အရှင်အရိယာလင်္ကာရ

(မဏိရတနာဆရာတော် မှ ပြန်ညွှန်းထားသည်)

အရှင်အရိယာလင်္ကာရ [မှတ်စု ၁] (၁၀၇၀ ခန့်) သည် စနေမင်းလက်ထက်တွင် ထင်ရှားသည့် ကျမ်းပြုရဟန်းတစ်ပါးဖြစ်သည်။ ဆရာတော်သည် ပုခန်းကြီးမြို့စီရင်စု၊ နေရင်းရွာဇာတိ ဖြစ်သည်။ မဏိရတနာကျောင်းတိုက်တွင် သီတင်းသုံးတော်မူခဲ့သည်။ နေရင်းရွာကို အစွဲပြု၍[မှတ်စု ၂] “နေရင်းဆရာတော်” ဟု ထင်ရှားခဲ့သည်။

ဆရာတော်သည် ကျမ်းများပြုစုရာတွင် ပုရပိုက်တွင် တစ်ဆင့်မတင်ဘဲ ပေတွင် ကညစ်နှင့်ရေးကာ တိုက်ရိုက်ကျမ်းပြုတော်မူခဲ့သည်။ အရုံဂိုဏ်းတစ်ကျိပ်နှစ်ပါးအပါအဝင် ငရံ့အိုရှင်ကလျာဏဓဇ၏ တပည့် ဖြစ်သည်။ ဆရာတော်သည် အနက်မြန်မာပြန် သန်၍ ကျမ်းဂန်အလွန်တတ်တော်မူသည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည် −

၁။ သုတ်မဟာပါဝါဠိတော်နိသျ၊

၂။ သုတ်သီလက္ခန်ပါဠိတော်နိသျ၊

၃။ သုတ်ပါထေယျပါဠိတော်နိသျ၊

၄။ သုတ်သီလက္ခန်အဋ္ဌကထာနိသျ၊

၅။ သုတ်မဟာဝါအဋ္ဌကထာနိသျ၊

၆။ သုတ်ပါထေယျအဋ္ဌကထာနိသျ၊

၇။ အဋ္ဌသာလိနီအဋ္ဌကထာနိသျ၊

၈။ သမ္မောဟဝိနောဒနီအဋ္ဌကထာနိသျ၊

၉။ ခုဒ္ဒသိက္ခာအဋ္ဌကထာနိသျ၊

၁၀။ မူလသိက္ခာအဋ္ဌကထာ၊

၁၁။ အဘိဓမ္မတ္ထဝိဘာဝနီ ဋီကာနိသျ၊

၁၂။ သုတ္တနိဒ္ဒေသနိသျ၊

၁၃။ သဒ္ဒသာရတ္ထဇာလိနီစာကိုယ်နိသျ၊

၁၄။ သင်္ခေပဝဏ္ဏနာနိသျ၊

၁၅။ ကစ္စာယန ဝဏ္ဏနာနိသျ၊

၁၆။ သင်္ဂဟဓာတု[မှတ်စု ၃]

၁၇။ ကင်္ခါဝိတရဏီအဋ္ဌကထာ၊

၁၈။ ဇိနာလင်္ကာရ စာကိုယ်နိသျ၊

၁၉။ ဇိနာလင်္ကာရဋီကာနိသျ။[၁]

မှတ်စု ပြင်ဆင်ရန်

  1. အရိယာလင်္ကာရဘွဲ့ခံ ဒက္ခိဏာဝန်ဆရာတော်သည် ၉၄၇ ခုနှစ်တွင် ဖွားမြင်၍ သာလွန်မင်း၏ ဆရာ ဖြစ်သည်။ စစ်ကိုင်းကောင်းမှုတော် ဘုရားတောင်မျက်နှာ ဒက္ခိဏာဝန်ကျောင်း၌ သီတင်းသုံးတော်မူသည်။ ပလိုင်းဆရာတော်ဟုလည်း တွင်ခဲ့သည်။ ၎င်းဆရာတော် စီရင်တော်မူသော အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာနိသျကို “ဒက္ခိဏာဝန်နိသျ” ဟုလည်း ခေါ်သည်။ ကစ္စာယနဘေဒဋီကာဟောင်းကို စီရင်သော အဝမြို့နေ ရှင်အရိယာလင်္ကာရဟူ၍ ရှိသေးသည်။ မဏိရတန ဆရာတော်ပင်လော ပလိုင်းဆရာတော် ရှင်သုဇာတပင်လော မကွဲပြားပေ။
  2. ပိဋကတ်တော် သမုင်းကျမ်းစဉ် ၄၆၆၊ ၄၆၇၊ ၄၆၈၊ ၉၃၅၊ ၉၄၆ တို့တွင် နေရင်းဆရာတော်ဟု ဖော်ပြသည်။
  3. ဤနေရင်းဆရာတော် ဖြစ်ဖွယ်မရှိပေ။ ပိဋကတ်တော်သမိုင်း၌ ပုခန်းကြီးမြို့ နေရင်းဆရာတော်ဟုသာ ဖော်ပြသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၇၊ ၁၈။