(၅) သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် အညတရ နတ်သား၏ မေးမြန်းလျှောက်ထားချက်အရ တပ်နှစ်သက်မှု “နန္ဒီ”သည် လောကကို ဆက်စပ်အပ်၊ ဝိတက်သည် လောက၏ခြေတို့တည်း၊ တပ်မက်မှု “တဏှာ”ကို ပယ်ခြင်းကြောင့် အလုံးစုံသော ဆက်စပ်နှောင်ဖွဲ့မှုတို့ ပြတ်၏”ဟု အညတရနတ်သားအား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် ကောသလ ဘုရင်သည် ကြိုး, လက်ထိပ်, သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့ခံထားရသော လူတို့ အကြောင်းကို ရဟန်းတို့အား လျှောက်ထားခြင်းကြောင့် “သံ, သစ်သား, လျော် တို့ဖြင့်ပြုအပ်သော အနှောင်အဖွဲ့တို့ကို ခိုင်မြဲသောအနှောင်အဖွဲ့တို့ဟု ပညာရှိတို့ မမိန့်ဆိုကြကုန်၊ ကျောက်မျက်ရတနာ, နားချောင်း သားသမီး, ဇနီးမယားတို့၌ အလွန်အမင်း တပ်နှစ်သက်ခြင်း ငဲ့ကွက်ခြင်းတို့သည် အပါယ်သို့ဆောင်နိုင်သော, အဖြေရခက်သော မြဲမြံသောအနှောင်အဖွဲ့ဟူ၍ ပညာရှိတို့ မိန့်ဆိုကြကုန်၏။ ပညာရှိတို့သည် ထိုအနှောင်အဖွဲ့တို့ကိုဖြတ်လျှက် ကာမချမ်းသာကိုပယ်လျက် ငဲ့ကွက်ခြင်း မရှိကြကုန်ဘဲ လွတ်မြောက်တော်မူကြကုန်၏”ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် “အကြားအမြင် မရှိသော “အဿုတဝန္တပုထုဇဉ်ကို ခန္ဓာငါးပါးအနှောင်အဖွဲ့ဖြင့် အနှောင်အဖွဲ့ခံရသူ အတွင်း/အပြင်အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ ခံရသူ၊ ဤမှာဘက်ကမ်း ထိုမှာဘက်ကမ်းကိုလည်း မမြင်သူ, အနှောင်အဖွဲ့ခံနေရပါလျက် အိုရသူ, နာရသူ, သေရသူ, ဤလောကမှ တစ်ပါးသောလောကသို့ သွားရသူ-ဟူ၍ ကဏှပက္ခ ဒေသနာတော်ဖြင့်လည်းကောင်း၊ အကြားအမြင်များသူ “သုတဝန္တအရိယာသာဝကသည် ခန္ဓာငါးပါးအနှောင်အဖွဲ့ဖြင့် အဖွဲ့အတုတ် အနှောင်အဖွဲ့မခံရ-အစရှိသည်ဖြင့် သုက္ကပက္ခဒေသနာတော်ဖြင့်လည်းကောင်း ခန္ဓာတစ်ပါးစီ တစ်ပါးစီကို အကျယ်တဝင့် အနေအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက် အနည်းငယ်ပါရှိပါသည်။


[၄]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် ရဟန်းတို့အား ဘုရားရှင်က မိန်းမက ယောက်ျားတို့အားနှောင်ဖွဲ့ပုံ အနှောင်အဖွဲ့ ၈-မျိုးကို ဟောတော်မူသည့်သုတ်။


[၅] ဘုရားရှင်က ရဟန်းတို့အား ယောက်ျားက မိန်းမအားနှောင်ဖွဲ့သည့် အနှောင် အဖွဲ့ ၈-မျိုးကို ဟောတော်မူသည့်သုတ်။ [၆]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၃၅။ သံ၊မြန်၊၁၊၃၉။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၇-အဒ္ဓဝဂ္ဂ၊ ပဉ္စမသုတ်။
  2. -သံ၊၁၊၇၆-၇။ သံ၊မြန်၊၁၊၈၀-၁။ သံ၊ဋ္ဌ၊၁၊၁၃၄-၅။ သံ၊ဋီ၊၁၊၁၈၀-၁။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၃-ကောသလသံယုတ္တ၊ ၁-ပဌမဝဂ္ဂ၊ ဒသမသုတ်။
  3. -သံ၊၂၊၁၃၄။ သံ၊မြန်၊၂၊၁၂၅။ သံ၊ဋ္ဌ၊၂၊၃၀၅။ သံ၊ဋီ၊၂၊၂၅၉။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၁၂)၂-ဓမ္မကထိကဝဂ္ဂ၊ ပဉ္စမသုတ်။
  4. -အံ၊၃၊၃၈။ အံ၊မြန်၊၃၊၃၉။ အံ၊ဋ္ဌ၊၃၊၂၁၇။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၂-မဟာဝဂ္ဂ၊ သတ္တမသုတ်။
  5. -အံ၊၃၊၃၈။ အံ၊မြန်၊၃၊၃၉။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌမသုတ်။
  6. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