စေတနာ
[၁] စေ့စပ်–ဆက်စပ် -ဆက်သွယ်–ပေးတတ်သော သဘောတရား၊ စေ့ဆော်–နှိုးဆော်- တိုက်တွန်း-ကြောင့်ကြစိုက်- တတ်သော သဘောတရား၊ ပေါင်းစု- စည်းရုံး-စုစည်း - တတ်သော သဘောတရား၊ ပြုပြင်–စီရင် - စီမံ-တတ်သော သဘောတရား၊ စေတနာ စေတသိက်။ [၂]
စေ့ဆော်တိုက်တွန်းမှု သဘောသရုပ်
ပြင်ဆင်ရန်လူတို့ သဘာဝအလျောက်ပြုမူကြသည်မှာ အဘယ်အ ကြောင်းကြောင့်နည်းဟူသော အချက်ကို လေ့လာခြင်းသည် စိတ်ပညာတွင် အရေးကြီးသော လေ့လာချက်ဖြစ်၏။ စိတ်ပညာ အရ ထိုအကြောင်းကိုရှာသော်၊ စေ့ဆော်တိုက်တွန်းမှုကြောင့် ဖြစ်သည်ဟု တွေ့ရသည်။ စေ့ဆော်တိုက်တွန်းမှုသည် နဂိုဇာတိ ပါ ကိုယ်တွင်းစေ့ဆော်မှုများကြောင့်လည်းကောင်း၊ လူမှုဆက်ဆံရေးအား ဖြင့် လေ့လာယူရသော စေ့ဆော်မှုများကြောင့်လည်းကောင်း ဖြစ်သည်။ နဂိုဇာတိပါကိုယ်တွင်းစေ့ဆော်မှုများမှာ ဆာလောင်ခြင်း၊ ရေ ငတ်ခြင်း၊ ဖိုမဇာတိစိတ်၊ မိဘဇာတိစိတ်၊ သင်းပင်းဇာတိစိတ်၊ မိမိကိုယ်ကို ထင်ပေါ်လိုသော ဇာတိစိတ် စသည်များဖြစ်သည် ဟု စိတ်ပညာရှင် အများကယူဆကြသည်။ စိတ်ပညာရှင် ဖရွိုက်ကမူ လူ၏ အပြုအမူအားလုံးသည် ဖိုမဇာတိစိတ်၏ စေ့ဆော်မှု ပေါ်တွင် တည်နေသည်ဟုဆိုသည်။ အချို့စိတ်ပညာရှင်များက လည်း မိဘစိတ်၊ သင်းပင်းစိတ်တို့မှာ လူမှုဆက်ဆံရေးမှ ဖြစ် ပေါ်လာသော စေ့ဆော်မှုများဖြစ်သည်ဟု ယူဆကြသည်။
အရွယ်ရောက်သော လူ၏ အပြုအမူများသည် နဂိုဇာတိပါသော စေ့ဆော်မှုများကြောင့်ဖြစ်သည်ထက် လေ့လာယူရသော စေ့ဆော် မှုများမှ ရအပ်သည့် စွဲလမ်းစိတ်များကြောင့်ဖြစ်သည်ဟု အများ ပင် သဘောကြိုက်ညီကြ၏။ စွဲလမ်းစိတ်များမှ ချစ်ခြင်း၊ မုန်းခြင်းစသော စိတ်မျိုးကို ဆိုလိုသည်။ စွဲလမ်းစိတ် နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။ တစ်မျိုးမှာ ထောက်လှမ်းခြင်းကို သိသည့်စိတ်ဖြစ်သည်။ လူ တစ်ဦးတစ်ယောက်သည် လူတစ်ယောက်ကိုခင်မင်ခြင်း၊ ထောက်လှမ်း ခြင်းသည်လည်းကောင်း၊ အဆောက်အအုံတစ်ခုကို ခင်တွယ်ခြင်းသည်လည်းကောင်း၊ ဤစွဲလမ်းစိတ်မျိုးဖြစ်၏။ အခြားအမျိုးအစားမှာ လောင်းကစားကိုတိုက်ဖျက်ခဲ့ခြင်းဖြစ်၏။ လောင်းကစားကို တိုက်ဖျက်ခြင်းသည် ထောက်လှမ်းခြင်းက်ု စွဲလမ်းစိတ်သည် ပိုမိုအင်အားရှိသည်။ ထို့ကြောင့် လူအများသည် ဝတ္ထုမဲ့စွဲလမ်း စိတ်ဖြစ်သော သစ္စာတရား ခင်တွယ်ခြင်းကြောင့် ကြိုးပမ်းသည် ထက်၊ ဝတ္ထု စွဲလမ်းစိတ်ဖြစ်သော ပုဂ္ဂိုလ်ခင်တွယ်ခြင်း၊ မုန်းတီးခြင်းတို့ကြောင့် ပိုမိုအားထုတ်ဆောင်ရွက်တတ်ကြသည်။
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တွင် စွဲလမ်းစိတ်များစွာရှိတတ်ရာ၊ တချို့သော ပုဂ္ဂိုလ်တို့တွင် ပဓာနစွဲလမ်းစိတ် တစ်ခုသည် အခြားစွဲလမ်းစိတ်များကို ဖိနှိပ်လွှမ်းမိုးတတ်၏။ ထိုသို့သော ပုဂ္ဂိုလ်များသည် အရာရာတွင် ပဓာန စွဲလမ်းစိတ်၏ စေ့ဆော် သည့်အတိုင်းပြုမူ ဆောင်ရွက်တတ်၏။ ပမာအားဖြင့် ဂျာမန် အာဏာရှင် ဟစ်တစ်လာ၌ မိမိ၏ တန်ခိုးကြီးလိုသော စွဲလမ်းစိတ်သည် သား မယားခင်မင်စိတ်၊ မိတ်ဆွေခင်မင်စိတ်စသည် တို့ကို လွှမ်းမိုးသွားသဖြင့်၊ မေတ္တာခေါင်းပါးလျက် ကမ္ဘာတစ်ခွင်၌ အာဏာရှင်ဖြစ်ရန် အစွမ်းကုန် အားထုတ်ခဲ့လေသည်။ ထိုသို့ ပဓာနစွဲလမ်းစိတ်မရှိသောပုဂ္ဂိုလ်များမှာ စိတ်ပဋိပက္ခမှု များကင်း၍၊ စိတ်တည်ကြည်စည်းလုံး သော ပုဂ္ဂိုလ်များဖြစ်ကြ သည်။ ပဓာနစွဲလမ်းစိတ်မရှိသော ပုဂ္ဂိုလ်များ၌ စိတ်ပဋိပက္ခမှု များဖြစ်တတ်သည်။ လူတစ်ဦးတစ်ယောက်၏ ပဓာနစွဲလမ်း စိတ်ကို သိရှိသောအခါ၊ ထိုသူ၏ အကျင့်စာရိတ္တကို သိနိုင် သည်။ စိတ်ပညာရှင် ကတဲက ရေးသားခဲ့သည်မှာ 'လူတစ်ဦး တစ်ယောက်သည် မည်သည့်အရာကို ရိုသေလေးမြတ်သည်၊ မည်သည့်အရာများကို စက်ဆုပ်သည်၊ ခင်မင်သည်၊ မုန်းတီး သည်၊ မြတ်နိုးသည်ဟု သိရှိသောအခါ ထိုသူ၏ အပြုအမူကို အသင့်အတင့် ခန့်မှန်း နိုင်ချေပြီ'ဟူ၍ ဖြစ်သည်။
စီမံသကဲ့သို့ ဖြစ်သောတရား
ပြင်ဆင်ရန်ယင်းစေတနာသည် မိမိနှင့်တကွ ဖဿ စသော ယှဉ်ဖက်တရားတို့ကို အာရုံ၌ စေ့စပ် ဆက်သွယ်ပေးတတ်သော တရားဖြစ်သည်၊ ဖဿစသော ယှဉ်ဖက်တရားတို့ကို မိမိတို့၏ တွေ့ထိမှု “ဖုသန” စသော ကိစ္စ၌ စေ့ဆော် တတ် ကြောင့်ကြစိုက်တတ်သောတရားလည်း ဖြစ်သည်၊ ဖဿစသော ယှဉ်ဖက်တရားတို့ကို မိမိတို့၏ကိစ္စ၌ ဖရိုဖရဲ တကွဲတပြား မဖြစ်ရအောင် စုစည်းတတ်သောတရားလည်း ဖြစ်သည်၊ ဖဿစသော ယှဉ်ဖက်တရားတို့ကို ဖဿ သင်သည် တွေ့ထိမှု ကိစ္စကိုပြုလော့၊ ဝေဒနာ သင်သည် ခံစားမှုကိုပြုလော့၊ သညာ သင်သည် မှတ်သားမှု ကိစ္စကိုပြုလော့”စသည်ဖြင့် စီမံသကဲ့သို့ ဖြစ်သောတရားလည်း ဖြစ်သည် [၃][၂]
