ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တောကျောင်း၌နေသော အရှင်သမိဒ္ဓိအထံသို့ လမ်းလျှောက်ရင်းရောက် လာသော ပေါတလိပုတ္တပရိဗိုဇ်က

(က) “ကာယကံ၊ ဝစီကံတို့သည် အကျိုးမပြီး အချည်းနှီးသာတည်း၊ မနောကံသည်သာလျှင် မှန်ကန်၏ဟူသောစကားကို ရဟန်းဂေါတမ၏မျက်မှောက်၌ ကြားနာခဲ့ရပါသည်။

(ခ) ဘာကိုမျှ မခံစားရသော သမာပတ်သည်ရှိပါသလော-ဟု မေးမြန်းပါသည်။

အရှင်သမိဒ္ဓိ-ငါ့ရှင် ပေါတလိပုတ္တ၊ ဤသို့မဆိုပါလင့်၊ မြတ်စွာဘုရားကိုမစွပ်စွဲပါလင့်၊ မြတ်စွာဘုရားကိုစွပ်စွဲခြင်းသည် မကောင်းသည်သာလျှင်တည်း။ ကာယကံ၊ ဝစီကံ၊ မနောကံနှင့်ပတ်သက်၍ သင်ပြောဆို သလို မြတ်စွာဘုရား ဟောတော်မမူပါသည်သာ၊ ဘာကိုမျှ ခံစားရသော သမာပတ်သည် ရှိသည်သာတည်း။

ပေါတလိပုတ္တ-ငါ့ရှင်သမိဒ္ဓိ သင်ရဟန်းပြုသည်မှာကြာပြီလော။

သမိဒ္ဓိ -မကြာသေးပါ၊ သုံးဝါမျှသာရပါသေးသည်။

ပေါတလိပုတ္တ-ဤငယ်သောရဟန်းသော်မှလည်း ဆရာဖြစ်သော မြတ်စွာဘုရားကို ကဲ့ရဲ့ခြင်းမှ စောင့်ရှောက်ကာကွယ်ရမည်-ဟု မှတ်ထင်တုံသေး၏။ ယခုအခါ ငါတို့သည် ထေရ်ကြီးရဟန်းတို့ကို အဘယ်သို့ ပြောနိုင် မည်နည်း၊ “ငါ့ရှင်သမိဒ္ဓိ ကိုယ်နှုတ်စိတ်ဖြင့် စေ့ဆော်မှုရှိသော အကုသိုလ်ကံကိုပြုမိခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် အဘယ်သို့သော ဝေဒနာကို ခံစားရမည်နည်း။

သမိဒ္ဓိ -ငါ့ရှင် ပေါတလိပုတ္တ၊ ကိုယ်နှုတ်စိတ်တို့ဖြင့်စေ့ဆော်သော အကုသိုလ်ကံကို ပြုမိခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် ဆင်းရဲသောဝေဒနာကို ခံစားရ၏ဟု မိန့်တော်မူသည့်အခါ ပေါတလိပုတ္တပရိဗိုဇ် ပြန်သွားလေသည်။

အရှင်သမိဒ္ဓိသည် အရှင်အာနန္ဒာထံသို့ချဉ်းကပ်ပြီး ပေါတလိပုတ္တပရိဗိုဇ်နှင့် မိမိတို့ ပြောဆိုကြပုံအလုံးစုံကို လျှောက်ထားပါသည်။

အရှင်အာနန္ဒာက အရှင်သမိဒ္ဓိကိုခေါ်၍ ဘုရားရှင်ထံတော်သို့သွားရောက်ပြီး ထိုအကြောင်းကိုလျှောက်ထားပါသည်။

