မတ်ဆူအိုဗသျှိုး
မတ်ဆူအိုဗသျှိုး (ခ) မတ်ဆုအို ဘရှိုး(Matsuo Bashō 松尾 芭蕉?) (1644 – November 28, 1694) ဆိုသည်မှာ ဂျပန်နိုင်ငံတွင် အဲဒိုခေတ်က ထင်ရှားကျော်ကြားခဲ့သော နာမည်ကျော် ဂျပန်ဟိုက္ကူကဗျာဆရာ ဖြစ်သည်။ သူ၏ကဗျာများမှာ နိုင်ငံတကာတွင် ကျော်ကြားပြီး ဂျပန်နိုင်ငံတွင်မူ သူ၏ ကဗျာများကို အထိမ်းအမှတ် အဆောက်အဦးများနှင့် ရိုးရာ အဆောက်အဦးများတွင် ရေးထွင်းထားလေ့ ရှိသည်။
မတ်ဆူအိုဗသျှိုးသည် ၁၆၄၄-ခုနှစ်၌ဂျပန်နိုင်ငံ တိုကျိုမြို့အနီး၊ ဘူနိုမြို့တွင် မွေးဖွားသည်။ ဆင်းရဲသော ဆာမူရိုင်း (ဂျပန်စစ်သည်တော်) တစ်ယောက်၏ သားသမီး ၇ ယောက်အနက် စတုတ္ထမြောက်သား ဖြစ်သည်။ မွေးဖွားစဉ် အခါက အမည်မှာ မတ်ဆုအို ကင်ဆာကု ဖြစ်ပြီး နောင်တွင် မတ်ဆုအို ချူးမွန် မူနဲဖူဆာဟု အမည်ပြောင်းခဲ့သည်။ အသက် (၉)နှစ်အရွယ်တွင် သူသည် မင်းလုလင်တစ်ယောက်ဖြစ်လာပြီး သူ့သခင် စစ်သေနာပတိကြီး၏ သားအကြီးဆုံးနှင့် သူငယ်ချင်းများ ဖြစ်လာခဲ့သည်။ သူတို့နှစ်ယောက်မှာ စာသင်ဘက်တွေ ဖြစ်ကာ စာပေအထူးသဖြင့် ကဗျာအပေါ်တွင်ပို၍ စူးစိုက်အားသန်သူများ ဖြစ်ကြသည်။ နောက်ပိုင်းတွင် ဗသျှိုးသည် မင်းဧကရာဇ် စံပျော်တော်မူရာ ကျိုတိုမြို့မှာ တရုတ်စာပေနှင့် ဂျပန်စာပေကို သင်ယူခဲ့သည်။ ၁၆၇၂-ခုနှစ်တွင် သူသည် မြို့တော် အီဒို (ယခု တိုကျို) မြို့သို့ ပြောင်းရွှေ့နေထိုင်သည်။ ဗသျှိုးမှာ ကဗျာကို ငယ်စဉ်ကတည်းကပင် စတင်လေ့လာခဲ့ပြီး အဲဒိုမြို့ (ယခု တိုကျိုမြို့) ပညာတတ် အသိုင်းအဝန်းတွင် ဝင်ရောက်သည့် အချိန်မှစ၍ ဂျပန်နိုင်ငံ တစ်နိုင်ငံလုံးတွင် သူ၏ အမည်မှာ ထင်ရှားကျော်ကြားလာခဲ့သည်။
သူသည် ကျောင်းဆရာတစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သော်လည်း မြို့တော်ရှိ စာပေနှင့် လူမှု အသိုင်းအဝိုင်းကို စွန့်ခွာခဲ့ပြီး တစ်နိုင်ငံလုံး အရှေ့၊ အနောက်နှင့် မြောက်ဘက် တောများအတွင်းထိ လှည့်လည်သွားခဲ့ပြီး စာရေးရန်အတွက် ကုန်ကြမ်းရှာခဲ့သည်။ သူ၏ကဗျာများမှာ သူတိုက်ရိုက် ထိတွေ့နေရသည့် ပတ်ဝန်းကျင် ကမ္ဘာ၏ လွှမ်းမိုးမှုများကို တွေ့ရပြီး ပတ်ဝန်းကျင် ရှုခင်းအား ခံစားရမှုများကို ရိုးရှင်းသော အဖွဲ့အနွဲ့များဖြင့် ဖွဲ့နွဲ့ပြလေ့ ရှိသည်။