လက္ခဏာ, ရသစသည်
ပြင်ဆင်ရန်စေတနာသည် ဖဿစသော ယှဉ်ဖက် တရားတို့ကို မိမိတို့၏ ကိစ္စ၌ စေ့ဆော် တိုက်တွန်းမှု သဘော “စေတယိတလက္ခဏာ” ရှိသည်၊ တနည်းအားဖြင့် ဖဿစသော ယှဉ်ဖက်တရားတို့ကို အာရုံ၌ စေ့စပ် ဆက်သွယ်ပေးမှု သဘော “အဘိသန္ဒဟနလက္ခဏာ” ရှိသည်။ တနည်းအားဖြင့် ဖသာစသော ယှဉ်ဖက်တရားတို့ကို ပြုပြင်စီမံမှုသဘော “အဘိသင်္ခရဏလက္ခဏာ” ရှိသည်။
ဖဿစသော ယှဉ်ဖက်တရားတို့ကို တွေ့ထိမှု စသော ကြောင့်ကြ ဗျာပါရ ပြုမှုကိစ္စ “အာယူဟနရသ” ရှိသည်။
ဖဿစသော ယှဉ်ဖက်တရားတို့ကို ပြုပြင် စီမံတတ်သော တရားဟု ယောဂီဉာဏ်တွင် ထင်ပေါ်လာမှု အခြင်းအရာ “သံဝိဒဟနပစ္စု ပဋ္ဌာန်” ရှိသည်။
ကြွင်းနာမ်ခန္ဓာ၃-ပါးဟူသော နီးစွာသော အကြောင်း “သေသခန္ဓပဒဋ္ဌာန်”ရှိသည် [၄] [၂]
လယ်ပိုင်ရှင် နှင့် တူသောတရား
ပြင်ဆင်ရန်သူရင်းငှါး လယ်လုပ်သားတို့ကို ခေါ်ဆောင်၍ စပါးရိတ်ရန် လယ်တောသို့သွားသော လယ်ပိုင်ရှင်သည် ကိုယ်တိုင်လည်း မနေမနား ကြိုးစားရိတ်၍ နောက်ပါ သူရင်းငှါး လယ်လုပ်သားတို့ကိုလည်း မနေမနား ကြိုးစားရိတ်ကြရန် နှိုးဆော် တိုက်တွန်းကာ လွန်စွာကြောင့်ကြဗျာပါရစိုက်သကဲ့သို့ စေတနာသည် မိမိ၏ယှဉ်ဖက် တရားတို့ကို အာရုံ၌ ဆက်စပ်ပေးမှု ကိစ္စကိုလည်း ပြုသည်၊ ဖဿ စသော ယှဉ်ဖက်တရားတို့ကို မိမိတို့ဆိုင်ရာ တွေ့ထိမှု စသောကိစ္စကို ပြုလုပ်ကြရန် နှိုးဆော် ကြောင့်ကြ ဗျာပါရစိုက်မှုကိုလည်း ပြုသည်၊ ဤသို့ မိမိကိစ္စ သူတစ်ပါးကိစ္စကို ပြီးစေတတ်သောကြောင့် စေတနာကို “လယ်ပိုင်ရှင် နှင့် တူသောတရား” ဟုဆိုရသည်။ [၂]
စစ်ဗိုလ်ချုပ်ကြီး နှင့် တူသောတရား
ပြင်ဆင်ရန်စစ်ဗိုလ်ချုပ်ကြီးသည် ကိုယ်တိုင်လည်း ရန်သူများကို မနေမနား ကြိုးစား တိုက်ခိုက်၍ နောက်လိုက်ငယ်သား စစ်သားများကိုလည်း မနေမနား ကြိုးစားတိုက်ခိုက်ကြရန် စီမံကွပ်ကဲသကဲ့သို့ စေတနာသည် မိမိ၏ ယှဉ်ဖက်တရားတို့ကို အာရုံ၌ ဆက်စပ် ပေးမှုကိုလည်း ပြုသည်၊ ဖဿစသော ယှဉ်ဖက် တရားတို့ကို မိမိတို့ဆိုင်ရာ တွေ့ထိမှု စသော ကိစ္စကို ပြုလုပ်ကြရန် စီမံမှုကိုလည်း ပြုသည်၊ ဤသို့ မိမိကိစ္စ, သူတစ်ပါးကိစ္စကို ပြီးစေတတ်သောကြောင့် စေတနာကို “စစ်ဗိုလ်ချုပ်ကြီး နှင့် တူသောတရား”ဟုလည်း ဆိုရသည်။
တပည့်ကြီး နှင့် တူသောတရား, လက်သမားကြီးနှင့် တူသောတရားဟုလည်း ဆိုရသေးသည် [၅] [၂]
အကျိုးပေးနိုင်သော နှင့် အကျိုးမပေးနိုင်သော စေတနာ
ပြင်ဆင်ရန်စေတနာသည် ကောင်းကျိုး မကောင်းကျိုးတည်းဟူသော အကျိုးတရားကို ဖြစ်စေနိုင်သော သဝိပါက စေတနာ, အကျိုးတရားကို မဖြစ်စေနိုင်သော အဝိပါကစေတနာဟု နှစ်မျိုးရှိသည်၊
ကုသိုလ်စေတနာ ၂၁, အကုသိုလ်စေတနာ ၁၂-ပါးတို့သည် ပဋိသန္ဓေကျိုး ပဝတ္တိကျိုးကို ဖြစ်စေနိုင်သောကြောင့် သဝိပါကစေတနာမည်၏၊
ဝိပါက်စေတနာ ၃၆, ကြိယာစေတနာ ၂၀-တို့သည် ပဋိသန္ဓေ ကျိုး, ပဝတ္တိကျိုးကို မဖြစ်စေနိုင်သောကြောင့် အဝိပါကစေတနာမည်၏ [၆]။ [၂]
အကျိုးပေးမြဲသော နှင့် အကျိုးပေးမမြဲသော စေတနာ
ပြင်ဆင်ရန်သဝိပါကစေတနာသည်လည်း အကျိုးပေးမြဲသော “ဓုဝဝိပါက” စေတနာ, အကျိုးပေးမမြဲသော “အဓုဝဝိပါက” စေတနာဟု ၂-မျိုးရှိသည်၊
ပဉ္စာနန္တရိယစေတနာ, နိယတမိစ္ဆာဒိဋ္ဌိစေတနာ, မဟဂ္ဂုတ်စေတနာ, မဂ်စေတနာတို့သည် အကျိုးပေးမြဲသောကြောင့် “ဓုဝဝိပါက” စေတနာမည်၏၊
ကြွင်းစေတနာတို့သည် အကျိုးပေး မမြဲသောသောကြောင့် “အဓုဝဝိပါက” စေတနာမည်၏ [၇]။ [၂]
ကာယသဉ္စေတနာ, ဝစီသဉ္စေတနာ, မနောသဉ္စေတနာဟုလည်း စေတနာ ၃-မျိုး ရှိသည်၊
ကာယသဉ္စေတနာ
ပြင်ဆင်ရန်ထိုတွင် ကာယသဉ္စေတနာသည် အကုသိုလ်ကာယသဉ္စေတနာ, ကုသိုလ် ကာယသဉ္စေတနာဟု ၂-မျိုးပြားသည်၊
- သူ့ အသက်သတ်မှု, သူ့ဥစ္စာခိုးယူမှု, သူ့သား မယားကျူးလွန်မှုတို့ကို ဖြစ်စေတတ်သော စေတနာသည် “အကုသိုလ် ကာယသဉ္စေတနာ” မည်၏၊
- ယင်း ၃-ပါးမှ ရှောင်ကြဉ်မှုကို ဖြစ်စေတတ်သော စေတနာသည် “ကုသိုလ် ကာယသဉ္စေတနာ” မည်၏။ [၂]
ဝစီသဉ္စေတနာ
