ဗိုလ်စံဖဲ သည် မြန်မာနိုင်ငံတွင် နယ်ချဲ့အင်္ဂလိပ်အစိုးရလက်ထက်တွင် ပထမဆုံး ဆုတော်ငွေ အထုတ်ခံရသူ တစ်ဦး ဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

ဗိုလ်စံဖဲကို မြန်မာသက္ကရာဇ် ၁၂၆၇ ခုနှစ် တန်ခူးလပြည့်ကျော် ၁၀ ရက်နေ့ (၁၉၀၆ ခုနှစ် ဧပြီလ ၁၇ ရက်) အင်္ဂါနေ့တွင် သာစည်မြို့နယ် ဂုံညင်းနွယ်ဘွဲ့ခြားရွာ၌ အဘဦးဖိုးသိန်း၊ အမိဒေါ်စံမယ်တို့မှ ဖွားမြင်ခဲ့သည်။ ဦးဖိုးသိန်း ဒေါ်စံမယ်တို့တွင် သားသမီး ခုနစ်ယောက် (မသင်း၊ မအေးချမ်း၊ ကိုသူတော်၊ မစောခင်၊ ကိုစံဖဲနှင့် မစောရှင်) ရှိရာ ကိုစံဖဲမှာ နို့ညှာဖြစ်သည်။

ထို့နောက် မိဘများသည် ဂုံညင်းနွယ်ဘွဲ့ခြားရွာမှာ အရှေ့ဘက် မဲတောရွာသို့ ပြောင်းရွှေ့ခဲ့သည်။ စံဖဲ၏ ယောက်ဖ ကိုလုံးသည် သာစည်မြို့ သားရေကုမ္ပဏီပိုင်ရှင် ဂျာမန်အမျိုးသား မစ္စတာတရစ်ထံတွင် အလုပ်ဝင်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် မစ္စတာတရစ်က စံဖဲကို မွေးစား၍ ကျောင်းထားပေးသည်။ ၄ တန်းသာ နေခဲ့သည်။ စံဖဲကို မစ္စတာ တရစ်က အမဲလိုက်ရာသို့ ခေါ်၍ သေနတ်ပစ်သင်ပေးခဲ့ရာ များမကြာမီ စံဖဲသည် လက်ဖြောင့်သေနတ်သမားပမာ သေနတ်ပစ်ကျွမ်းကျင်သွားသည်။ ယင်းနောက် စံဖဲသည် မဲတောရွာမှ ဦးစံလှ ဒေါ်မယ်လှတို့၏ သမီး မသိန်းရင်နှင့် အိမ်ထောင်ကျခဲ့သည်။

စံဖဲဆုငွေထုတ်ခံရခြင်း ပြင်ဆင်ရန်

မသိန်းရင်သည် ရုပ်ရည်ချောမောလှပသဖြင့် ရွာ၏ ကွမ်းတောင်ကိုင်ဖြစ်သည်။ မသိန်းရင်ကို မဲတောရွာသူကြီး ဦးရာပိုင်၏ သား ငပုဆိုသူက တဖက်သတ်ချစ်ကြိုက်နေရာ မသိန်းရင်ကို စံဖဲလက်ထပ်ယူခဲ့သဖြင့် စံဖဲအပေါ် မကျေမနပ်ဖြစ်နေသူဖြစ်သည်။ ထိုစဉ်အတွင်း သာစည်မြို့တွင် ဓားပြမှုတစ်ခုတွင် ဓားပြများထံမှ တူမီးသေနတ်တစ်လက် သိမ်းဆည်းရမိသည်။ ထိုသေနတ်မှာ သားရေကုမ္ပဏီပိုင်ရှင် မစ္စတာတရစ် အိမ်မှ ပျောက်သွားသော သေနတ်ဖြစ်နေသည်။ ဤတွင် ငပုက နယ်ချဲ့ပုလိပ်နှင့်ပေါင်းကာ စံဖဲအား မသင်္ကာမှုဖြင့် ချောက်တွန်း၍ ထောင် ၆ လ ချလိုက်သည်။

