ဘိသိက်ပြိုင်

ဘိသိက်ပြိုင်သည် သဘင်မဂ္ဂဇင်းတွင်ပါရှိသော ရွာစား စိန်တင်ဟန်၏ ကိုယ်တွေ့ဖြစ်ရပ်မှန် ဆောင်းပ

ဘိသိက်ပြိုင်သည် သဘင်မဂ္ဂဇင်းတွင်ပါရှိသော ရွာစားစိန်တင်ဟန် ၏ ကိုယ်တွေ့ဖြစ်ရပ်မှန် ဆောင်းပါး "ဘိသိက်ဆရာဆားတောင်သောင်း" ကို အခြေခံလျက် ဇာတ်လမ်း ဇာတ်ကွက်ဖွဲ့ထားသော ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သည်။ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ(ဓမ္မဒူတ) ၏ စီစဉ်မှုဖြင့် ဇာတ်ညွှန်း ချစ်ဦးညို၊ ဒါရိုက်တာ ဉာဏတင်စိုး၊ သရုပ်ဆောင် အကယ်ဒမီ မိုးဒီ နှင့် ဇော်ဝင်းနိုင်(မန်း) တို့က ၂၀၁၀ ခုနှစ်တွင် ရိုက်ကူးခဲ့သော မြန်မာဗီဒီယိုဇာတ်ကား ဖြစ်သည်။ မြန်မာ့ရိုးရာ ဓလေ့ထုံးစံဖြစ်သော ရှင်ပြု နားသ အလှူတော် မင်္ဂလာကျင်းပရာတွင် ထည့်သွင်းပြုလုပ်သော ဘိသိက်မင်္ဂလာ အကြောင်းကို အခြေခံ၍ ဘိသိက်ဆရာနှစ်ဦး၏ ဘိသိက်ပြိုင်ပွဲတွင် အမှားနှင့် အမှန်ကို ဝေဖန်ပိုင်းခြားတတ်ပြီး အတ္တမာနကင်းစင်အောင် ပညာပေးထားသော ဇာတ်လမ်းဖြစ်သည်။ အင်္ဂလိပ်စာတန်းထိုးပြီး ဤဇာတ်ကားသည် ငွေကြေးအရရိုက်ကူးခဲ့ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံသာမက တစ်ခြားနိုင်ငံများကိုပါ လွတ်လပ်စွာ ကူးယူဖြန့်ဝေခွင့်ပြုထားသည်။ [၁]

ဘိသိက်ပြိုင်
အခြေခံအချက်အလက်
ဒါရိုက်တာဉာဏတင်စိုး
ထုတ်လုပ်သူဒေါက်တာ အရှင်ဆေကိန္ဒ(ဓမ္မဒူတ)
စာရေးသူရွာစားစိန်တင်ဟန် (ဇာတ်လမ်း)၊ ချစ်ဦးညို (ဇာတ်ညွှန်း)
သရုပ်ဆောင်မိုးဒီ
ဇော်ဝင်းနိုင်(မန်း)
ဂီတမှူးမန္တလေး စိန်တင့်လွင် ဆိုင်းအဖွဲ့၊
တိုးတိုးနိုင်ထွန်း
ဓာတ်ပုံဇော်မြင့်၊ မောင်မြင့်
တည်းဖြတ်သီဟန်စိုး (Royal 5)
ကြာမြင့်ချိန်
၈၉ မိနစ်
နိုင်ငံမြန်မာ
ဘာသာစကားမြန်မာ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
၂၀၁၀
ထုတ်ဝေသူဧဝရက်ရုပ်ရှင်ထုတ်လုပ်ရေး

ဗွီဒီယိုဖြစ်ပေါ်လာပုံ ပြင်ဆင်ရန်

“ဘိသိက်ပြိုင်” သည် ၁၉၈၇ ခုနှစ် ဩဂုတ်လထုတ် သဘင်မဂ္ဂဇင်းတွင်ပါရှိသော ရွာစား စိန်တင်ဟန်၏ "ဘိသိက်ဆရာ ဆားတောင်သောင်း" ဆောင်းပါးကို ဇာတ်ညွန်းရေးပြီး ရိုက်ကူးထားသည်။ ရွာစားကြီး စိန်တင်ဟန်၏ ၎င်းဆောင်းပါးကို စာရေးဆရာ လယ်တွင်းသား စောချစ်က ဖတ်ရာတွင် သဘောကျသဖြင့် သဘင်မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာချစ်ဦးညိုနှင့်တွေ့ပြီး ဆောင်းပါးနှင့်ပတ်သက်သည့် ဖတ်ညွန်းဆောင်းပါး ရေးခဲ့သည်။ ဆရာလယ်တွင်းသားစောချစ်သည် ဖတ်ညွန်းဆောင်းပါးရေးရုံနှင့် အားမရနိုင်ဘဲ စာပေဟောပြောပွဲများတွင် ၎င်းဆောင်းပါးအကြောင်းကို ထည့်သွင်းဟောပြောသည်။ MRTV-4 တွင် ထုတ်လွင့်ပေးသော ဆရာလယ်တွင်းသားစောချစ်၏ ဟောပြောချက်ကို ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ မှ နားထောင်ရာ သဘောကျသဖြင့် ၎င်းအကြောင်းအရာကို ဗွီဒီယိုရိုက်ကူးရန် ဆရာချစ်ဦးညိုကို ဖုန်းဆက်၍ ဗွီဒီယို ရိုက်ကူးရန် လွှဲအပ်ခဲ့သည်။ ဆရာချစ်ဦးညိုက ဗွီဒီယိုရိုက်ကူးရန် မူရင်းစာမူရှင် ရွာစားကြီး စိန်တင်ဟန်ကို ဆက်သွယ်ရာ ကွယ်လွန်သွားပြီဖြစ်၍ ရွာစားကြီးစိန်တင်ဟန်၏သားဖြစ်သူ စာရေးဆရာ ကဗျာဆရာ နေမျိုးနှင့် ဆက်သွယ်ကာ ခွင့်ပြုချက် ရယူပြီး ဗွီဒီယိုရိုက်ကူးခဲ့သည်။ [၂]

