ဗိုလ်မြတ်ထွန်းသည် အင်္ဂလိပ် မြန်မာ စစ်ပွဲတွင် ထင်ရှားသော မြန်မာ့ မျိုးချစ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ဗိုလ်မြတ်ထွန်းအကြောင်းကို ဒါလဟိုဇီက ခေါင်းဆောင်ကောင်းတစ်ဦး အဖြစ်လည်းကောင်း၊ စစ်သားကောင်းတစ်ဦး အဖြစ်လည်းကောင်း၊ လေးစားအပ်သည်ဟု မှတ်ချက် ရေးသားခဲ့သည်။ လက်ရုံးရည် နှလုံးရည် နှင့်ပြည့်စုံပြီး စိတ်ဓာတ်ကြံခိုင်သူဖြစ်ကာ နောက်ဆုံးအချိန်အထိ ဗြိတိသျှတပ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရင်း တိုင်းပြည်အတွက် အသက်ပေးသွားသည့် သူရဲကောင်းတစ်ဦး ဖြစ်သည်။

ကိုယ်ရေးအချက်အလက်

ပြင်ဆင်ရန်

ဗိုလ်မြတ်ထွန်းသည် ဧရာဝတီတိုင်းဓနုဖြူမြို့နယ်၊ သပြူရွာသားဖြစ်သည်။ အရပ်ပု၍ အသားမည်းကာ ကြံခိုင်တောင့်တင်းသော ကိုယ်ခန္ဓာရှိသည်။ ဓားခုတ်၊ လှံထိုး နှင့် မြင်းစီးခြင်းတို့ကို ငယ်စဉ်ကလည်းက ဝါသနာထုံ၍ အချိန်ရတိုင်းလေ့ကျင့်သည်။ အရွယ်ရောက်သောအခါ သာယာဝတီမင်း၊ ပြီးနောက် ပုဂံမင်းထံတွင် အမှုထမ်းခဲ့သည်။ ဘုရင့်လှေတပ်မတော်တွင် ပဲ့နင်းကြီးအဖြစ် တာဝန်ယူခဲ့သည်။ သူသည် နိုင်ငံစစ်ရေး၊ စက်မှုရေး နှင့် ကာကွယ်ရေးတို့တွင် အထူးအားကိုးရသူ ဖြစ်လာသည်။ ဦးမြတ်ထွန်းသည် ပုဂံမင်းလက်ထက် တိုင်းပြည်ရေး ရှုပ်ထွေးစအချိန်တွင် ဓနုဖြူသို့ပြန်ကာ မွန်၊ မြန်မာ၊ ကရင် တိုင်းရင်းသား မျိုးချစ်များကို စုဆောင်းကာ "လေးမြို့ဝန်" ဘွဲ့ကို ခံယူသည်။ အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သား ၃ ယောက်ရှိသူဖြစ်သည်။

အင်္ဂလိပ်တို့ နှင့် တိုက်ခဲ့သောစစ်ပွဲများ

ပြင်ဆင်ရန်

အင်္ဂလိပ်-မြန်မာ စစ်ပွဲကာလ ၁၈၅၃၊ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ဗိုလ်မြတ်ထွန်းဦးဆောင်သော တော်လှန်ရေး အင်အားစုများနှင့် ဗြိတိသျှစစ်ဗိုလ် ဝီလျံအိပ်လော်ဘီ ဦးဆောင်သော အင်အား ၁၈၀ ခန့် ရှိ တပ်တို့သည် ဓနုဖြူအနီးတွင် ပထမအကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် ဗြိတိသျှ တိုက်ရေယာဉ်များ အသည်းအသန်ဆုတ်ခွာသွားခဲ့ရကာ လက်ဖတင်နင် မက်ချီစင်လည်း အပြင်းအထန်ဒဏ်ရာရသွားခဲ့သည်။ ဗိုလ်မြတ်ထွန်း၏ ပထမဆုံးအောင်ပွဲ ပင်ဖြစ်သည်။

ဆုတ်ခွာသွားခဲ့ရသည်ကို မကျေနပ်သော အင်္ဂလိပ်တို့က ၁၈၅၃ ဖေဖော်ဝါရီလတွင် နောက်တစ်ကြိမ် ထပ်မံစစ်ချီခဲ့ပြန်သည်။ အင်အား ၆၀၀ နီးပါးရှိသော ကြည်းရေ တပ်စုကြီးဖြင့် ဓနုဖြူမှ တစ်ဆင့် ဗိုလ်မြတ်ထွန်းတပ်စခန်းသို့ ချေမှုန်းရန်လာခဲ့သည်။ သို့သော် ဗိုလ်မြတ်ထွန်းတို့၏ ဆီးကြိုတိုက်ခိုက်မှုကိုသာ ခံလိုက်ရပြီး ကစင့်ကလျား ဆုတ်ခွာခဲ့ရပြန်သည်။ တိုက်ပွဲဦးဆောင်သူ အင်္ဂလိပ်စစ်ဗိုလ် ကပ္ပတိန်လုပ်ခ်ျ အပြင် အခြား ၁၁ ယောက်လည်း ကျဆုံးသွားခဲ့ပြီး ၇၁ ယောက် ဒဏ်ရာရသွားခဲ့သည်။ စစ်သင်္ဘောတစ်စီးလည်း မီးလောင်ဆုံးရှုံးခဲ့သည့်အပြင် အမြှောက်ကြီးနှစ်လက် နှင့် ကျည်ဆန်အများအပြားကိုလည်း ဗိုလ်မြတ်ထွန်းတို့ ရရှိခဲ့ကြသည်။ ထိုအချိန်မှ စ၍ ဗိုလ်မြတ်ထွန်း၏ အမည်ကျော်ကြားလာခဲ့သည်။

