စွာစော်ကဲ

အင်းဝဘုရင်
(မင်းကြီးစွာစော်ကဲ မှ ပြန်ညွှန်းထားသည်)

မင်းကြီးစွာစော်ကဲ (၁၃၃၀-၁၄၀၀) သည် အင်းဝ ပထမမင်းဆက်တွင် ဒုတိယနန်းစံသောဘုရင်ဖြစ်သည်။ မယ်တော်မှာ ပုဂံတရုတ်ပြေးမင်း၏သားတော် သီဟသူနှင့် ရှမ်းညီနောင် ၃ ပါး၏နှမတော် တို့သင့်ရာတွင် မြင်သည့်သမီးတော် ရှင်မြတ်လှဖြစ်၍ ခမည်းတော်မှာ နန်းကျကျော်စွာ၏သားတော် သရက် မင်းရှင်စောဖြစ်သည်။


အင်းဝဘုရင် သတိုးမင်းဖျား ၏ နှမရှင်စောကြီးနှင့်ထိမ်းမြားသဖြင့် ဘုရင်၏ယောက်ဖတော်ဖြစ်ရာ သတိုးမင်းဖျား နတ်ရွာစံသောအခါ ၇၂၉ ခုနှစ်တွင် ပြည်သူအများကကြိုက်ညီ ၍ မင်းမြှောက်သဖြင့် ထီးနန်းကိုရသည်။ မင်းမဖြစ်မီက စစ်ကိုင်းဆင်ဖြူရှင်ထံ ခစားခဲ့ဖူး၍ တလုပ်မြို့၊ ရမည်းသင်းမြို့ တို့ကိုစားရသည်။ သတိုးမင်းဖျားလက်ထက်တွင် အမြင့်မြို့ကို စားရသဖြင့် အမြင့်မင်းဟုလည်း တွင်သည်။ သတိုးမင်းဖျားက မင်းကြီးစွာစော်ကဲ၏နှမ စောဥမ္မာကို မိဖုရားမြှောက်သဖြင့်လည်း အပြန်အလှန် ယောက်ဖတော်စပ်သည်။


သတိုးမင်းဖျားနတ်ရွာစံသော် မှူးမတ်တို့က နန်းလျာမရှိသဖြင့် ရမည်းသင်းစား သီလဝကို နန်းအပ်ကြသော်လည်း သီလဝက ငြင်းဆန်ကာ ဘုရင့်ယောက်ဖဖြစ်သည့် အမြင့်စား တရဖျားစော်ကဲအား နန်းအပ်ရန်ပြောဆိုသဖြင့် စွာစော်ကဲ အင်းဝတွင်နန်းတက်ရသည်။ မရည်ရွယ်ဘဲ ထီးနန်းကို ရသဖြင့် မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည် ဟု ဆိုရိုးစကား တွင်သည်။ မင်းဖြစ်သော် စစ်ကိုင်း စိုးမင်းကိုယ်တော်ကြီး၏ သမီး စောဥမ္မာကို မိဖုရားမြှောက်သည်။ ကန်စွန်းနိမ့်ရွာသူ မိဘေဇာကိုလည်း မိဖုရား မြှောက်သဖြင့် သားတော် မင်းဆွေ၊ မင်းသိဒ္ဓတ်နှင့် သမီးတော် ရှင်မြတ်လှကို ဖွားသည်။ မင်းဆွေမှာ အင်းဝ ပထမမင်းခေါင်အဖြစ် နန်းမွေဆက်ခံမည့်သူ ဖြစ်သည်။


မင်းကြီးစွာစော်ကဲသည် ကျောက်ဆည်ခရိုင် ဆီးတော်ဆည်နှင့် မိတ္ထိလာကန်တို့ကို ပြုပြင်ဆည်ဖို့သည်။ ထိုမင်းလက်ထက်တွင် လက်စွဲတော် ရာဇသင်္ကြံဘွဲ့ခံ ငမောက်နှင့် ပညာရှိအမတ် ဝန်စင်းရွာသား မင်းရာဇာတို့ ပေါ်ထွန်းသည်။ မွန်တို့နှင့် ၃ ကြိမ် စစ်တိုက်ရသည်။ []


