[၁] အာရုံကို တွေ့ထိတတ်သောသဘော။ တွေ့ထိကြောင်း သဘော။ တွေ့ထိခြင်း။ တွေ့ထိမှု၊ ဖဿစေတသိက်။ [၂]

ဖဿ၏ ဓမ္မဝဝတ္ထာန် ၄-ပါး ပြင်ဆင်ရန်

ဖုသနလက္ခဏော၊ အာရုံကို တွေ့ထိခြင်း လက္ခဏာရှိ၏။

သံဃနရသော၊ ဝိညာဏ်နှင့်အာရုံကို ပေါင်း ဆုံ စပ်ဟပ်ပေးခြင်း ကိစ္စရှိ၏။ ဝါ၊ ဝတ္ထုအာရုံတို့ ပေါင်းဆုံမိခြင်းကြောင့် ဖြစ်ပေါ်လာခြင်း အကျိုးရှိ၏။

သန္နိပါတပစ္စုပဋ္ဌာနော၊ ဝတ္ထုအာရုံ, ဝိညာဏ်တို့ ပေါင်းဆုံမိခြင်းကြောင့် ဖြစ်သောတရားဟု ယောဂီ၏ဉာဏ်တွင် ထင်မြင်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။

ဝေဒနာ-ပစ္စုပဋ္ဌာနော၊ ခံစားမှု ဝေဒနာ ဟူသောအကျိုးပစ္စုပဋ္ဌာန်ရှိ၏။

အာပါထဂတဝိသယပဒဋ္ဌာနော၊ ဒွါရခြောက်ပါးသို့ ရှေ့ရှုကျရောက် ထင်လာသော အာရုံခြောက်ပါးလျှင် နီးစွာသော အကြောင်းရင်းရှိ၏။ [၂]

ဖဿ၏ လက္ခဏာ ပြင်ဆင်ရန်

ဖဿသည် အာရုံကို တွေ့ထိခြင်း လက္ခဏာရှိ၏။ ထိတွေ့မှု (သပ္ပဋိဃ) သဘောသည် ရုပ်တရားများမှာသာရှိ၏။ ဖဿသည် နာမ်တရားဖြစ်ပါလျက် အဘယ်သို့လျှင် အာရုံကို ထိနိုင်ပါသနည်းဟုမေး ဖွယ်ရှိ၏။ အမှန်မှာ ဖဿသည် အာရုံကိုတွေ့ ထိရာ၌ ရုပ်ဝတ္ထုနှစ်ခုတို့ ထိတွေ့သကဲ့သို့ ကိုယ် ထိလက်ရောက် ထိတွေ့ခြင်းမျိုးမဟုတ်၊ တိုက်ရိုက်မတွေ့ထိသော်လည်း တွေ့ထိသောအခြင်းအရာအားဖြင့် ဖြစ်သည်ကို ဖုသနလက္ခဏာ ဟု ဆိုရသည်။ စိတ်ကဲ့သို့ အာရုံကို သိကာမတ္တမျှ မဟုတ်။ အာရုံ၏အကောင်းအဆိုး အရသာကိုဝေဒနာဖြင့် ထိထိမိမိ ခံစားနိုင်အောင် ထိခိုက်တတ်သောသဘောကို ဖုသနလက္ခဏာ ဟု ခေါ်သည်။

ဥပမာအားဖြင့် ပြရပါမူ ချဉ်သီးစားနေ သူကိုမြင်ရသောသူအား မိမိကိုယ်တိုင် မစား ရသော်လည်း စားရဘိသကဲ့သို့ တံတွေးလျှာ ရည်ယိုခြင်း, ပါးရှုံ့ခြင်း, သစ်ပင်ခေါင်ဖျားသို့ တက်နေသူကို မြင်ရသောသူသည် မြေပေါ်မှာရပ်နေပါလျက် မိမိကိုယ်တိုင် သစ် ကိုင်းဖျား လျှောက်နေရဘိသကဲ့သို့ ကြောက် ဒူးတုန်ခြင်း, သနားကြင်နာတတ်သူသည် သူတစ်ပါး သတ်ဖြတ်ညှဉ်းဆဲ ခံနေရသည်ကို မြင်ရသောအခါ မိမိကိုယ်တိုင် ခံနေရဘိသကဲ့သို့ တကိုယ်လုံး တုန်လှုပ်ခြင်း, [၃]

ကြောက်မက်ဖွယ်ရာ ဘီလူး သဘက် စသည်ကို မြင်တွေ့သောအခါ ခြေလက်မသယ်နိုင် မှင်သက်မိ ငိုင်နေခြင်[၄]

ကျားမြင်လျှင် ခွေးဖင်သီခြင်း၊ လှံဖျား ပုစင်းနား ကျီးကန်း ကြောက်ချေးပါခြင်း စသည်တို့သည် ကိုယ်တိုင်ကိုယ်ကျ မတွေ့ ထိရပါဘဲလျက် ဖဿဓာတ် ထိခိုက်မှု အရှိန် ပြင်းထန်လွန်းသောကြောင့် ဖြစ်လေသည်။ [၂]

ဖဿ၏ ကိစ္စရသ ပြင်ဆင်ရန်

ဖဿ၏ လုပ်ငန်း ကိစ္စမှာ စိတ်နှင့်အာရုံကို ဆက်စပ်ပေးခြင်း(သင်္ဃဋ္ဋနရသ)ဖြစ်၏။ စိတ်သည် ဖဿနှင့်ကင်း၍ မိမိအလိုလို အာရုံကို မယူနိုင်ချေ။ ဖဿ-က မိတ်ဆက် ပေးမှုကြောင့်သာလျှင် စိတ်သည် အာရုံကိုယူနိုင်၏။ မြင်သိစိတ်(စက္ခုဝိညာဏ်)ကို အဆင်း(ရူပါရုံ) နှင့်ဆက်စပ်ပေး၏။ ကြားသိစိတ်(သောတဝိညာဏ်)ကို အသံ(သဒ္ဒါရုံ) နှင့် ဆက်စပ်ပေး၏။ နံသိစိတ်(ဃာနဝိညာဏ်)ကို အနံ့(ဂန္ဓာရုံ)နှင့် ဆက်စပ်ပေး၏။ လျက် သိစိတ်(ဇိဝှါဝိညာဏ်)ကို အရသာ(ရသာရုံ) နှင့် ဆက်စပ်ပေး၏။ ထိသိစိတ် (ကာယဝိညာဏ်)ကို အတွေ့အထိ (ဖောဋ္ဌဗ္ဗာရုံ)နှင့် ဆက်စပ်ပေး၏။ ကြံသိစိတ်(မနောဝိညာဏ်)ကို သဘောတရားအာရုံ(ဓမ္မာရုံ) နှင့် ဆက်စပ် ပေး၏။ ဤသို့လျှင် ဖဿသည် ဝိညာဏ် ခြောက်ပါးကို အာရုံခြောက်ပါးနှင့် စပ်ဟပ် ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်လေသည်။ [၂]

ဖဿ၏ သမ္ပတ္တိရသ ပြင်ဆင်ရန်

အာရုံနှင့် ဝတ္ထုရုပ်တို့ ထိခိုက်ခြင်း (သင်္ဃဋ္ဋန)ကြောင့် ဖဿဟူသော အကျိုးတရား ပေါ်ထွက်လာသည်။

မိလိန္ဒပဉှာပါဠိတော် (နှာ-၆၁)၌ ဖဿ ဖြစ်ပုံကို ဆိတ်နှစ်ကောင်ဝှေ့ခတ်သောဥပမာ, လင်းကွင်းနှစ်ခု တီးခတ်သော ဥပမာ, လက် ဝါးနှစ်ဖက် တီးခတ်သော ဥပမာတို့ဖြင့် ရှင်းလင်း ဟောကြားထားလေသည်။ ဆိတ်နှစ် ကောင်ခတ်သော ဥပမာ၌ ဆိတ်တကောင်သည် ရူပါရုံစသော အာရုံတရားနှင့် တူ၏။ အခြား ဆိတ်တကောင်သည် စက္ခုပသာဒ စသော ဝတ္ထုရုပ်နှင့်တူ၏။ ထိုဆိတ်နှစ်ကောင် တွေ့ဆုံ ခတ်မိခြင်းသည် ဖဿ ဖြစ်ပုံနှင့် တူ၏။ လင်းကွင်းတီးသော ဥပမာ၌ လင်းကွင်း တစ်ခုသည် ရူပါရုံစသော အာရုံတရားနှင့်တူ၏။ အခြား လင်းကွင်း တစ်ခုသည် စက္ခုပသာဒ စသော ဝတ္ထုရုပ်နှင့် တူ၏။ လင်းကွင်းနှစ်ခုတို့ ပေါင်းဆုံထိခိုက်ခြင်းသည် ဖဿဖြစ်ပေါ်မှုနှင့် တူ၏။ လက်ဝါးနှစ်ဖက် တီးခတ်သော ဥပမာ၌ လက်ဝါးတဖက်သည် ရူပါရုံစသော အာရုံတရားနှင့် တူ၏။ အခြားလက်ဝါးတဖက်သည် စက္ခုပသာဒစသော ဝတ္ထုရုပ်နှင့် တူ၏။ လက်ဝါးနှစ်ဖက် တွေ့ဆုံ တီးခတ်မိခြင်းသည် ဖဿဖြစ်ပေါ်ခြင်းနှင့် တူ၏။ [၂]

ပဉ္စဒွါရိက ဖဿနှင့် မနောဒွါရိက အထူး ပြင်ဆင်ရန်

စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ ဟူသော ပဉ္စဒွါရ၌ဖြစ်သော ဖဿသည် တွေ့ ထိခြင်း (ဖုသန) လက္ခဏာရှိ၏။ စက္ခုပသာဒ စသော ဝတ္ထုနှင့် ရူပါရုံစသော အာရုံတို့၏ ထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း (သံဃဋ္ဋန)ကိစ္စရှိ၏။ မနောဒွါရ၌ဖြစ်သော ဖဿသည် အာရုံကို တွေ့ထိခြင်း(ဖုသန)လက္ခဏာ သာရှိ၍ ဝတ္ထုနှင့် အာရုံတို့ ထိခိုက်ခြင်း (သံဋ္ဋဃန)ကိစ္စမရှိ။ ဤသို့ ဖဿနှစ်မျိုး ထူးခြားကြောင်းကို မဟာအဋ္ဌကထာ၌ ဆို၏။ [၅]

ထိုမဟာအဋ္ဌကထာဆရာ၏ ဝါဒကို အနုဋီကာ ဆရာက ကေစိဝါဒဟုပြ၍ ပယ်ခဲ့သည်။ ထိခိုက်မှု (သံဃဋ္ဋန)ဟူသည်ဝတ္ထုရုပ်နှင့် အာရုံတို့သည် တိုက်ရိုက် ထိခိုက်သည် မဟုတ်။ တိုက်ရိုက် ထိခိုက်ပုံနှင့် တူညီသောကြောင့် သဒိသူပစာအားဖြင့် တင်စား၍ ဝတ္ထုအာရုံ ထိခိုက်သည်ဟု ဆိုရလေသည်။ ထို့ကြောင့် ပဉ္စဒွါရ၌ ဝတ္ထုနှင့်အာရုံ ထိခိုက်မှု ရှိသကဲ့သို့ မနောဒွါရ၌လည်း အာရုံနှင့် နာမ်တရားတို့ ထိခိုက်မှု(သံဃဋ္ဋန)ကိစ္စ ရှိသည်သာ ဖြစ်၏။ ပဉ္စဒွါရိကဖဿနှင့် မနောဒွါရိကဖဿာ နှစ်မျိုးလုံး၌ ထိခိုက်မှု(သံဃဋ္ဋန)ကိစ္စရှိသောကြောင့် တစ်စုံတရာ ထူးခြားမှု မရှိ။ တူညီကြလေသည် [၆][၂]