ဇာတ်လမ်း ပြင်ဆင်ရန်

စစ်ကိုင်းမြို့၊ သောတပန်ရွာတွင် ရှင်ပြု နားသအလှုတော်မင်္ဂလာ ကျင်းပမည်ဖြစ်ရာ ဘိသိက်ပွဲအတွက် အလှု့ဒါယိကာ အလှု့ဒါယိကာမများက ဆိုင်းဆရာရွာစားစိန်တင်ဟန်ကို ငှားရမ်းခဲ့ကြသည်။ ရွာစားဆိုင်းဆရာနှင့်တွဲဖက်၍ ဘိသိက်မြှောက်မင်္ဂလာကျင်းပရန်အတွက် ဘိသိက်ဆရာငှားရန် ပြင်ဆင်ကြရာမှ မန္တလေးမြို့မှ အရွယ်ကောင်း ပညာတော် ရတနာပုံဆရာလှိုင် ဟူသော မြို့ဘိသိက်ဆရာကိုငှားချင်သည့် အလှု့ဒါယိကာမနှင့် စစ်ကိုင်းမြို့၊ အနောက်ဘက် ဆားတောင်ရွာမှ ဆားတောင်သောင်းဟူသော တောဘိသိက်ဆရာကိုမှ ငှားချင်သည့်အလှု့ဒါယိကာကြီးတို့မှ အစပြု၍ ဘိသိက်ဆရာနှစ်ဦးလုံးပါဝင်ရသော "ဘိသိက်ပြိုင်" ဖြစ်ခဲ့သည်။

ဘိသိက်ဆရာ ဆားတောင်သောင်းသည် ဖြူဖြူဝဝ မာန်မာနမရှိ ဘိသိက်သွန်းချိန်မှလွဲ၍ အခြားချိန်များတွင် ပညာအကြောင်း အလုပ်အကြောင်းများ ပြောခဲပြီး ဘာမှ မတတ်သလို သူများပြောတာများကိုသာ လေးလေးစားစား နားထောင်တတ်သည်။ သို့သော် ဘိသိက်ဆရာထဲတွင် အရက်သောက်တတ်သူဆို၍ ဆားတောင်သောင်း (ခေါ်) ဦးသောင်းတစ်ယောက်သာရှိသည်။ ဘိသိက်ဆရာ ရတနာပုံဆရာလှိုင်သည် အရပ်မြင့်ပြီး ညိုညိုသွယ်သွယ် မျက်နှာအသွင်သဏ္ဌာန် အနည်းငယ်တင်းမာနေပြီး မာနဟန် မာန်သွင်းထားပုံ ပေါက်သည်။ လူရည်သန့် ပညာမာနထားသူ လူအထင်ကြီးအောင်နေတတ်သူ တစ်ဖက်သားကို နှိမ့်ချတတ်သူဖြစ်သည်။

အလှူပွဲကျင်းပသည့်နေ့တွင် ဘိသိက်ပွဲကို ရွာစား စိန်တင်ဟန်မှ ဆိုင်းတီးပြီး မြို့ဘိသိက်ဆရာ ရတနာပုံဆရာလှိုင်မှ စဖွင့်သည်။ ထုံးတမ်းစဉ်လာ ရွတ်ဖတ်ပြီးလျှင် အဝတ်စားနွမ်းဖတ်ဖတ် မောင့်ကျက်သရေခေါင်းပေါင်း ဆီစွန်းကြီးနှင့် ထိုင်နေသော တောဘိသိက်ဆရာ ဆားတောင်သောင်းကြီးအပေါ်ပြစ်တင်ဝေဖန်ချက်များကိုအလျဉ်းသင့်သလို ထည့်ပြောပြီး ဘိသိက်ပေးမည့်သူသည် အရက်သမားဖြစ်လျှင် မင်္ဂလာပွဲသည် အမင်္ဂလာ ဖြစ်ရသည့်အကြောင်း အကျယ်ဖွင့်၍ တိုက်ခိုက်ပြောဆိုသွားသည်။ ထို့နောက် တောဘိသိက်ဆရာ ဆားတောင်သောင်းကြီး၏အလှည့်ကျတွင် စဖွင့်ကတည်းကပင် ရတနာပုံဆရာလှိုင်အား ချီးကျူးထောပနာ ပြုလိုက်တော့သည်။ ထို့နောက်တလျှောက်လုံး မိမိကိုယ်ကိုယ်နှိမ်ချလျက် တေးထပ်လေးများဆိုလိုက်၊ ပဋိစ္စသမုပ္ပါဒ်ကို ရှင်းပြလိုက် ဗုံတောက်လေးများတစ်ဖန် ဆိုလိုက်၊ ထွေရာလေးပါးလေးများ ညှပ်ပြောလိုက်ဖြင့် မြို့ဘိသိက်ဆရာ ရတနာပုံဆရာလှိုင် ပြောစဉ်က ငြိမ်နေသောပရိသတ်သည် ဆားတောင်သောင်း ပြောချိန်တွင် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားတော့သည်။