ပြင်ဆင်ရန်ဝစီသဉ္စေတနာသည်လည်း အကုသိုလ် ဝစီသဉ္စေတနာ, ကုသိုလ်ဝစီသဉ္စေတနာဟု ၂-မျိုးပြားသည်၊
- လိမ်လည်ပြောဆိုမှု ချောပစ် ကုန်းတိုက်မှု ကြမ်းတမ်းစွာ ဆဲရေးပြောဆိုမှ အကျိုးမရှိသော စကားပြောဆိုမှုတို့ကို ဖြစ်စေတတ်သော စေတနာသည် အကုသိုလ်ဝစီသဉ္စေတနာ မည်၏၊
- ယင်း ၄-ပါးမှ ရှောင်ကြဉ်မှုကို ဖြစ်စေတတ်သော စေတနာသည် “ကုသိုလ်ဝစီသဉ္စေတနာ” မည်၏။ [၂]
မနောသဉ္စေတနာ
ပြင်ဆင်ရန်မနောသဉ္စေတနာသည်လည်း အကုသိုလ်မနောသဉ္စေတနာ, ကုသိုလ်မနောသဉ္စေတနာဟု ၂-မျိုးပြားသည်။
- သူတစ်ပါးစည်းစိမ်ဥစ္စာကို မိမိဥစ္စာဖြစ်စေလိုမှု “အဘိဇ္ဈာ” သူတစ်ပါးကို ပျက်စီးစေလိုမှု “ဗျာပါဒ”မှားယွင်းသော အယူဝါဒကို ယူဆယုံကြည်မှု “မိစ္ဆာဒိဋ္ဌိ”တို့ကို ဖြစ်စေတတ်သော စေတနာသည် “အကုသိုလ် မနောသဉ္စေတနာ” မည်၏။
- သူတစ်ပါး စည်းစိမ်ဥစ္စာကို မိမိဥစ္စာမဖြစ်စေလိုခြင်း “အန ဘိဇ္ဈာ” သူတစ်ပါးကို မပျက်စီးစေလိုခြင်း “အဗျာပါဒ” မှန်ကန်သောအယူဝါဒကို ယူဆယုံကြည်ခြင်း “သမ္မာဒိဋ္ဌိ”တို့ကို ဖြစ်စေတတ်သော စေတနာသည် “ကုသိုလ်မနောသဉ္စေတနာ” မည်၏ [၈] [၂]
ကောင်းကောင်းဆိုးဆိုး စေတနာ ပဓာန
ပြင်ဆင်ရန်စေတနာသည် ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော ကိုယ်မှု, နှုတ်မှု, စိတ်မှုတို့ကိုပြုလုပ်ရာ၌လိုရင်းပဓာနအချက်အချာကျသော တရားဖြစ်သည်။ မည်သည့် ပြုလုပ်မှုကိစ္စမဆို စေတနာမပါလျှင် မထမြောက်မအောင်မြင်နိုင်၊ စေတနာပါရှိမှသာ ထမြောက် အောင် မြင်နိုင်သည်၊ သို့ဖြစ်၍ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊ စေတယိတွာ ကမ္မံ ကရောတိ၊ ကာယေန ဝါစာယ မနသာ” ဟု ဘုရားရှင် မိန့်တော်မူသည် [၉]။ [၂]
စေတနာသည် ကံ
ပြင်ဆင်ရန်စေတနာဖြင့် နှိုးဆော်တိုက်တွန်း၍ ကိုယ်, နှုတ်, စိတ်တို့ဖြင့် ကိုယ်မှု, နှုတ်မှု, စိတ်မှုတို့ကို ပြုလုပ်ပြောဆိုကြံစည်ကြသဖြင့် စေတနာရှေ့သွားရှိသောကံသည် စေတနာသဘော ရှိသောကြောင့် စေတနာကို “ကံ” ဟုခေါ် ဆိုရသည်၊ တနည်းအားဖြင့် စေတနာဖြင့်နှိုး ဆော်တိုက်တွန်း၍ ကိုယ်နှုတ်တို့ဖြင့် လှုပ်ရှားမှု အမူအရာ, စိတ်ဖြင့်ကြံစည်မှုအမူအရာကို ပြုလုပ်ပြီးစီးစေတတ်သောကြောင့် စေတနာကို “ကံ”ဟု ခေါ်ဆိုရသည်၊ စင်စစ်အားဖြင့် ကံဟူသော အမည်သည် ကိုယ်မှု, နှုတ်မှု, စိတ် မှုတို့၏ အမည်ရင်းဖြစ်သည်။ သို့သော်လည်း ကိုယ်မှု, နှုတ်မှု, စိတ်မှုများသည် စေတနာ ကြောင့်သာ ထမြောက် အောင်မြင်ရသောကြောင့် အကျိုး၏အမည်ကို အကြောင်း၌ တင်စား၍ ဖလူပစာရနည်းအားဖြင့် အရင်းခံ စေတနာကိုပင် “ကံ”ဟု ဆိုရသည် [၁၀])။ [၂]
အကောင်း အဆိုး ကံ ၃-မျိုး
ပြင်ဆင်ရန်ကံ-ဟုဆိုရသော စေတနာသည် ကာယကံ, ဝစီကံ, မနောကံ-ဟု ၃-မျိုးရှိသည်၊
- အကောင်း အဆိုး ၂-မျိုးသော ကိုယ်မှုကို ဖြစ်စေတတ်သော ကာမကုသိုလ်, အကုသိုလ် စေတနာ ၂၀-သည် “ကာယကံ” မည်၏၊
- အကောင်း အဆိုး ၂-မျိုးသော နှုတ်မှုကို ဖြစ်စေတတ်သော ကာမကုသိုလ်, အကုသိုလ် စေတနာ ၂၀-သည် “ဝစီကံ” မည်၏၊
- အကောင်း အဆိုး ၂-မျိုးသော စိတ်မှုကို ဖြစ်စေတတ်သော လောကီကုသိုလ်, အကုသိုလ်စေတနာ ၂၉-ပါးသည် “[၁၁]”မည်၏ [၁၂]။ [၂]
ကိစ္စအားဖြင့် ကံ ၄-မျိုး
ပြင်ဆင်ရန်စေတနာသည် ကိစ္စအားဖြင့် ဇနကကံ, ဥပတ္ထမ္ဘကကံ, ဥပပီဠကကံ, ဥပဃာတကကံဟု ၄-မျိုးရှိသည်၊
- ထိုတွင် ပဋိသန္ဓေ, ပဝတ္တိကျိုးကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကို စေတနာသည် “ဇနကကံ” မည်၏၊
- ဇနကကံ၏ အကျိုးကို မြဲမြံရှည်ဝေး အကျိုးပေးသန် အောင် ကူညီထောက်ပံ့တတ်သော ကုသိုလ် အကုသိုလ်စေတနာသည် “ဥပတ္ထမ္ဘကကံ”မည်၏၊
- ဇနကကံ၏အကျိုးကို မသန်စွမ်း မထက်မြက်အောင် ဖိစီးနှိပ်စက် နှောင့်ယှက်တတ်သော ကုသိုလ်, အကုသိုလ်စေတနာသည် “ဥပပီဠကကံ”မည်၏၊
- ကံတစ်ပါး၏ အကျိုးကို ပိတ်ပင်တားမြစ် သတ်ဖြတ်တတ်သော ကုသိုလ်, အကုသိုလ်စေတနာသည် “ဥပဃာတကကံ မည်၏ [၁၃]။ [၂]
အကျိုးပေးလှည့်အစဉ်အားဖြင့် ကံ ၄-မျိုး
ပြင်ဆင်ရန်စေတနာသည် အကျိုးပေးလှည့်အစဉ်အားဖြင့် ဂရုကကံ, ဗဟုလကံ, အာသန္နကံ, ကဋတ္တာကံ-ဟု ၄-မျိုးရှိသည်၊