ဘုရားရှင် -အာနန္ဒာ ငါသည် ပေါတလိပုတ္တပရိဗိုဇ်အား မြင်ဖူးသည်ကိုမျှ မမှတ်မိ၊ ဤသို့သောစကားဆွေးနွေးခြင်းသည် အဘယ်ဖြစ်နိုင်အံ့ မည်း။ ဤသမိဒ္ဓိသည် ပေါတလိပုတ္တပရိဗိုဇ်အား ခွဲခြားဝေဖန်၍ ဖြေဆိုသင့်သောပြဿနာကို တစ်ဖက်ဖြေဆိုဘိ၏။ ထိုအခါ အရှင်ဥဒါယီက မြတ်စွာဘုရား သမိသည် “ယံ ကိဉ္စ ဝေဒယိတံ၊ တံ ဒုက္ခသ္မိံ-ဟူသော သင်္ခါရဒုက္ခကိုရည်ရွယ်၍ ပြောဆိုသည် မဟုတ်ပါလောဟု လျှောက်၏။ ဥဒါယီ၏စကားကို ပယ်ရှားတော်မူပြီး

ဘုရားရှင် -အာနန္ဒာ၊ သမိဒ္ဓိသည် ပေါတလိယပုတ္တ ပရိဗိုဇ်အား “ငါ့ရှင် ပေါတလိပုတ္တ-ကြောင့်ကြစိုက်၍ ကိုယ်နှုတ်စိတ်ဖြင့် စေ့ဆော်မှု ရှိသော ချမ်းသာကိုသာ ခံစားရမည်ဖြစ်သောကံကိုပြုမိသောပုဂ္ဂိုလ်သည် သုခဝေဒနာကိုသာ ခံစားရ၏။

-ငါ့ရှင်ပေါတလိပုတ္တ၊ ကြောင့်ကြစိုက်၍ ကိုယ်နှုတ်စိတ်ဖြင့် စေ့ဆော်မှု ရှိသော ဆင်းရဲခံစားရမည်ဖြစ်သော ကံကိုပြုမိသောပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာကိုခံစားရ၏။

ငါ့ရှင်ပေါတလိပုတ္တ၊ ကြောင့်ကြစိုက်၍ ကိုယ်နှုတ်စိတ်ဖြင့် စေ့ဆော်မှု ရှိသော ဆင်းရဲမဟုတ်၊ ချမ်းသာမဟုတ် ခံစားရမည်ဖြစ်သောကံကို ပြုလုပ်သောပုဂ္ဂိုလ်သည် ဥပေက္ခာဝေဒနာကို ခံစားရမည်ဟု ဖြေဆိုသည်ရှိသော် သမိဒ္ဓိသည် ပေါတလိပုတ္တပရိဗိုဇ်အား ကောင်းစွာ ဖြေကြားသည်မည်ရာ၏။ အာနန္ဒာ စင်စစ်သော်ကား သာသနာ ပြင်ပ အချို့ပရိဗိုဇ်တို့သည် မိုက်မဲကုန်၏။ မလိမ္မာကုန်။ အချို့ ပရိဗိုဇ်တို့သည် မြတ်စွာဘုရား၏ များစွာသောကံတို့ကို ဝေဖန်မှု “မဟာကမ္မဝိဘင်္ဂ”ဒေသနာတော်ကို သိကုန်လတ္တံ့။ အာနန္ဒာသင်တို့သည် မြတ်စွာဘုရာ၏ မဟာကမ္မဝိဘင်္ဂဒေသနာတော်ကို နာယူကြကုန်လော့၊ အရှင်အာနန္ဒာက မဟာကမ္မဝိဘင်္ဂ ဒေသနာတော်ကို ဟောတော်မူပါရန် လျှောက်ထားပါသည်။

အာနန္ဒာ၊ ဤလောက၌ ပုဂ္ဂိုလ်လေးမျိုးတို့ ထင်ရှားရှိကုန်၏။

(၁) အာနန္ဒာ၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်တို့သည် ဒုစရိုက် ၁၀-ပါးတို့ကို ပြုလုပ်ပြောဆိုကြံစည်၏။ ထိုပုဂ္ဂိုလ်သည် ကွယ်လွန်ပြီးနောက် ငရဲသို့ရောက် ရ၏။

(၂) အာနန္ဒာ၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ဒုစရိုက် ၁၀-ပါးတို့ကို ပြောဆိုပြုလုပ်ကြံစည်၏။ ထိုပုဂ္ဂိုလ်သည် ကွယ်လွန်ပြီးနောက် နတ်ပြည်သို့ ရောက်၏။