ထို့နောက် ဆားတောင်သောင်းကြီး အလှည့်ပြီးသောအခါ ဘိသိက်မြှောက်မင်္ဂလာ ကျင်းပချိန်အရောက်တွင် ရတနာပုံဆရာလှိုင် ရင်ထဲမှလှိုက်လှိုက်လှဲလှဲနှင့်ပင် ဆားတောင်သောင်းကြီးသာဘိသိက်သွန်းမင်္ဂလာကို ဆက်လက်ကျင်းပရန် ပြောကြားလာသော်လည်း အတူတကွ ဘိသိက်တင်မြှောက်ကြရန် ဆားတောင်သောင်းဖက်မှကမ်းလှမ်းလာခဲ့သည်။ ဘိသိက်ပြိုင်သည် အနိုင်အရှုံးမရှိဘဲ ဘိသိက်သွန်းမင်္ဂလာကို ဆရာနှစ်ဦး မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကျင်းပလိုက်ကြတော့သည်။

ပွဲပြီးသည့်အခါ ဆားတောင်သောင်းကြီးက သူ့ပစ္စည်းပစ္စယများကိုသိမ်းဆည်းနေချိန် ရတနာပုံဆရာလှိုင်မှာ ခေါင်းပေါင်းစ ရွှေကိုင်းမျက်မှန် နံ့သာဖြူယပ်များကို အသာချကာ ဆားတောင်သောင်းထံ အရောက်လာကာမိမိအနေနှင့်ဘိသိက်မင်္ဂလာစာ စကားများဟောပြောနေစဉ်တလျှောက်လုံး ဆားတောင်သောင်းအပေါ် ထိုးနှက်ဝေဖန်ခဲ့ချက်များအတွက် ခွင့်လွှတ်ပေးပါရန် ဖဝါးဦးတင် ဝန်ချတောင်းပန်လာသည်။ ဆားတောင်သောင်းကြီးသည် မိမိအား ပရိသတ် ဗိုလ်ပုံအလယ်တွင် မထိခလုတ်ထိခလုတ်နှင့် စော်ကားခဲ့သော မိမိထက်လည်းအသက်အရွယ်အားဖြင့်ငယ်ရွယ်သောသူတစ်ဦးမှ ထိုသို့ ဝန်ချတောင်းပန်လာချိန်တွင် လေးစားစွာ ဆက်ဆံပြီး မိမိ၏ အပြစ်ကိုလည်းအသေအချာမြင်ခဲ့သည်။ သို့အတွက် ဝန်ချလာသူကိုသူတော်ကောင်းကြီးဟု ချီးမွမ်းကာ တဖန်ပြန်လည် ဂုဏ်တက်စေသလို မိမိအမှားကိုလည်းပြုပြင်သောအားဖြင့် မိမိစွဲလမ်းမိသော သေရေသေရက်ကိုပါ ရာသက်ပန် မမှီဝဲတော့ပါဟု ဝန်ခံကတိပြန်လည်ပေးအပ်လိုက်သေးသည်။

ထို့နောက် "ဆားတောင်သောင်းနှင့် ရတနာပုံဆရာလှိုင်တို့၏ ထိုဘိသိက်ပြိုင်ကို ကျနော်သည် ဘယ်သောအခါမျှ မေ့၍ရတော့မည် မဟုတ်ပါတကား"ဟူသည့် စကားပြောကို ရွာစားစိန်တင်ဟန်၏ ပြုံးနေသောအမူအရာနှင့် ဇာတ်သိမ်းထားသည်။

ကိုးကား ပြင်ဆင်ရန်

  1. ဘိသိက်ပြိုင် (သို့) ကြည့်ရှုသင့်သောဇာတ်ကား။ kokoseinygn။ ၁၀ မတ် ၂၀၁၁ တွင် ပြန်စစ်ပြီး။
  2. တောင်ဇမ္ဗူပိုင်နဲ့ နောင်လှူနိုင်အောင် ဆုတောင်းကြစို့။ ချင်းတွင်းမဂ္ဂဇင်း။ ၂၀ ဖေဖော်ဝါရီ ၂၀၁၁ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]