အီဒိုမြို့တွင် သူသည် ကဗျာဆရာအဖြစ် လူသိများလာခဲ့သည်။ မကွယ်လွန်ခင် နောက်ဆုံး ဆယ်နှစ်အတွင်း ဗသျှိုးသည် ဂျပန်နိုင်ငံတစ်ခွင်လုံးကို ခြေကျင်ခရီးရှည်များ တော်တော်ထွက်ဖြစ်ခဲ့သည်။ လမ်းများ အရမ်းဆိုးပြီး ခရီးစဉ်တလျောက် လူဆိုးဓားပြများ သောင်းကျန်းနေ၏။ အလွန်အန္တရာယ်များသောအချိန် ဖြစ်သောကြောင့် သည်လို ခရီးရှည် ထွက်ဖို့ဆိုတာ လုပ်ရိုးလုပ်စဉ်တော့ မဟုတ်၊ အတော်စွန့်စားရသည်။
ဗသျှိုးက သူ့ခရီးစဉ်မှတ်တမ်းကို မြောက်ပိုင်းစူးစူးသို့ အဝင်လမ်းကျဉ်း (The narrow Road to the Deep North) ဟု အမည်တပ်သည်။ ထိုမှတ်တမ်းထဲတွင် သူ၏အကောင်းဆုံးနှင့် အကျော်ကြားဆုံး ကဗျာများ ပါဝင်သည်။ အဆိုပါကဗျာများနှင့် အခြားကဗျာများကို ယခုထိတိုင် ကျယ်ကျယ်ပြန့်ပြန့် ဖတ်နေကြဆဲ ဖြစ်သည်။ ဟိုက္ကူကဗျာ၏ ထာဝရအကြီးမြတ်ဆုံးဆရာအဖြစ် ဗသျှိုးကို ကြည်ညိုလေးစားကြသည်။ ဟိုက္ကူကဗျာများတွင် ဝဏ္ဏ ၁၇-လုံးမျှသာ ပါဝင်သော ၃-ကြောင်းကဗျာကလေးများ ဖြစ်ကြသည်။ ပထမစာကြောင်းမှာ ဝဏ္ဏ ၅-လုံးရှိသည်။ ဒုတိယစာကြောင်းတွင် ဝဏ္ဏ ၇-လုံးရှိသည်။ တတိယစာကြောင်းမှာ ဝဏ္ဏ ၅-လုံးရှိသည်။ ၅း၇း၅ အချိုးဖြစ်သည်။
ဟိုက္ကူကဗျာတို့သည် အစဉ်အလာအားဖြင့် သဘာဝလောကကြီးရှိ ပုံရိပ်များကို ဖော်ကျူးကြသည်။ အောက်ဖော်ပြပါ ကဗျာသည် ဗသျှိုး၏ ဟိုက္ကူနမူနာတစ်ပုဒ် ဖြစ်သည်။
နွေဦးနံနက်မှာ
မြူကိုဖောက် လမှိန်မှိန်သာ
ပန်းတစ်ပွင့်မျက်နှာ။
၁၆၉၄-ခုနှစ်တွင် ဗသျှိုး ခရီးတစ်ဖန်ထွက်ပြန်သည်။ သည်တစ်ကြိမ်တွင် ဂျပန်ပြည်တောင်ပိုင်း ဖြစ်သည်။ သို့သော် သူသည် ကျန်းမာရေးချို့ယွင်းလာကာ ဂျပန်ပြည် အလယ်ပိုင်း အိုဆာကာမြို့၌ ၁၆၉၄-ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး သေဆုံးချိန်တွင် အသက် (၅၀) ရှိပြီဖြစ်သည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိ အဘိဓာန် (ဒုတိယတွဲ) မောင်မောင်ထွန်း ပြန်ဆိုပြုစုသည်။ ၂၀၁၅ (ပထမအကြိမ်)၊ စာ-၅၈