ကာရဏပစ္စုပဋ္ဌာန် ပြင်ဆင်ရန်

ဖဿသည် ဝတ္ထု အာရုံ ဝိညာဏ် ဤတရား သုံးပါးတို့ ပေါင်း ဆုံမိခြင်းကြောင့် ဖြစ်သောတရားဟု ဝိပဿနာရှုသော ယောဂီ၏ ဉာဏ်တွင် ထင်မြင်ခြင်း (သန္နိပါတပစ္စုပဋ္ဌာန်)ရှိ၏။ “စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော”။ စက္ခုဝတ္ထုနှင့် ရူပါရုံတို့ကို အစွဲပြု၍ စက္ခုဝိညာဏ်ဖြစ်ပေါ်လာ၏။ ထိုစက္ခုဝတ္ထု ရူပါရုံ စက္ခုဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံ မိခြင်းသည် ဖဿဖြစ်၏(သံ၊၁၊၃၀၀)ဟူသော ပါဠိတော်စကားရပ်၌ ပေါင်းဆုံခြင်းမျှကိုသာ ဖဿဟု ခေါ်သည်မဟုတ်။ ထိုတရားသုံးပါး ပေါင်းဆုံမိခြင်းကြောင့် ဖဿဖြစ်ပေါ်လာ သည်ဟု မှတ်ရမည်။ [၂]

ဖလပစ္စုပဋ္ဌာန် ပြင်ဆင်ရန်

တွေ့ထိမှု ဖဿသည် ခံစားမှု ဝေဒနာဟူသော အကျိုးပစ္စုပဋ္ဌာန်ရှိ၏။ ဥပမာ—ချိပ်တောင့်တစ်ခုကို မီးကျီးခဲအနီး၌ ထားသောအခါ ချိပ်တောင့်, ချိပ်သားတွင်း၌ အပူဓာတ် ဖြစ်ပေါ်လာ၏။ ထိုအပူ ဓာတ်သည် မိမိမှီရာ ချိပ်တောင့်ကို ပျော့ ပျောင်းနူးညံ့စေ၏။ မူလ အကြောင်းတရား ဖြစ်သော မီးကျီးခဲကို ပျော့ပျောင်းအောင် ပြုလုပ်ခြင်းမရှိ။ ထို့အတူ ရှေ့ရှုထင်လာသော အာရုံကြောင့် ဖြစ်ပေါ်လာသော ဖဿသည် မိမိမှီရာ စိတ်၌သာလျှင် သုခဒုက္ခ ဝေဒနာတို့ကို ဖြစ်စေ၏။ မူလအကြောင်းရင်းဖြစ်သော အာရုံ၌ ဝေဒနာဖြစ်ပေါ်စေခြင်းမရှိ။

အာပါထဂတဝိသယပဒဋ္ဌာန် ပြင်ဆင်ရန်

ဒွါရ ခြောက်ပါး၌ ရှုကျရောက် ထင်လာသော အာရုံခြောက်ပါးလျှင်နီးစွာသောအကြောင်းရင်း ပဒဋ္ဌာန်ရှိ၏။ ဖဿ၏ လုပ်ငန်း တာဝန်မှာ ဝိညာဏ်နှင့်အာရုံကို ထိခိုက်စပ်ဟပ်ပေး ရမည်ဖြစ်၏။ ထိုတာဝန်ကို ဆောင်ရွက်နိုင်ရန်အတွက် အာရုံတစ်ခုခုသည် ဒွါရတစ်ခုခု၌ ရှေ့ ရှုကျရောက်ထင်လာရမည်။ ထို့ကြောင့် ရှေ့ရှုထင်လာသောအာရုံသည် ဖဿဖြစ်ရန် အနီး ဆုံးအကြောင်း(ပဒဋ္ဌာန်)ဖြစ်သည်[၇][၂]

သဠာယတနပဒဋ္ဌာန် ပြင်ဆင်ရန်

သမ္မောဟဝိနောဒနီအဋ္ဌကထာ(နှာ-၁၂၉)၌ သဠာယတနပဒဋ္ဌာနော၊ အာယတန ခြောက်ပါးလျှင် နီးစွာသော အကြောင်းရင်းပဒဋ္ဌာန်ရှိ၏ဟု ပြဆို ထားသည်။ ဤကား “သဠာယတနပစ္စယာဖဿော” ဟူသော ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ ပဒဋ္ဌာန်ကို ပြခြင်းဖြစ်၏။ ဤ၌ “သဠာယတန” အရကို နှစ်မျိုးခွဲခြားယူကြ၏။

အကြောင်း နှင့် အကျိုးသည် ဖြစ်စဉ် တစ်ခုတည်းအတွင်း (ဧကသန္တတိ)၌သာ အကျုံးဝင်ရမည်ဟု ယူ ဆသော ဆရာတို့က အရူပဘုံအတွက် မနာယတန (ဆဋ္ဌာယတန)နှင့် ပဉ္စဝေါကာရဘုံအတွက် စက္ခုစသော အာယတနခြောက်ပါး (သဠာယတန)ဟူ၍ အတွင်း အာယတန ခြောက်ပါးကို ယူကြသည်။ အကြောင်းတရားသည် အတွင်းအဇ္ဈတ္တသန္တာန်နှင့် ပြင်ပဗဟိဒ္ဓ သန္တာန် နှစ်ပါးလုံး (ဘိန္နသန္တတိ)၌ ဖြစ်နိုင် သည်ဟု ယူဆသော ဆရာတို့က အတွင်းအာယတန ခြောက်ပါးကိုသာမက ရူပါရုံစသော ပြင်ပ အာယတန ခြောက်ပါးတို့လည်း သဠာယတနပုဒ်အရ အလိုရှိကြ၏။ ထို့ကြောင့် သဠာယတနပဒဋ္ဌာနောအရ ဖဿ၏နီးစွာသော အကြောင်းတရားများကား စက္ခုစသော အတွင်း အာယတနခြောက်ပါး၊ တနည်း၊ အာယတနဆဲ့နှစ်ပါးလုံးဖြစ်သည် [၈] [၂]

နာမရူပပဒဋ္ဌာန် ပြင်ဆင်ရန်

သုတ်မဟာဝါပါဠိတော်မဟာနိဒါနသုတ်(နှာ-၄၈)၌ “နာမရူပပစ္စယာ ဖဿော”ဟူ၍ ဟောတော်မူရာ နာမ် ရုပ်သည် ဖဿ၏ နီးစွာသော အကြောင်းရင်း ပဒဋ္ဌာန်ဖြစ်သည်။ “သဠာယတနပစ္စယာ ဖဿော”၌ ဖဿအရ လောကီဝိပါက်စိတ် ၃၂-ပါး၌ရှိသော ဖဿ ၃၂-ပါးကိုသာ ယူရသည်။ စိတ် နာမရူပပစ္စယာ ဖဿော”၌ ဖဿအရ တစ်ခုယုတ်ကိုးဆယ်၌ ယှဉ်သော ဖဿအားလုံးကို ယူရမည်။ ထိုဖဿ၏ အကြောင်းတရားသည်လည်း စိတ် စေတသိက် ဟူသော နာမ် တရားနှင့် ရုပ်တရားအားလုံးပင် ဖြစ်သည်ဟု ပြတော်မူလိုသောကြောင့် “နာမရူပပစ္စယာ ဖဿော” ဟု ဟောတော်မူသည် [၉][၂]

ပဒဋ္ဌာန်သုံးမျိုးညှိနှိုင်းခြင်း ပြင်ဆင်ရန်

ဤသို့ ပဒဋ္ဌာန် သုံးမျိုးခွဲခြားပြခြင်းသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်သည်ဟု ထင်ရသော်လည်း အကယ် စင်စစ် ဆန့်ကျင်မှုမရှိပေ။ အကြောင်းမူ ဖဿသည် ဝတ္ထု, အာရုံ, ဝိညာဏ်သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့်ဖြစ်ပေါ်လာရကား ထိုသုံးပါးလုံးသည် ဖဿ၏ နီးကပ်သော အကြောင်းတရားများ (ပဒဋ္ဌာန်) သာလျှင် ဖြစ်ကြ၏။ ထို့ကြောင့် အာရုံကိုသာ ပဒဋ္ဌာန် အဖြစ်ဖြင့် “အာပါထဂတဝိသယပဒဋ္ဌာနော” ဟု ထုတ်ပြခြင်းသည် အထက်ပါ အကြောင်း တရား သုံးပါးအနက် တစိတ်တဒေသကို ထုတ်ပြခြင်းဖြစ်၏။ အာယတန ခြောက်ပါးကိုသာ ပဒဋ္ဌာန်အဖြစ်ဖြင့် သဠာယတနပဒဋ္ဌာနော” ဟု ထုတ်ပြခြင်းသည် အထက်ပါ အကြောင်း တရားသုံးပါးအနက် ဝတ္ထု, ဝိညာဏ်ဟူသော အကြောင်းနှစ်ပါးကိုသာ ထုတ်ပြခြင်းဖြစ်၏။ နာမ်ရုပ်နှစ်ပါးကို ပဋ္ဌာန်အဖြစ်ဖြင့် “နာမ ရူပပဒဋ္ဌာနော”ဟု ထုတ်ပြခြင်းသည် အထက်ပါ အကြောင်းတရားသုံးပါးလုံးကို စုပေါင်း၍ အကြွင်းမဲ့ထုတ်ပြခြင်း ဖြစ်လေသည်။ [၂]

အနန္တလေးပါးနှင့် ဖဿအပြားအနန္တ ပြင်ဆင်ရန်

အာရုံကို တွေ့ထိခြင်းသဘောလက္ခဏာအားဖြင့် ဖဿစေတသိက်သည် တစ်ပါးသာ ဖြစ်သော်လည်း ဒွါရခြောက်ပါး၌ ဖြစ်သောအားဖြင့် စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ၊ ဃာနသမ္မဿ၊ ဇိဝှါသမ္မဿ၊ ကာယသမ္ဖဿ၊ မနောသမ္ဖဿဟူ၍ ဖဿခြောက်ပါး ပြားလေသည် [၁၀]

သဠာယတနပစ္စယာဖဿော၌ ဖဿယှဉ်သော လောကီဝိပါက် စိတ် ၃၂-ပါးရှိရာ ဖဿစေတသိက်သည်လည်း မိမိယှဉ်ရာ စိတ်နှင့် အညီအမျှဖြစ်၍ ဖဿ ပေါင်း ၃၂-ပါး ပြား၏ [၁၁]

ဖဿပစ္စယာ ဝေဒနာ၌ ဖဿ ယှဉ်ရာစိတ် ၈၉-ပါးရှိရာ ဖဿလည်း ၈၉-ပါး ပြားလေသည်၊ [၁၂]

ဝိဘင်းကျမ်း၌ ဖဿ အပါအဝင်ဖြစ်သော သင်္ခါ ရက္ခန္ဓာကို တိက်ဒုက်တို့ဖြင့် စက်လှည့်မြှောက်ပွား ဟောကြားတော်မူရာ သင်္ခါရက္ခန္ဓာ ပေါင်း ၁၉၂၂၆၄-ဖြစ်၍ ဖဿလည်း ၁၉၂၂၆၄ ဖြစ်လေသည်၊ [၁၃]

ဆုံးစ မထင်သော အနန္တ ကောင်းကင်ကြီးထဲတွင် စကြဝဠာ အနန္တဖြစ်သော စကြဝဠာ များစွာတို့တွင် စကြဝဠာ တစ်ခုစီ တစ်ခုစီ၌ သတ္တဝါ အနန္တရှိ၏။ ထိုသတ္တဝါ အနန္တတွင် သတ္တဝါတစ်ဦးစီ၌ ခဏတိုင်း ခဏတိုင်း မရပ် မနား တဖွားဖွားဖြစ်ပေါ်နေသော စိတ္တုပ္ပါဒ်များမှာ မရေမတွက်နိုင်။ အနန္တဖြစ်၏။ ထိုစိတ္တုပ္ပါဒ်များ ဖြစ်လေတိုင်း၌ ဖဿစေတသိက်ပါဝင်နေရကား ဖဿပေါင်း အနန္တ ဖြစ်လေတော့သည် [၁၄][၂]

ဖဿစေတသိက်ကို ရှေးဦးစွာ ဟောရပုံ မဟာသံဃိကဂိုဏ်းဝါဒ။ သို့မဟုတ် မဟာအဋ္ဌကထာဝါဒ ပြင်ဆင်ရန်