- ထိုတွင် အခြားသောစေတနာ (ကံ)တို့ မတားမြစ်နိုင်, သေသည်၏ အခြားမဲ့၌ အကျိုးပေးမြဲသော ကုသိုလ်, အကုသိုလ်စေတနာသည် “ဂရုကကံ” မည်၏ (ကုသိုလ်အရာ၌ အာနုဘော်ကြီးမားသော မဟဂ္ဂုတ်စေတနာ, အကုသိုလ်အရာ၌ အပြစ်ကြီးလေးသော ပဉ္စာနန္တရိယစေတနာ, နိယတမိစ္ဆာဒိဋ္ဌိစေတနာတို့ ဖြစ်သည်)။
- နေ့ ရှည်လများ အမြဲမပြတ် ဖြစ်ပေါ်တိုးပွါးနေသော ကုသိုလ် အကုသိုလ်စေတနာသည် “ဗဟုလကံ”မည်၏
- သေခါနီးကာလ၌ ပြုအပ်သော ကုသိုလ်, အကုသိုလ်စေတနာသည်၎င်း ရှေးကပြုပြီးသည်ကို သေခါနီးမှ အမှတ်ရသဖြင့် ဖြစ်ပေါ်လာသော ကုသိုလ်, အကုသိုလ် စေတနာသည်၎င်း “အာသန္နကံ မည်၏၊
ဂရုကကံ, ဗဟုလကံ, အာသန္နကံ-တို့လောက် အခြေမရောက် အမှတ်မဲ့ ပြုကာမျှဖြစ်သော ကုသိုလ်, အကုသိုလ်စေတနာသည်လည်းကောင်း, ရှေးရှေးဘဝတို့က ပြုခဲ့သော ကုသိုလ်, အကုသိုလ် စေတနာသည်၎င်း “ကဋတ္တာကံ” မည်၏။ [၁၄]။ [၂]
ဘယ်ကံက အကျိုးအရင် ပေးမလဲ
ပြင်ဆင်ရန်ထိုကံ ၄-မျိုးတို့တွင် ဂရုကကံရှေးဦးစွာ အကျိုးပေးသည်၊ ဂရုကကံမရှိခဲ့သော် ဗဟုလကံ အကျိုးပေးသည်၊ ဗဟုလကံ မရှိခဲ့သော် အာသန္နကံအကျိုးပေးသည်၊ အာသန္နကံ မရှိခဲ့သော် ကဋတ္တာကံ အကျိုးပေးသည်[၁၅]။ ဂရုကကံ, အာသန္နကံ, အာစိဏ္ဏကံ, ကဋတ္တာကံ-ဟု သင်္ဂဟ (၈၁)၌ ပြဆိုသည်၊
ဝိဘာဝိနီ(၁၇၀)၌လည်း ဂရုကကံ ရှေးဦးစွာအကျိုးပေးသည်၊ ဂရုက ကံမရှိခဲ့သော် အာသန္နကံ အကျိုးပေးသည်၊ အာသန္နကံမရှိခဲ့သော် အာစိဏ္ဏကံ အကျိုး ၂ ပေးသည်၊ အာစိဏ္ဏကံမရှိခဲ့သော် ကဋတ္တာကံ အကျိုးပေးသည်ဟု ပြဆိုသည်၊ အာစိဏ္ဏကံ ဟူသည် ဗဟုလကံပင်ဖြစ်သည်။ [၂]
အကျိုးပေးရာ ကာလအားဖြင့် ကံ ၄-မျိုး
ပြင်ဆင်ရန်စေတနာသည် အကျိုးပေးရာ ကာလအားဖြင့် ဒိဋ္ဌဓမ္မဝေဒနီယကံ, ဥပပဇ္ဇဝေဒနီယကံ, အပရာပရိယာယဝေဒနီယကံ အဟောသိကံ-ဟု ၄-မျိုးရှိသည်၊
ထိုတွင် မျက်မှောက် ဘဝ၌ ပဝတ္တိကျိုးကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ပဌမဇော စေတနာသည် “ဒိဋ္ဌဓမ္မဝေဒနီယကံ” မည်၏၊ ဤပဌမဇော စေတနာသည် ဇော ၇-ကြိမ်တွင် အစဆုံး ဖြစ်ရသည့်အတွက် အခြားသော စေတနာ၏ အာသေဝနအစွမ်း သတ္တိဖြင့် ထောက်ပံ့ ကူညီမှုကို မရသောကြောင့် အသီးမပါသော လေပွင့်ပမာ ပစ္စုပ္ပန်ဘဝ၌သာ ပဝတ္တိကျိုး မျှဖြစ်သော အဟိတ်အကျိုးကိုသာ ပေးစွမ်း နိုင်လေသည်။
သေသည်၏အခြားမဲ့ ဒုတိယဘဝ၌ ပဋိသန္ဓေ, ပဝတ္တိကျိုးကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်သတ္တမဇောစေတနာသည် ဥပပဇ္ဇဝေဒနီယကံ”မည်၏ [၁၆] ကုသိုလ်အရာ၌သမာပတ်စေတနာ အကုသိုလ် အရာ၌ ပဉ္စာနန္တရိယစေတနာများဖြစ်သည်ဟု ဆိုသည်)၊ ဤသတ္တမဇောစေတနာသည် ပဋိသန္ဓေကျိုးကိုပေးမှ ပဝတ္တိကျိုးကို ပေးစွမ်း နိုင်သည်၊ ပဋိသန္ဓေကျိုးကို မပေးသော် ပဝတ္တိကျိုးကို မပေးစွမ်းနိုင်၊ သေသည်၏ အခြားမဲ့ကာလသည် သတ္တမဇော စေတနာ၏ အကျိုးပေးရာ အခွင့်အခါဖြစ်သည်။
ဒါန စသော ကောင်းမှု ကုသိုလ်, ပါဏာတိပါတစသော မကောင်းမှုအကုသိုလ် ဟူသော ကိစ္စကို ပြီးစေတတ်သောကြောင့် သတ္တမဇောစေတနာကို “အတ္ထသာဓိကစေတနာ” ဟု ခေါ်ဆိုရသည်၊ သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက်ချကြောင်း စေတနာဖြစ်သောကြောင့် “သန္နိဋ္ဌာပကစေတနာ” ဟုလည်း ခေါ်ဆိုရသည်။
တတိယဘဝမှစ၍ နိဗ္ဗာန်ရသည် တိုင်အောင် အခွင့်သာတိုင်း ပဋိသန္ဓေ, ပဝတ္တိကျိုးကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ် အလယ်ဇော ၅-ချက် စေတနာသည် “အပရာပရိယာယဝေဒနီယကံ” မည်၏၊ နိဗ္ဗာန်မရသေးသမျှ သတ္တဝါတိုင်း၌ အပရာပရိယာယဝေဒနီယကံ ရှိနေသည်၊ အပရာပရိယာယဝေဒနီယကံနှင့် ကင်းလွတ်သော သတ္တဝါမည်သည် မရှိ။
မျက်မှောက်ဘဝ၌ အကျိုးမပေးသော ပဌမဇောစေတနာ, ဒုတိယဘဝ၌ အကျိုးမပေးသော သတ္တမဇောစေတနာ, တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အကျိုးမပေးသော အလယ်ဇော ၅-ချက် စေတနာသည် “အဟောသိကံ”မည်၏[၁၇] [၂]
ကံတစ်ခုတည်းက အကျိုးပေးတာလား?
ပြင်ဆင်ရန်ဒိဋ္ဌဓမ္မဝေဒနီယကံများစွာကို ဆည်းပူး အားထုတ်ပြုလုပ်ထားလျင် ကံတစ်ခုကသာ ဒိဋ္ဌဓမ္မအကျိုးကို ပေးနိုင်သည်၊ ကြွင်းသော ကံများသည် အကျိုးမပေးပဲ အဟောသိကံ ဖြစ်ကြရသည်။
(ယင်းသို့ ဆိုခြင်းမှာ ကာကဝလိယ စသော သူတို့အား အကျိုးပေးသော အလွန်ထင်ရှားသည့် ဒိဋ္ဌဓမ္မဝေဒနီယကံကို ရည်ရွယ်၍ ဆိုခြင်းဖြစ်သည်၊ အမှန်စင်စစ် အကြောင်း အထောက်အပံ့ ညီညွတ်လျှင် ဒိဋ္ဌဓမ္မဝေဒနီယကံ တစ်ခုသာမဟုတ်၊ ယင်းကံများစွာတို့သည်လည်း ဒိဋ္ဌဓမ္မ (မျက်မှောက်) အကျိုးကို ပေးနိုင်သည်သာဖြစ်၏။ [၁၈]) [၂]
