ဦးဘကျော်(ခရစ် ၁၉၁၆-၁၉၈၆) ပြင်ဆင်ရန်

သတင်းစာဆရာ၊ စာရေးဆရာ၊ သတင်းနှင့် စာနယ်ဇင်း အတိုင်ပင်ခံကျွမ်းကျင်ပညာရှင် ဦးဘကျော်ကို ပြည်မြို့တွင် အဖဦးဘိုးမြ၊ အမိဒေါ်ငွေအောင်တို့က ၁၉၁၆ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် မွေးဖွားသည်။

ငယ်စဉ်က မေမြို့ အေဘီအမ် မိန်းကလေးကျောင်း၊ ပြည်မြို့ ဦးဘိုးရုံ အလွတ်ပညာသင်ကျောင်းနှင့် ပြည်မြို့ အစိုးရ အထက်တန်းကျောင်းများတွင် ပညာသင်ကြားခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ပြည်မြို့ အစိုးရ အထက်တန်းကျောင်းမှ အင်္ဂလိပ်-မြန်မာ ၁ဝ တန်းအောင်ခဲ့ပြီးနောက် ပြည်မြို့ သစ်တောခရိုင်ဝန်ရုံးတွင် အကူ စာရေးအဖြစ် စတင်အမှုထမ်းခဲ့သည်။ ထိုရုံးတွင် အထက် တန်းစာရေး၊ ထိုမှ ရုံးအုပ်စာရေးကြီး ဖြစ်သည်အထိ အမှုထမ်းခဲ့သည်။ ထို့နောက် ပြည်ခရိုင်ခွဲ ကုန်စည်ကြီးကြပ်ရေးမှူးအဖြစ် ပြောင်းရွှေ့လုပ်ကိုင်သည်။ အမှုထမ်းနေစဉ်အတွင်း ပြည်မြို့၊ အရှေ့အာရှ လူငယ်များအစည်းအရုံး(ဗမာနိုင်ငံ)တွင် အသင်းဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထို့ပြင်ဦးဘကျော်လည်း ပြည်ခရိုင်၊ ရုံးစာရေးသမဂ္ဂတွင် ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ပြည်ခရိုင် အမှုထမ်းပေါင်းစုံသမဂ္ဂ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သပိတ်ကြိုးကိုင်အဖွဲ့ အတွင်းရေးမှူးအဖြစ်လည်းကောင်း ပါဝင် ဆောင်ရွက်ခဲ့သည်။

၁၉၄၅ ခုနှစ်တွင် မဟာမိတ်တပ်များ ပြန်ဝင်လာသောအခါ၌ သစ်တောဌာန ပြန်လည်ထူထောင်နိုင်ရန် မှတ်တမ်းများ ရှာပေးနိုင်သဖြင့် အမှုထမ်းကောင်းလက်မှတ် ချီးမြှင့်ခြင်း ခံရသည်။ ၁၉၅ဝ ပြည့်နှစ်တွင် ရန်ကုန်မြို့၊ မြန်မာနိုင်ငံတော် သစ်တောမင်းကြီးချုပ်ရုံးသို့ ပြောင်းရွှေ့ခဲ့၍ သစ်တောရုံး အသီးသီးတွင် ဌာနခွဲစာရေးကြီး၊ ရုံးဝန်ထောက်စသည်ဖြင့် အမှုထမ်းခဲ့ပြီး သစ်တောဌာန၊ ဗုဒ္ဓဘာသာအသင်းတွင် ဝါဒဖြန့်ချိရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၅၆-၅၇ ခုနှစ်တွင် သတင်းစာပညာဒီပလိုမာ (အင်္ဂလိပ်)ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၅၈-၅၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် လူမှုရေးသိပ္ပံမဟာဌာနမှ ဖွင့်လှစ်ပို့ချသော စာကြည့်တိုက်ပညာ အောင်လက်မှတ်ကို ရရှိခဲ့သည်။ ၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်တွင် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ် နှင့် လက်ပတ်နာရီဆုကို ချီးမြှင့်ခြင်းခံရသည်။ ၁၉၆၁ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဂါဒီယန်သတင်းစာနှင့် မဂ္ဂဇင်းတိုက်၌ အယ်ဒီတာအဖြစ် ခန့်ထားခံရသည်။

ဦးဘကျော်သည် သတင်းစာဆရာအဖြစ် ပြည်ပနိုင်ငံများသို့လည်း သွားရောက်ခဲ့ရရာ ၁၉၆၆ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ သတင်းစာလုပ်ငန်း လေ့လာရန်လည်းကောင်း၊ ၁၉၆၉ ခုနှစ်တွင် မြန်မာ ဟောင်ကောင်လေကြောင်းဖွင့်ပွဲ တက်ရန် သတင်းစာအဖွဲ့ကို ဦးဆောင်၍ ဟောင်ကောင်သို့ လည်းကောင်း၊ ၁၉၇၃ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သတင်းစာပညာ လေ့လာရန် လည်းကောင်း၊ ၁၉၇၆ ခုနှစ်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ သတင်းစာဆရာအဖွဲ့ကို ဦးဆောင်၍ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးအဖြစ်လည်းကောင်း အသီးသီး သွားရောက်ခဲ့သည်။

၁၉၇၃ ခုနှစ် ဒီဇင်ဘာလတွင် ဆန္ဒခံယူပွဲ အောင်မြင်ရေးအတွက် အခြားအနုပညာရှင်များနှင့်အတူ ချင်းဝိသေသတိုင်းတွင် စည်းရုံးလှုံ့ဆော်ခဲ့သည်။

၁၉၇၆ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သော အရေးပေါ်ပါတီညီလာခံနှင့် ၁၉၇၇ခုနှစ်တွင် ကျင်းပသော တတိယအကြိမ် ပါတီညီလာခံတွင် ဆက်သွယ်ရေးနှင့် သတင်းထုတ်ပြန် ရေးဆပ်ကော်မတီအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ဘာသာပြန်ဆိုရေးအဖွဲ့ခွဲတွင် ဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်ယူခဲ့သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းကာလတွင် စစ်ကိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်သူ့လွှတ် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။

အငြိမ်းစား ယူပြီးနောက် သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်းတွင် အတိုင်ပင်ခံ ကျွမ်းကျင်သူပညာရှင်အဖြစ်လည်းကောင်း၊ ဂါဒီယန်သတင်းစာအယ်ဒီတာချုပ်အဖြစ် လည်းကောင်း ဆက်လက်တာဝန်ပေးအပ်ခြင်း ခံရသည်။

ဦးဘကျော်သည် အင်္ဂလိပ်-မြန်မာ သတင်းစာများ၊ အင်္ဂလိပ်-မြန်မာ မဂ္ဂဇင်းများတွင် ဆောင်းပါးများကို အမ်-ဘီ-ကေ ကလောင်အမည်ခံ၍ အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ရေးသား ခဲ့သော စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။ ၁၉၈၄ ခုနှစ်တွင် ဒဂုံမြို့နယ် စာပေလုပ်သား ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပြီး ကွယ်လွန်ချိန်အထိ ယင်းတာဝန်ကို ထမ်းဆောင်ခဲ့သည်။

ဦးဘကျော်သည် ၁၉၈၆ ခုနှစ် မေလ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်ရီကျော်နှင့် သားတစ်ယောက် သမီးသုံးယောက် ကျန်ရစ်သည်။

ကိုးကား ပြင်ဆင်ရန်

မြန်မာ့ စွယ်စုံကျမ်း