အာရုံ၌ စိတ်၏ ပထမဆုံး ကျရောက်ခြင်းသဘောကိုဖဿဟု ခေါ်သည်၊ ထို့ပြင် “ဖုဋ္ဌော ဘိက္ခဝေ ဝေဒေတိ၊ ဖုဋ္ဌော စေတေတိ၊ ဖုဋ္ဌော သဉ္ဇာနာတိ။ ဖဿဖြင့် တွေ့ထိပြီးသော အာရုံကိုခံစား၏။ လှုံ့ဆော်၏။ မှတ်သား၏။ (သံ၊၂၊၂၉၁)ဟူသော ပါဠိတော်ကို ကိုးကား၍ အာရုံတစ်ခု ရှေ့ရှူထင် လာရာ၌ ဖဿသည် ရှေးဦးစွာဖြစ်၏။ ဖဿ ဖြစ်ပြီးမှ ဝေဒနာသညာစသော သမ္ပယုတ် တရားများဖြစ်ကြသည်။ ဤသို့လျှင် ဖဿသည် ယှဉ်ဘက် စေတသိက်တို့ထက် အလျင်စော၍ ပထမဖြစ်သောကြောင့် “တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ” စသည်ဖြင့် ဓမ္မသင်္ဂဏီပါဠိတော်၌ ဖဿကို ရှေးဦးစွာ ဟောခြင်းဖြစ်သည်ဟု ဖွင့်ဆိုကြလေသည်။ ထို့ပြင် နန်းပြာသာဒ်ကြီးတစ်ခု၌ တိုင်သာလျှင် ပဓာနဖြစ်၍ ထုပ်, လျောက်, ဒိုင်း, မြား တန်းတို့သည် တိုင်ကို မှီကြရ၍ တိုင်သည် အားကြီးသော အကြောင်း ဖြစ်၏။ ထိုနည်း အတူ ဖဿနှင့်ယှဉ်ဘက် စိတ်စေတသိက်တရားများသည် ဖဿက အာရုံကို တွေ့ထိပေးမှသာလျှင် မိမိတို့လုပ်ငန်းအသီးသီးကို လုပ်ဆောင် နိုင်ကြသည်။ ထို့ကြောင့် သမ္ပယုတ်တရား အပေါင်းသည် ဖဿကိုယှဉ်ကြရ၍ ဖဿသည် ယှဉ်ဘက် စိတ်စေတသိက်တရားတို့၏ အားကြီးသော အကြောင်း (ဗလဝပစ္စယ)ဖြစ်သည်။

ထို့ကြောင့် ဓမ္မသင်္ဂဏီ ပါဠိတော်၌ ဖဿကို ရှေးဦးပထမဟောခြင်း ဖြစ်သည်ဟု ဖွင့်ဆိုကြလေသည်။ ဤဝါဒနှစ်ခုကို အဘိဓမ္မာ ဝတာရဋီကာသစ် (၁၊ ၂၈၉)၌ မဟာသံဃိက ဝါဒဟုဆို၍ အနုဒီပနီ (နှာ-၈၂)၌ မဟာအဋ္ဌကထာဝါဒဟု ဆိုသည်။ [၂]

အဋ္ဌကထာဝါဒ ပြင်ဆင်ရန်

ဤဝါဒကို အဋ္ဌကထာ ဆရာ အရှင်မဟာဗုဒ္ဓဃောသနှင့် အရှင်ဗုဒ္ဓဒတ္တတို့က မနှစ်သက်သဖြင့် ပယ်ခဲ့သည်။ စိတ် တစ်ခုဖြစ်ပေါ်ရာ၌ ယှဉ်ဖော်ယှဉ်ဖက် စိတ်စေတသိက်တရားအားလုံးသည် တပြိုင်နက် ဖြစ် ပေါ်ချုပ်ပျက်ကြ၏။ ဖဿကား ရှေ့ဦးဖြစ်၍ ဝေဒနာကား နောက်မှဖြစ်သည် စသည်ဖြင့် ရှေ့နောက်ခွဲခြား၍ မရနိုင်ချေ။ ထို့ကြောင့် “သမ္ပယုတ်တရားတို့ထက် ရှေးဦးစွာဖြစ်သောကြောင့် ဖဿကို ရှေးဦးစွာ ဟောတော်မူ သည်”ဟု ဆိုခြင်းမှာ ယုတ္တိမရှိဟု ပယ်ခဲ့သည်။

ထို့ပြင် ဖဿသည် ဝေဒနာစသော တရားတို့၏ အားကြီးသော အကြောင်းတရားဖြစ်သည်ဟု ဆိုရန် အထောက်အထား အကြောင်းပြချက် မရှိချေ။ ထို့ကြောင့် “သမ္ပယုတ်တရားအပေါင်း၏ အားကြီးသော အကြောင်းတရား (ဗလဝပစ္စယဖြစ်သောကြောင့် ဖဿကို ရှေးဦးစွာ ဟောတော်မူသည်”ဟု ဆိုခြင်းမှာလည်း ယုတ္တိမရှိဟု ပယ် ချခဲ့သည်။

ဖဿကို ရှေးဦးစွာ ဟောရခြင်း၏ အကြောင်းပြချက် တစ်စုံတရာ ရှာရန်မလိုချေ။ ဟောရိုးဟောစဉ်မျှ (ဒေသနာက္ကမ)သာ ဖြစ်သည်။ “တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ၊ သညာဟောတိ”ပါဠိတော်၌ “ဝေဒနာ ဟောတိ၊ ဖဿော ဟောတိ ဟူ၍ ဝေဒနာကို ရှေးဦးထား၍ ဆိုလိုက ဆိုနိုင်သည်။ “သညာ ဟောတိ၊ ဖဿော ဟောတိ ဟူ၍ သညာကို ရှေးဦးထား၍ ဆိုလိုက ဆို နိုင်သည်။ ဒေသနာအစဉ်အားဖြင့်သာ ဖဿကို ရှေးဦးဟောတော်မူခြင်းဖြစ်၍ ရှေ့နောက် အစီအစဉ်ကို မရှာကြံသင့်ဟု ပယ်မြစ်ခဲ့လေသည် [၁၅] [၂]

ဋီကာဝါဒ ပြင်ဆင်ရန်

အထက်ပါ အရှင်ဗုဒ္ဓဃောသ နှင့် အရှင်ဗုဒ္ဓဒတ္တ အဋ္ဌကထာဆရာကြီးများ၏ အယူအဆကို မနှစ်သက်သဖြင့် ဖဿသည် ဝေဒနာ၏ ထူးခြားသော အကြောင်းတရား ဖြစ်သည်ဟူသော မဟာ အဋ္ဌကထာဝါဒကို ဋီကာဆရာကြီးများက ထပ်ဆင့်ထောက်ခံ ဖွင့်ပြကြပြန်သည်။

ဖဿအပါအဝင်ဖြစ်သော စိတ်စေတသိက် တရားစုသည် အာရုံနှင့် တွေ့ထိသောအခါ တပြိုင်နက်တည်း ဖြစ်ပေါ် ချုပ်ပျက်ကြသည်။ ဖဿကြောင့်ဖြစ်သော ဝေဒနာသည်လည်း တပြိုင်နက်တည်း ဖြစ်ကြပျက်ကြသည်။

သို့ရာတွင် အလင်းရောင်နှင့် ဆီမီးသည် တပြိုင်နက် ဖြစ်ပေါ်ကြသော်လည်း ဆီမီးသည် အလင်းရောင်၏ အကြောင်းထူးတစ်ခု ဖြစ်သကဲ့သို့ ဖဿသည်လည်း ဝေဒနာ၏ အကြောင်းတစ်ခု ဖြစ်သောကြောင့် ဖဿသည် ဝေဒနာထက် ရှေးဦးဖြစ်သကဲ့သို့ ပြဆိုရခြင်း ဖြစ်လေသည်။

ဝေဒနာသည် စက္ခုစသောဝတ္ထုရုပ်တို့နှင့်လည်း ရံခါကင်း၍ ဖြစ်နိုင်၏။ ဝိတက်လောဘ စသော အချို့သော ယှဉ်ဘက် စေတသိက် များနှင့် ရံခါကင်း၍လည်း ဖြစ်နိုင်၏။ ဖဿနှင့် ကင်း၍မူကား ဝေဒနာသည် တစ်ကြိမ်တခါမျှ မဖြစ်နိုင်ချေ။ ထို့ကြောင့် ဖဿသည် ဝေဒနာ၏ အားကြီးသောအကြောင်း (ဗလဝပစ္စယ) ဟု ဆိုနိုင်သည်။ ဖဿသည် ဝေဒနာအတွက် သာအားကြီးသော အကြောင်းတရားမဟုတ် ယှဉ်ဘက် စိတ်စေတသိက်တရား အားလုံးအတွက် အားကြီးသော အကြောင်းထူးတစ်ခု ဖြစ်ပေသည်။ စိတ်စေတသိက်တရားတို့မှာ တွေ့ထိသော အခြင်းအရာ (ဖဿ)သာ မရှိ ပါက အာရုံသည် ထိုစိတ်စေတသိက်တို့အား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဖဿသည် ယှဉ်ဖော် ယှဉ်ဖက် နာမ်တရားတို့အတွက် အားကြီးသောအကြောင်းထူးတစ်ခု ဖြစ်ကြောင်း ထင်ရှား၏။ ထို့ကြောင့် ဓမ္မသင်္ဂဏီပါဠိတော်၌ စိတ္တုပ္ပါဒ်ကို ဝေဖန်တော်မူသော မြတ်စွာဘုရားသည် “ဖဿော ဟောတိ”ဟူ၍ ဖဿကို ပထမဦးဆုံး ထုတ်ဖော် ဟောကြားတော်မူသည်၊ [၁၆][၂]

အနုဒီပနီဝါဒ ပြင်ဆင်ရန်

လယ်တီဆရာတော်ဘုရားကြီးသည်လည်း အနုဒီပနီကျမ်း (နှာ-၈၂)၌ မဟာအဋ္ဌကထာဝါဒကို ထောက်ခံ ရေးသားခဲ့သည်။ အာရုံ၌ စိတ်၏ ပထမဦးဆုံးကျရောက်သော အခြင်းအရာသည် ဖဿစေတသိက်က အာရုံကို တွေ့ထိသည်မည်၏ဟု မဟာအဋ္ဌကထာဆရာ ပြဆိုခြင်းမှာ ဖဿက အခြားသော စေတသိက်တို့ထက်စော၍ ပထမဦးစွာဖြစ်ခြင်းကို ဆိုလိုသည်မဟုတ်။ ဖဿစေတသိက်၏ အာရုံကိုတွေ့ထိမှုကိစ္စက ပဓာနဖြစ်သောကြောင့် ပထမဖြစ်သည်ဟု ဆိုလိုသည်။ ဥပမာ “မနောပုဗ္ဗင်္ဂမာ”ဟုဆိုရာ၌ စိတ်သည် စေတသိက်တရားတို့၏ ဦးစီးခေါင်းဆောင် ပဓာနဖြစ်မှုကို ရှေ့သွား (ပုဗ္ဗင်္ဂမ)ဟု ဆိုလိုသည်။ စိတ်သည် စေတသိက်တရားတို့ထက် အချိန်ကာလစော၍ ရှေးဦးစွာ ဖြစ်သည်ကို ရှေ့သွား (ပုဗ္ဗင်္ဂမ)ဟု ဆိုလိုသည်မဟုတ်။ ဤနည်းအတူ ဝေဒနာ၏ အာရုံအရသာ ခံစားမှု၊ သညာ၏ မှတ်သားမှု ကိစ္စတို့ထက် ဖဿ၏ အာရုံကို တွေ့ထိမှုက ပဓာနကျသောကြောင့် ဖဿကို ရှေးဦးစွာ ဟောခြင်းဖြစ်သည်။ ထို့ပြင် ဖဿ၏အားကြီးသောအကြောင်း (ဗလဝပစ္စယ)ဖြစ်ပုံကို ဥပရိပဏ္ဏာသပါဠိတော် မဟာပုဏ္ဏမသုတ်(နှာ-၆၇)၌ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဟူသော နာမ်ခန္ဓာသုံးပါးတို့ကို အမည်သညာ ထုတ်ဖော်ပညတ်ရန် အကြောင်းတရားကား ဖဿ သာလျှင် ဖြစ်၏ဟု ဟောတော်မူခြင်းကြောင့် ဖဿ၏ အားကြီးသောအကြောင်းဖြစ်ပုံမှာ သိသာလှပေသည်။ စိတ်သည် အာရုံကိုသိခြင်း သဘောအားဖြင့် အလုံးစုံသော စေတသိက်တို့၏ ရှေ့သွားဦးစီး ခေါင်းဆောင် ဖြစ်သကဲ့သို့ ဖသည် အာရုံကို တွေ့ထိခြင်း သဘောအားဖြင့် ကြွင်းသော စေတသိက် တရားတို့၏ ရှေ့သွား ဦးစီးခေါင်းဆောင် ဖြစ်သည် စသည်ဖြင့် ဖဿ၏ ရှေးဦးစွာ ဖြစ်ပုံ အားကြီးသော အကြောင်း ဖြစ်ပုံများကို ထောက်ခံထားပေသည်။ [၂]