ပဋိသန္ဓေကျိုး, ပဝတ္တိကျိုး
ပြင်ဆင်ရန်ဥပပဇ္ဇဝေဒနီယကံ များစွာကို ဆည်းပူး ပြုလုပ် အားထုတ်ထားရာ၌လည်း ကံတစ်ခုကသာ ပဋိသန္ဓေကျိုးကို ပေးနိုင်သည်၊ ကြွင်းသောကံများသည် ပဋိသန္ဓေကျိုးမပေးနိုင်၊ ပဝတ္တိကျိုးကိုကား ပေးနိုင်သည်၊ ပဝတ္တိကျိုးကိုမျှ မပေးသော် အဟောသိကံ ဖြစ်ကြရသည်။ ပဉ္စာနန္တရိယကံ ၅-ပါးလုံး ကျူးလွန်ရာ၌ အစွမ်းသတ္တိ အထက်ဆုံး သံဃဘေဒကကံကသာ အခြားမဲ့ဘဝ၌ ပဋိသန္ဓေကျိုးကို ပေးသည်၊ ကြွင်းသော အာနန္ဒရိယကံများသည် အကျိုးမပေးပဲ အဟောသိကံဖြစ်ကြရသည်၊ သမာပတ် ၈-ပါးလုံး ရရှိရာ၌ သမာပတ်တစ်ပါးကသာ ပဋိသန္ဓေကျိုးကို ပေးသည် ကြွင်းသော သမာပတ်များသည် အကျိုး မပေးပဲ အဟောသိကံ ဖြစ်ကြရသည်[၁၉]။
အပရာပရိယာယဝေဒနီယကံသည် နိဗ္ဗာန်ရ၍ သံသရာစက်ပြတ်မှ အဟောသိကံဖြစ်သည်၊ နိဗ္ဗာန်မရောက်သေးသမျှ သံသရာ စက်ရဟတ်မပြတ်လည်နေသေးသမျှ အဟောသိကံမဖြစ်[၂၀]။ [၂]
အကျိုးပေးရာ ဘုံဌာနအားဖြင့် ကံ ၄-မျိုး
ပြင်ဆင်ရန်စေတနာသည် အကျိုးပေးရာ ဘုံဌာနအားဖြင့် အကုသိုလ်စေတနာ, ကာမာဝစရ ကုသိုလ်စေတနာ, ရူပါဝစရကုသိုလ်စေတနာ, အရူပါဝစရကုသိုလ်စေတနာဟု ၄-မျိုးရှိသည်၊
ထိုတွင် ဥဒ္ဓစ္စစေတနာကြဉ်သော အကုသိုလ်စေတနာ ၁၁-ပါးသည် အပါယ် ၄-ဘုံ၌ ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်သည်၊ အကုသိုလ်စေတနာ ၁၂-ပါးလုံးပင် ကာမ ၁၁-ဘုံ, အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ထိုက်သည်အားလျော်စွာ ပဝတ္တိကျိုးကို ဖြစ်စေနိုင်သည်။ (သောတာပတ္တိမဂ်ပယ်အပ်သော တရားမဟုတ်သောကြောင့် ဥဒ္ဓစ္စစေတနာသည် ပဋိသန္ဓေကျိုးကို မဖြစ်စေနိုင်၊ ပဝတ္တိကျိုးကိုကား ဖြစ်စေနိုင်သည်။ [၂၁]။)
ကာမာဝစရကုသိုလ်စေတနာ ၈-ပါးသည် ကာမသုဂတိ ၇-ဘုံ၌ ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်သည်၊ ကာမ ၁၁-ဘုံ, ရူပ ၁၅-ဘုံ၌ ထိုက်သည်အားလျော်စွာ ပဝတ္တိကျိုးကို ဖြစ်စေနိုင်သည်။
စတုက္ကနည်းအားဖြင့် ရူပါဝစရကုသိုလ်စေတနာ ၄-ပါး, ပဉ္စကနည်းအားဖြင့် ရူပါဝစရ ကုသိုလ်စေတနာ ၅-ပါးသည် ရူပ ၁၆-ဘုံ ထိုက်သည်အားလျော်စွာ ပဋိသန္ဓေ, ပဝတ္တိ ကျိုးကိုဖြစ်စေနိုင်သည် (ကာမတရား-စသည်ကို အာရုံပြုသောကြောင့်, တနည်းအားဖြင့် စတုတ္ထဈာန်သမာဓိ (ပဉ္စမဈာန်သမာဓိ)၏ အကျိုးဆက်ဖြစ်သောကြောင့် အဘိညာဉ် ကုသိုလ်စေတနာသည် ပဋိသန္ဓေကျိုးကို မဖြစ်စေနိုင်။ [၂၂]
အရူပါဝစရကုသိုလ်စေတနာ ၄-ပါးသည် အစဉ်အတိုင်း အရူပ ၄-ဘုံ၌ ပဋိသန္ဓေ, ပဝတ္တိကျိုးကို ဖြစ်စေနိုင်သည် [၂၃]။ [၂]
ဝေဒနာအားဖြင့် ကံ ၃-ပါး
ပြင်ဆင်ရန်ထို့ပြင် စေတနာသည် သုခဝေဒနီယကံ, ဒုက္ခဝေဒနီယကံ, အဒုက္ခမသုခဝေဒနီယကံဟု ၃-မျိုးရှိသည်၊
ကာမကုသိုလ်, ရူပကုသိုလ် သောမနဿစေတနာ ၇-ပါးသည် ပဋိသန္ဓေ, ပဝတ္တိအခါ၌ သုခဝေဒနာကို ဖြစ်စေတတ်သောကြောင့် “သုခဝေဒနီယကံ” မည်၏၊
အကုသိုလ်စေတနာ ၁၂-ပါးသည် ပဋိသန္ဓေ, ပဝတ္တိအခါ၌ ဒုက္ခဝေဒနာကို ဖြစ်စေတတ်သောကြောင့် “ဒုက္ခဝေဒနီယကံ မည်၏၊
ကာမကုသိုလ်, ရူပကုသိုလ် ဥပေက္ခာစေတနာ ၅-ပါးသည် ပဋိသန္ဓေ, ပဝတ္တိအခါ၌ အဒုက္ခမသုခ (ဥပေက္ခာ) ဝေဒနာကို ဖြစ်စေတတ်သောကြောင့် “အဒုက္ခမသုခဝေဒနီယစေတနာကံ မည်၏ [၂၄]။
အရူပကုသိုလ်စေတနာ ၄-ပါးလည်း အဒုက္ခမသုခဝေဒနီယကံ-ဟုပင် ဆိုသင့်သည် [၂၅]၊ [၂]
စေတနာသုံးတန် ဒါန
ပြင်ဆင်ရန်စွန့်ကြဲပေးကမ်း လှူဒါန်းမှုကို ဖြစ်စေသောကြောင့် စေတနာကို “ဒါန”ဟု ခေါ်ဆိုရသည်၊ ယင်းဒါနစေတနာသည် ပုဗ္ဗစေတနာ မုဉ္စစေတနာ, အပရစေတနာဟု ၃-မျိုးရှိသည်၊
- မပေးလှူမီ ရှေးအဖို့၌ ဖြစ်သော စေတနာကို ပုဗ္ဗစေတနာ,
- ပေးလှူဆဲခဏ၌ ဖြစ်သောစေတနာကို မုဉ္စစေတနာ,
- ပေးလှူပြီးနောက် အဖန်ဖန်(အောက်မေ့) ဖြစ်ပေါ်နေ သောစေတနာကို အပရစေတနာဟု ခေါ်
ဆိုသည်၊ ယင်းစေတနာ ၃-တန် ထက်သန် ညီညွတ်နေခြင်းကို အလှူဒါန၏ ပြည့်စုံခြင်း “ယညသမ္ပဒါ”ဟု ခေါ်သည် [၂၆]။
မျက်မှောက်ဘဝ၌ အကျိုးပေးနိုင်သော သမ္ပဒါ ၄-ပါး
ပြင်ဆင်ရန်ယင်းစေတနာ ၃-တန်၏ ပြည့်စုံခြင်းသည်
- “နိရောဓသမာပတ်ကို ဝင်စားနိုင်သည့် အနာဂါမ်ရဟန္တာဟူသော အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံ ခြင်း = ဝတ္ထုသမ္ပဒါ