(၃) အာနန္ဒာ၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သုစရိုက် ၁၀-ပါးတို့ကို ပြောဆိုပြုလုပ်ကြံစည်၏။ ထိုပုဂ္ဂိုလ်သည် ကွယ်လွန်ပြီးနောက် နတ်ပြည်သို့ ရောက်၏။

(၄) အာနန္ဒာ၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သုစရိုက် ၁၀-ပါးတို့ကို ပြောဆိုပြုလုပ်ကြံစည်၏။ ထိုပုဂ္ဂိုလ်သည် ကွယ်လွန်ပြီးနောက် ငရဲသို့ ကျရောက်၏။

(၁) ဒိဗ္ဗစက္ခုဉာဏ်ရသော အချို့သော သာမဏဗြဟ္မဏသည် အမှတ်(၁) ပုဂ္ဂိုလ် ငရဲသို့ကျသည်ကို သိမြင်ခြင်းကြောင့် “အချင်းတို့၊ ယုတ်မာသောကံတို့သည် ရှိကုန်၏၊ ဒုစရိုက်၏အကျိုးသည်ရှိ၏”ဟု ကိုယ်တိုင်သိမြင်သောကြောင့် “ဤငါ၏ အယူသာမှန်၏၊ အခြားသူတို့၏အယူသည် အမှားချည်းသာတည်းဟု စွဲစွဲမြဲမြဲ နှလုံးသွင်း၏။

(၂) ဒိဗ္ဗစက္ခုအဘိညာဉ်ရ အချို့သော သမဏ, ဗြာဟ္မဏသည် အမှတ်(၂) ကွယ်လွန်ပြီးနောက် နတ်ပြည်ရောက်သည်ကိုသိမြင်ခြင်းကြောင့် “အချင်းတို့ ယုတ်မာသောကံတို့မရှိ ဒုစရိုက်၏အကျိုးသည်မရှိဟု ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်၊ ကိုယ်တိုင် ထိုးထွင်းသိမှုကိုသာလျှင် ငါ၏အယူသာမှန်၏၊ အခြားသူတို့အယူသည် အကျိုးမပြီး၊ အချည်းနှီးသာတည်းဟု စွဲစွဲမြဲမြဲနှလုံးသွင်း၏။

(၃) ဒိဗ္ဗစက္ခုအဘိညာဉ်ရသော အချို့သော သမဏဗြာဟ္မဏတို့သည် အမှတ်(၃)ပုဂ္ဂိုလ် နတ်ပြည်၌ဖြစ်သည်ကို သိမြင်သောကြောင့် “အချင်းတို့၊ ကောင်း၊ သော ကံတို့သည်ကုန်၏၊ သုစရိုက်၏အကျိုးသည်ရှိ၏”ဟု ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤငါ၏အယူသာမှန်၏၊ အခြား သူတို့၏အယူသည် အကျိုးမပြီး အချည်းနှီးသာတည်းဟု စွဲစွဲမြဲမြဲနှလုံးသွင်းပြောဆို၏။

(၄) ဒိဗ္ဗစက္ခုအဘိညာဉ်ရသော အချို့သော သာမဏဗြဟ္မဏတို့သည် အမှတ်(၄)ပုဂ္ဂိုလ် ငရဲ၌ဖြစ်ခြင်းကိုသိသောကြောင့် “အချင်းတို့၊ ကောင်းသောကံတို့သည် မရှိကုန်၊ သုစရိုက်၏အကျိုးသည်မရှိ၊ ထိုသမဏဗြဟ္မဏသည် ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤ ငါ၏အယူသာမှန်၏။ အခြားသူတို့အယူသည် အမှားသာတည်းဟု စွဲစွဲမြဲမြဲ နှလုံးသွင်းပြောဆို၏။