ဖဿအရေးကြီးပုံ ပြင်ဆင်ရန်

ဖဿသည် နာမ် တရားများဖြစ်ပေါ်ရန်အတွက် အရေးအကြီး ဆုံးသော အကြောင်းတရပ်ဖြစ်၏။ ဝေဒနာ သုံးပါးသည် ဖဿလျှင် အကြောင်းရင်း ရှိကုန်၏၊ [၁၇]

ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာဟူသော နာမ်ခန္ဓာ သုံးပါးကို အမည်နာမ ထုတ်ဖော်ပညတ်နိုင်ခြင်း၏ အကြောင်းမှာ ဖဿပင် ဖြစ်လေသည်၊ [၁၈]

ဖဿထူးခြားမှုကို အစွဲပြု၍ ဝေဒနာထူးခြားမှု ဖြစ်ရသည်၊ [၁၉]

မူလပဏ္ဏာသ ပါဠိတော် သမ္မာဒိဋ္ဌိသုတ်(နှာ-၆၅)တွင် နာမ ရူပပုဒ်ကို ဟောကြားရာ၌ ဝေဒနာ၊ သညာ၊ စေတနာ၊ ဖဿ၊ မနသိကာရတို့သည် နာမ် မည်၏ဟု ဟောတော်မူ၏။ သင်္ခါရက္ခန္ဓာကို ပြရာ၌ စေတနာ၊ ဖဿ၊ မနသိကာရသုံးပါးကိုသာ ပြဆိုခြင်းမှာ ထိုစေတသိက် သုံးပါးတို့သည် အားအနည်းဆုံးသော စိတ်မှာပင် ယှဉ် တွဲပါဝင်နေသောကြောင့် ဖြစ်၏။ [၂၀]

သတ္တဝါတို့ ဖြစ်ပေါ်တည်ရှိနိုင်ရန် အရေးကြီးသော အကြောင်းတရားဖြစ်သောကြောင့် ဖဿကို အာဟာရ လေးပါးတွင် ထည့်သွင်း၍ ဖဿာဟာရဟု ဟောတော်မူ၏။ [၂၁]

ခပ်သိမ်းသော သင်္ခါရတရားမှန်သမျှသည် ဖဿကြောင့် ဖြစ်ပေါ်ရလေသည်။ [၂၂][၂]

ဖဿနှင့်အာဟာရ ပြင်ဆင်ရန်

သတ္တဝါတို့ ဖြစ်ပေါ် တည်ရှိနိုင်ရန်အတွက် အဇ္ဈတ္တိကသန္တာန်၏ ထူးခြားသောအကြောင်းတရားကို အာဟာရ ဟု ခေါ်သည်။ အာဟာရလေးပါးကို ဟောကြားရာ၌ ဖဿကို ဒုတိယမြောက် အာဟာရ အဖြစ်ဖြင့် ဟောတော်မူသည်။ [၂၃]

ဖဿာဟာရသည် အရေခွံမရှိသော နွားမကြီး နှင့် တူသည်။ အရေခွံမရှိသော နွားမသည် နံရံကို မှီ၍ တည်ငြားအံ့။ နံရံကို မှီနေကုန်သော ပိုးမွှားတို့သည် ထိုနွားမကို ကိုက်ခဲကုန်ရာ၏။ အကယ်၍ သစ်ပင်ကို မှီငြားအံ့။ သစ်ပင်ကို မှီ၍နေကုန်သော ပိုးမွှားတို့သည် ထိုနွားမကို ကိုက်ခဲကုန်ရာ၏။ အကယ်၍ လဟာပြင်ကို အမှီပြု၍နေငြားအံ့။ လဟာပြင်ကို မှီနေကုန်သော ပိုးမွှားတို့သည် ထိုနွားမကို ကိုက်ခဲကုန် ရာ၏။ မည်သည့်အရပ်မဆို တစ်ခုခုသောအရပ်ကို မှီ၍ တည်ငြားအံ့။ ထိုအရပ်ကို မှီနေကုန်သော ပိုးမွှားတို့သည် ကိုက်ခဲကုန်ရာ၏။ ဤ အတူသာလျှင် ဖဿာဟာရကို မှတ်အပ်၏။ ဖဿာဟာရကို ပိုင်းခြား၍ သိသည်ရှိသော် ဝေဒနာသုံးပါးတို့ကို ပိုင်းခြား၍ သိနိုင်၏။ ဝေဒနာသုံးပါးတို့ကို ပိုင်းခြား၍ သိသည်ရှိသော် အရိယာသာဝကအား ထို့ထက်အလွန် တစ်စုံတရာပြုဖွယ်ကိစ္စမရှိတော့ပြီဟု ငါဘုရား ဟောတော်မူ၏ [၂၄][၂]

ဖဿာဟာရ သည် ဝေဒနာသုံးပါးတို့ကို ဆောင်၏။ ပြင်ဆင်ရန်

ကြိုက်နှစ်သက်ဖွယ် အာရုံနှင့် တွေ့ထိမှု(ဖဿ)ဖြစ် လတ်သော် သုခဝေဒနာ ဖြစ်ပေါ်၏။ မနှစ်သက်ဖွယ် အာရုံနှင့် တွေ့ထိမှု (ဖဿ) ဖြစ်လတ်သော် ဒုက္ခဝေဒနာဖြစ်ပေါ်၏။ အလယ်အလတ်ဖြစ်သော အာရုံနှင့် တွေ့ထိမှု (ဖဿ)ဖြစ်လတ်သော် ဥပေက္ခာဝေဒနာ ဖြစ်ပေါ်၏။ ဖဿသည် အာရုံနှင့်တွေ့ထိခြင်းဖြင့် သာလျှင် ဝေဒနာဖြစ်ပေါ်ရန် အကြောင်း အထော်အပံ့ကို ပြု၍အာဟာရကိစ္စကိုပြီးစေ၏။

ချဲ့ဦးအံ့—ငှက်သတ္တဝါတို့သည်၎င်း, ခြင် မှက်စသော သတ္တဝါတို့သည်၎င်း နှုတ်သီးဖြင့် အစာအာဟာရကိုယူ၍ ခန္ဓာကိုယ်အတ္တဘောကို မွေးမြူကြရကုန်၏။ နှုတ်သီးမရှိသော် အစာအာဟာရကို မသုံးဆောင်ကြရကုန်သဖြင့် သေကြကုန်မည်သာ ဖြစ်၏။ ထို့အတူ ဤ သတ္တဝါတို့သည် ဖဿတည်းဟူသော နှုတ်သီးဖြင့် အာရုံတို့၌ပါရှိသော အရသာကို ထုတ်ယူကြကုန်ပြီးလျှင် ဝေဒနာဟုဆိုအပ်သော ခံစားမှု အမျိုးမျိုးကို ပြည့်စုံစေကုန်လျက် တဏှာ၏ စည်ပင် ပြန့်ပြောခြင်းသို့ ဆိုက်ရောက်ကြ လေကုန်၏။ ယင်းသို့ ဆိုက်ရောက်သဖြင့် ဝဋ် သုံးပါး စည်ကား ပြည့်စုံလာပြန်ရကား ယခု နေ့ ယခုအချိန်တိုင်အောင် သူသူငါငါ သတ္တဝါ ဟူသမျှသည် ဝဋ်သုံးပါးဟူဘော နှောင်အိမ် ကြီးထဲ၌ မပျင်းရှိ မငြီးငွေ့ မမုန်းနိုင်ကြပဲ တထွေးလုံးလုံး တအုံးအုံးဖြစ်၍ နေကြရကုန်၏။ အကယ်၍ ဖဿမဖြစ်ခဲ့လျှင် အာရုံ၏ အရသာကို မယူနိုင် မရနိုင်သောကြောင့် ဝေဒနာ ဟု ဆိုအပ်သော သုံးဆောင်ခံစားမှုမှ ကင်းသဖြင့် တဏှာဖြစ်ခွင့် မရှိတော့ရကား ဝဋ်သုံးပါးလည်း ဖြစ်နိုင်တော့မည် မဟုတ်ပေ။ ထိုကြောင့် ဝဋ်သုံးပါး၏ စည်ကားကြီးကျယ်၍ နေသော အချက်၊ ဝဋ်သုံးပါးတည်းဟူသော နှောင်အိမ်ကြီးထဲ၌ သတ္တဝါတို့ မပျင်းမရိ မငြီးမငွေ့ မမုန်းနိုင်သော အချက်များသည် ဖဿ၏ လက်ချက်ပင် ဖြစ်ပေသည်။ [၂]

ဘေးဒုက္ခအပေါင်း၏ အကြောင်းရင်း ဖဿ ပြင်ဆင်ရန်

သတ္တဝါတို့သည် ချမ်းသာ ခံစားမှုကို အလွန်စုံမက်ကြ၏။ ချမ်းသာခံစားမှုဖြစ်ပေါ် ရေးအတွက် ချမ်းသာမှုပေးနိုင်မည့် အာရုံကို ထိရန် အမြဲကြိုးပမ်းနေကြ၏။ လှပသော အဆင်းကို မြင်ရလျှင် ချမ်းသာမှုဖြစ်ပေါ်၏။ ထို့ကြောင့် လှပသောအဆင်းကို မြင်တွေ့မှု (စက္ခု သမ္ဖဿ)အတွက် ထိုအဆင်းရူပါရုံရှိရာသို့ သွားရ၏။ ထိုအဆင်းရူပါရုံ ရရှိရေး အတွက် ဒုက္ခခံကြရ၏။ သာယာသောအသံကို ကြားတွေ့မူ (သောတသမ္ဖဿ), မွှေးကြိုင် သောရနံ့ကို နံတွေ့မှု(ဃာနသမ္ဖဿ), လျှာ ပေါ်၌ မျက်မျက်ကလေးတွေ့မှု(ဇိဝှါသမ္ဖဿ) နူးညံ့သော အိပ်ရာ နေရာ အဝတ် အထည် ယောက်ျားမိန်းမ အတွေ့အထိ(ကာယသမ္ဖသာ), စိတ်ကူးယဉ်ကြည်နူးမှု(မနောသမ္ဖဿ) ဤဖဿများ ဖြစ်ပေါ်ရေးအတွက် ကြိုးပမ်း နေစဉ် အဆုံးအပိုင်းအခြားမရှိသော ဒုက္ခများကို ခံစားနေကြရ၏။ မြင်တွေ့မှု့ ကြား တွေ့မှု နံတွေ့မှု လျက်တွေ့မှု ထိတွေ့မှု စိတ် ကူးအငွေ့များ ဖြစ်ပေါ်ရေးအတွက် ထိုထို အာရုံများနောက်သို့ တကောက်ကောက် လိုက်နေကြ၏။ ထိုထိုအာရုံများနှင့် ထိတွေ့ နိုင်ရေးအတွက် တရားသဖြင့် ကြိုးပမ်းအားထုတ်၍ မရနိုင်သောအခါ ဖြတ်လမ်းမှလိုက်၍ ခိုးဝှက်လုယက်၏။ သူတစ်ပါးမယား ပြစ်မှား၏။ ထိုအခါ ခိုးသူကို ပိုင်ရှင်တို့က ဖမ်းဆီး သတ်ဖြတ်ကုန်၏။ အစိုးရမင်းတို့က အပြစ် ဒဏ်ခတ် နှိပ်စက်ညှဉ်းပမ်းကုန်၏။ သေလွန်သောအခါ၌လည်း အပါယ်ဘုံသို့ လားရ၏။ ထို့ကြောင့် မျက်မှောက်ပစ္စုပ္ပန်နှင့်တမလွန်၌ ဖြစ်သော ဘေးဒုက္ခအပေါင်းသည် ဖဿသာလျှင် အကြောင်းရင်းမူလရှိ၏။ ဖဿချုပ်လျှင် ဒုက္ခအားလုံး ငြိမ်းမည် ထို့ကြောင့် မြတ်စွာဘုရားရှင်သည် ဖဿာဟာရကို အရေခွံခွါထားသော နွားမကြီးနှင့် ဥပမာနှိုင်းခိုင်းတော်မူ၏။ ခြင်္သေ့ သစ် ကျား ဆင်စသောသတ္တဝါတို့တွင် နွားမသည် သည်းခံနိုင်မှု အနည်းဆုံးဖြစ်၏။ မူလက သည်းခံ နိုင်မှု နည်းပါးသော နွားမသည် အရေခွံခွါ ထားပြီးနောက် ရောက်လေရာတိုင်း ထိလေ ရာတိုင်း၌ ပိုးမွှားများ ဝိုင်းအုံကိုက်ခဲမှု ခံနေ ရသကဲ့သို့ ဖဿသည် လောကီအာရုံနှင့် တွေ့ ထိလေတိုင်း ဒုက္ခသာဖြစ်ရ၏။ မကောင်းသော အာရုံ ကြမ်းတမ်းသောအာရုံများနှင့် တွေ့ထိမှု ဖဿဖြစ်လျှင် အမျက်ထွက်မှု စိတ်မချမ်းသာမှု စိုးရိမ်ကြောက်လန့်မှုစသော ဆင်းရဲ ခြင်းဖြစ်၏။ ကောင်းသောအာရုံနှင့် တွေ့ထိမှု ဖဿဖြစ်လျှင် ထိုအာရုံကို ရယူပိုင်ဆိုင်ရန် ကြိုးပမ်းမှု, ထိုအာရုံကို မတွေ့ရသောအခါ ထိုအာရုံ ပျောက်ကွယ်ဆုံးရှုံးသွားသောအခါ ကိုယ်စိတ်နှစ်ပါး ဆင်းရဲကြရ၏။ မသိမမြင်ကြသော ပုထုဇဉ်တို့သည် ထိုထိုအာရုံနှင့် ထိမှုဖဿများ ဖြစ်ပေါ်စေရန် လုံ့လကြိုးကုတ် အားထုတ် နေကြသော်လည်း အမြင်မှန်ရ ပုဂ္ဂိုလ်များသည်ကား ဖဿကို ဘေး အန္တရာယ်ကြီးတစ်ခုဟု မြင်တော်မူကြ၏။ ထိုဖဿာဟာရ၏ အကြောင်းတရားကား တဏှာ သာလျှင်ဖြစ်၏။ အောက်ထစ်ဆုံး ပဋိသန္ဓေ ဝိညာဏ်၌ ယှဉ်သော ဖဿသည်ပင်လျှင် အတိတ်ဘဝ တဏှာ အကြောင်းရင်းခံ၏။ ထိုတဏှာချုပ်လျှင် ဖဿချုပ်၏။ ဖဿချုပ်လျှင်ဝေဒနာစသောအကျိုး အဆက်ဆက် မဖြစ်တော့၍ ခန္ဓာချုပ်ငြိမ်း ဘဝဇာတ် သိမ်းလေ ပြီဖြစ်၍ ပြုဖွယ်ကိစ္စ မရှိတော့ပြီ [၂၅][၂]

