်လေသည်။ မောင်အေးမောင် ၁၄-နှစ်သားအရွယ်တွင် ၅-တန်းအောင်ခဲ့သည်။ မောင်အေးမောင် အသက် ၁၀-နှစ်အရွယ်သို့ ရောက်သောအခါ ဘကြီးတော် သူကြီးမင်းက ကျောင်းရွာဆရာတော်ကြီးအား ဥပဇ္ဈာယ်ပြုကာ ရှင်သာမဏေအဖြစ်ဖြင့် ဗုဒ္ဓသာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်ခဲ့သည်။ ကျေးဇူးရှင် ဥပဇ္ဈာယ် ဆရာတော်ကြီးက ဇာတ်ကြီးဆယ်ဘွဲ့ရေး မင်းဘူးဆရာတော် ဦးဩဘာသအား ပုံစံထား၍ ရှင်ဩဘာသဟု အမည်ပေးခဲ့သည်။ သို့သော် မိမိအား ရှင်သာမဏေဘဝနှင့် ၉-ရက်သာ ထားပြီး ငယ်သေးသည်ဟု အကြောင်းပြကာ လူထွက်စေလေသည်။

ဒုတိယအကြိမ် မောင်အေးမောင် ၁၄-နှစ်သား ၅-တန်းအောင်ပြီးချိန်၌ ဘကြီးတော် သူကြီးမင်း ဦးဖိုးခင်နှင့် မွေးစား မယ်တော်, ကြီးတော်အရင်းဖြစ်သူ ဒေါ်ပုလေးတို့ကပင် ရှင်ဒါယကာ၊ ဒါယိကာမ အဖြစ်ဖြင့် သာသနာတော်တွင်းသို့ သွတ်သွင်းခဲ့ကြပြန်ပါသည်။ ဒုတိယ အကြိမ် ရှင်ပြုပွဲကို အငြိမ့်ပွဲ ဆိုင်းဝိုင်းကြီးတို့ဖြင့် ခြိမ့်ခြိမ့်သဲမျှ စည်ကားစွာ ဆင်နွှဲပြုလုပ်သည်။ မောင်အေးမောင်၏ မွေးစားအမေသည် ကြီးတော်အရင်းဖြစ်သူ ဒေါ်ပုလေး ဖြစ်သည်။ မွေးစားအဖေသည် ဦးဘိုးထွေးဖြစ်သည်။ ယင်းဦးဘိုးထွေးသည် ကြီးတော်နှင့်စပ်မှ ဘကြီးတော်သူ ဖြစ်သည်။

ဤသို့ဖြင့် မိမိအား ၁၂၈၂-ခုနှစ် နယုန်လဆန်း ၂-ရက် အင်္ဂါ ရက်ရာဇာနေ့၌ ကျောင်းရွာဆရာတော်ကြီးကပင် ဥပဇ္ဈာယ်ပြုကာ သာမဏေအဖြစ်ဖြင့် ချီးမြှင့်ပေးခဲ့သည်။ ရှင်ဩဘာသသည် အသက် ၁၇-အရွယ်တွင် ရန်ကုန်မြို့လုံးဆိုင်ရာ ရှင်သာမဏေ စာပြန်ပွဲကြီး၌ သာမဏေကျော်ဘွဲ့ ရရှိခဲ့သည်။ ၁၈-နှစ်အရွယ်၌ ပထမငယ်တန်းကို အောင်မြင်ခဲ့သည်။ ၁၉-နှစ်အရွယ်၌ ပထမလတ်တန်း အောင်မြင်ခဲ့သည်။ အထက်ပါစာမေးပွဲများ ကို သရက်တောကျောင်းတိုက် နှစ်ကျိပ်ရှစ်ဆူကျောင်းမှ လက်မှတ်ထိုးကာ ဖြေဆိုအောင်မြင်ခဲ့သည်။

