သတိုးမင်းဖျား (၁၃၄၅-၁၃၆၇)ကို အင်းဝမင်းဆက်အား စတင်တည်ထောင်သူ၊အင်းဝမြို့ကို စတင်တည်ထောင်သူ အဖြစ် အသိများကြသည်။ ပင်းယမြို့နှင့် စစ်ကိုင်းမြို့များကို မြောက်ပိုင်းဒေသမှ ရှမ်းအကြီးအကဲ သိုချီဘွားက တိုက်ခိုက်ဖျက်ဆီး ပစ်ခဲ့သည့်နောက် နှစ်ပေါင်း ၅၀မျှ မငြိမ်မသက်ဖြစ်နေသည့် မြန်မာနိုင်ငံအလယ်ပိုင်းကို ပြန်လည် သိမ်းသွင်းခဲ့သည်။ တိုတောင်းလှသည့် နန်းသက်(၃နှစ်)အတွင်းတွင် နယ်ပယ်ချဲ့ထွင်ရေးနှင့် တိုင်းပြည်တည်ငြိမ်ရေးကို အထူးအလေးပေး ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

သတိုးမင်းဖျားသည် တကောင်းမင်းဆက် သတိုးဆင်ထိန်းနှင့် စစ်ကိုင်းမြို့တည် အသင်္ခယာစောယွန်း၏ သမီးတော် စိုးမင်းတို့၏ သားတော်ဖြစ်သည်။ မိခင်၏ အဘိုးမှာ ပင်းယမြို့တည် တစ်စီးရှင်သီဟသူဖြစ်သည်။ မြန်မာ-ရှမ်းဖြစ်သည်။ ငယ်မည်မှာ ရာဟုလာ ဖြစ်ပြီး နောင်တွင် သတိုးမျိုးရိုးမှ ဆင်းသက်လာ၍ သတိုးမင်းဖျားဟု တွင်သည်။ [၁]

စစ်ကိုင်းတွင်ရှိနေစဉ်က ဘထွေးတော်သူ မင်းပြောက်က မြောက်ပိုင်းမှ စစ်ကိုင်းသို့ သိမ်းပိုက်ရန် ချီတက်လာသည့် သိုချီဘွား၏ တပ်များကို သတိုးမင်းဖျားဖြစ်လာမည့် ရာဟုလာအား တကောင်းမှနေ၍ ခုခံရန် တာဝန်ပေးသည်။ ရွပ်ရွပ်ချွံချွံ ခုခံသော်လည်း အင်အားချင်းမမျှသဖြင့် ဆုတ်ခွာရလေသည်။ မင်းပြောက်လည်း အမျက်ထွက်သဖြင့် ရာဟုလာအား ကြခတ်ဝရာ သို့သံခြေချင်းခတ်၍ ပို့လေသည်။ နောင် ရှမ်းတို့ စစ်ကိုင်းအားတိုက်လာလျှင် မင်းပြောက်လည်း ကြခတ်ဝရာသို့ တိမ်းရှောင်လာလျှင် အငြိုးဖြင့် သတ်လေသည်။ ထို့နောက် စစ်ကိုင်းသို့သွားကာ သတိုးမင်းဖျားဘွဲ့ဖြင့် မင်းပြုသည်။ တစ်လအကြာတွင် ပင်းယမှ နရသူမရှိသည့်နောက် နန်းတက်လာသည့် ဥဇနာပြောင် အားတိုက်ခိုက်နန်းချကာ ပင်းယ-စစ်ကိုင်း နှစ်ပြည်ထောင်တွင် မင်းလုပ်လေသည်။ ဥဇနာပြောင်၏ မိဖုရား စောဥမ္မာကို မိဖုရားဆက်မြှောက်သည်။ (စောဥမ္မာသည် မင်းကြီးစွာစော်ကဲ၏ နှမတော်ဖြစ်သည်။)

သက္ကရာဇ်(၇၂၆)ခုနှစ် ကဆုန်လ၌ စစ်ကိုင်းပျက်၍ နယုန်လ၌ ပင်းယမြို့ ပျက်လေသည်။ ပင်းယနှင့် စစ်ကိုင်းကို သိမ်းပြီး တပေါင်းလတွင် ရတနာပုရ အဝမြို့ဟု သမုတ်လျက် ထီးသစ်နန်းသစ်၊ မြို့တော်သစ်တည်လေသည်။ သတိုးမင်းဖျားသည် နန်းတက်ချိန်တွင်မှာ အသက် (၁၉)နှစ်အရွယ်သာ ရှိသေးသည်။

နန်းတက်ချိန်တွင် နန်းတော်တည်ဆောက်ထားသည်မှာ စေ့စပ်သေသပ်ခြင်းမရှိသည်ကိုတွေ့သဖြင့် “တရိန်းမစပ်” ဟုဆိုလေသည်။ ထိုစကားကိုကြားသော ပုဏ္ဏားပရောဟိတ်နှင့် ပညာရှိတို့က နန်းသက် သုံးနှစ်သာခံမည်ဟု ကြို၍ နိမိတ်ဖတ်လေသည်။

အရည်းကြီးရှင်ယောင်များအား သုတ်သင်ပုံ၊ သူခိုးကြီးငတက်ပြားအားဖမ်းဆီးပုံ နှင့် ဓါးပြတစ်ဦးအား သတ်ဖြတ်ပြီးနောက် အလောင်း၏ ရင်ဘတ်ပေါ်တွင် ထမင်းစားပြပုံများ ကို မြန်မာရာဇဝင်များတွင် ဖွဲ့နွဲ့ရေးသား ဖော်ပြကြသည်။ စကုစား သိင်္ခဗိုလ်ပုန်ကန်သည်ကို သွားရောက်နှိမ်နှင်းနေစဉ် ကျောက်ရောဂါဖြင့် လွန်လေသည်။ ကွယ်လွန်ခါနီးတွင် မိဖုရားစောဥမ္မာကို နှမြောသဖြင့် အတွင်းတော်သား ငနုအား သွားရောက်ကွပ်မျက်စေသည်။ သတိုးမင်းဖျားလွန်လျှင် မှုးမတ်တို့က ရမည်းသင်းစားသီလဝကို နန်းအပ်ကြသော်လည်း သီလဝက 'မိမိမှာ တစ်သက်တွင် သုံးခါသာ ရယ််ဖူးသဖြင့် အိန္ဒြေကြီးလွန်းလှသည်။ မင်းအဖြစ်နှင့်မတန်၊ ထို့ကြောင့် သတိုးမင်းဖျား၏ ယောက်ဖတော်၊ မိမိထက် ဖော်ရွေသူ အမြင့်စား တရဖျား စွာစော်ကဲကို နန်းအပ်ပါ။' ဟုဆိုသဖြင့်မင်းကြီးစွာစော်ကဲ အင်းဝထီးနန်းကို စိုးစံသည်။

ရည်ညွှန်းကိုးကားပြင်ဆင်

  • မသက်ဇင်ဘလော့ [၁]
  1. လယ်တီဦးလှပိုင်၊ စစ်ကိုင်းမြို့ ထူပါရုံဘုရားသမိုင်း၊ ၁၉၆၉၊ စာ-၂