ဖဿကြောင့် စစ်ပွဲကြီးများ ဖြစ်ရခြင်း ပြင်ဆင်ရန်

ကောင်းမြတ်သော အဆင်းရူပါရုံစသည်နှင့် တွေ့ထိမှု ဖဿဖြစ်သောအခါ သာယာသော ခံစားမှု သုခဝေဒနာဖြစ်၏။ မကောင်းသော အဆင်းရူပါရုံစသည်နှင့် တွေ့ထိမှုဖဿ ဖြစ်သောအခါ မသာယာသောခံစားမှု ဒုက္ခဝေဒနာဖြစ်ရ၏။ ထိုသာယာသောခံစားမှု သုခ ဝေဒနာကို ပြင်းစွာတပ်မက် စွဲလမ်းခြင်း တဏှာဖြစ်၏။ မသာယာသော ခံစားမှု ဒုက္ခဝေဒနာ ဖြစ်ပေါ်ချိန်၌ ထိုဒုက္ခမှ လွတ်မြောက်လိုမှုနှင့် သုခဝေဒနာကို ပြင်းစွာ လိုလားတောင့်တမှုတဏှာဖြစ်၏။ ထိုတပ်မက် စွဲလမ်းမှု တဏှာကြောင့် မိမိနှစ်သက်သော ရူပါရုံစသော အာရုံပစ္စည်း ဝတ္ထုတို့ ရရှိရန် ရှာဖွေမှု(ပရိယေသန)ဖြစ်၏။ ထိုသို့ ရှာဖွေ မှုကြောင့် ထိုအာရုံ ပစ္စည်း ဝတ္ထုများကို ရခြင်း(ပဋိလာဘ)ဖြစ်၏။

ထိုရရှိလာသော အာရုံ ပစ္စည်းဝတ္ထု အစုစုတို့ကို ဤပစ္စည်းစုကား အဆင်းရူပါရုံ လှပမှု သာယာမှုအတွက် ဖြစ်လတ္တံ့။ ဤပစ္စည်းစုကား အသံသဒ္ဒါရုံကို သာယာမှု ခံစားမှုအတွက် ဖြစ်လတ္တံ့။ ဤ ပစ္စည်းစုကား ငါ့အတွက်၊ ဤပစ္စည်းစုကား သူတစ်ပါးအတွက်ဖြစ်လတ္တံ့။ ဤမျှသောပစ္စည်းကို သုံးဆောင်အံ့၊ ဤမျှသောပစ္စည်းကို သိုးမှီးသိမ်းဆည်းထားအံ့ စသည်ဖြင့် ကြံစည်ဆုံးဖြတ်မှု (ဝိနိစ္ဆယ)ဖြစ်၏။ ထိုသို့ ဆုံးဖြတ်ပြီးသောအခါ မိမိသုံးဆောင် ခံစားမည့် ပစ္စည်း ဝတ္ထုများ၊ သိုမှီးသိမ်းဆည်းထားမည့် ပစ္စည်း ဝတ္ထုများအပေါ်၌ တွယ်တာတပ်မက်မှု(ဆန္ဒ ရာဂ)ဖြစ်၏။ ထိုသို့ တွယ်တာ တပ်မက်အပ်သော ပစ္စည်းဝတ္ထုတို့ကို ငါ့ပစ္စည်း ငါပိုင်ဟု အပြီးအပိုင် သိမ်းပိုက်မှု (ပရိဂ္ဂဟ) ဖြစ်၏။ ထိုသို့ ငါပိုင် သိမ်းပိုက်ပြီးသော ပစ္စည်းတို့ကို အခြားသူတို့နှင့် ဆက်ဆံမည်ကို သည်းမခံနိုင်မှု၊ ဤမျှ ထူးခြား ကောင်းမွန်သော ပစ္စည်းဝတ္ထုတို့ကို မည်သူနှင့်မျှ ဝေခွဲ၍ မသုံးဆောင်လိုမှု၊ ငါတစ်ယောက်တည်း သုံးဆောင်မည် စသည်ဖြင့် နှမြော တွန့်တိုမှု၊ ဝန်တိုမှု (မစ္ဆရိယ) ဖြစ်၏။ ထိုသို့ နှမြောတွန့်တိုမှုကြောင့် ကျီကြ ဘဏ္ဍာတိုက် သေတ္တာ စသည်တို့တွင် ထည့်သွင်း ပိတ်ဆို့၍ စောင့်ရှောက်မှု (အာရက္ခ) ဖြစ်၏။ ထိုသို့ ပစ္စည်းဥစ္စာများကို ငါပိုင် သိမ်းဆည်း စောင့်ရှောက်ရာတွင် ခိုးသားဓားပြရန် ကာကွယ်ရန် ဒုတ် ဓား သေနတ်စသော လက်နက် စွဲကိုင်မှု၊ မိုက်ရိုင်းစော်ကားသော စကားများ ပြောဆိုမှု၊ လိမ်လည်မှု၊ ကုန်းတိုက်မှု၊ သူပိုင် ငါပိုင် ငြင်းခုန်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ၊ စစ်ပွဲကြီး ငယ်များ ဖြစ်ရလေသည်။ ပိုင်ဆိုင်မှုကို ချိုးဖောက် လုယက်သူနှင့် ပိုင်ဆိုင်မှုကို ခုခံ ကာကွယ်သူတို့၏ ရန်ပွဲ၊ နယ်မြေကျူးကျော်ရေး စစ်ပွဲများ၊ နယ်မြေ ပိုင်ဆိုင်မှုအတွက် ခုခံရေး စစ်ပွဲများ၊ ဝါဒစစ်ပွဲများစသည်ဖြင့် အာရုံကို တွေ့ထိမှု ဖဿတစ်ခုကို အရင်းခံပြု၍ အတိုင်း မသိသော ယုတ်မာမှု အကုသိုလ်တရားများ ဖြစ် ပေါ် လာလေ တော့သည် [၂၆][၂]

ဖဿကြောင့် ဒိဋ္ဌိဖြစ်ပုံ ပြင်ဆင်ရန်

အတွေးအခေါ် အယူအဆ ခံယူချက်များကို ဒိဋ္ဌိဟု ခေါ်ရလေသည်။ ထိုဒိဋ္ဌိဝါဒများကား အကြောင်း နှင့် အကျိုးသည် နှစ်ခုမပြား တစ်ခုတည်းသာ ဖြစ်၏(ဧကတ္တဝါဒ)။

အကြောင်းနှင့် အကျိုးသည် တစ်စုံတရာ ဆက်စပ်မှုမရှိ၊ကြောင်း ကျိုးဆက်စပ်မှု သဘောမရှိ၊ တသီးတခြားစီ အဆက်အစပ်မရှိ ဖြစ်နေကြသည် (နာနာတ္တဝါဒ)။

အရာရာကို ထာဝရဘုရား ဖန်ဆင်းသည် (ဣဿရနိမ္မာနဝါဒ)။

ခန္ဓာကိုယ် ပျက်စီးသေဆုံးသော်လည်း အသက်ဝိညာဉ်ကောင်သည် သေဆုံးခြင်းမရှိ။ ဤဘဝမှ ထိုဘဝသို့ ပြောင်းရွှေ့နေသည်(သဿတဝါဒ)။

လူ့ဘဝ ဆိုသည်မှာ မိခင်ဝမ်းပိုက်မှ သင်္ချိုင်းအထိသာ ဖြစ်၍ သေလျှင် ပြတ်၏။ နောက်ဘဝမရှိ (ဥစ္ဆေဒဝါဒ) [၂၇]

ဤသို့ အစရှိသော ခံယူချက် ဒိဋ္ဌိဝါဒများသည် ဖဿကြောင့် ဖြစ်ပေါ်ရ၏။ သတ္တဝါတို့သည် ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့နှင့် တွေ့ထိမှု (ဖဿ)ဖြစ်သောအခါ ချမ်းသာမှု (သုခဝေဒနာ)၊ ဆင်းရဲမှ (ဒုက္ခဝေဒနာ)ဖြစ်၏။ ထိုအခါ ချမ်းသာမှုကို တပ်မက်စွဲလမ်းမှု၊ ဆင်းရဲခြင်းမှ လွတ်မြောက် လိုမှု တဏှာဖြစ်၏။ ထိုတဏှာအရင်းခံ၍ မိမိ ချမ်းသာ တည်မြဲရေး လက်မလွတ်ရေးကို အကူအညီ အကာအကွယ်ပေးမည့် အယူ အဆ ဝါဒတစ်ခုကို တွေးခေါ် ကြံစည် လေတော့၏။ ကုသိုလ်ကောင်းမှု များစွာပြုလုပ်ထားသူသည် မိမိ ပြုလုပ် ဆောင်ရွက်ချက်များကို ပျောက်ပျက် မသွားစေလိုပေ။ ဤကောင်းမှု အကြောင်းကြောင့် အနာဂတ်တွင် ကောင်း ကျိုးခံစားလိုသေး၏။ ထို့ကြောင့် အနာဂတ် ဘဝရှိခြင်းကို နှစ်သက်၏၊ အကြောင်းအကျိုး ဆက်စပ်မှုရှိခြင်းကို နှစ်သက်၏။ မကောင်း ဆိုးဝါး ယုတ်မာမှုကိုသာပြုသူသည် မကောင်း ကျိုးကို မခံစားလိုပေ။ ထို့ကြောင့် မကောင်း ကျိုးခံစားရမည့် နောက်ဘဝကို မလိုလားပေ။ အကြောင်းအကျိုး ဆက်စပ်မှုကို မလိုလား ချေ။ ထို့ကြောင့် မိမိ ကိုယ်ကျိုးရှိခဲ့ဘူးသော အရသာခံစားခဲ့ရဘူးသော အယူဝါဒ, ကိုယ်ကျိုး ရှိလိမ့်မည် အရသာ ခံရလိမ့်မည်ထင်သော အယူဝါဒများကို တီထွင်ကြံဆကြ၏။ လက်ခံ ယုံကြည်ကြ၏။ အယူဝါဒ မှန်သမျှသည် မိမိတွေ့ကြုံခဲ့ဘူးဝမျှ (ဖဿ)အပေါ်၌ အမှီပြုရ၏။ ဤသို့လျှင် အာရုံနှင့် တွေ့ထိမှု (ဖဿ)ကြောင့် ခံစားမှု ဝေဒနာဖြစ်၏။ ထိုဝေဒနာကြောင့် တဏှာဖြစ်၏။ ထိုတဏှာနှင့် တွဲဖက်၍ ဒိဋ္ဌိဖြင့် ရှုဆင်ခြင်သုံးသပ်သောအခါ ဒိဋ္ဌိ အယူဝါဒများ ပေါ်ပေါက် လာလေသည်။ ဖဿအရင်းခံသော ဝေဒနာကို ငမ်းငမ်းတက် စုံမက်သော တဏှာ၏ ပြင်းစွာမွတ်သိပ် လောင်မှုကြောင့် ဒိဋ္ဌိလှိုင်းဂယက်ထ၍ တုန်လှုပ်ခြင်းသာ ဖြစ်၏။ ထို့ကြောင့် ဖဿသည် ဒိဋ္ဌိဖြစ်ခြင်း၏ မူလအကြောင်းရင်း ဖြစ်လေသည် [၂၈] [၂]