ရဟန်းဘဝ မြင့်မြတ်လှ

ပြင်ဆင်ရန်

ဆရာတော်လောင်းလျာ သာမဏေ ရှင်ဩဘာသည် အသက် ၂၀-သို့ ရောက်သောအခါ မူလကျေးဇူးရှင် ကျောင်းရွာ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရန်ကုန်မြို့သိမ်ကြီးဈေး ကျိုက်ခေါက်သံလာ ရဟန္တာများ သမုတ်တော်မူခဲ့သော သိမ်တော်ကြီး၌ ၁၂၈၇-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၀) ရက် တနင်္ဂနွေနေ့ နံနက် ၉-နာရီအချိန်မှာ ကာရက သံဃာတော် သုံးကျိပ် ခြောက်ပါးတို့နှင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူလေသည်။ ကြိုတင်လျှောက်ထားသော ပစ္စယာနုဂ္ဂဟ ခေါ် ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများမှာ ဟိုက်စကူးကျောင်းဆရာကြီး ဦးလူကြီး နှင့် ဒေါ်ရင်တို့ဖြစ်ကြသည်။

စာပေခရီး တိုးချဲ့ခြင်း

ပြင်ဆင်ရန်

မိမိသည် ရဟန်းတဝါ ရပြီးသောအခါ ကျောင်းရွာဆရာတော်ဘုရားကြီးထံမှ ပါရာဇိကဏ်, ပါစိတ်, ဝိနည်း မဟာဝါတည်းဟူသော ဝိနည်း (၃) ကျမ်းကို အဋ္ဌကထာများနှင့်တကွ ဆိုဝါဖြင့် ပေါက်ရောက်ခဲ့သည်။ သို့သော် ကျေနပ်မှုမရှိသေးဘဲ ပန်းသတင်း လေညင်းဆောင် သကဲ့သို့ လူ့သတင်းလူချင်းဆောင်သောကြောင့်

ကျမ်းကြီးသင်ယူ ပခုက္ကူ။
ပခုက္ကူရောက်၊ စာမြန်မြန်ပေါက်။
စာတတ်လိုငြား၊ ပခုက္ကူသွား။
ပခုက္ကူမခိုလှုံ၊ ကျမ်းမစုံ။

စသောသတင်းစကားမှာ စာသင်သားရဟန်းတော်များအချင်းချင်း သတင်းဆောင် သဖြင့် ပခုက္ကူ စာသင်သွားလိုသော စိတ်အစဉ်သည် မိမိအား လှုံ့ဆော်လျက်ရှိနေပါသည်။ ထိုစိတ်ဓာတ်၏ လှုံ့ဆော်မှုကြောင့်ပင် ၁၂၉၂-ခုနှစ် တွင် ပခုက္ကူမြို့၊ မဟာဝိသုတာရာမကျောင်းတိုက် သို့ စာသင်ထွက်လာခဲ့သည်။ ယင်းတိုက်၌ လေးနှစ်, လေးဝါတိုင်တိုင် အောက်ပြည်အောက်ရပ် ပြန်မကြွဘဲ ဆက်တိုက်နေခဲ့သည်။ ပိဋကသုံးပုံ ပါဠိတော်ကို အဋ္ဌကထာဋီကာတို့နှင့် တွဲဖက်သင်ယူရာ နှစ်ခေါက်လောက်ပင် ပေါက်ရောက်ခဲ့သည်။ မိမိ၏ စာချအကျော် ဆရာတော်များမှာ အဂ္ဂမဟာ ပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု အရှင်သုန္ဒရ, အရှင်ဂန္ဓမာနှင့် အရှင်နန္ဒိယထေရ်တို့ ဖြစ်ကြသည်။

တစ်ဖန် ပခုက္ကူ၌ ၄-နှစ်စေ့၍ မန္တလေးမြို့သို့ စာပေခရီးဆက်ခဲ့ပြန်သည်။ မန္တလေးမြို့ အနောက်ပြင် စကုတိုက်မှာနေပြီး လေးပြင်လေးရပ် နာမည်ကြီးလှသော စာချဆရာတော်များထံ ပါဠိ, အဋ္ဌကထာ, ဋီကာ အယူအဆ အတွေးအခေါ် အဆုံးအဖြတ်တို့ကို သင်ကြားမှတ်သားခဲ့သည်။ ဆရာတော်သည် ၁၃၂၁-ခု၊ တန်ဆောင်မုန်းလဆန်း ၈-ရက် စနေနေ့တွင် ဖျာပုံတိုက်သစ်ကို ပုဂ္ဂလိက ရေစက်ချပွဲပြုလုပ်ပြီး သုဂတိတမြောက်အောင် ခံယူပါသည်။

