ဆာမောင်ဘသည် အဘဦးဘိုးမင်း အမိ ဒေါ်ခက်တို့၏ တစ်ဦး တည်းသော သားဖြစ်၍ ၁၈၇၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖွားမြင်သည်။

ဆာမောင်ဘ( ခရစ် ၁၈၇၃-၁၉၃ရ )

ငယ်စဉ်ကပင် ရန်ကုန် ကောလိပ်ဝင်ကျောင်း၌ ပညာသင်ယူခဲ့ရာ ပညာဘက်၌ အလွန် ထူးချွန်သူ ဖြစ် သည်။ ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းသားများအနက်၊ အစိုးရ၏ စကောလားရှစ် ပညာသင်ဆု ကို ရရှိသည့် တစ်ဦးတည်းသော ကျောင်းသားဖြစ်သည်။ ၁၈၈၈ ခုနှစ်တွင် ရနောင်းဘုရင်ခံဆုကို လည်းကောင်း၊ ၁၈၉ဝ ပြည့်နှစ်တွင် ဂျာဒင်းဆုကိုလည်းကောင်း ဆွတ်ခူးရရှိသည်။ ရန်ကုန်ကောလိပ်မှ ၁၈၉၂ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးရရှိပြီးနောက် ရန်ကုန်ကောလိပ်၌ သိပ္ပံပညာ လက်ထောက်ကထိကအဖြစ် ဝင်ရောက် အမှုထမ်း သည်။ မကြာမီပင် ဆရာအလုပ်မှ ထွက်၍ ရှေ့နေအဖြစ် မအူပင်တွင်၂ နှစ်ခန့်လုပ်ကိုင်သည်။

၁၈၉၈ ခုနှစ်တွင် အစိုးရဝန်ထမ်း စာမေးပွဲ ဝင်ရောက်ဖြေဆိုရာ အရွေးခံရသဖြင့် မြို့အုပ်ရာထူးကို ရရှိသည်။ မြို့အုပ်အဖြစ်နှင့် ဦးဘသည် အစိုးရဘာသာပြန် ဌာန၌ စာတော်ပြန်အလုပ်ကို အထူးသဖြင့် လုပ်ကိုင် ရသည်ကများသည်။ ထိုမှတစ်ဆင့် ၁၉ဝ၅ ခုနှစ်တွင် တရားဌာနဝန်ထမ်းအဖြစ် ပြောင်းရွှေ့အမှုထမ်းသည်။ ၁၉၁၄ ခုနှစ်မှ ၁၉၁၉ ခုနှစ်အထိ ရန်ကုန်မြို့ စမောကော်ရုံကြီးတွင် တရားသူကြီး ရာထူးဖြင့် ထမ်းရွက်သည်။ ဦးဘကား မြန်မာထဲမှ ထိုရာထူးကို ဒုတိယခန့်အပ်ခြင်း ခံရသူဖြစ်သည်။ ၁၉၁၉ ခုနှစ်တွင် ခရိုင် တရားမနှင့် စက်ရှင် တရားသူကြီးအဖြစ် ပုသိမ်မြို့၌ ဆောင်ရွက်ရသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ကေ၊ အက်စ်၊ အမ်ခေါ် ကျက်သရေဆောင် ရွှေစလွယ်ရမင်း ဟူသော ဘွဲ့ဖြင့် အစိုးရမင်းများ၏ ချီးမြှင့်ခြင်း ခံရသည်။ ၁၉၂၃ ခုနှစ်တွင် ဦးဘ သည် မြောင်းမြမြို့သို့ ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခြင်း ခံရပြန်သည်။ ၁၉၂၅ ခုနှစ် မတ်လတွင် ဟိုက်ကုတ်ခေါ် တရားလွှတ်တော်တွင် တရားဝန်ကြီးအဖြစ် တိုးမြှင့်ခန့်အပ်ခြင်း ခံရသည်။ ဦးဘကား ဝတ်လုံစာမေးပွဲ အောင်မြင်သူ မဟုတ်သော တရားဌာန ဝန်ထမ်းထဲမှ ယင်းရာထူးကို ပထမဆုံး ခန့်အပ်ခြင်း ခံရသူဖြစ်လေသည်။

၁၉၂၈ ခုနှစ်နှင့် ၁၉၃၁ ခုနှစ်များတွင် ဦးဘသည် ရန်ကုန်တက္ကသိုလ်၏ ဒုတိယအဓိပတိနှင့် တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရသည်။ ၁၉၃၂ ခုနှစ်တွင် တရားလွှတ်တော် တရားဝန်ကြီး ဦးဘအား မြန်မာနိုင်ငံ ဘုရင်ခံက အမှုဆောင်ဝန်ကြီး အဖွဲ့ဝင်အဖြစ် ရွေးချယ်ကာ ပြည်ထဲရေးနှင့် နိုင်ငံရေးဌာနကို ကိုင်စေသည်။ ၁၉၃၄ ခုနှစ် ဇန်နဝါရီလ တစ်ရက်နေ့တွင် ပထမဂျော့ဘုရင်က နှစ်သစ်ကူး ဘွဲ့ထူး ဂုဏ်ထူးများ ချီးမြှင့်ပွဲ၌ ပြည်ထဲရေး ဝန်ကြီး ဦးဘအား ဆာဘွဲ့ဖြင့် သူကောင်းပြု လေသည်။

ဆာမောင်ဘသည် ၁၉၃၇ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ပြည်ထဲရေး ဝန်ကြီးရာထူးမှ အနားယူလိုက် သောအခါ မြန်မာနိုင်ငံဘုရင်ခံက အထက်လွှတ်တော် အမတ်အဖြစ် ရွေးချယ် ခန့်အပ်ခြင်း ခံရလေသည်။ ၁၉၃၇ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဆာမောင်ဘသည် မေမြို့၌ ကွယ်လွန်ရာ အလောင်းကို ရန်ကုန်မြို့သို့ယူဆောင်၍ ငါးထပ်ကြီးဘုရား ပရဝုဏ်၌ ဂူသွင်းင်္သဂြိုဟ်သည်။ ဆာမောင်ဘသည် ၁၈၉၃ ခုနှစ်တွင် ရန်ကုန်မြို့မှ ကုန်သည်ကြီး ဦးသင်၊ ဒေါ်သက်ပြင်းတို့၏ သမီး ဒေါ်မြဘွင့်နှင့် လက်ထပ်သည်။ ဆာမောင်ဘနှင့် ဇနီးတို့တွင် သား ၂ ယောက် သမီး ၃ ယောက် ထွန်းကားရာ သမီးအကြီး ကွယ်လွန်သွားသည်။ ရှမ်းပြည်နယ်အစိုးရအတိုင်ပင်ခံ စည်သူ ဦးတင် အိုင်စီအက်၏ ဇနီး ဒေါ်ညွန့်ညွန့်၊ အင်္ဂလိပ်မက်သဒစ် ကျောင်းဆရာမ ဒေါ်ခင်မြ ဘီအေ၊ ဘီအယ်၊ ကာကွယ်ရေးဌာန အတွင်းဝန် စည်သူဦးမောင်မောင် ဘီစီအက် (၁)၊ အင်္ဂလန်နိုင်ငံ၌ အလုပ်လုပ်နေသော ဦးမောင်ကလေးတို့သည် ကျန်ရှိနေ သော သားသမီးများ ဖြစ်ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)