ဖဿနှင့်ပဋိစ္စသမုပ္ပါဒ် ပြင်ဆင်ရန်

ဝိဘင်းပါဠိတော် ပဋိစ္စသမုပ္ပါဒ်ဝိဘင်း၌ ပဋိစ္စသမုပ္ပါဒ်ကြောင်း ကျိုးဆက်နည်းကို သုတ္တန်နည်း,အဘိဓမ္မာ နည်း နှစ်ပါးတို့ဖြင့် ဝေဖန်ဟောကြားတော်မူ၏။

သုတ္တန်နည်းဖြင့် ဝေဖန်ဟောကြားတော် မူရာ၌ “သဠာယတနပစ္စယာ ဖဿော” စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မန ဟူသော အာယတနခြောက်ပါးကြောင့် စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ ကာယသမ္ဖဿ, မနောသမ္ဖဿ ဟူသော ဖဿခြောက်ပါးတို့ ဖြစ်ပေါ်လာကုန်၏။

“ဖဿပစ္စယာ ဝေဒနာ”ထို ဖဿခြောက်ပါးကြောင့် ဒွါရခြောက်ပါး၌ ဝေဒနာ ခြောက်ပါးတို့ဖြစ်ပေါ် လာကုန်၏။ ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်ကြီး လည်ပတ်စေရန် ဖဿသည် အရေးကြီးသော ကွင်းဆက်တစ်ခု ဖြစ်လေသည် [၂၉]

ဤသို့ ကြောင်းကျိုးဆက်ပုံကို ထင်ရှားစေခြင်းငှါ အဋ္ဌကထာ၌ မီးပွတ်ကျည်ဥပမာဖြင့် ရှင်းပြထား၏။ မီးပွတ်ဆုံ၌ ကျည်ပွေ့တပ်၍ ပြင်းစွာဖိနှိပ်မှုကြောင့် မီးပွင့်မီးပွားပေါ်လာသကဲ့သို့ ဝတ္ထုအာရုံတို့ ထိခိုက်မှုကြောင့် ဖဿဖြစ် ပေါ်လာ၏။ ထိုမီးပွင့်မီးပွားကြောင့် ပူလောင်မှု ဖြစ်ရသကဲ့သို့ ဖဿကြောင့် ခံစားမှုဝေဒနာ ဖြစ်ပေါ်လာ၏ [၃၀]

အဘိဓမ္မာနည်းအားဖြင့် ဝေဖန် ဟောကြားရာ၌ “နာမပစ္စယာ ဖဿော” မနောဝိညာဏဓာတ်ဟူသော နာမ်တရားကြောင့် ဖဿဖြစ်၏။ “ဆဋ္ဌာယတနပစ္စယာ ဖဿော” မနာယတနကြောင့် ဖဿဖြစ်၏။ “ဝေဒနာ ပစ္စယာ ဖဿော” ဝေဒနာကြောင့် ဖဿဖြစ်၏။ “ဖဿပစ္စယာ နာမံ” ဖဿကြောင့် မနောဝိညာဏဓာတ် ဖြစ်ပေါ်၏။ “ဖဿပစ္စယာ ဆဋ္ဌာယတနံ”ဖဿကြောင့် မနာယတန ဖြစ်ပေါ်၏။ “ဖဿပစ္စယာ ဝေဒနာ” ဖဿကြောင့် ဝေဒနာ ဖြစ်ပေါ်၏။ ဤသို့ အပြန် အလှန် အကျိုးဆက်စပ် ဟောကြားတော်မူ၏၊ [၃၁]

ဤသို့ သုတ္တန်နည်းနှင့် အဘိဓမ္မာနည်း ကွဲပြားရခြင်းမှာ သုတ္တန်နည်းသည် စိတ္တက္ခဏအားဖြင့် ရှေ့နောက်ကာလ ကွဲပြားသော တရားများကို အကြောင်းအကျိုး ဆက်ပြခြင်းဖြစ်၍ အဘိဓမ္မာနည်းသည် စိတ္တက္ခဏတစ်ခုအတွင်း၌ တကွဖြစ်ဖော် ဖြစ်ဖက် ယှဉ်ဖော်ယှဉ်ဖက်တရားများကိုအနုစိတ်အားဖြင့် အကြောင်းအကျိုး ဆက်စပ်ပြခြင်းကြောင့် နည်းနှစ်ပါး မတူကွဲပြားရခြင်း ဖြစ် လေသည် (အဘိ၊ဋ္ဌ၊၂၊၁၈၉။ မူလဋီ၊၂၊၁၃၃)။ အဘိဓမ္မာနည်းအားဖြင့် အနုစိတ်ကာ အကြောင်းအကျိုးဆက်ပုံကို ပို၍ရှင်းလင်း စေရန် ပဋ္ဌာန်းပစ္စည်းကျေးဇူးပြုပုံကိုပြဦးအံ့။ [၂]

ဖဿနှင့်ပဋ္ဌာန်း ပြင်ဆင်ရန်

သဠာယတနပစ္စယာ ဖဿော၌ ပဋ္ဌာန်းနည်း ကြောင်းကျိုးဆက် စပ်ဟန်ကား မဇ္ဈိမာယုကဖြစ်၍ အတီတဘွင် နှင့် ဥပါဒ်ပြိုင်သော (စက္ခုဝတ္ထု) စက္ခုပသာဒ ရုပ်သည် စက္ခုဝိညာဏ်စိတ်နှင့် ယှဉ်သော ဖဿအား နိဿယ, ပုရေဇာတ, ဣန္ဒြိယ ဝိပ္ပယုတ္တ, အတ္တိ, အဝိဂတဟူ၍ ပစ္စယသတ္တိ ခြောက်ပါးတို့ဖြင့် ကျေးဇူးပြု၏။ သောတ, ဃာန, ဇိဝှါ, ကာယပသာဒတို့၌လည်း ဤ နည်းတူ သိအပ်၏။ မနာယတနဖြစ်သော လောကီဝိပါက်စိတ်သည် သမ္ပယုတ်ဖြစ်သော မနောသမ္ဖဿအား သဟဇာတ, အညမည, နိဿယ, ဝိပါက, အာဟာရ, ဣန္ဒြိယ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတဟူ၍ ပစ္စယသတ္တိ ကိုးပါးတို့ဖြင့် ကျေးဇူးပြု၏။ ပစ္စုပ္ပန်ရူပါရုံသည် စက္ခုသမ္ဖဿအား အာရမ္မဏ, ပုရေဇာတ, အတ္ထိ, အဝိဂတဟူ၍ ပစ္စယသတ္တိလေးပါးတို့ဖြင့် ကျေးဇူးပြု၏။ သဒ္ဒါရုံစသည်၌လည်းဤ နည်းအတူပင် သိအပ်၏။ ပစ္စုပ္ပန်ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ ဖောဋ္ဌဗ္ဗာရုံ နိပ္ဖန္နရုပ် ဓမ္မာရုံတို့သည် မနောသမ္ဖဿအား အာရမ္မဏ, ပုရေဇာတ, အတ္ထိ, အဝိဂတ ဟူသော ပစ္စယသတ္တိလေးပါးတို့ဖြင့် ကျေးဇူး ပြု၏။ အတိတ် အနာဂတ် ကာလဝိမုတ်ဖြစ်သော အာရုံခြောက်ပါးသည် မနောသမ္ဖဿအား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ သဠာယတနကြောင့် ဖဿဖြစ်သည်ဟုဆိုရာ၌ အာယတနအားလုံးကြောင့် ဖဿတစ်ခုဖြစ် ပေါ်လာသည်လည်း မဟုတ်၊ အာယတန တစ်ပါးတည်းကြောင့် ဖဿခြောက်ပါးလုံး ဖြစ်ပေါ် နိုင်သည်လည်း မဟုတ်၊ အာယတန အများကြောင့် ဖဿတစ်ပါးပါး ဖြစ်ပေါ်လ ခြင်းသာတည်း။ [၂]

ဖြစ်ပေါ် လာပုံမှာ ပြင်ဆင်ရန်

စက္ခာယတန, ရူပါယတန, စက္ခုဝိညာဉ်ဟု ဆိုအပ်သော မနာယတန, စက္ခုဝိညာဉ်စိတ်၌ ယှဉ်နေသော ဖဿကြဉ် ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြေ မနသိကာရ ဟူသော သမ္ပယုတ်ဓမ္မာယတနကြောင့် စက္ခု သမ္မဿ (စက္ခုဝိညာဉ်၌ယှဉ်သော ဖဿစေတသိက်) ဖြစ်ပေါ်လာသည်။ ကျန်ဖဿများ ဖြစ်ပေါ်လာပုံကို နည်းမှီး၍ သိပါ။ [၂]

ယင်းသို့ ဖြစ်ပေါ်လာရာ၌ ပဋ္ဌာန်းနည်း အရ အကြောင်းအကျိုးဆက်သွယ်ပုံမှာ ပြင်ဆင်ရန်

စက္ခာယတန, ရူပါယတနတို့က စက္ခုသမ္ဖဿအား ကျေးဇူးပြုပုံကို အထက်၌ ပြဆိုခဲ့ပြီး ဖြစ်ပေသည်။ စက္ခုဝိညာဉ်ဟူသော မနာယတနက စက္ခုသမ္ဖဿအား သဟဇာတ, အညမည, နိဿယ, ဝိပါက, အာဟာရ, ဣန္ဒြိယ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတဟူ၍ ပစ္စယသတ္တိ ကိုးပါးဖြင့် ကျေးဇူးပြုသည်။ သမ္ပယုတ်ဓမ္မာယတနက စက္ခုသမ္ဖဿအား အထက်ပါ ကိုး ပစ္စည်းနှင့် ကမ္မ ဤ ဆယ်ပစ္စယသတ္တိဖြင့် ယထာရဟ ကျေးဇူးပြုသည်။ ဖဿပစ္စယာ ဝေဒနာ၌ ပဋ္ဌာန်းပစ္စည်းဖြင့် ကျေးဇူးပြုဟန်ကား— စက္ခုသမ္ဖဿစသော ဖဿ ငါးပါးသည် မိမိ ယှဉ်ဘက်ဖြစ်သော ဝေဒနာငါးပါးအား သဟဇာတ, အညမည, နိဿယ, ဝိပါက, အာဟာရ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတဟူ၍ ပစ္စယသတ္တိရှစ်ပါးဖြင့် အသီးသီး ကျေးဇူးပြု၏။ စက္ခုသမ္ဖဿစသော ဖဿ ငါးပါးသည် သမ္ပဋိစ္ဆိင်း၌ ယှဉ်သော ဝေဒနာအား အနန္တ, သမနန္တရ, ဥပနိဿယ, နတ္ထိ, ဝိဂတဟူ၍ ပစ္စယသတ္တိငါးပါးတို့ဖြင့် ကျေးဇူး ပြု၏။ စက္ခုသမ္ဖဿ စသော ဖဿငါးပါးသည် သန္တီရဏ, တဒါရုံ၌ယှဉ်သော ဝေဒနာအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူး ပြု၏။ မနောဒွါရဝီထိ၌ တဒါရုံ၌ယှဉ်သော မနောသမ္ဖဿသည် ထိုတဒါရုံ၌ယှဉ်သော ဝေဒနာအား သဟဇာတ, အညမည, နိဿယ, ဝိပါက, အာဟာရ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတ ဟူသော ပစ္စယသတ္တိရှစ်ပါးတို့ဖြင့် ကျေးဇူး ပြု၏။ ပဋိသန္ဓေ, ဘဝင်, စုတိ စိတ်တို့၌ ယှဉ်သော မနောသမ္ဖဿသည် မိမိယှဉ်ဖက် ဝေဒနာအား ထိုနည်းအတူ ရှစ်ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ မနောဒွါရာဝဇ္ဇန်း၌ ယှဉ်သောမနောသမ္ဖဿသည် တဒါရုံ၌ယှဉ်သော ဝေဒနာအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ဤကား နည်းရရုံမျှ သဲလွန်စ ပြခြင်း ဖြစ်၏ [၃၂][၂]