- တရားသဖြင့် ရှာမှီး၍ရအပ်သော လှူဘွယ်ဝတ္ထုဟူသော ပစ္စည်း၏ ပြည့်စုံခြင်း = ပစ္စယသမ္ပဒါ,
- စေတနာ ၃-တန် ထက်သန် ညီညွတ်ခြင်း = စေတနာ သမ္ပဒါ,
- အနာဂါမ် ရဟန္တာဟူသော အလှူခံပုဂ္ဂိုလ်၏ နိရောဓသမာပတ်မှ ထပြီးစ ဖြစ်ခြင်း = ဂုဏာတိရေကသမ္ပဒါ”ဟူသော မျက်မှောက်ဘဝ၌ အကျိုးပေးနိုင်သော သမ္ပဒါ ၄-ပါးတို့တွင် တစ်ပါး အပါအဝင်ဖြစ်သည်[၂၇]။
စေတနာ သုံးတန် အကျိုး
ပြင်ဆင်ရန်ဗိမ္ဗိသာရမင်းအား နေ့စဉ် ပန်းဆက်ရသော သုမနပန်းသည် ယောက်ျားသည် အခါတစ်ပါး၌ ရောင်ခြည်တော် ၆-ပါး ကွန့်မြူးလျက် ဘုရားရှင်၏ တင့်တယ်ခြင်းဖြင့် ဆွမ်းခံ ကြွလာသောဘုရားရှင်အား လွန်စွာကြည်ညိုသည်ဖြစ်၍ မင်းအား ဆက်သရန် ယူဆောင် လာသော ပန်းရှစ်ဆုပ်ကို ပေးလှူလိုက်လေသည်၊ ပေးလှူပြီးနောက် ဝမ်းမြောက် ဝမ်းသာ ဖြစ်၍နေလေသည်၊ စေတနာ ၃-တန် ထက်သန် ပြည့်ဝသော ပန်းဒါနကြောင့် ထိုနေ့မှာပင် ဆင်ရှစ်စီး, မြင်းရှစ်စီး, ကျွန် ယောက်ျား ရှစ်ယောက်, ကျွန်မိန်းမ ရှစ် ယောက်, ကောင်းမြတ်သော အဆင်း တန်းဆာရှစ်မျိုး, အသပြာရှစ်ထောင်, မင်းမျိုးမှ မွေးဖွါးသည့် အမျိုးသ္မီးရှစ်ယောက်, ရွာကြီး ရှစ်ရွာဟူသော ရှစ်မျိုးရှစ်လီသောဆု “သဗ္ဗဋ္ဌကဒါန”ကို ရရှိသည်၊ ထိုဘဝမှ စုတေပြီးနောက် ကမ္ဘာတသိန်းပတ်လုံး ဒုဂ္ဂတိဘဝသို့ မလားရပဲ လူ, နတ်စည်းစိမ်ကို ခံစားပြီးလျှင် နောက်ဆုံးဘဝ၌ သုမနမည်သော ပစ္စေကဗုဒ္ဓါအဖြစ်ဖြင့် ပရိနိဗ္ဗာန် စံဝင်ရပေမည် [၂၈]
ပုဗ္ဗစေတနာသည်ပင် အကျိုးကြီး
ပြင်ဆင်ရန်စေတနာ ၃-တန် ပြည့်စုံသည်ကို မဆိုထားဘိ မိမိ၏ပစ္စည်းဥစ္စာကို မပေးလှူမီ ပုဗ္ဗစေတနာ ဖြစ်ရုံမျှဖြင့်ပင် ကြီးမြတ်သော အကျိုးကို ရရှိနိုင်သည်၊ ရာဇဂြိုဟ်ပြည်၌ အမျိုးသ္မီး တစ်ယောက်သည် ဝါဝင်းသော သပွတ်ခါးပန်း ၄-ပွင့်ကို စေတီတော်အား တင်လှူရန်သွားရာ စေတီသို့ မရောက်မီ လမ်း ခရီးအကြား၌ နွားမဝှေ့သတ်သဖြင့် စုတေ ရလေသည်၊ စေတီတော်အား ပန်းလှူမှု ဒါန အထမမြောက်သော်လည်း တင်လှူလိုသော ပုဗ္ဗစေတနာကြောင့် တာဝတိံသာနတ်ပြည်၌ သိကြားမင်း၏ ရံရွေတော် နတ်သ္မီးအပေါင်းတို့တွင် ဝါရွှေဝင်းပြောင်သော ကိုယ်ရောင် ကိုယ်ဝါတို့ဖြင့် အခြားနတ်သ္မီးတို့ထက် သာလွန်သော နတ်သ္မီးတစ်ယောက် ဖြစ်ရသည် [၂၉]။
စေတနာသုံးတန် တစ်ပါးပါး ပျက်ကွက်ခြင်း
ပြင်ဆင်ရန်စေတနာ ၃-တန်တို့တွင် ပုဗ္ဗစေတနာ ချို့ တဲ့ ပျက်ကွက်ပါလျှင် ပဌမအရွယ်၌ ဆင်းရဲ နွမ်းပါးခြင်း, ရုပ်ရေမလှခြင်း စသောအကျိုးများ ဖြစ်ရတတ်သည်၊ ပဉ္စပါပီသည် ရှေး အတိတ်ဘဝက လိုဏ်ဂူလိမ်းကျံရန် မြေညက်ခဲ အလှူခံလာသော ပစ္စေကဗုဒ္ဓါ အရှင်မြတ် တစ်ပါးကို မလှူမီ ရှေးအဖို့၌ အမျက်ဒေါသဖြင့်ကြည့်လျက် “မြေညက်ခဲမျှကိုပင် အလှူခံ ဘိ၏”ဟု ပြစ်မှားပြောဆိုပြီးမှ နောက်တဖန် စေတနာထက်သန်စွာ လှူပြန်လေသည်၊ မြေညက်လှူခဲ့သော ဒါနစေတနာကြောင့် ကိုယ်အတွေ့ အလွန်ကောင်းသော မိန်းမ တစ်ယောက် ဖြစ်ရသော်လည်း ပုဗ္ဗစေတနာ ချို့တဲ့ ပျက်ကွက်ခဲ့သောကြောင့် လက်ခြေ, ပါးစပ်, မျက်စိ, နှာခေါင်း အင်္ဂါ၅-ပါးတို့ အချိုးအစားမကျ အလွန် အရုပ်ဆိုးသူ ဖြစ်ရလေသည် [၃၀]။
ဘုရားအလောင်းတော် ကုသမင်းသည် မိမိအတွက် ဝေစုရသော မုန့်ကို မရီးဖြစ်သူက ပစ္စေကဗုဒ္ဓါတစ်ပါးအား ပေးလှူလိုက်သည်ကို အမျက်ထွက်ကာလုယူပြီးမှ နောက်ထပ်တဖန် ပေးလှူပြန်သည်၊ မုန့်ကိုလှူခဲ့သော ဒါနစေတနာကြောင့် တန်ခိုးကြီးသော မင်းတစ်ပါး ဖြစ်ရသော်လည်း ပုဗ္ဗစေတနာ ချို့တဲ့ ပျက်ကွက်ခဲ့သောကြောင့် ရုပ်အဆင်းမလှသူဖြစ်ရ လေသည် [၃၁]။
အပရစေတနာ ချို့တဲ့ ပျက်ကွက်ပါလျှင် ကောင်းမြတ်သော အသုံးအဆောင် ပစ္စည်း ဘဏ္ဍာတို့ကို မသုံးစွဲလိုခြင်း, မသုံးစွဲရခြင်း စသော အကျိုးများ ဖြစ်ရတတ်လေသည် အပုတ္တက သူဌေးသည် တဂ္ဂရသိခီမည်သော ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူဘို့ရန် ဇနီးဖြစ်သူအား မှာထားပြီးလျှင် အရပ်တစ်ပါးမှ ပြန်လာသောအခါ ဇနီးဖြစ်သူ လောင်းလှူ လိုက်သည့် မွန်မြတ်သော ဘောဇဉ်ကို မြင်ရသဖြင့် “ဤမွန်မြတ်သော ဘောဇဉ်ကို ငါ၏ ကျေးကျွန် အစေအပါးတို့အား ကျွေးမွေးရပါမူ ကောင်းပေရာ၏၊ “ကျေးကျွန် အစေအပါးတို့သည် ဤဘောဇဉ်ကို စား၍ ငါ၏အမှုကိစ္စကို ပြုလုပ်ကြ ပေလိမ့်မည်၊ ဤရဟန်းသည်ကား မိမိနေရာသို့ သွား၍ ဤဘောဇဉ်ကိုစားကာ အိပ်နေပေလိမ့်မည် ဟု နှလုံးမသာမယာ အပရစေတနာ ချို့ ယွင်းခဲ့လေသည်။ ဆွမ်းလှူခဲ့သော ဒါန စေတနာကြောင့် နတ်ပြည် နတ်သား ၇-ကြိမ် လူ့ပြည်၌ သူဌေး ၇-ကြိမ်ဖြစ်ရသော်လည်း အပရစေတနာ ချို့တဲ့ ပျက်ကွက်ခဲ့သောကြောင့် ကောင်းမြတ်သော ထမင်း, အဝတ် တန်းဆာ, ယာဉ်စသော အသုံးအဆောင်တို့ကို မသုံးစွဲရက်ပဲ ရှိလေသည် [၃၂]။