စံဖဲထောင်ကျနေခိုက် ငပုက မသိန်းရင်အား အရယူလို၍ မသိန်းရင်၏ မိဘများကို အမျိုးမျိုးဒုက္ခပေး၍ နှိပ်စက်ခဲ့သည်။ နောက်ဆုံးတွင် မသိန်းရင်အား စံဖဲထံ ကွာရှင်းစာတောင်းခိုင်းပြီး မသိန်းရင်အား သိမ်းပိုက်လိုက်သည်။ မဲတောသူကြီးသား ငပုသည် စံဖဲထောင်ကျနေစဉ်အတွင်း အင်္ဂလိပ်အလိုတော်ရိ အရာရှိအချို့နှင့် ပူးပေါင်းကာ စံဖဲထောင်မှ ပြန်လွတ်ချိန်တွင် ပြန်လည်ဒုက္ခပေးမည့်ရန်မှ ကြောက်ရွံ့သည့်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် အက်တူးလူဆိုးစာရင်းဝင်ဖြစ်ရန် လာဘ်ပေးဖန်တီးထားသည်။ တဖန် စံဖဲအား မဲတောရွာ၌ ပြန်လည်နေထိုင်ခွင့်မပေးဘဲ သဲတောမြို့နယ် ဆူးပန်းကျေးရွာသို့ အက်တူးစာရင်းဝင်လူဆိုးအဖြစ် ပြောင်းရွှေ့ထားရန် စီမံထားခဲ့သည်။

ဤသို့ မတရားပြုခံရသဖြင့် စိတ်နာကြည်းနေသော စံဖဲသည် ထောင်မှလွတ်၍ သာဂရရွာရောက်နေသော စံဖဲအား ရာဇဝတ်အုပ် ဦးညီမောင်သည် ၁၉၂၆ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီး၍ စစ်ဆေးရန် သာဂရသူကြီး ဦးလာဘအိမ်သို့ ခေါ်ဆောင်လာသည်။ သူကြီးကတော် ဒေါ်နန်းနွယ်က ရာဇဝတ်အုပ်စားရန် မြေပဲလှော်နှင့် လက်ဖက်ရည်ကြမ်းချထားရာ စံဖဲက ကောက်ယူစားလိုက်ရာ ရာဇဝတ်အုပ် ဦးညီမောင်က တရားခံစားရန်မဟုတ်ဟု ငေါက်သဖြင့် စံဖဲသည် စိတ်မထိန်းနိုင်တော့ဘဲ သူနှင့် နှစ်တောင်ကွာလောက်တွင်ရှိသော ဓားကိုယူ၍ လက်ထိပ်ခတ်ထားသော လက်နှစ်ဖက်ဖြင့်စုံကိုင်၍ ဦးညီမောင်ကို ခုတ်သတ်လိုက်သည်။ အစောင့်အဖြစ် လိုက်ပါလာသော ပုလိပ်ငကြွယ်မှာလည်း စံဖဲ၏ဓားချက်မိ၍ ထွက်ပြေးသွားသည်။

ထိုနေ့မှစ၍ စံဖဲသည် ဝရမ်းပြေးတောပုန်းဖြစ်သွားလေ၏။ ထိုအခါ ဗန္ဓုလသတင်းစာတိုက်က အထူးသတင်းထောက်များလွှတ်၍ စံဖဲသတင်းကို ဗန္ဓုလတွင် အပတ်စဉ် တခမ်းတနား ထည့်သွင်းရာ စံဖဲသတင်းသည် ဟိုးလေးတကျော် ဖြစ်သွားတော့သည်။ အစိုးရက စစ်ပုလိပ်များလွှတ်ကာ စံဖဲကို ဖမ်းခိုင်းသည်။ မမိ။ ဖမ်းလေ၊ မမိလေဖြစ်၍ တဖြည်းဖြည်း ကြာလာသောအခါ စံဖဲသည် ဆုငွေ ၅၀၀၀ ထုတ်ထား ရသော ဝရမ်းပြေးတောပုန်းဖြစ်လာသည်။