ဖဿကြောင့်သံသရာရှည်ပုံ ပြင်ဆင်ရန်

ဝတ္ထုအာရုံ ဝိညာဏ်သုံးပါးတို့ ပေါင်းဆုံထိခိုက်မှု ဖြစ်လတ်သော် ခံစားမှု (ဝေဒနာ)ဖြစ်၏။ ဝေဒနာဖြစ်လတ်သော် သာယာတပ်မက်မှု (တဏှာ)ဖြစ်၏။ ထိုတပ်မက်မှုတဏှာကြောင့် ပြင်းစွာစွဲလမ်းမှု ဥပါဒါန်ဖြစ်၏။ ထိုဥပါဒါန်ကြောင့် အာရုံများကို တွေ့ထိခံစားနိုင်ရေးအတွက် ကောင်းကောင်းဆိုးဆိုး ကံအမျိုးမျိုးကို ပြု၏။ ထိုကံကြောင့် ဘဝသစ်၌ ဆက်ကာ ဆက်ကာ ဖြစ်ရပြန်၏။ ထိုကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကြောင်းရင်းကား ဖဿ ပင်တည်း။ ဖဿချုပ်လျှင် ကံလည်းချုပ်၍ သံသရာပြတ်တော့၏ (အံ၊၂၊၃၆၃)။ ထိုထို အာရုံဝတ္ထုနှင့် ထိုထိုဘုံဘဝကို ရရန်အတွက် စေ့ဆော်အားထုတ်မှု စေတနာကံသည် တဏှာ အရင်းခံ၍ဖြစ်၏။ ထိုတဏှာခေါ် ကာမရာဂသည် အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ကာမဂုဏ်ငါးပါးကို စွဲလမ်းတပ်မက်၏။ ထိုသို့ စွဲလမ်းတပ်မက်မှု တဏှာရာဂသည် ဖဿလျှင် အကြောင်းရင်းရှိ၏။ လောကီအာရုံနှင့်တွေ့မှု ဖဿဖြစ်လတ်သော် တဏှာရာဂဖြစ်၏။ ဖဿ ချုပ်သော် တဏှာရာဂချုပ်၏[၃၃]

တဏှာဖြင့် တပ်မက်စွဲလမ်းစေရန် သညာက အမျိုးအမည်ခွဲခြားကာ နာမည်အသီးသီး တပ်ပေး၏။ ဤကား ယောကျ်ား, ဤကား မိန်းမ, ဤကား သား, ဤကား မယားဟု အမည်တပ်ကာ အမျိုးအစားခွဲပေး၏။ ထိုသညာဖြစ်ပေါ်ရန် အကြောင်းရင်းကားဖဿ ပင်တည်း။ ဖဿချုပ်သော် သညာချုပ်၏။ သညာချုပ်သော် တဏှာချုပ်၍ ဘဝဇာတ် သိမ်းလေပြီ [၃၄]

တဏှာဖြင့် စွဲလမ်းတပ်မက်ခြင်း, သညာဖြင့် မှတ်သား၍ အမည်အမျိုးမျိုး တပ်ခြင်းသည် ခံစားမှု ဝေဒနာကြောင့် ဖြစ်၏။ ထိုဝေဒနာ၏ အကြောင်းကား ဖဿတည်း။ ဖဿချုပ်လျှင် ဝေဒနာချုပ်၏။ ဝေဒနာချုပ်လျှင် တဏှာဥပါဒါန်ဘဝစသည်တို့ ချုပ်ငြိမ်း၍ ဝဋ် ဆင်းရဲကုန်ဆုံးလေပြီ [၃၅]

အာရုံကို တွေ့ထိမှု ဖဿအရင်းခံ၍ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာတို့ ဖြစ်ရ၏။ သုခဝေဒနာကို သာယာစွဲလမ်းသော သူအား ရာဂါနုသယဖြစ်၏။ ဒုက္ခဝေဒနာ ခံစားရသောအခါ စိုးရိမ်ပင်ပန်းရ၏။ ရင်ဘတ် စည်တီး ငိုကြွေး၏။ တွေဝေ၏။ ထိုသူအား ပဋိဃာနုသယဖြစ်၏။ ဥပေက္ခာဝေဒနာ ခံစား ရသောအခါ၌ ထိုဥပေက္ခာဝေဒနာ၏ ဖြစ်ကြောင်းကို၎င်း၊ ချုပ်ကြောင်းကို၎င်း၊ သာ ယာဖွယ်ကို၎င်း၊ အပြစ်ကို၎င်း၊ ထွက်မြောက်ရာကို၎င်း၊ ဟုတ်တိုင်းမှန်စွာမသိ၊ ထိုသူအား အဝိဇ္ဇာနုသယဖြစ်၏။ ဤရာဂါနုသယ, ပဋိဃာနုသယ, အဝိဇ္ဇာနုသယတို့ကို နုတ်ပယ်ခြင်းမပြုနိုင်လျှင် ဝဋ်ဆင်းရဲ၌ ရှည်ကြာဦး မည်သာဖြစ်၏ [၃၆]

ဖဿ၌ တပ်မက်မှု တဏှာရာဂရှိငြားအံ့။ ဝိညာဏ်သည် ထိုဖဿ၌ ထောက်တည်ရာရ၍ စည်ပင်ကြီး ပွား၏။ ထိုအခါ နာမ်ရုပ်နှစ်ပါး ဖြစ်ပေါ်၏။ ထိုနာမ်ရုပ်နှစ်ပါး၌ စေတနာကံသင်္ခါရတို့ တိုးပွားလာ၏။ ကံသင်္ခါရတို့ တိုးပွားလျှင် နောက်ဘဝ၌ ပဋိသန္ဓေနေမှု အိုမှုနာမှု သေမှု စသည်တို့ ဖြစ်ပေါ်၏။

ဥပမာကား ပန်းချီဆရာသည် အရုပ်ရေးရန် နံရံပျဉ်ချပ် အဝတ်စသော အောက်ခံ ကားချပ် ရှိပါမှ ဆေးရောင်စုံဖြင့် ယောက်ျားရုပ် မိန်းမရုပ်စသည်တို့ကို ဖန်ဆင်းရေးချယ် နိုင်ပေလိမ့်မည်။ ဤနည်းအတူ ဖဿရှိပါမှ တဏှာဖြစ်မည်။ တဏှာဖြစ်မှ ဝိညာဏ်နာမ် ရုပ်စသော တရားများ ဆက်လက်ဖြစ်၍သံသရာစက်ကြီး လည်နိုင်ပေမည် [၃၇]

ဖဿကို ဟုတ်တိုင်းမှန်စွာ မသိသောကြောင့် ဖဿ၌ တပ်မက်၏။ တပ်မက်မှုနှင့် ယှဉ်၍ တွေဝေလျက် သာယာမှုကို ရှုမြင်နေ သောသူအား နောင်အခါ ဥပါဒါနက္ခန္ဓာ ငါးပါးတို့သည် ဆည်းပူးစုဆောင်းမိ၏။ ဘဝ သစ်ကို ဖြစ်စေတတ်သော တပ်မက်မှုတဏှာ ရာဂသည် တိုးပွားလာ၏။ ကိုယ်စိတ်နှစ်ပါး ပူပန်ဆင်းရဲခြင်းတို့သည် တိုးပွားကုန်၏[၃၈]

ဖဿက အာရုံကိုတွေ့ထိမှုမပြုလျှင် ခံစားမှု (ဝေဒနာ), မှတ်သားမှု (သညာ) စေ့ဆော် (စေတနာ-ကံ), သာယာတပ်မက်မှု (တဏှာ)အစရှိသော သံသရာရှည်ကြောင်း နာမ်တရားအပေါင်းသည် ဖြစ်ပေါ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် “ဖဿသမုဒယာ သဗ္ဗေ ဓမ္မာ”ဟု ဟောတော်မူ၏[၃၉][၂]

ဖဿချုပ်က သံသရာပြုတ်ပုံ ပြင်ဆင်ရန်

ဖဿချုပ် က ဝေဒနာချုပ်၏။ ဝေဒနာချုပ်က တဏှာ, ဥပါဒါန်, ဘဝချုပ်ငြိမ်း၍ သံသရာဇာတ် သိမ်းလေပြီ [၄၀]

ဖဿ၌ တပ်မက်စွဲလမ်းမှု တဏှာရာဂ မရှိသောအခါ ဝိညာဏ်သည် ထောက်ရာတည်ရာ မရှိတော့ချေ။ ထိုအခါ နာမ်ရုပ်နှစ်ပါး ဖြစ် ပေါ်ခြင်း မရှိနိုင်။ စေတနာကံ သင်္ခါရတို့သည် တိုးပွားခြင်းမရှိ။ ထိုသို့ ကံသင်္ခါရတို့ တိုးပွားခြင်းမရှိလျှင် ဘဝသစ်၌ ဖြစ်ခြင်း နောက်ဘဝ၌ ပဋိသန္ဓေနေရခြင်း, အိုရခြင်း, သေရခြင်း, စသည်တို့ မဖြစ်တော့ချေ။ ဥပမာကား စုလစ်မွန်းချွန် အထွတ်တပ်ထားသော အိမ်၏အရှေ့ဘက် လေသာပြူတင်းပေါက်ကို ဖွင့်ထား၏။ အရှေ့မှ နေထွက်သောအခါ ပြတင်းပေါက်မှ ဝင်လာသော နေရောင်ခြည်သည် အနောက်ဖက်နံရံ၌တည်၏။ အကယ်၍ ထိုနံရံမရှိမူ ထိုနေရောင်သည် မဟာပထဝီ မြေကြီး၌တည်၏။ အကယ်၍ မြေကြီးမရှိမူ ရေ၌တည်၏။ အကယ်၍ ရေမရှိမူ ထိုနေရောင်သည် တည်ရာမရှိတော့ချေ။ ထို့အတူ ဖဿ မဖြစ်လျှင် တပ်မက်မှုရာဂမရှိ။ တပ်မက်မှု မရှိလျှင် ဝိညာဏ်, နာမ်ရုပ်, သင်္ခါရ, ဘဝသစ်၌ ဖြစ်ပေါ်မှုများ မရှိတော့ချေ [၄၁]

ထိုသို့ မူလအကြောင်းရင်းဖြစ်သော ချုပ်ငြိမ်းလျှင် အကျိုးဆက်ဖြစ်သော ဝေဒနာတဏှာ စသည်တို့ ချုပ်ငြိမ်းပုံကို ဤဥပမာဖြင့် သိအပ်၏။ ထင်းနှစ်ချောင်း ပွတ်တိုက်လျှင် အပူဓာတ် မီးဓာတ် ဖြစ်ပေါ်လာ၏။ ထိုထင်းနှစ်ချောင်းကို တခြားစီထားလျှင် အပူဓာတ် ချုပ်ငြိမ်းသွား၏။ ဤနည်းအတူ ဖဿမဖြစ်လျှင် ဝေဒနာ စသည်တို့လည်း မဖြစ်တော့ချေ [၄၂]

