ပုဂံမင်း
ပုဂံမင်း (ခရစ်နှစ် ၁၈၄၆-၁၈၅၃) သည် ကုန်းဘောင်ဆက်၏ န၀မမြောက်မင်းဖြစ်သည်။ ဖခင်ဖြစ်သူ သာယာဝတီမင်း နောက်နန်းတက်သည်။ နန်းတက်ဘွဲ့မှာ သိရီသုဓမ္မ တိလောကပဝရ မဟာဓမ္မရာဇဓိရာဇာ ဖြစ်ပြီး နန်းသက် ၆-နှစ်စံတော်မူပြီး အိမ်နိမ့် ၃၅-နှစ်စံရသည်။
ပုဂံမင်း | |||||
---|---|---|---|---|---|
မြန်မာဘုရင် ပုဂံမင်းသား | |||||
နန်းသက် | ၁၇ နိုဝင်ဘာ ၁၈၄၆ – ၁၈ ဖေဖော်ဝါရီ ၁၈၅၃ (abdicated)[ကိုးကားချက်လိုသည်] | ||||
နန်းတက်ချိန် | ၂၇ ဖေဖော်ဝါရီ ၁၈၄၇[၁] | ||||
ရှေ့မင်းဆက် | သာယာဝတီမင်း | ||||
ဆက်ခံသူ | မင်းတုန်းမင်း | ||||
မွေးဖွား | မောင်ထောင် ၂၁ ဇွန်၊ ၁၈၁၁ အမရပူရ | ||||
ကွယ်လွန် | ၁၄ မတ်၊ ၁၈၈၀ မန္တလေး | (အသက် ၆၈)||||
ထာဝရ အိပ်စက်ရာ နေရာ | မန္တလေး | ||||
ကြင်ရာတော် | မင်းရွှေကျူ မိဖုရား ၁၈ ပါး | ||||
| |||||
စံအိမ် | ကုန်းဘောင် | ||||
ခမည်းတော် | သာယာဝတီမင်း | ||||
မယ်တော် | တောင်ငူမင်းသမီး မယ်မြတ်ရွှေ | ||||
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နံတော် သောကြာသား၊ ငယ်မည်မှာ မောင်ထောင်ဖြစ်သည်။ နန်းတက်ပြီးနောက် တိုင်းရေးပြည်ရာကို အားစိုက်ကြိုးပမ်းသော်လည်း ရေရှည်တွင်မူတိုင်းပြည်ကို အရည်အသွေးရှိစွာ အုပ်စိုးနိုင်စွမ်းမရှိပေ။ တိုင်းပြည်ရေးရာများကို မင်းတုန်းမင်းသား နှင့် ကနောင်မင်းသားတို့ ဦးဆောင်သည့် လွှတ်တော်သို့လွှဲအပ်ကာ စီရင်စေပြီး ကိုယ်တိုင်ကမူ ငယ်စဉ်ကပင် ဝါသနာထုံခဲ့သည့် ကြက်ပွဲ အပါအဝင် တိရစ္ဆာန်များကို တိုက်ခိုက်စေခြင်း၊ မူးယစ်သောက်စားခြင်း နှင့် အပေါင်းအပါများခြံရံကာ ပေါ့လျော့စွာနေထိုင်သည်။
ပုဂံမင်း၏ တိရစ္ဆာန်တိုက်ပွဲ တာဝန်ခံသူမှာ မြို့ဝန်အဖြစ်မြှောက်စားထားသည့် ဘိုင်ဆပ် ဆိုသူဖြစ်သည်။ ထိုဘိုင်ဆပ်နှင့်အတူ ဦးပိန်ဆိုသူမှာလည်း အလွန်ပင် ရမ်းကားသူအဖြစ်နှင့်နာမည်ကျော်သည်။ ဦးပိန်သည် အင်းဝနှင့် စစ်ကိုင်းမြို့များမှ ကျန်ရှိသည့် နန်းတော်တိုင်သစ်လုံးများကို ယူကာ တောင်သမန်အင်းရှိ ဦးပိန်တံတားကို ဆောက်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် ရမ်းကားလွန်းသည့် ဘိုင်ဆပ်၊ ဦးပိန်နှင့် အပေါင်းအပါများအကြောင်း ပုဂံမင်းနားသို့ပေါက်ကြားသွားသဖြင့် ဖမ်းဆီးကွပ်မျက်ခံခဲ့ရလေသည်။ နန်းသက်နောက်ဆုံးနှစ်မတိုင်မီ ခရစ်နှစ် ၁၈၅၂တွင် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပွားသည်။ မြန်မာတို့ဘက်မှ ကောင်းစွာခုခံနိုင်စွမ်းမရှိသဖြင့် ပဲခူးတိုင်းအပါအဝင် အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်လက်သို့ ပါလေသည်။
ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားချိန်တွင် ပုဂံမင်း၏ ယောက်ဖတော်ဦးပွားနှင့် အပေါင်းအပါများက ပုဂံမင်း အထိန်းတော်၏ ညီမအိမ်သို့ ဝင်တိုက်သည့် ဓားပြများမှာ မင်းတုန်းနှင့် ကနောင်မင်းသားများ စံအိမ်မှ လူများဖြစ်သည်ဟု စွပ်စွဲကာ ဝင်ရောက်ဖမ်းဆီးသည်။ အကြီးတော်ဖြစ်သည့် ပခန်းမင်းကြီးဦးရန်ဝေးကလည်း ရွှေဘိုသို့ထွက်ကာ ပုန်ကန်ရန် တိုက်တွန်းသည်ကြောင့်တစ်ကြောင်း၊ စကြာဒေဝီမင်းသမီးကြီးက အခါတော်ပေးသည်ကြောင့်လည်းကောင်း မင်းတုန်းနှင့် ကနောင် မင်းသားများ ရွှေဘိုသို့ထွက်ကာ ပုန်ကန်သည်။ ပုန်ကန်မှုအောင်မြင်သောကြောင့် ပုဂံမင်းနန်းကျပြီး မင်းတုန်းမင်း နန်းတက်လေသည်။ သို့သော် ညီတော်များက အကျယ်ချုပ်ဖြင့် ကောင်းစွာထားသဖြင့် ကျန်းမာစွာနေထိုင်ခဲ့ပြီး သီပေါမင်းလက်ထက် ခရစ်နှစ် ၁၈၈၁၊ မတ်လ (၁၄)ရက်တွင် ကျောက်ကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[၂]