သူရဲကောင်းစံဖဲ ပြင်ဆင်ရန်

ထိုသို့ စံဖဲသတင်းကြီးနေစဉ် ဗန္ဓုလသတင်းစာ၊ ဂျာနယ်တို့က "စံဖဲဒိုင်ယာရီ" ဟူ၍ လည်းကောင်း၊ "စံဖဲဇာတာဗေဒင်ဟောစတမ်း" ဟူ၍ တဖုံ စံဖဲသတင်းကို တခမ်းတနား ရေးကြလေသည်။ စံဖဲဓာတ်ပုံ၊ စံဖဲမိခင်ဓာတ်ပုံ၊ စံဖဲနေရစ်ခဲ့သော ကျောင်းပုံ စသဖြင့် စုံလှသည်။ ပုသိမ်ဦးဘသော် ဆိုသူကလည်း အင်္ဂလိပ်ဒဏ္ဍာရီပါ "တောပုန်းကြီးရော်ဘင်ဟု" အကြောင်းကို ဘာသာပြန်၍ ဗန္ဓုလသတင်းစာတွင် အပတ်စဉ်ထည့်ကာ စံဖဲကို ချီးမြှောက်ခဲ့ကြသည်။ ထိုမျှမကသေး ဗန္ဓုလသတင်းစာနှင့် ဂျာနယ်တိုက်ပိုင်ရှင် ဗန္ဓုလဦးစိန်က "သတိုးစိန်" ကလောင်ခွဲဖြင့် စံဖဲအကြောင်းကို ဝတ္ထုရေး၍ ချီးမြှောက်ခဲ့ပြန်သည်။ ဆရာကျင်ခဲ(ရွှေတိုင်ညွှန့်ဖခင်)နှင့် နန်းတော်ရှေ့ ဆရာတင်တို့ကလည်း စံဖဲသီချင်း ကိုရေး၍ တိုင်းပြည်ကို ဖြန့်လိုက်သေးသည်။ ဩ

ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် စံဖဲနှင့် ပတ်သက်သော "ပုံတော်နိုင်မော်ကွန်းဋီကာ" တွင်လည်းကောင်း၊ "တရုတ်ဒီပနီ ဆောင်ပါးများ" တွင်လည်းကောင်း စံဖဲအကြောင်း ဆောင်းပါးကို ရေးလေသည်။ ဆရာကြီးသည် ဓူဝံမဂ္ဂဇင်းတွင် "စုံတော်မူမှာတမ်း" အမည်ဖြင့် စံဖဲ၏ မျိုးရိုးနှင့် ပတ်သက်သော အကြောင်းကို ရေးသားခဲ့သည်။

ထိုအချိန်မှစ၍ စံဖဲသတင်းသည် မြန်မာတစ်နိုင်ငံလုံးတွင် ဟိုးလေးတကျော်ဖြစ်သွားသည်။ စံဖဲသည် သာဂရရွာမှ ထွက်ပြေးပြီး တောပုန်းဘဝဖြင့် တစ်ရွာတည်းသား ငနီ၊ ချစ်ကောင်း၊ ကံကြီးမောင်တို့နှင့်အတူ တောပုန်းဘဝဖြင့် အင်္ဂလိပ်အလိုတော်ရိလက်ပါးစေများအား ဒုက္ခအမျိုးမျိုးပေးတော့သည်။ ပုလိပ်စိန်ရိုး၏ မြင်းနှင့်သေနတ်အား အိမ်ပေါ်တက်သိမ်းခြင်း၊ နှမ်းကန်သူကြီး ဦးပန်းရည်၏ သေနတ်အား လုယူခြင်း စသည်များ ကို ဆက်တိုက်ပြုလုပ်ခဲ့သည်။

စံဖဲသည် မယားခိုးငပုအား သတ်ရန်အတွက် အတင့်ရဲစွာ သာစည်မြို့ပေါ်ထိ တက်ရောက်လာသည်။ စံဖဲသည် သာစည်နယ်ပိုင်ဝန် ထောက် ဦးအောင်ကျော် အိမ်ရှေ့အနီးမှ သေနတ်ပစ်ဖောက် ထွက်သွားလေ့ရှိသည်။ သတ္တိရှိပြီး လက်ဖြောင့်တပ်သားစံဖဲကို ပုလိပ်တို့က ထွက်၍ မတိုက်ဝံ့ဘဲဖြစ်နေသည်။ စံဖဲသည် မယားခိုးငပုအား မသတ်ရသောအခါ မဲတောရွာနေ ငပု၏ အစ်မတော်သူ မပုအား ၁၉၂၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ ညက သေနတ်ဖြင့် ပစ်သတ်သွားရာ ပုလိပ်တို့လည်း မျက်လုံးပြူးကြရသည်။ စံဖဲအား အမိဖမ်းနိုင်သူအား ဆုတော်ငွေ ၅၀၀၀ ကျပ် ထုတ်ထားသော်လည်း မည်သူမျှ မဖမ်းဝံ့ဘဲ ဖြစ်နေသည်။ ဤကဲ့သို့ ဆုတော်ငွေ ထုတ်ပြန်သည်ကို တန်ပြန်သည့်အနေဖြင့် စံဖဲကလည်း မယားခိုးငပုနှင့် သာစည်နယ်ပိုင်ဝန်ထောက်တို့၏ ဦးခေါင်းကို ရရှိအောင် မိမိအားကူညီလျှင် ဆုတော်ငွေ ၁၀၀၀ ကျပ်ပေးမည်ဟု (၁၀)တန်ငွေစက္ကူတွင်ရေး၍ သာစည်မြို့ပိုင်ရုံးတွင် ရဲရဲဝံ့ဝံ့ ကပ်ထားလေသည်။ ထိုအချိန်မှစ၍ စံဖဲက အင်္ဂလိပ်အစိုးရအား စိန်ခေါ်ရာမှ ဗိုလ်စံဖဲအမည်တွင်ခဲ့သည်။