နန်းတက်ပြီးနောက် မွန်တို့ဒေသ ရာမညတွင် ဟံသာဝတီမှ ရာဇာဓိရာဇ်(ဗညားနွဲ့) နှင့် ဦးရီးတော်များမညီမညွှတ်ဖြစ်နေကြောင်းသိရပြီး မြောင်းမြစား လောက်ဖျားက ဟံသာဝတီကို အတူတကွပူးပေါင်းတိုက်ခိုက်ရန် စာပေးပို့ စည်းရုံးသောကြောင့် ဟံသာဝတီသို့ စစ်ချီလေသည်။ သို့ရာတွင် ငယ်ရွယ်ပြီး အစွမ်းအစရှိသူ ရာဇာဓိရာဇ်အား အနိုင်ရအောင်မစွမ်းဆောင်နိုင်ဘဲ တပ်ဆုတ်ပြန်ခဲ့ရသည်။ ထိုနောက် အင်းဝပိုင် ကူထွတ်(ယနေ့မြန်အောင်) နှင့် အလွဲတို့ကို ရာဇာဓိရာဇ်က လာရောက်တိုက်ခိုက်သိမ်းပိုက်သဖြင့် ပြန်လည်တိုက်ခိုက်တွန်းလှန်သည်။ အမတ်များလျှောက်တင်မှုကြောင့် ရာဇာဓိရာဇ်အလျှော့ပေးကာ ကူထွတ်နှင့် အလွဲတို့ကို ပြန်လည်ပေးအပ်သဖြင့် သစ္စာပြုပြီး စစ်ပြေငြိမ်းကြသည်။ မွန်ဘုရင်ရာဇာဓိရာဇ်က ဘကြီးတော်ဟု ခေါ်ဆိုလေးမြတ်ခြင်းပြုသည်။ နန်းသက်တစ်လျှောက်တွင် နိုင်ငံတော် စည်ပင်သည်။ သက္ကရာဇ် ၇၆၂တွင် မင်းကြီး စွာစော်ကဲ နတ်ရွာစံပြီး သားတော် ဆင်ဖြူရှင်တရဖျား နန်းတက်၏။ []

ကြင်ဘက်များ

ပြင်ဆင်ရန်

သီလဝ နှမ ခမည်းမိကို တောင်နန်းတင်သည်တွင် -

  1. သား ဆင်ဖြူရှင် တရဖျား
  2. နှမ မင်းပတ္တမြား၊ မြောက်သားမှာ တလုပ် ရာဇသူ
  3. ညီမ စောစလာကဒေဝီ၊ မြောက်သားမှာ (စည်သူမင်းဦး သား စည်သူသမ္ဘဝ သား) မြင်စိုင်း စည်သူ
  4. ညီမ မင်းခေါင်မယ်တော်
  5. မောင် ရန်အောင်မင်းရဲ (ခမည်းတော်ရှိစဉ် လွန်)

ရှင်စောကြီးကို နန်းတင်ရာ၌ -

  1. သမီး စောမြတ်ကဲ (ခမည်းတော်ရှိစဉ် လွန်)
  2. မောင် စောဆွေနှစ်

စောဥမ္မာကို မိဖုရားမြှောက်ရာ -

  1. စောချမ်းသာ၊ မြောက်သားမှာ ဥဇနာ (အမျိုးအနွယ်ကို မဆို)
  2. ကျော်စွာ (မထင်ရှား)

စောတော်ဦး (ခေါ်) စောဦးကို နန်းတင်သည်တွင် -

  1. စိုးမင်းဝိမလာဒေဝီ

ကန်စွန်းနိမ့်ရွာသူ စောဘေဇာ၌ -

  1. မင်းဆွေ
  2. မင်းသိဒ္ဓတ်
  3. မင်းလှမြတ်၊ ရာဇာဓိရာဇ် မိဖုရား သုပဘာဒေဝီ

ကျမ်းကိုး

ပြင်ဆင်ရန်
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  2. ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း- ဒေါက်တာ နိုင်ပန်းလှ