အခြားကုသိုလ်များ၌လည်း စေတနာသုံးတန်
ပြင်ဆင်ရန်ဒါနပြုရာ၌ ပုဗ္ဗ, မုဉ္စ, အပရစေတနာ၃-မျိုး အကြိမ်များစွာ ဖြစ်ပေါ်သကဲ့သို့ အခြားသော ပုညကြိယာဝတ္ထု, သုစရိုက်မှု, ဒုစရိုက် မှုတို့ကို ပြုလုပ်ရာ၌လည်း ယင်း စေတနာ ၃-မျိုးတို့ အကြိမ်များစွာ ဖြစ်ပေါ်သည်သာ၊ သို့ဖြစ်၍ ကုသိုလ်မှု, အကုသိုလ်မှု တစ်ခုခုကို ပြုရာ၌ ပုဗ္ဗ, မုဉ္စ, အပရစေတနာ ၃-မျိုး ရနိုင်သည်သာ ဖြစ်သည်၊ ယင်း စေတနာ၃-မျိုးတွင် မုဉ္စစေတနာကို သန္နိဋ္ဌာပက စေတနာ ဟုလည်း ခေါ်သည် [၃၃]။
စေတနာတစ်ခုသည် ပဋိသန္ဓေတစ်ခုသာ အကျိုးပေး
ပြင်ဆင်ရန်မျိုးစေ့တစ်ခုသည် နှစ်ပင် သုံးပင် ပေါက်ရိုး မရှိ၊ တပင်တည်းကိုသာ ပေါက်သကဲ့သို့ စေတနာတစ်ခုသည်လည်း နှစ်မျိုး သုံးမျိုးသော ပဋိသန္ဓေကျိုးကို ပေးရိုးမရှိ၊ တစ်မျိုးတည်းသော ပဋိသန္ဓေကျိုးကိုသာ ပေးနိုင်ပေသည် [၃၄]။
စေတနာ မပါက ကံမဖြစ်
ပြင်ဆင်ရန်လောက၌ တစ်စုံတစ်ခုသော ကိုယ်မှု နှုတ်မှုကို ပြုလုပ်ပြောဆိုရာတွင် စေတနာ ပါ, မပါသာ လိုရင်းဖြစ်သည်၊ မှန်၏–မျက်စိကွယ်ပ ဒုက္ခိတဖြစ်သော စက္ခုပါလ ရဟန္တာအရှင်မြတ်သည် မိုးရွာပြီးစ နံနက်စောစောထ၍ စင်္ကြံကြွသောအခါ ပိုးကောင်များစွာကို နင်းမိသော်လည်း သေစေလိုသော စေတနာမရှိ သောကြောင့် ပါဏာတိပါတမဖြစ်ပေ [၃၅]။
ဘုရားလက်ထက်တော်က သောတာပန် အရိယာဖြစ်သူ အမျိုးသ္မီးတစ်ယောက်သည် မုဆိုးကြီးတစ်ယောက်နှင့် သင့်မြတ်ကာ အတူတကွ နေထိုင်သည်၊ ထိုအမျိုးသ္မီးသည် လင်ဖြစ်သူ မုဆိုးကြီးစေခိုင်းသမျှ လေး, မြား လှံ, ပိုက်ကွန် စသည်ကို ယူဆောင်ပေး ရသည်၊ ဇနီးယူဆောင်ပေးသော လေးမြား စသည်ဖြင့်ပင် ပါဏာတိပါတအမှုကို ပြုသည်၊ ဇနီးဖြစ်သူသည် လင်၏စကားကို လိုက်နာ သောအားဖြင့်သာ လေးမြားစသည်ကို ယူဆောင်ပေးသည်၊ သတ္တဝါတို့ကိုသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ယူဆောင်ပေးသည်မဟုတ်၊ သို့ဖြစ်၍ သောတာပန်အရိယာဖြစ်သူ ဇနီးမှာ သေစေလိုသော စေတနာမရှိသောကြောင့် ပါဏာတိပါတမဖြစ်ပေ၊ လက်၌ အနာမရှိက အဆိပ်ကိုကိုင်သော်လည်း အဆိပ်မသင့်သသို့ ဖြစ်သည် [၃၆]။
မုဆိုး၏စေခိုင်းမှုကြောင့် တွန်သံပေးကြရသော တယ်ခါ တယ်ကြက် စသည်တို့မှာ သေစေလိုသော စေတနာ မရှိသောကြောင့် ပါဏာတိပါတ မဖြစ်ပေ [၃၇]။
မိခင်၏စကား နားမထောင်ပဲ တောသို့ သွားသော သားငယ်ကို “ကျွဲမကြီးခတ်၍ သေပါစေ”ဟု ကြိမ်ဆဲသောမိခင်၏ စကား သည်လည်းကောင်း, အကျိုးကို လိုလားမှုဖြင့် တပည့် သား, သားသ္မီးများကို ကြမ်းတမ်းစွာ ငေါက်ငန်း ဆဲဆိုဆုံးမကြသော ဆရာ မိဘတို့၏ စကားသည်၎င်း နှုတ်ထွက်ပင် ကြမ်းတမ်းစေကာမူ စိတ်စေတနာ နူးညံ့သောကြောင့် (စိတ်စေတနာ မပါရှိသောကြောင့်) ဖရုသဝါစာ မဖြစ်ပေ။
“ဤသူကို ချမ်းသာစွာ အိပ်ပါစေ”ဟု ပြုံးရွှင်စွာ သတ်မိန့်ချသော တရားသူကြီး၏ စကားသည် နှုတ်ထွက်ပင် နူးညံ့သိမ်မွေ့စေကာမူ စိတ်စေတနာ ကြမ်းတမ်းသောကြောင့် (သေစေလိုသော စိတ် စေတနာပါရှိသောကြောင့်) ဖရုသဝါစာပင် ဖြစ်သည် [၃၈]။
ကြမ်းတမ်းစွာပြောဆိုလေ့ရှိသော ပိလိန္ဒဝစ္ဆရဟန္တာ အရှင်မြတ်သည် သူတစ်ပါးကို သူယုတ်ဟု ခေါ်ဝေါ် ပြောဆိုလေ့ရှိသော ပုဏ္ဏားမျိုး၌ ဘဝငါးရာပတ်လုံး အဆက်မပြတ် ဖြစ်ခဲ့ဘူးသောကြောင့် တွေ့မြင်သူတိုင်းကို “ဝသလ, ဝသလ = သူယုတ်, သူယုတ်”ဟု ပြောဆိုလေ့ရှိသည်၊ ထိုအကြောင်းကို ဘုရားရှင်ထံ လျှောက်ထားကြရာ “အရိယာပုဂ္ဂိုလ်များသည် သူတစ်ပါးကို ထိပါးပုတ်ခတ် ကဲ့ရဲ့ ရှုတ်ချလိုသောစိတ်, စေတနာဖြင့် ရုန့်ရင်း ကြမ်းတမ်းသော စကားကို မပြောဆိုကြ၊ အရိယာပုဂ္ဂိုလ်တို့အား ယုတ်မာကြမ်းတမ်းသော စေတနာမည်သည် မရှိ။ ပိလိန္ဒဝစ္ဆထေရ်သည် ဘဝအဆက်ဆက်က ပါလာခဲ့သော ဝါသနာအလျောက် ပြောဆိုခြင်း ဖြစ်သည်၊ သို့ဖြစ်၍ ဖရုသဝါစာမဖြစ်”ဟု ဘုရားရှင် မိန့်တော်မူသည် [၃၉]။
အိပ်မက်ထဲက စေတနာ