တောပုန်းကြီးစံဖဲသည် တောပုန်းဘဝတွင် မဲတောရွာမှ ချစ်သူ မငွေနုအိမ်သို့ ညအခါ လာလေ့ရှိကြောင်း သတင်းရရှိထားသော မိတ္ထီလာအပိုင်မှ ရာဇဝတ်အုပ်ဝန်ထောက်ကလေး အောင်ကျော်မိုး၊ ရာဇဝတ်အုပ် ဦးရွှေခဲ၊ ရာဇဝတ်အုပ် ဦးရွှေအောင်နှင့် ပုလိပ်တပ်ဖွဲ့ဝင်များ သည် ၁၉၂၇ ခုနှစ် မတ်လ ၁၃ ရက်နေ့ ညတွင် မဲတောရွာသို့ စံဖဲအား ဖမ်းဆီးရန်ရောက်ရှိလာကြသည်။ မဲတောရွာရှိ ၎င်း၏ချစ်သူနေအိမ်သို့အလာ ပုလိပ်အဖွဲ့နှင့် ဗိုလ်စံဖဲတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ၊ ရာဇဝတ်ဝန်ထောက် အောင်ကျော်မိုးမှာ လက်တွင် သေနတ်ဒဏ်ရာ ရရှိပြီး ပုလိပ်တပ်သားချစ်မိုးမှာ ဗိုလ်စံဖဲလက်ချက်ဖြင့် သေဆုံးသွားလေသည်။ ဗိုလ်စံဖဲသည် မည်သည့်ဒဏ်ရာမှမရရှိဘဲ လွတ်မြောက်သွားသည်။ ဤသို့ဖြင့် ဗိုလ်စံဖဲသည် တောပုန်းဘဝဖြင့် ကျောက်ဆည်ခရိုင်ရမည်းသင်းခရိုင်မိတ္ထီလာခရိုင်အတွင်း သွားလာလှုပ်ရှားပြီး အင်္ဂလိပ်တို့၏ လက်နက်တုတ်ပုလိပ်တပ်ဖွဲ့အား နည်းမျိုးစုံဖြင့် ဒုက္ခပေးလေသည်။

ဗိုလ်စံဖဲသည် ဤကဲ့သို့ စစ်ပုလိပ်များ၊ စုံထောက်များ ဝန်းရံချထားသည့်ကြားမှ ရုပ်အမျိုးမျိုးပြောင်း၍ သာစည်မြို့ပေါ်တက်၍ ဆံပင်ညှပ်ခြင်း၊ လက်ဖက်ရည်သောက်ခြင်း၊ ညောင်ရမ်းဈေးသွားခြင်း၊ ရွှေဂူကြီးဘုရားပွဲလာခြင်း စသည်ဖြင့် ဝင်ရောက်သွားလာကာ ပုလိပ်များအား လက်တစ်လုံးခြားလှည့်စားသွားလေ့ရှိသည်။

ဗိုလ်စံဖဲသည် ၁၉၂၇ ခုနှစ် မတ်လ ၁၅ ရက်နေ့ညတွင် ရွှေရင်မျှော်ဘုရားပွဲသို့လာမည်ဖြစ်ကြောင်း ကြိုတင်သတင်းလွှင့်ထားသည်။ အစိုးရဘက်မှ ရွှေရင်မျှော်ဘုရားပွဲအတွင်း ပုလိပ်များထူထပ်စွာ လုံခြုံရေးချထားလိုက်သည်။ ဗိုလ်စံဖဲသည် ရုပ်ဖျက်၍ ရွှေရင်မျှော်ဘုရားအား အေးအေးဆေးဆေး ဖူးမြော်ကာ ပန်းဆီမီးကပ်လှူပူဇော်၍ ဘုရားရွှေချကာ ပြန်လည်ထွက်ခွာသွားရာ မည်သူမျှ မသိလိုက်ချေ။ ဗိုလ်စံဖဲသည် အဝေးရောက်မှ သေနတ်ဖောက်၍ အသံပေးမှ စံဖဲ ပွဲတော်တွင်းသို့ လာသွားကြောင်း ပုလိပ်တို့ သိရှိကြရသည်။