ဗိုလ်မြတ်ထွန်းအား အင်္ဂလိပ်ဗိုလ်ချုပ် ကော်မိုဒိုလင်းဘတ်က ဆုငွေ ၂၀၀၀ ကျပ်၊ ဝန်ရှင်တော်မင်းကြီး ဆာအာသာဖယ်ယာကလည်း ဆုတော်ငွေ ၂၀၀၀ ကျပ် ထုတ်ပြန်ခဲ့ကြသည်။ နှစ်ကြိမ်တိုင်တိုင် ရှုံးခဲ့သော အင်္ဂလိပ်တို့မှာ ဗိုလ်မြတ်ထွန်းအား အထင်မသေးရဲတော့ပေ။ သို့ဖြစ်၍ တတိယအကြိမ်တွင် တိုက်ခိုက်မှုစွမ်းရည် ပြည့်၀သော ဗိုလ်မှူးချုပ် ဆာဂျွန်ချိပ်သည် နံပါတ်(၁၈) အိုင်းရစ်တပ်မှ တပ်သား(၂၀၀)၊ နံပါတ်(၅)တပ်မှ တပ်သား(၂၀၀)၊ နံပါတ်(၆၇) တပ်မှ တပ်သား(၂၀၀)၊ ဆပ္ပါမိုင်းနားတပ်မှ တပ်သား (၇၀) တို့ကို စုစည်းကာ လက်နက်အင်အား အပြည့်အစုံဖြင့် ၁၈၅၃ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ဗိုလ်မြတ်ထွန်း၏ ဓနုဖြူခံတပ်ကို သွားရောက် တိုက်ခိုက်ကြပြန်သည်။ ထိုတိုက်ပွဲတွင်လည်း အင်္ဂလိပ်တို့ အထိနာခဲ့ရပြန်သည်။ ဗိုလ်မြတ်ထွန်း၏ သားနှစ်ယောက်ဒဏ်ရာရ၍ အဖမ်းခံခဲ့ရသလို အင်္ဂလိပ်တို့ဘက်မှလည်း အရာရှိ၊ တပ်သား ၂၅၀ ကျဆုံးကာ၊ အယောက် ၁၀၀ကျော် ဒဏ်ရာရခဲ့သည်။ ဒုတိယ အင်္ဂလိပ် - မြန်မာစစ် အပြီး အင်္ဂလိပ်တို့၏ အကျအဆုံးအများဆုံး တိုက်ပွဲလည်း ဖြစ်သည်။

ကျဆုံးခြင်း

ပြင်ဆင်ရန်

ထိုအချိန်မှစ၍ တစ်နေရာတည်းတွင် မနေသင့်မှန်းသိသော ဗိုလ်မြတ်ထွန်းသည် ဓနုဖြူခံတပ်မှခွာကာ သာယာဝတီ၊ မိုးညို၊ ကနောင်၊ အုတ်ဖိုမြို့နယ် တစ်ဝိုက်မှနေ၍ ဗြိတိသျှတို့ကို နည်းပေါင်းစုံနှင့်တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဗိုလ်ဂေါင်းကြီး၊ ဗိုလ်ဂေါင်းကလေး ညီအစ်ကိုတို့နှင့် ပူးပေါင်းကာ အင်္ဂလိပ်တို့အား ဆက်လက်တိုက်ခိုက်ခဲ့ပြန်သည်။ ကရင်တိုင်းရင်းသားခေါင်းဆောင် ဖူကံကလေး ဆိုသူနှင့် ပူပေါင်းပြီး ဟင်္သာတမြို့နယ်၊ ဒူးယားကျေးရွာအနီးတွင် ဗြိတိသျှတပ်များနှင့်တိုက်ခိုက်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့သည်။

ဗိုလ်မြတ်ထွန်းနှင့် ပတ်သတ်၍ အင်္ဂလိပ်အရာရှိများက "မဟာဗန္ဓုလ ဝိညာဉ် ဝင်ရောက်ပူးကပ်နေသော ထက်မြက်သည့် စစ်ဗျူဟာ ကျွမ်းကျင်သူ" ဟု တလေးတစား အသိအမှတ်ပြုခဲ့ကြသည်။