ပြင်ဆင်ရန်“ဘုရားဖူးရသည်, တရားနာရသည်, သူ့ အသက် သတ်ရသည်, သူ့ဥစ္စာ ခိုးရသည် စသည်ဖြင့် မြင်မက်သောသူ၏ ကုသိုလ်, အကုသိုလ်အိပ်မက် စေတနာသည် အာရုံ ထင်လာမှု အားနည်းသောကြောင့် ပဋိသန္ဓေကျိုးကို မပေးစွမ်းနိုင်၊ တစ်ပါးသောကုသိုလ် အကုသိုလ်စေတနာတို့၏ ထောက်ပံ့ကူညီမှုကို ရမူ ပဝတ္တိကျိုးကိုကား ပေးစွမ်းနိုင်သည် [၄၀]။
စိတ္တပယောဂကို စေတနာ
ပြင်ဆင်ရန်မြင်ရသူ ကြားရသူတို့အား သိစေနိုင်သော ကိုယ်အမူအရာသတ္တိထူး “ကာယပယောဂ”နှင့် နှုတ်အမူအရာသတ္တိထူး “ဝစီပယောဂ”ကို ဝိညတ်ဟု ခေါ်သကဲ့သို့ စိတ်၏ စေ့ဆော်အားထုတ်မှု အမူအရာ သတ္တိထူး “စိတ္တပယောဂ”ကို စေတနာဟု ခေါ်သည် [၄၁]။
ဆက်စပ်ဖတ်ရှုရန်
ပြင်ဆင်ရန်စေတနာသည်သုတ်, ဝိနည်း, အဘိဓမ္မာဟူသော ပိဋကသုံးပုံ၌ သဉ္စေတနာ, ကံ, အဘိသင်္ခါရ, ဘဝ(ကမ္မဘဝ) စသော အမည် အမျိုးမျိုးဖြင့် တည်ရှိ၍ သတ္တဝါတို့၏ စိတ်အစဉ်၌ လွန်စွာပင် အရေးပါလှသော တရားသဘောတစ်ခု ဖြစ်ကြောင်း မှတ်သားအပ်ပေသတည်း။
ကိုးကား
ပြင်ဆင်ရန်- ↑ စေတနာ (ထီ) [စိတ+ယု+ အာ။ စေတယတီတိ စေတနာ၊ သဒ္ဓိံ အတ္တနာ သမ္ပယုတ္တဓမ္မေ အာရမ္မဏေ အဘိသန္ဒတီတိ အတ္ထော။ အဘိ၊ဋ္ဌ၊၁၊၁၅၄။ စေတေတိ အတ္တနာ သမ္ပယုတ္တဓမ္မေ အာရမ္မဏေ အဘိသန္ဒဟတိ, သင်္ခတာဘိသင်္ခရဏေ ဝါ ဗျာပါရမာပဇ္ဇတီတိ စေတနာ။ ဝိဘာဝိနီ။၁ဝ၅။]
- ↑ ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ ၂.၁၀ ၂.၁၁ ၂.၁၂ ၂.၁၃ ၂.၁၄ ၂.၁၅ ၂.၁၆ ၂.၁၇ ၂.၁၈ ၂.၁၉ ၂.၂၀ တိပိဋကအဘိဓာန် အတွဲ-၇
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၃၀၊၁၅၄။ ဝိသုဒ္ဓိ၊ဋီ၊၁၊ ၂၅။ ဝိဘာဝိနီ။၁ဝ၅)။
- ↑ (မိလိန္ဒ၊၆၂။ အဘိ၊ဋ္ဌ၊၁၊၁၅၄။ ပဋိသံ၊ဋ္ဌ၊၁၊၄၅။ ဝိသုဒ္ဓိ၊၂၊၉၃။ ဝိဘာဝိနီ၊၁၀၅။ မဏိမဉ္ဇူ၊၁၊၃၁၈။ အဘိဓမ္မာဝတာရ၊ဋီ၊သစ်၊၁၊၂၉၃-၄)။
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၅၄-၅။ ပဋိသံ၊ဋ္ဌ၊၁၊၄၅။ ဝိသုဒ္ဓိ၊၂၊၉၃။ ဝိဘာဝိနီ၊၁၀၅။ မဏိမဉ္စူ၊၁၊၃၁၈။ အဘိဓမ္မာဝတာရ၊ဋီ၊သစ်၊၁၊၂၉၄)။
- ↑ (အဘိ၊က၊၃၃၆-၇။ အဘိ၊ဋ္ဌ၊၃၊၂၃၀)
- ↑ (အဘိ၊ဋ္ဌ၊၁၊၃၉၃။ အနုဋီ၊၁၊၁၈၁)
- ↑ (သံ၊၁၊၂၇၅။ အံ၊၁၊၄၇၆။ အံ၊၃၊၄၉၇၊ ၅၀၁။ အဘိ၊ဝိ၊၁၄၂။ အဘိ၊က၊၂၉၀။ သံ၊ဋ္ဌ၊၂၊၅၄။ အံ၊ဋ္ဌ၊၂၊၃၄၇။ အဘိ၊ဋ္ဌ၊၁၊၁၃၀။ ဝိသုဒ္ဓိ၊၂၊၁၆၂)။
- ↑ (အံ၊၂၊၃၆၃။ အဘိ၊က၊၂၉၀။ အဘိ၊ဋ္ဌ၊၁၊၁၃၀။ မ၊ဋ္ဌ၊၃၊၃၈)
- ↑ (မ၊ဋ္ဌ၊၃၊၃၈။ မူလဋီ၊၁၊၇၇
- ↑ မနောကံ
- ↑ (မ၊၂၊၃၆။ အံ၊၁၊၁၀၂။ အံ၊၂၊၂၈။ အံ၊၃၊၁၇၃။ အဘိ၊က၊၂၉၀။ မ၊ဋ္ဌ၊၃၊၃၇။ မဟာနိ၊ဋ္ဌ၊၉၈)
- ↑ (မ၊ဋ္ဌ၊၄၊၁၇၇-၈။ အံ၊ဋ္ဌ၊၂၊၁၀၄-၉။ ပဋိသံ၊ဋ္ဌ၊၂၊၁၇၆-၇။ ဝိသုဒ္ဓိ၊၂၊၂၃၆။ သင်္ဂဟ၊၈၁။ မ၊ဋီ၊၃၊၃၇၄။ ဝိဘာဝိနီ၊၁၆၉)
- ↑ (အံ၊ဋ္ဌ၊၂၊၁၀၄-၅။ ပဋိသံ၊ဋ္ဌ၊၂၊၁၇၆။ ဝိသုဒ္ဓိ၊၂၊၂၃၆။ အံ၊ဋီ၊၂၊၁၁၂။ ဝိသုဒ္ဓိ၊ဋီ၊၂၊၃၇၇)
- ↑ (အံ၊ဋီ၊၂၊၁၀၂။ ဝိသုဒ္ဓိ၊ဋီ၊၂၊၃၇၇)
- ↑ (အံ၊ဋ္ဌ၊၂၊၁၀၄
- ↑ (အံ၊ဋ္ဌ၊၂၊၁၀၄။ ပဋိသံ၊ဋ္ဌ၊၂၊၁၇၆။ ဝိသုဒ္ဓိ၊၂၊၂၃၅-၆။ သင်္ဂဟ၊၈၁။ အံ၊ဋီ၊၂၊၁၀၁။ ဝိသုဒ္ဓိ၊ဋီ၊၂၊၂၊၃၇၆-၇။ ဝိဘာဝိနီ၊၁၇၁။ မဏိမဉ္ဇူ၊၃၂)။
- ↑ ပရမတ္ထ-ဒီပနီ။ ၂၁၈။
- ↑ (အံ၊ဋ္ဌ၊၁၊၃၅၇။ အံ၊ဋ္ဌ၊၂၊၁၀၄-၅။ အဘိ၊ဋ္ဌ၊၂၊၄၃၄)
- ↑ (အံ၊ဋ္ဌ၊၂၊၁၀၅။ ပဋိသံ၊ဋ္ဌ၊၂၊၁၇၆။ ဝိသုဒ္ဓိ၊၂၊၂၃၆)
- ↑ အဘိ၊ဋ္ဌ၊၁၊၃၀၂။ ဝိဘာဝိနီ၊၁၇၈-၉
- ↑ (မူလဋီ၊၂၊၉၅။ အနုဋီ၊၂၊၁၀၁။ ဝိသုဒ္ဓိ၊ဋီ၊၂၊၂၅၉။ အဘိဓမ္မာဝတာရ၊ဋီ၊သစ်၊၂၊၉၀-၁)။
- ↑ (အဘိ၊ဋ္ဌ၊၂၊၁၅၇-၈။ သင်္ဂဟ၊၈၅-၈)
- ↑ (မ၊၃၊၂၅၁။ မ၊ဋ္ဌ၊၄၊၁၈၂)
- ↑ (မ၊ဋီ၊၃၊၃၇၇)
- ↑ (အံ၊၂၊၂၉၆။ ပေတ၊၁၅၉။ အံ၊ဋ္ဌ၊၃၊၁၀၈။ ပေတ၊ဋ္ဌ၊၁၂၄။ အံ၊ဋီ၊၃၊၁၀၇-၈)
- ↑ (အဘိ၊ဋ္ဌ၊၁၊၂၀၆။ ဓမ္မ၊ဋ္ဌ၊၂၊၅၆)
- ↑ (ဓမ္မ၊ဋ္ဌ၊၁၊၃၀၆-၃၁၀)။
- ↑ (ဝိမာန၊၆၅။ ဝိမာန၊ဋ္ဌ၊၁၈၄)
- ↑ (ဇာ၊ဋ္ဌ၊၅၊၄၇၅-၆)
- ↑ (ဇာ၊ဋ္ဌ၊၅၊၃၀၆)
- ↑ (သံ၊၁၊၉၂။ သံ၊ဋ္ဌ၊၁၊၁၄၇-၈။ ဓမ္မ၊ဋ္ဌ၊၂၊၃၅၃-၄-၅။ ဇာ၊ဋ္ဌ၊၃၊၂၈၁-၂။ သီ၊ဋီ၊သစ်၊၂၊၃၁၀-၂)
- ↑ (ဒီ၊ဋ္ဌ၊၃၊၁၈၀-၁-၂။ မ၊ဋ္ဌ၊၂၊၂၇၄။ မ၊ဋ္ဌ၊၄၊၁၇၉။ အဘိ၊ဋ္ဌ၊၁၊၂၀၁-၂။ ဣတိဝုတ်၊ဋ္ဌ၊၁၉၄-၅-၆)
- ↑ (အဘိ၊ဋ္ဌ၊၁၊၃၀၈။ သံ၊ဋ္ဌ၊၁၊၁၄၈။ သံ၊ဋ္ဌ၊၂၊၂၀၁။ ဝိမတိ၊၁၊၂၄၇။ သီ၊ဋီ၊သစ်၊၂၊၃၁၂)
- ↑ (ဓမ္မ၊ဋ္ဌ၊၁၊၁၃)
- ↑ (ဓမ္မ၊ဋ္ဌ၊၂၊၁၈)
- ↑ (ဇာ၊ဋ္ဌ၊၃၊၅၉၊ ၆၀)
- ↑ (ဒီ၊ဋ္ဌ၊၁၊၇၃-၄။ မ၊ဋ္ဌ၊၁၊၂၀၄။ သံ၊ဋ္ဌ၊၂၊၁၃၆။ အဘိ၊ဋ္ဌ၊၁၊၁၄၃)
- ↑ (အံ၊ဋ္ဌ၊၁၊၂၁၆။ ဓမ္မ၊ဋ္ဌ၊၂၊၄၁၉၊ ၄၂၀)
- ↑ (ဝိ၊ဋ္ဌ၊၂၊၁၀၉။ အံ၊ဋ္ဌ၊၃၊၇၂။ အဘိ၊ဋ္ဌ၊၂၊၃၉၁။ မဟာနိ၊ဋ္ဌ၊၃၆၆)
- ↑ (မူလဋီ၊၃၊၁၇၂)