ဗိုလ်စံဖဲအား ထုတ်ပြန်ထားသော ဆုတော်ငွေကို မက်၍ လိုင်စင်သေနတ်ကိုင်ထားသူ ဝမ်းတွင်းမြို့မှ နယ်ချဲ့အစိုးရအလိုတော်ရိ ရှေ့နေ ဦးရွှေဗျိုင်းနှင့် စာရေးကြီး ဦးသက်ထွန်းတို့သည် စံဖဲအား ဖမ်းရန် သာဂရရွာမှ ဦးသက်ထွန်း၏ ညီတဝမ်းကွဲ ကိုကံစ၏အိမ်သို့ လာရောက် စုဝေးကြသည်။ ထိုနေ့ကား ၁၉၂၇ ခုနှစ် မေလ ၅ ရက်နေ့ဖြစ်သည်။ ထိုသတင်းကို ဗိုလ်စံဖဲကြားထားသည့်အတွက် ကိုကံစ၏ အိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ ရှေ့နေကြီး ဦးရွှေဗျိုင်းမှာ ဆုငွေမရလိုက်ဘဲ စံဖဲလက်ချက်ဖြင့် အသက်ပါသွားခဲ့သည်။ စာရေးကြီး ကိုသက်ထွန်း၊ ကိုကံစတို့မှာ ဒဏ်ရာရပြီး ကိုသက်ထွန်း၏ ဇနီး မပုမှာ အချောင်သေဆုံးသွားခဲ့လေသည်။

တောပုန်းကြီးဗိုလ်စံဖဲ၏ ရဲစွမ်းသတ္တိကြောင့် နယ်ချဲ့အစိုးရမှာလည်း သိက္ခာကျဆင်းပြီးရင်း ကျလာကာ လုံခြုံရေးပါ ထိခိုက်လာသဖြင့် သာစည်တွင် ပုလိပ်တပ်ဖွဲ့များစုပေါင်း၍ စီမံချက်ချကာ အမိအရ ဖမ်းဆီးရေးအတါက် မြင်းစီးပုလိပ်တပ်ဖွဲ့များဖြင့် တောနင်းပိုက်စိပ်တိုက် ရှာဖွေကြတော့သည်။

ဗိုလ်စံဖဲလွတ်မြောက်နေကာ အစိုးရအား အမျိုးမျိုးနှောင့်ယှက်နေသဖြင့် ကြွက်မနိုင်ကျီမီးနှင့်ရှို့ဆိုသလို စံဖဲဝင်ထွက်သွားလာရာ ကျေးရွာများကိုလည်း အစိုးရက အမျိုးမျိုးနှိပ်ကွပ်တော့သည်။ ဗိုလ်စံဖဲအား ဖမ်းဆီးနိုင်ရေးအတွက် ကျေးရွာများတွင် လာရောက်တပ်စခန်းချ နေသော စစ်ဗာရီစစ်ပုလိပ်များအတွက် ထင်း၊ ရေ၊ ကြက် ဟင်းချက်စရာ နေ့စဉ်ပေးပို့နေရရုံမျှမက လှည်းကူလီ၊ လူကူလီလိုက်ရလွန်းသဖြင့် ကျေးရွာသားတို့သည် မိမိအလုပ်ကိုမိမိ မလုပ်နိုင်တော့ချေ။ ထို့အပြင် ဗိုလ်စံဖဲထွက်ပြေးလွတ်မြောက်သွားခြင်းသည် သာဂရရွာသားများ သူကြီးကို အကူအညီမပေးခြင်းကြောင့်ဟု ဆိုကာ ကျေးရွာအက်ဥပဒေပုဒ်မ (၁၃)အရ တရွာလုံးကို ဒဏ်ငွေ ၆၆၅ ကျပ် ဒဏ်ရိုက်တော့သည်။

