စေတနာဟူသော အာဟာရကို မနောသဉ္စေတနာဟာရဟု ခေါ်သည်။

မိမိဆိုင်ရာ အကျိုးများကို အခြားသော အကြောင်းတရားတို့ထက် လွန်လွန်ကဲကဲ ဆောင်တတ် ဖြစ်စေတတ်သော အာဟာရ တရား ၄-ပါးတို့တွင် စေတနာသည် မနောသဉ္စေတနာဟာရဟူသော အမည်ဖြင့် ပါဝင်သည် [၁][၂]

စေတနာက ဘဝသုံးပါးကို ဖြစ်စေ ပြင်ဆင်ရန်

မနောသဉ္စေတနာဟာရခေါ် ယင်း စေတနာသည် ကာမပဋိသန္ဓေ ဝိညာဉ်ဟူသော ကာမဘဝ, ရူပပဋိသန္ဓေ ဝိညာဉ်ဟူသော ရူပဘဝ, အရူပပဋိသန္ဓေ ဝိညာဉ်ဟူသော အရူပဘဝအားဖြင့် ဘဝ ၃-ပါးတို့ကို ဖြစ်စေသည် [၃][၂]

စေတနာ ကြောင့် ဝဋ်ဒုက္ခရ ပြင်ဆင်ရန်

မနောသဉ္စေတနာဟာရ၌ ကြောက်မက်ဖွယ်ရာ ဘေးကြီးတစ်ခုရှိသည်။ ယင်းကား အမျိုးမျိုးသော သံသရာ ဝဋ်ဒုက္ခကို ရရှိခံစားရမည့် ဘဝ ၃-ပါးကို ဖြစ်စေနိုင်သော ကုသိုလ်, အကုသိုလ်ကံကို ပြုလုပ် အားထုတ်မိခြင်းပင် ဖြစ်သည်၊ ယင်းသို့ ပြုလုပ်အားထုတ်မိခြင်းကြောင့် ဘဝ ၃-ပါးကို ရရှိကာ အမျိုးမျိုးသော သံသရာ ဝဋ်ဒုက္ခကို ရရှိ ခံစားကြရပေသည် [၄][၂]

မီးကျီးတွင်းနှင့် တူသော စေတနာ ပြင်ဆင်ရန်

မနောသဉ္စေတနာဟာရကို မီးကျီးတွင်း ဥပမာဖြင့် နှိုင်းယှဉ် မှတ်သားသင့်သည်၊ အလျှံ, အခိုးမရှိ ရဲရဲညိသော မီးကျီးခဲတို့ဖြင့် ပြည့်နေသော မီးကျီးတွင်းသို့ အသက်ရှည်ကြာ အနာမဲ့လျက် ချမ်းသာစွာ နေလိုသော ယောက်ျားတစ်ယောက်ကို ခွန်အားဗလ ကြီး မားလှသည့် ယောက်ျား ၂-ယောက်တို့က ဆွဲငင် တွန်းချသကဲ့သို့ မနောသဉ္စေတနာဟာရခေါ် ကုသိုလ်, အကုသိုလ်စေတနာသည် ပြုလုပ်အားထုတ်သူ ဗာလပုထုဇဉ်တို့ကို ဘဝ ၃-ပါးသို့သာ ဆွဲငင် တွန်းချပေသည်၊ ဤ ဥပမာ၌ မီးကျီးတွင်းနှင့် ဘဝ ၃-ပါး, ချမ်းသာစွာနေလိုသော ယောက်ျားနှင့် ဝဋ်တရားကို လိုလားတောင့်တသူ ဗာလပုထုဇဉ် ဆွဲငင် တွန်းချသူ ယောက်ျား ၂-ယောက်နှင့် ကုသိုလ် အကုသိုလ်စေတနာ ဆွဲငင်ရာအခါ နှင့် ကုသိုလ်အကုသိုလ်စေတနာကို ပြုလုပ် အားထုတ်ရာအခါတို့ တူညီကြသည် [၅][၂]

မနောသဉ္စေတနာဟာရ တရားအားလုံး ပြင်ဆင်ရန်

ဤ၌ ထူးခြားသော အကြောင်းတရား ဖြစ်သည့် ဘဝ ၃-ပါးကို ဖြစ်စေနိုင်သော လောကီကုသိုလ် အကုသိုလ်စေတနာ ၂၉-ခုကိုသာ “မနောသဉ္စေတနာဟာရ”ဟု ဆိုရသော်လည်း သာမညအားဖြင့် ယှဉ်ဖက်စိတ် စေတသိက်နာမ်တရားနှင့် စိတ္တ, ပဋိသန္ဓေ ကမ္မဇရုပ်တရားတို့ကို ဖြစ်စေနိုင်သော ကုသိုလ်, အကုသိုလ်, ဝိပါက်, ကိရိယာစေတနာ အားလုံးကိုလည်း မနောသဉ္စေတနာဟာရဟုပင် ခေါ်ဆိုထိုက်သည် [၆][၂]

အာဟာရပစ္စည်း ပြင်ဆင်ရန်

မနောသဉ္စေတနာဟာရသည် ဘဝ ၃-ပါးကို ဖြစ်စေ၏ဟု ဆိုရာ၌ သုတ္တန်နည်းအားဖြင့်သာ ဆိုခြင်းဖြစ်သည်၊ အဘိဓမ္မာ ပဋ္ဌာန်းပါဠိတော်၌ကား တပြိုင်နက် အတူတကွဖြစ်ကြသည့် စိတ်, စေတသိက်နာမ်တရား နှင့် စိတ္တဇ ပဋိသန္ဓေကမ္မဇရုပ်တရားတို့ကို ဖြစ်စေနိုင်သည့် သဟဇာတ စေတနာသည်သာ “အာဟာရပစ္စည်း” အဖြစ်ဖြင့်လာရှိ၍ အတူတကွမဖြစ်ပဲ နောင်မှဖြစ်ပေါ်လာမည့် အကျိုး တရားတို့ကို ဖြစ်စေနိုင်သည့် နာနာက္ခဏိက စေတနာသည် “အာဟာရပစ္စည်း” အဖြစ်ဖြင့် မလာရှိပေ [၇][၂]

ကိုးကား ပြင်ဆင်ရန်

  1. (မ၊၁၊၅၈-၉။ သံ၊၁၊၂၅၃-၄၊ ၃၂၂။ ဝိသုဒ္ဓိ၊၁၊၃၃၆။ သင်္ဂဟ၊၁၂၁)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ တိပိဋကအဘိဓာန် အတွဲ-၇
  3. (မ၊ဋ္ဌ၊၁၊၂၁၃။ သံ၊ဋ္ဌ၊၂၊၂၄။ ဝိသုဒ္ဓိ၊၁၊၃၃၆။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၁၄။ ဝိဘာဝိနီ၊၂၂၄)
  4. (မ၊ဋ္ဌ၊၁၊၂၁၄-၅။ သံ၊ဋ္ဌ၊၂၊၂၅-၆)
  5. (သံ၊၁၊၃၂၄။ မ၊ဋ္ဌ၊၁၊၂၁၇။ သံ၊ဋ္ဌ၊၂၊၁၀၄)
  6. (မ၊ဋ္ဌ၊၁၊၂၁၃။ သံ၊ဋ္ဌ၊၂၊၂၄-၅။ အဘိ၊ဋ္ဌ၊၁၊၁၉၇။ မ၊ဋီ၊၁၊၃၁၁။ အံ၊ဋီ၊၂၊၂၈)
  7. (ပရမတ္ထဒီပနီ၊၃၅၀)