မလွှပင်သည် ဖက်သန်းပင်၊ သခွတ်ဖိုပင်တို့နှင့် အတူ ဗစ်နိုးနီအေးစီအီး(Bignoniaceae) မျိုးရင်းတွင် ပါဝင်သည်။ ရုက္ခဗေဒ အလိုအားဖြင့် ယင်းကို ဒေါ်လီချန်ဒရုန်း စတီပျူလာတာ(Dolichandrone stipulata; ယခုအခါတွင် Markhamia stipulata[၁])ဟု ခေါ်သည်။ မလွှပင်သည် အပင်လတ်မျိုး ဖြစ်၍ ယင်း၏ အပွင့်သည် ခရာပုံဖြစ်၍ အရောင်မှာ အဝါရောင် ဖျော့ဖျော့ ဖြစ်သည်။ မလွှပွင့်နှင့် မလွှသီးတို့သည် အဖိုးတန် အသီး အပွင့်များ မဟုတ်ကြသော်လည်း တောလက်ကျေးရွာများတွင် ထိုအပွင့်နှင့် အသီးတို့ကို ဟင်းချက်စားကြသည်။ တို့စရာ ကောင်းအဖြစ်ဖြင့်လည်း စားသုံးကြသည်။

မလွှပင်

မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်း၊ မျိုးပါးသော အရပ်ရှိ သစ်တောများ၌ မြေပြင်အမြင့်ပေပေါင်း ၂ဝဝဝ အထိ ပေါက်ရောက်သော သစ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ အောက်ပိုင်း ရှိ ခြံဥယျာဉ်များတွင် မလွှပင်ကို ရံဖန်ရံခါ တွေ့ရှိရသည်။ မလွှသား၏ အရောင်မှာ လိမ္မော်ရောင်ကဲ့သို့ရှိ၍ လှပသော အစက်အပြောက်များ ပါရှိသည်။ အသားကျစ်၍ မာသောကြောင့် အိမ်တိုင်များ၊ လေးကိုင်းများ၊ လှံရိုးများ၊ လှော်တက်များ၊ ခတ်တက်များနှင့် အိမ်ထောင် ပရိဘောဂများ ပြုလုပ်ရာ၌ အသုံးပြုကြသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Ulloa, C, Govaerts, R., & Lohmann, L.G. (2020). World Checklist of Bignoniaceae. Facilitated by the Royal Botanic Gardens, Kew. Published on the Internet; http://wcsp.science.kew.org/ Retrieved 27 February 2020
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)