ဗိုလ်စံဖဲ၏ဘဝနိဂုံး ပြင်ဆင်ရန်

၁၉၂၇ ခုနှစ် ဩဂုတ်လ ၂၅ ရက် ကြာသပတေးနေ့ကျပ် သာစည်မြို့နယ် မောင်းမဆည်ရွာအနီး တောထဲတွင် သေနတ်ခေါင်းအုံး၍ ငှက်ဖျားရောဂါဖြင့် လဲနေသော ဗိုလ်စံဖဲကို အစိုးရတပ်များက တောနင်းရှာဖွေရာ ရှာမတွေ့ဘဲဖြစ်နေရာ ဗိုလ်စံဖဲက ပုလိပ်ကို လက်ယပ်ခေါ်ပြီး 'ငါစံဖဲဖြစ်တယ်' ဟု သူကိုယ်တိုင် အဖမ်းခံရမှ ဖမ်းမိတော့သည်။ အစိုးရအစွမ်းကြောင့် ဖမ်းမိခြင်းမဟုတ်ဘဲ ငှက်ဖျားရောဂါကြောင့်သာ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

တောပုန်းကြီးဗိုလ်စံဖဲ၏ အမှုကို မိတ္ထီလာမြို့တရားရုံးတွင် တရားသူကြီး မစ္စတာမက်ကနော ဦးဆောင်၍ တစ်နှစ်ကြာ စစ်ဆေးခဲ့သည်။ တောပုန်းကြီးဗိုလ်စံဖဲအမှုတွင် ပါဝင်ခဲ့သော ကံကြီးမောင်နှင့်ငနီတို့ကို အားပေးကူညီပူးပေါင်းမှုဖြင့် ထောင်ဒဏ် (၄၁) နှစ်စီ ကျခံရန် စီရင်ချက်ချခဲ့သည်။ နောက်ပိုင်း အယူခံဝင်၍ ကံကြီးမောင်အား ထောင်ဒဏ်တသက်တကျွန်း (နှစ် ၂၀) ပြောင်းလဲသတ်မှတ်ပေး ခဲ့သည်။

ဗိုလ်စံဖဲအား ပြစ်မှုထင်ရှားသည်ဟုဆိုကာ ၁၉၂၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် အသက် ၂၂ နှစ်အရွယ် ဗိုလ်စံဖဲအား နံနက် ၆ နာရီခွဲအချိန်တွင် မြင်းခြံထောင်ကျပ် ကြိုးပေးကွပ်မျက်လိုက်လေသည်။[note ၁]

မှတ်စု ပြင်ဆင်ရန်

  1. ဇွဲသန်းသျှင် (သုံးဆယ်) ရေးသားသော "ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့်တောပုန်းကြီစံဖဲ" ဆောင်းပါး (မော်နီတာဂျာနယ် ၁၉-၆-၂၀၁၁) ၌ ၁၉၂၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ဟူ၍လည်းကောင်း၊ သမိုင်းသုတေသနဦးစီးဌာနမှ ထုတ်ဝေသော "မြန်မာ့ရက်စဉ်သမိုင်း" ပထမတွဲ စာမျက်နှာ ၂၅၂ ၌ ၁၉၂၈ ခုနှစ် ဧပြီလ ၁ရက်နေ့ဟူ၍လည်းကောင်း ဖော်ပြထားသည်။

ကိုးကား ပြင်ဆင်ရန်

  1. ဇွဲသန်းသျှင် (သုံးဆယ်) (၁၉ ဇွန် ၂၀၁၁). "ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့်တောပုန်းကြီစံဖဲ". 
  2. ကိုတင်လှိုင် (မိတ္ထီလာ) (၆ နိုဝင်ဘာ ၂၀၁၁). "နယ်ချဲ့အစိုးရ၏ ပထမဆုံးဆုငွေအထုတ်ခံရသည့် တော်လှန်ရေးသမား စံဖဲ". 
  3. ဦးဟုန်ဝမ် (၁၉၇၁). "သခင်ကိုယ်တော်မှိုင်းနှင့်စံဖဲ" တွဲ-၆၊ အပိုင်း-၄. 
  4. သန်းဝင်းလှိုင် (၂၀၁၀)။ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန်။ ပထမအတွဲ (ပထမအကြိမ် ed.)။ ပညာရွှေတောင်စာပေ။
  5. L.U.G. Tripp (1944)။ Boh San Pe and Other Glimps of life in Burma။ Mody’s Diamond Printing Works, Bombay။
  6. မာဂဓီသာစည် (၁၉၉၉)။ နယ်ချဲ့တော်လှန်ရေးသမားကြီးဗိုလ်စံဖဲ။ စာပေဗိမာန်၊ ရန်ကုန်။