သာသနာရေးကိစ္စများကို ဆက်လက်ဆောင်ရွက်ခြင်း

ပြင်ဆင်ရန်

ထိုစဉ်က ဖျာပုံမြို့သည် ခရိုင်ဝန် (အရေးပိုင်) ရုံးစိုက်ရာမြို့ကြီး ဖြစ်လေသည်။ သို့သော် ပထမပြန် စာဖြေဌာန မရှိပေ။ မိမိ၏တပည့်များ စာမေးပွဲဖြေဆိုသည့်အခါ ကျိုက်လတ်မြို့ သို့ သွားရောက် ဖြေရသည်။ ဆရာတော်သည် ၁၃၀၈-ခုနှစ်၌ ပညာရေးဝန်ကြီးထံ စာဖြေဌာန တစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ရာ အောင်မြင်စွာ ရရှိခဲ့သည်။ ထိုစာဖြေဌာနမှ ၁၃၂၁-ခုနှစ်၌ ရှင်ကုသလသည် ပထမကျော် အောင်ပန်းကို ဆွတ်ခူးခဲ့သည်။ ဆရာတော်သည် ရန်ကုန်မြို့လုံးဆိုင်ရာ ရှင်သာမဏေ စာပြန်ပွဲကြီး၏ နာယကဆရာတော်အဖြစ်ဖြင့် ဆောင်ရွက်ခဲ့သည်။ တိပိဋကဓရ ရွေးချယ်ရေး ပိဋကသုံးပုံစာပြန် ပွဲကြီးတွင် ကမကထ ဆောင်ရွက်ခဲ့သည်။ ဆဋ္ဌသံဂါယနာပွဲကြီးတွင် မူလဝိသောဓကမှ တဖန် ပဋိဝိသောဓက အဖွဲ့သို့ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

၎င်းအပြင် အခြားသော ဆောင်ရွက်ချက်များမှာ-

  1. လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ဂေါပက အဖွဲ့ကြီး၌ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
  2. ဆူးလေစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ကြီး၌လည်း ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
  3. စေတိယင်္ဂဏပရိယတ္တိ စာမေးပွဲအသင်းကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
  4. ရန်ကုန်မြို့ ပဉ္စနိကာယ ဓမ္မသာကစ္ဆာ အသင်းကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
  5. ရန်ကုန်မြို့ မင်္ဂလာဗျူဟာအဖွဲ့ချုပ်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
  6. ဝေနေယျသုခ ရေချမ်းစင်အသင်းကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
  7. မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
  8. ရန်ကုန်မြို့၊ ယထာဓမ္မ သာသနာပြုအသင်းကြီး၏ နာယက ဆရာတော်ဖြစ်တော်မူခြင်း။
  9. ရန်ကုန်မြို့၊ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်တော်မူခြင်း။
  10. နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်ဖြစ်တော်မူခြင်းတို့ ဖြစ်သည်။

ထိုမျှ များပြားလှသော သာသနာရေး တာဝန်များကြားမှ ကျောက်စာဝန်နှင့် ယဉ်ကျေးမှုဌာန အတွင်းဝန်ဟောင်း ဦးဖိုးလတ်၏ တိုက်တွန်းတောင်ပန်ချက်ဖြင့် သာသနာ ၂၅၀ဝပြည့် ဆဋ္ဌသံဂါယနာတင် သဘင်ကြီးအမှီ စာပေ ဝိဒူ ရဟန်း, ရှင်, လူတို့ အနှစ်သက်ဆုံးဖြစ်သော ဤမည်သော သုတေသန သရုပ်ပြ အဘိဓာန် ကျမ်းကြီး တစောင်ကို ပြီးမြောက်အောင် ပြုစုနိုင်ခဲ့သည်။ တစ်ဖန်လည်း သမ္မာမဂ္ဂင်္ဂပဉှာ ကျမ်း, မြန်မာပါဠိ အဘိဓာန်ကျမ်း, မြန်မာမှ မြန်မာသို့ စံပြအဘိဓာန်ကျမ်း, ယောဂီလက်စွဲကျမ်းတို့ကိုလည်း ရေးသားခဲ့သည်။