(ဤသို့လျှင် ဒိဗ္ဗစက္ခုအဘိညာဉ်ရပုဂ္ဂိုလ်သည် ကမ္မရာသီတစ်ခုနှင့် ဝိပါက ရာသီတစ်ခုကိုသာ သိမြင်၏။ မြတ်စွာဘုရားသည် ဒိဗ္ဗစက္ခုအဘိညာဉ်ရပုဂ္ဂိုလ် မသိမမြင်သော ကမ္မရာသီသုံးခု၊ ဝိပါကရာသီနှစ်ခုတို့ကို သိမြင်တော်မူပါသည်။ ဤဒိဗ္ဗစက္ခုအဘိညာဉ်ရပုဂ္ဂိုလ် မြင်ရ၊ မမြင်ရသော ကမ္မရာသီလေးခု၊ ဝိပါကရာသီ သုံးခုတို့ကို သိမြင်တော်မူသည်။ ဤခုနစ်ဌာနတို့ကို သိတတ်သောဉာဏ်သည် ဘုရားရှင်၏ “မဟာကမ္မဝိဘင်္ဂဉာဏ်မည်ပါသည်။

ဒုတိယဝါရ၌ ဒိဗ္ဗစက္ခု အဘိညာဉ်ရပုဂ္ဂိုလ်သည် တစ်စုံတစ်ခုကိုမှ မမြင်ပါ။ မြတ်စွာဘုရားရှင်သည်ကား ကမ္မရာသီသုံးခု၊ ဝိပါကရာသီနှစ်ခုတို့ကို သိမြင်တော်မူပါသည်။ ဤငါးမျိုးသော အသီးအခြားဌာနတို့ကို သိမြင်သောဉာဏ်သည် ဘုရားရှင်၏ “မဟာကမ္မဝိဘင်္ဂဉာဏ်တော်မည်၏။)

(၁) များစွာသော အကုသိုလ်ကံကိုအားထုတ်ရာ၌ အားကြီးသောကံသည် အားနည်းသောကံ၏အကျိုးကိုတားမြစ်၍ မိမိဝိပါကအား အကျိုးပေးခွင့်ပြု၏။ (အဘဗ္ဗိ အဘဗ္ဗာသံ)

(၂) ကုသိုလ်ကံကိုအားထုတ်၍ ကွယ်လွန်ခါနီးအခါ၌ အကုသိုလ်ကံကို ပြုလုပ်သည်ဖြစ်အံ့။ ထိုကုသိုလ်ကံ၏အကျိုးကိုတားမြစ်၍ မိမိ၏ဝိပါက်အား အကျိုး ပေးခွင့်ကိုပြု၏။ (= အဘဗ္ဗိ အဘဗ္ဗာဘာသံ)

(၃) များစွာသော ကုသိုလ်ကံတို့ကို အားထုတ်သော်လည်း အားကြီးသော ကံသည် အားနည်းသောကံ၏အကျိုးကိုတားမြစ်၍ မိမိဝိပါက်အား အကျိုးပေးခွင့်ကို ပြု၏။ (= ဘဗ္ဗဉ္စဝ ဘဗ္ဗာဘာသဉ္စ)

(၄) အကုသိုလ်ကံကိုအားထုတ်၍ ကွယ်လွန်ခါနီးအခါ၌ ကုသိုလ်ကံကို ပြုအပ်သည်ဖြစ်အံ့။ ထိုကုသိုလ်ကံသည် အကုသိုလ်ကံ၏အကျိုးကိုတားမြစ်၍ မိမိ ဝိပါက်အား အကျိုးပေးခွင့်ကိုပြု၏။ (= ဘဗ္ဗံ အဘဗ္ဗာဘာသံ)

အာနန္ဒာ ဤသို့လျှင် (၁) အကြောင်းမမှန်ဘဲ အကြောင်းမမှန်ကိုပြတတ်သော ကံလည်းရှိ၏။ (၂) အကြောင်းမမှန်ဘဲ အကြောင်းမှန်ကိုပြတတ်သောကံလည်း ရှိ၏။ (၃) အကြောင်းမှန်လျက် အကြောင်းမှန်ကိုပြတတ်သော ကံလည်းရှိ၏။ (၄) အကြောင်းမှန်လျက် အကြောင်းမမှန်ကိုပြတတ်သောကံလည်းရှိ၏-ဟု ဘုရားရှင် ဟောတော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ [] []

  1. -မ၊၃၊၂၄၉-၂၅၈။ မ၊မြန်၊၃၊၂၅၂-၂၆၀။ မ၊ဋ္ဌ၊၄၊၁၈၁-၅။ မ၊ဋီ၊၃၊၃၆-၃၈၁။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၄-ဝိဘင်္ဂဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