အင်္ဂုတ္တိုရ်ပါဠိတော် မဇ္ဈေသုတ်၌-ဖဿ၏ အစွမ်းဖြင့်ဖြစ်သော ပစ္စုပ္ပန်အတ္တဘောသည် တစ်ခုသောအဖို့ (အန္တ) မည်၏။ ဖဿလျှင် အကြောင်းရင်းရှိသော အနာဂတ် အတ္တဘောသည် နှစ်ခုမြောက်သောအဖို့ (အန္တ) မည်၏။ ဖဿ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကား ထိုနှစ်ခုသော အဖွဲ့၏ အလယ်တည်း။ ဤသို့ သိခြင်းသာ သစ္စာလေးပါးကို သိသည်မည်၏။ သစ္စာလေးပါးကို ပိုင်းခြားသိသူသည် ဤပစ္စုပ္ပန်ဘဝ၌ပင်လျှင် ဝဋ်ဆင်းရဲ ကုန်ဆုံးမှုကို ပြုသူဖြစ်၏ [၄၃]

ဝေဒနာသည် ဖဿကို စွဲ၍ဖြစ်၏။ ထိုဖဿသည်လည်း သဠာယတန စသော အကြောင်း တရားကို စွဲ၍ဖြစ်သော တရားတည်း။ အကြောင်းတရားတို့သည် ပြုပြင် စီရင်အပ်သော (သင်္ခတ) တရားတည်း။ ထို့ကြောင့် ဖဿသည် မမြဲသောတရား အနိစ္စဖြစ်၏။

အကြောင်းဖြစ်သောဖဿ မမြဲလျှင် အကျိုး ဖြစ်သော ဝေဒနာသည် အဘယ်မှာ မြဲအံ့ နည်း။ ဤသို့လျှင် ဖဿဝေဒနာတို့၏ မမြဲခြင်း၊ ပျက်စီးခြင်း၊ ချုပ်ငြိမ်းခြင်း၊ တပ်မက် ဖွယ်မရှိခြင်း၊ စွန့်ပစ်စရာမျှ ဖြစ်ခြင်းကို ရှုဆင်ခြင်သော ယောဂီပုဂ္ဂိုလ်အား ဖဿဝေဒနာတို့၌ တပ်မက်မှု (ရာဂါနုသယ), မကျေနပ်မှု (ပဋိဃာနုသယ) တွေဝေမှု (အဝိဇ္ဇာနုသယ)တို့ကို ပယ်နိုင်၏။ ထိုပုဂ္ဂိုလ်သည် ဤခန္ဓာ ကိုယ် ပျက်စီးသေဆုံးသောအခါ ဤဘဝ၌ပင်လျှင် အလုံးစုံသော ဝေဒနာတို့သည် ချုပ်ငြိမ်းလေပြီ [၄၄]

ဤသို့လျှင် ဖဿချုပ်ငြိမ်းက ဝဋ်ဒုက္ခ ကုန်ဆုံး၍ သံသရာ ဆိတ်သုဉ်းလေတော့၏။ [၂]

ဖဿနှင့် ပရိညာသုံးပါး ပြင်ဆင်ရန်

ဤသို့ သံသရာ ကုန်ဆုံးစေလိုလျှင် ဖဿချုပ်ငြိမ်း အောင် အားထုတ်ရမည်။ ဖဿချုပ်ငြိမ်းစေလိုလျှင် ထိုဖဿကို ဉာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာ သုံးပါးတို့ဖြင့် ပိုင်းခြား၍ သိရမည်။ အလုံးစုံသောရုပ်တရား နာမ်တရားတို့ကို လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်အားဖြင့်၎င်း၊ ပဋိစ္စသမုပ္ပါဒ် အနုလောမ ပဋိလောမ နည်းအားဖြင့်၎င်း၊ ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းသည် ဉာတပရိညာ မည်၏။ ထိုနာမ်တရား ရုပ်တရားတို့ကို စူးစမ်းဆင်ခြင် သုံးသပ်သော ဉာဏ်သည် တီရဏပရိညာမည်၏။ ထိုနာမ်တရား ရုပ်တရား၌ တွယ်တာသော ဆန္ဒရာဂကို ပယ်ခွါသော မဂ်ဉာဏ်သည် ပဟာနပရိညာမည်၏။ [၂]

ဖဿ၌ ပရိညာသုံးပါးဖြစ်ဟန်ကား ပြင်ဆင်ရန်

ဖဿသည် သင်္ခါရက္ခန္ဓာဖြစ်၏။ ထိုဖဿနှင့် ယှဉ်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာဖြစ်၏။ သညာသည် သညာက္ခန္ဓာဖြစ်၏။ စိတ်သည် ဝိညာဏက္ခန္ဓာဖြစ်၏။ ထိုဖဿ ဝေဒနာစသည်တို့၏ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တရားတို့သည် ရူပက္ခန္ဓာမည်၏။ ဤခန္ဓာငါးပါးသည် အကျဉ်းအားဖြင့် နာမ်ရုပ်မည်၏။ ထိုနာမ်ရုပ် သဘောလက္ခဏာကို ပိုင်းခြား မှတ်သား၍ ထိုနာမ်ရုပ်၏ အကြောင်းအကျိုး ဆက်စပ်မှု (ပဋိစ္စသမုပ္ပါဒ်)ကို ရှုမြင်၏။ ဤသို့ ဖဿနှင့် ဆက်နွယ်၍ အလုံးစုံသော ရုပ်နာမ်တရားတို့ကို အကြောင်းနှင့်တကွ သိမြင်ခြင်းသည် ဉာတပရိညာ မည်၏။ ထိုနာမ်ရုပ်တို့ကို လက္ခဏာရေး သုံးပါးသို့တင်၍ အနိစ္စာနုပဿနာ, ဒုက္ခာနုပဿနာ, အနတ္တာနုပဿနာ, နိဗ္ဗိဒါနုပဿနာ, ဝိရာဂါနုပဿနာ, နိရောဓာနုပဿနာ, ပဋိနိဿဂ္ဂါနုပဿနာဟူ၍ အနုပဿနာ (၇)ပါးတို့ဖြင့် ရှုဆင်ခြင်သော ဉာဏ်သည် တီရဏပရိညာမည်၏။ ထိုရုပ်နာမ်၌ တွယ်တာ ငြိကပ်သော ဆန္ဒရာဂကို ပယ်ခွါသော အရဟတ္တမဂ်ဉာဏ်သည် ပဟာနပရိညာ မည်၏ [၄၅] [၂]


ကိုးကား ပြင်ဆင်ရန်

  1. ဖဿ (ပု) [ဖုသ+ဏ။ ဖုသတီတိ ဖဿော။ အာရမ္မဏံ ဖုသန္တိ ဧတေန, သယံ ဝါ ဖုသတိ ဖုသနမတ္တမေဝ ဝါ ဧတန္တိ ဖဿော။ အဘိ၊ဋ္ဌ၊၁၊၁၅၁။ ပဋိသံ၊ဋ္ဌ၊၁၊၇၄။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၀၃။ ရူ၊ နှာ။ ၃၅၇။ နီတိ၊ဓာ၊ ၁၈၉။ ဖုံသိယတေတိ ဖသော။ နိရုတ္တိ၊ နှာ။ ၅၃၄။]
  2. ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ ၂.၁၀ ၂.၁၁ ၂.၁၂ ၂.၁၃ ၂.၁၄ ၂.၁၅ ၂.၁၆ ၂.၁၇ ၂.၁၈ ၂.၁၉ ၂.၂၀ ၂.၂၁ ၂.၂၂ ၂.၂၃ ၂.၂၄ ၂.၂၅ ၂.၂၆ ၂.၂၇ ၂.၂၈ ၂.၂၉ တိပိဋကအဘိဓာန် အတွဲ-၁၅
  3. (အနုဋီ၊၁၊၉၃။)
  4. း(အဘိ၊ဝတာရ၊ဋီ၊သစ်၊၁၊၂၉၁။)
  5. (အဘိ၊ဋ္ဌ၊၁၊၁၅၁)
  6. (အနုဋီ၊၁၊၉၃)
  7. (အဘိ၊ဋ္ဌ၊၁၊ ၁၅၁-၂။ အဘိ၊ဝတာရ၊၂၁။ မူလဋီ၊၁၊၈၆။ အနုဋီ၊၁၊၉၃။ အဘိ၊ဝတာရ၊ဋီ၊သစ်၊ ၂၉၀။ ဝိဘာဝိနီ၊၁၀၅)
  8. (အဘိ၊ဋ္ဌ၊၂၊၁၂၉၊ ၁၆၇)။
  9. (ဒီ၊၂၊၄၈။ ဒီ၊ဋ္ဌ၊၂၊၈၇)
  10. (မ၊၁၊၆၄-စသည်)
  11. (အဘိ၊ဋ္ဌ၊၂၊၁၆၈။ မ၊ဋ္ဌ၊၁၊၂၂၆)
  12. (အဘိ၊ဋ္ဌ၊၂၊၁၆၉)
  13. (အဘိ၊ဝိ၊ မြန်၊ ၁၈၂)
  14. (အဘိ၊ဋ္ဌ၊၁၊၂၀၅)
  15. (အဘိ၊ဋ္ဌ၊၁၊၁၅၀-၁။ အဘိ၊ဝတာရ၊၂၁)။
  16. (မူလဋီ၊၁၊၈၆။ ဒီ၊ဋီ၊၁၊၁၈၂။ သီ၊ဋီ၊သစ်၊၁၊၄၆၀)
  17. (သံ၊၂၊၄၁၆)။
  18. (မ၊၃၊၆၇)
  19. (ဒီ၊၃၊၂၅၄။ သံ၊၁၊၃၅၇-၉။ ပဋိသံ၊၈၄)
  20. (မ၊ဋ္ဌ၊၁၊၂၂၇)။
  21. (မ၊၁၊၅၉။ မ၊ဋ္ဌ၊၁၊၂၁၃)။
  22. (အံ၊၃၊၁၅၃၊ ၂၄၁)
  23. (မ၊၁၊၅၉)
  24. (သံ၊၁၊၃၂၃)
  25. (မ၊ဋ္ဌ၊၁၊၂၁၂-၈။ သံ၊ဋ္ဌ၊၂၊၂၃၇။ ပရမတ္ထဒီပနီ၊၃၄၉။ ပရမတ္ထသံခိပ်ဋီကာ၊ ဒုတိယ။ ၃၀၅-၆)
  26. (ဒီ၊၂၊၅၀။ သုတ္တနိ၊၄၁၃-၅။ ဒီ၊ဋ္ဌ၊၂၊၉၁။ မဟာနိ၊၁၉၆၂၂၀)
  27. (ဝိသုဒ္ဓိ၊ဋီ၊၂၊၃၄၇-၈)
  28. (ဒီ၊၁၊၃၈၊ ၄၁။ ပဋိသံ၊၁၃၂။ ဒီ၊ဋ္ဌ၊၁၊၁၁၄။ ဒီ၊ဋီ၊၁၊၁၈၁။ သီ၊ဋီ၊သစ်၊၁၊၄၆၀-၃)။
  29. (အဘိ၊ဝိ၊၁၄၃)
  30. (အဘိ၊ဋ္ဌ၊၂၊၁၈၆)
  31. (အဘိ၊ဝိ၊၁၄၈)
  32. (အဘိ၊ဋ္ဌ၊၂၊၁၆၇-၁၇၀။ မူလဋီ၊၂၊၁၁၉-၁၂၀။ အနုဋီ၊၂၊၁၃၁-၂)
  33. (အံ၊၂၊၃၅၉)
  34. (အံ၊၂၊၃၆၁)
  35. (အံ၊၂၊၃၆၀)
  36. (မ၊၃၊၃၃၃။)
  37. (သံ၊၁၊၃၂၅)
  38. (မ၊၃၊၃၃၅)
  39. (အံ၊၃၊၁၅၃၊ ၂၄၁)
  40. (အဘိ၊ဝိ၊၁၀၉)
  41. (သံ၊၁၊၃၂၅)
  42. (သံ၊၂၊၄၁၆)
  43. (အံ၊၂၊၃၅၁။ အံ၊ဋ္ဌ၊၃၊၁၃၂)
  44. (သံ၊၂၊၁၄၅)
  45. (သံ၊ဋ္ဌ၊၂၊၁၀၃)။ (၂) အတွေ့အထိ၊ ဖောဋ္ဌဗ္ဗာရုံ။ (၁) သဠာယတနပစ္စယာ ဖဿော။ ဝိ၊၃၊၁။ ဒီ၊၂၊၂၇။ မ၊၃၊၁၀၉။ သံ၊၁၊၂၄၃၊ ၃၃၅။ အံ၊၁၊၁၇၇။ (၂) ဧဝံ ရူပါ ရသာ သဒ္ဒါ၊ ဂန္ဓာ ဖဿာ စ ကေဝလာ။ ဝိ၊၃၊၂၇၂။