ဘဝနိဂုံးပိုင်း

ပြင်ဆင်ရန်

ဆရာတော်သည် ဒကာဒကာမများလှူဒါန်းကြ၍ ရရှိလာသော နဝကမ္မများနှင့် ပစ္စည်းလေးပါးတို့ကို ပြန်လည်လှူဒါန်းခြင်း၊ ရေတွင်းရေကန်များ လှူဒါန်းပြုပြင်ခြင်း၊ စာကြည့်တိုက်များနှင့် လိုအပ်သူများသို့ စာအုပ်စာတမ်းများ လှူဒါန်းခြင်း၊ မိမိဇာတိရပ်ရွာဖြစ်သည့် ခနောင်ထော်ရွာ၊ ကျောင်းရွာတို့၌ ဘုရားကျောင်းကန်များ တည်ထားပြုပြင် လှူဒါန်းခြင်း စသည့်ပါရမီအမျိုးမျိုးကို ဖြည့်ဆည်းခဲ့သည်။ ဝိပဿနာတရားစခန်းကျောင်းတိုက်များ၊ စာသင်တိုက်ကြီးများသို့ အခါအားလျော်စွာ ကြွရောက်၍ လိုအပ်သည်များ စောင့်ရှောက်ကူညီ ပေးလေ့ရှိခဲ့သည်။ မင်္ဂလာဗျူဟာ ပိဋကတ် ၃-ပုံပဒေသာဆရာ ဖြစ်သင်တန်းကဲ့သို့ သာသနာပြုသင်တန်း အမျိုးမျိုးကိုလည်း ပို့ချသင်ကြားပေးခဲ့သည်။ မိမိကျောင်းတိုက်တွင် ဖျာပုံတိုက်သစ် ဝိပဿနာပြန်ပွားရေး အဖွဲ့၊ ဖွဲ့စည်းစေပြီး ကိုယ်တိုင် ဟောပြော ပြသကာ ယောဂီများအား တရားဘာဝနာများ လက်တွေ့ကျင့်ကြံ ပွားများစေခဲ့သည်။ မြန်မာ့အသံမှလည်း ဝိပဿနာတရားနှင့် တရားဒေသနာများ ဟောပြောပေးခဲ့ဘူးပါသည်။

သက်တော်ကြီးရင့်ချိန်မှာပင် ဖျာပုံမြို့၊ မြိတ်မြို့များသို့ ကြွရောက်၍ ကန်တော့ခြင်း၊ လှူဒါန်းခြင်း၊ ဟောပြောခြင်း၊ စသော ပြုဖွယ်ကိစ္စများကို မလစ်ဟင်းစေဘဲ ဆောင်ရွက်ခဲ့သည်။ အမြဲလိုလို ဂုဏ်တော်ပုတီးစိပ်ပြီး ပြုံးပြုံးရွှင်ရွှင် နေလေ့ရှိသည်။ ဗေဒင် လက္ခဏာ အကြားအမြင်စသည့် ပညာရပ်များ သိရှိတတ်ကျွမ်းသော်လည်း လူသိမခံဘဲ နေလေ့ရှိသည်။ မကျွတ်မလွတ်သူ ဘဝကူး မကောင်းသူများကို မိမိ၏ သီလ သမာဓိ ပညာ အစွမ်းများဖြင့် ကူညီလေ့ရှိသည်။ ကျောင်းနေသံဃာ တစ်ပါး, နှစ်ပါးသာထားပြီး၊ (မဆလ ဝန်ကြီး များနှင့် တိုက်ရိုက် မဆက်ဆံလို၍) ကျောင်းအတွက်လှူသော တယ်လီဖုံးကို ကျောင်းတွင်မထားခဲ့ပါ။ ၈၈-အရေးအခင်းကာလတွင် ဒီမိုကရေစီရေးလှုပ်ရှားသူများကို ကူညီခဲ့ဘူးပြီး သတင်းအမှန် ရရှိ စိစစ်နိုင်ရေးအတွက် ဘီဘီစီ စသောသတင်းများကို နားထောင်တော်မူလေ့ရှိသည်။ ၁၃၅၂-ခုနှစ် လေဖြတ်ဝေဒနာ ခံစားရပြီး နောက်ပိုင်းတွင်၊ စကားပြောမိန့်ခြင်း မရှိတော့ဘဲ ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်လျက် ဂုဏ်တော်ပုတီးကိုသာ စိပ်နေခဲ့သည်။ ၁၃၆၁- ခုနှစ် နတ်တော် လဆန်း ၁၀-ရက် သောကြာနေ့၊ သက်တော် ၉၃-နှစ်အရွယ်တွင် ပျံလွန်တော်မူခဲ့ပါသတည်း။